← Chapters

အခန်း(၄၆) ခန့်မှန်းဘတ်ဂျက်ကို နှစ်ဆတိုး

Vol. 4 Ch. 46

အခန်း(၄၆) ခန့်မှန်းဘတ်ဂျက်ကို နှစ်ဆတိုး

Vol. 4 Ch. 46

အခန်း(၄၆) ခန့်မှန်းဘတ်ဂျက်ကို နှစ်ဆတိုး

နိုဝင်ဘာလ ၁၈ ရက်နေ့။ တနင်္လာနေ့။

တနင်္လာနေ့သစ်ဖြစ်ပြီး ဖေးချမ့်အတွက်လည်း စိတ်ပူစရာအသစ်များ ရောက်လာသည်။

စနစ်ကို ဆင့်ခေါ်လိုက်ပြီး စနစ်ရန်ပုံငွေကို စစ်ဆေးကြည့်လိုက်သည်။

[ စည်းစိမ်အလဲအထပ်စနစ် ]

[ ပိုင်ရှင် : ဖေးချမ့် ]

[ အမြတ်ငွေအလဲအထပ်အချိုး ၁၀၀ :၁၊ အရှုံးငွေ အလဲအထပ်အချိုး ၁ : ၁ ]

[ နောက်ထပ် ငွေစရာရင်းရှင်းရန်နေ့ : ၇၃ ရက်အလို ]

[ စနစ်ရန်ပုံငွေ : ၉၇၁,၆၃၄.၃(⬆️၄၇၁,၆၃၄.၃) ]

[ ကိုယ်ပိုင်စည်းစိမ် : ၁,၃၂၂.၈ ]

သူ့စနစ်ရန်ပုံငွေ၏ ဧရာမ ပမာဏကြီးနှင့် သူ့ ကိုယ်ပိုင်စည်းစိမ်က စိတ်ပျက်စရာ ယွမ် ၁,၀၀၀ ကျော်ကျော်လောက်၏ ခြားနားချက်ကို မြင်လိုက်တိုင်း ဖေးချမ့် သူ့ဘဝကိုသူ ပြန်စဥ်းစားရတော့မည်ဟု ခံစားမိပေသည်။

ဘာလို့ ဒီလိုဖြစ်နေတာလဲ။

အရင်တစ်ခေါက် သူစစ်ကြည့်တုန်းက  စနစ်ရန်ပုံငွေကို ယွမ် ၂၀,၀၀၀ လောက်အထိ ရောက်အောင် လျှော့ချပစ်ခဲ့ပြီဖြစ်သည်။

ဘာလို့ နောက်တစ်ခေါက် ထပ်တိုးလာပြန်တာလဲ။

နှစ်ပတ်တာ ဂိမ်းဝင်ငွေက ယွမ် ၉၀၀,၀၀၀ ဝန်းကျင်လောက်ရှိသည်။ စနစ်ရန်ပုံငွေထဲသို့ ဖြည့်သွင်းပြီးနောက် မုန့်တွေ၊ ကော်ဖီတွေ၊ ရုံးပစ္စည်း အသုံးဝင်တာ မဝင်တာတွေ အများကြီး ဝယ်ခဲ့သော်လည်း ဖေးချမ့် များများစားစား သိပ်မသုံးနိုင်ခဲ့ပေ။

ထို့ကြောင့် သူခေါင်းကိုက်ရသည်။

ပိုက်ဆံ ဆုံးရှုံးဖို့က တကယ်ပဲ ဒီလောက်တောင် ခက်ခဲတာလား။

တစ္ဆေစစ်သူကြီးဂိမ်းကို ပိုက်ဆံထပ်မရအောင် စျေးကွက်ထဲမှ ထုတ်ပစ်နိုင်လျှင် ကောင်းမည်ဟု သူဆုတောင်းမိသည်။

သို့သော်လည်း စနစ်စည်းမျဥ်းစည်းကမ်းများကြောင့် ဒီလိုလုပ်နိုင်မှာမဟုတ်ပေ။ ထို့ကြောင့် ဒီတိုင်းသာ သည်းခံထားရသည်။

ကံကောင်းသည်မှာ နောက်ထပ် ငွေစာရင်းရှင်းမည့်အချိန်ရောက်ဖို့ ၂ လကျော်ကျော် ကျန်သေးသည်။ ၂ လအတွင်း ငွေဖြုန်းဖို့ သူ့အတွက် နည်းလမ်းများစွာရှိသည်။

လကုန်သောအခါ သူ့တိုက်ခန်းငှားခကော၊ ဝန်ထမ်းများအတွက်လစာနှင့် အချိန်ပိုလစာကော ပေးရဦးမည်။ ထိုအခါ စနစ်ရန်ပုံငွေထဲမှ အပိုင်းကြီးကြီးတစ်ခု ပျောက်ဆုံးသွားပါလိမ့်မည်။

ထို့အပြင် ထိုရက်သတ္တပတ်မှ စတင်ပြီး သမုဒ္ဒရာရဲတိုက်အတွက် သူတို့ ရင်းမြစ်များ အမြောက်အမြား စတင်ဝယ်ယူကြတော့မည်။

ပန်းချီရင်းမြစ်များ၊ ပရိုဂရမ်းမင်း လုပ်ဆောင်ချက်များ၊ အသံ Effect များ စသည်တို့ ပါဝင်ကြသည်။

ဒါက မိုဘိုင်းဂိမ်းဖြစ်သည့် တစ္ဆေစစ်သူကြီးလို မဟုတ်ဘဲ client-side ဂိမ်းတစ်ဂိမ်းဖြစ်သည့်အတွက် client-side ဂိမ်းတစ်ဂိမ်း၏ တင်းကြပ်သောစည်းမျဥ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။

ပိုက်ဆံများများ ဖြုန်းတီးနိုင်အောင် လိုအပ်ချက် မြင့်မြင့်ရှိဖို့အတွက် ဖေးချမ့် မျှော်လင့်နေမိသည်။

ဟွမ်းစစ်ပေါ်၏ လိုအပ်ချက်အပေါ် မူတည်ပြီး သူတို့ ရင်းမြစ်ဘယ်လောက်များများ ဝယ်ယူရပြီး ငွေဘယ်လောက်များ သုံးစွဲရမလဲ သူစဥ်းစားကြည့်လိုက်သည်။

ထိုသို့ တွေးလိုက်ရုံနဲ့ စိတ်လှုပ်ရှားမှုများဖြင့် ဖေးချမ့် ပျော်ရွှင်သွားပါသည်။

"ဘော့စ်ဖေး ဒါက ကျွန်တော်တို့ ဝယ်ရမဲ့ ရင်းမြစ်တွေအတွက် လက်ရှိ စာရင်းပါ။ ကျေးဇူးပြုပြီး ကြည့်လိုက်ပါဦး။”

ဟွမ်းစစ်ပေါ်က စာရင်းအရှည်ကြီးကို ဖေးချမ့်ထံသို့ ပေးလိုက်၏။

ဖေးချမ့်က လှမ်းယူလိုက်ပြီး အသေးစိတ် စစ်ကြည့်ကာ နောက်ဆုံးစျေးထံသို့ မျက်စိကျသွားခဲ့၏။

ယွမ် ၆၇၀,၀၀၀...။

ဖေးချမ့် မျက်မှောင်ကြုတ်သွားသည်။

ထိုမျက်မှောင်ကြုတ်မှုကြောင့် ဟွမ်းစစ်ပေါ်ကို ခေါင်းအစ ခြေအဆုံး စိတ်လှုပ်ရှားသွားစေတော့သည်။

'ငါတို့အရမ်းဖြုန်းတီးလွန်းတယ်လို့ ဘော့စ်ဖေး ထင်နေပြီလား။ အဲ့လို မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား'

'သေသေချာချာ ချွေတာပြီးမှ ငါတို့ဘတ်ဂျက်ကို တွက်ချက်ထားတာပါ'

ဖေးချမ့်က ဘာမှမပြောဘဲ ဟွမ်းစစ်ပေါ်က ဒီအတိုင်း ရပ်စောင့်နေရသည်။

ထိုကိန်းဂဏန်းများက ဖေးချမ့်ကို အတော်လေး စိတ်မကျေမနပ် ဖြစ်စေသည်။

နည်းလိုက်တာကွာ။

ဒါက client-side ဂိမ်းတစ်ခုဖြစ်သော်လည်း သူတို့က ဂိမ်းရင်းမြစ်နှင့် စိတ်ကြိုက်လုပ်ဆောင်ချက်တွေအတွက် ယွမ် ၇၀၀,၀၀၀ သာ သုံးဖို့ ဆုံးဖြတ်ထားကြတာလား။

ဒါဘာလုပ်တာလဲ။ သူတောင်းစားကို အမှိုက်တွေ ပေးနေတာလား။

ကပ်စေးနည်းလိုက်တာ။

ဒီလို သုံးပုံမျိုးနဲ့ သူ့ရန်ပုံငွေတွေကို ဘယ်လို ဆုံးရှုံးအောင် လုပ်နိုင်မှာလဲ။

ဖေးချမ့်က ချက်ချင်း ပြန်မဖြေဘဲ ငွေစာရင်း၏ အသေးစိတ်များကို ဆက်ဖတ်နေသည်။

သေနတ်ပစ်ဂိမ်း အခြေခံနမူနာ (တိတိကျကျ ပြုပြင်ပြောင်းလဲမှု ဗားရှင်း) - ယွမ် ၁၂၀,၀၀၀

ဆက်တင်နမူနာ၊ လျှို့ဝှက် ခံတပ်စတိုင် - ယွမ် ၅၀,၀၀၀

စတိုင် Effect ပုံစံကွဲ ၃ မျိုးနဲ့ ဆက်တင်ထဲက ပျက်စီးမှုမျိုးစုံ - ယွမ် ၅၀,၀၀၀

ဇာတ်ကောင်များ၊ ဇွန်ဘီများနှင့် ကြေးဇားများအတွက် အထွေထွေ မော်ဒယ်များ၊ လှုပ်ရှားမှုနှင့် အသေးအဖွဲ စိတ်ကြိုက်ပြောင်းလဲနိင်စွမ်းများ - ယွမ် ၈၀,၀၀၀

ကလေးမလေး မော်ဒယ်၊ စိတ်ကြိုက်လှုပ်ရှားမှု ပြောင်းလဲနိုင်ခွင့် - ယွမ် ၆၀,၀၀၀

ပစ်မှတ်နှင့် အလှအပများပါဝင်သည့် သေနတ်မော်ဒယ် မျိုးစုံ - ယွမ် ၉၀,၀၀၀

ဂိမ်း mode လုပ်ဆောင်ချက် မျိုးစုံနှင့် ၂ လကြာ ပရိုဂရမ်မာ ၅ ယောက်ကို ၂ လကြာ ငှားရမ်းခြင်း - ယွမ် ၇၀,၀၀၀

ဒါတွေအပြင် အသံ effect များနှင့် အသုံးမများသော ဇာတ်ကောင် ဒိုင်ယာလော့များ စသည်တို့အတွက် ကုန်ကျစရိတ်လည်း ပါသေးသည်။

Cloud ဝန်ဆောင်မှု ငှားရမ်းဖို့ကိုတော့ တွက်ချက်မှုထဲ မထည့်ရသေးပါ။ ဒါက ထုတ်လုပ်ပြီးနောက် ဂိမ်း၏နာမည်ရမှုအပေါ် မူတည်ပြီး စဥ်းစားရမည့်ကိစ္စဖြစ်သည်။

ဖေးချမ့် လုံးဝ တွေဝေနေသည်။

ဘာတွေဖြစ်နေတာလဲ။

ဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် ယွမ် ၆၇၀,၀၀၀ က နည်းလွန်းသည်ဟု သူခံစားမိပါသည်။

သို့သော်လည်း စာရင်းတစ်လျှောက်လုံး စျေးနှုန်းများက အနည်းငယ် နိမ့်သော်လည်း သင့်တင့်သော ပမာဏအတွင်းတွင် ရှိနေသည့်ပုံပင်။

စျေးပေါပေါ ရင်းမြစ်များကို တမင်တကာ ဝယ်ဖို့ ဆုံးဖြတ်ထားတာလည်း မဟုတ်ပေ။ ဒါဆိုဘာကြောင့် စုစုပေါင်းငွေက အရမ်းနည်းနေရတာလဲ။

ဖေးချမ့်၏ ဇဝေဇဝါဖြစ်မှုက သာမန်ပဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူက သမုဒ္ဒရာရဲတိုက်ကို နက်နက်ရှိုင်းရှိုင်း နားမလည်ထားသောကြောင့် ဖြစ်သည်။

ပေါင်ရှုနှင့် ဟွမ်းစစ်ပေါ်တို့က ရင်းမြစ်များကို တတ်နိုင်သလောက် ချွေတာပြီး သုံးစွဲဖို့ စီစဥ်ထားကြခြင်းဖြစ်သည်။ ဇာတ်လမ်းကို ဆက်တင် စတိုင်တစ်ခုတည်းနှင့် ရေးဆွဲထားသည်။ တစ်ယောက်တည်းသော အရန် ဇာတ်ကောင်ကလည်း ကလေးမလေး တစ်ယောက်ဖြစ်ပြီး ကျန် ဇွန်ဘီနှင့် ကြေးစားများမှာ အထွေထွေသုံးနိုင်သော နမူနာများကို ပြုပြင်ပြောင်းလဲပြီး ဖန်တီးထားခြင်းဖြစ်သည်။

စိတ်ကြိုက်ဖန်တီးထားသော အကြောင်းအရာများ များများစားစား မပါဝင်သဖြင့် စျေးနှုန်းက နိမ့်နေခြင်းဖြစ်သည်။

သို့သော်လည်း ဖေးချမ့်က ဒါတွေအာလုံးကို တစ်ချက်လောက်ကြည့်လိုက်ရုံနှင့် နားမလည်နိုင်ခဲ့ပေ။ သုံးရမည့် ငွေက နည်းလွန်းသဖြင့်သာ စိတ်မကျေမနပ်ဖြစ်နေခဲ့သည်။

"ပြန်လုပ်လိုက်။ အနည်းဆုံး ခန့်မှတ်း ဘတ်ဂျက်ကို နှစ်ဆတိုးလိုက်" ဖေးချမ့်က စာရင်းကို ဟွမ်းစစ်ပေါ်အား ပြန်ပေးလိုက်ပါသည်။

ဟွမ်းစစ်ပေါ်တစ်ယောက် မှင်သက်သွား၏။

ခန့်မှန်း ဘတ်ဂျက်ကို နှစ်ဆတိုးတာလား။

"ဒါပေမဲ့ ဘော့စ်ဖေး..."

သူဆက်ပြောချင်သော်လည်း ဖေးချမ့်၏ မျက်လုံးများက ပြတ်သားနေခဲ့သည်။

'ငါမင်းကို နှစ်ဆတိုးခိုင်းရင် တိုးလိုက်ပေါ့။ ဘာဒါပေမဲ့မှ လာမလုပ်နဲ့'

ထိုကဲ့သို့ သဘောမျိုးဖြစ်သည်။

သူ့စကားလုံးများကို ပြန်မျိုချလိုက်ရင်း ဟွမ်းစစ်ပေါ်က စာရင်းနဲ့အတူတူ ပြန်ထွက်သွားခဲ့တော့သည်။

ဖေးချမ့်က ထိုင်ခုံတွင် မှီလိုက်ပြီး တွက်ချက်ကြည့်လိုက်၏။

ယွမ် ၆၀၀,၀၀၀ ကတော့ နည်းလွန်းတယ်။

ယွမ် ၁,၂၀၀,၀၀၀ လောက်ဖြစ်သွားအောင် နှစ်ဆ တိုးလိုက်မှ ပိုအဆင်ပြေမယ်။

မဟုတ်ပါက စနစ်ရန်ပုံငွေကို အပြတ်သုံးနိုင်ဖို့ နည်းလမ်းမရှိပါ။

နောက်ထပ် ငွေစာရင်းရှင်းမည့်ရက် မတိုင်ခင် ၂ လကျော်ကျော် လိုသေးပြီး တစ္ဆေစစ်သူကြီး၏ ဝင်ငွေက စတင်လျော့နည်းလာပြီဖြစ်သော်လည်း အနည်းငယ်တော့ ရနေဆဲဖြစ်သည်။

သူတို့ ငွေကိုများများပိုမသုံးလျှင် နောက်ထပ် ငွေစာရင်းရှင်းချိန် ရောက်သောအခါ သူမြက်စားရလိမ့်မည်။

ဟွမ်းစစ်ပေါ် ပိုက်ဆံနဲ့ ဘယ်လိုရင်းမြစ်မျိုး ဝယ်မလဲ ဆိုတာကိုတော့ ဖေးချမ့် စိတ်မဝင်စားနိုင်ပါ။

စနစ်စည်းမျဥ်းကို ဖောက်ဖျက်ရာမရောက်လျှင် ဝယ်ချင်တာ ဝယ်နိုင်သည်။

...

ဟွမ်းစစ်ပေါ်က စိတ်ရှုပ်ထွေးစွာဖြင့် စားပွဲခုံသို့ ပြန်သွားလိုက်သည်။

ခန့်မှန်းဘတ်ဂျက်ကို နှစ်ဆတိုးရမယ် ဟုတ်လား။

အရင်တုန်းက အွန်လိုင်းပေါ်မှ ရင်းမြစ်များကို ရှာဖွေတုန်းက စျေးနှုန်းများကို ကြည့်ရင်း ရှာဖွေခဲ့ခြင်းဖြစ်သည်။

ရင်းမြစ်အများစုက တတ်နိုင်သော စျေးနှုန်းဖြင့် အရည်အသွေးကောင်းကောင်းလည်း ရှိကြ၏။

တချို့ ထူးချွန်သည့် အရည်အသွေးနှင့် ရင်းမြစ်မျာရှိသော်လည်း ၎င်းတို့၏ စျေးနှုန်းက အနည်းငယ် မြင့်မား၏။ ထို့ကြောင့် ဟွမ်းစစ်ပေါ်က ပယ်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း အခုတော့ ဘော့စ်ဖေးက သူတို့ သုံးစွဲကြမည့် ငွေပမာဏကို စိတ်တိုင်းမကျဖြစ်နေသည်။

"ငါရှာထားတဲ့ ရင်းမြစ်တွေက အရည်အသွေး နိမ့်တယ်လို့ ထင်သွားလို့များလား”

"ဟုတ်တယ်၊ ဖြစ်နိုင်တယ်။ ဘော့စ်ဖေးက ပြီးပြည့်စုံတာကိုမှ သဘောကျတတ်တဲ့လူတစ်ယောက်"

"တစ္ဆေစစ်သူကြီးရဲ့ မူရင်းပန်းချီစတိုင်က ဥပမာပဲလေ။"

"ဟုတ်ပြီ။ အဲ့လိုဆိုတော့လည်း ဒါတွေအားလုံးကို အရည်အသွေးမြင့် ရင်းမြစ်တွေအဖြစ် ပြောင်းလိုက်တာပေါ့။ အကုန်လုံးကို အကောင်းဆုံးတွေပဲ သုံးပစ်မယ်။"

"ဂိမ်မာတွေအတွက် တာဝန်သိတတ်ဖို့၊ ပြီးပြည့်စုံဖို့က... ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်တွေ ဖြစ်ရမယ်...”

ဟွမ်းစစ်ပေါ်က ရင်းမြစ်ဝက်ဘ်ဆိုက်ကို ဖွင့်လိုက်ပြီး ကမ်းလှမ်းချက် အကုန်လုံးကို ပြန်ပြီး ပြင်ဆင်လိုက်ပါသည်။

အစက ရွေးချယ်ထားသည့် ရင်းမြစ်များ၊ ပန်းချီနှင့် ပရိုဂရမ်များအားလုံးကို အကောင်းဆုံးများဖြင့် လဲလှယ်ပစ်လိုက်သည်။

ဘတ်ဂျက် နှစ်ဆတိုးသွားသဖြင့် ဟွမ်းစစ်ပေါ်က စိတ်ကြိုက်ကစားဖို့ ပိုလွတ်လပ်သွားပြီး အကုန်လုံးကို လွတ်လွတ်လပ်လပ် သုံးပစ်လိုက်မှ ဘော့စ်ဖေး၏ လိုအပ်ချက်ကို ပြည့်မီသွားပါတော့သည်။

နောက်ဆုံးခန့်မှန်း ဘက်ဂျက် ယွမ် ၁,၂၆၀,၀၀၀ ဖြစ်ပြီး ဟွမ်းစစ်ပေါ် အရင်တုန်းက ဖယ်ရှားခဲ့သည့် အရာများကိုလည်း ပြန်ထည့်ထားခဲ့ပါသည်။

ပြင်းပြင်းထန်ထန် ဆောင်ရွက်ပြီးနောက် နောက်ဆုံးတော့ ကမ်းလှမ်းစာရင်းကို နေ့လယ် ၃ နာရီလောက်မှာ သူပြီးမြောက်သွားခဲ့သည်။

သက်ပြင်းချရင်း ဟွမ်းစစ်ပေါ် ညည်းတွားလိုက်ပါသည်။

"ဟူး ဘော့စ်ဖေး အခုလောက်ဆို ကျေနပ်လောက်မှာပါ ဟုတ်တယ်မလား။”

ကမ်းလှမ်းချက်စာရင်း အသစ်ကို ယူကာ ဖေးချမ့်ထံသို့ နောက်တစ်ခေါက် ထပ်လာခဲ့ပြန်သည်။

ဖေးချမ့်က စာရွက်စာတမ်းကို ယူလိုက်ပြီး အမြန်ဖတ်ကာ နောက်ဆုံးတော့ အဆုံးသတ်စျေးနှုန်းကို ကြည့်လိုက်ပါသည်။

ယွမ် ၁,၂၆၀,၀၀၀

ဒါက သူကျေနပ်သည့် ပမာဏမျိုးဖြစ်သည်။

သူဆုံးဖြတ်ထားသည့် ပမာဏမျိုး ရောက်သွားပြီဖြစ်သဖြင့် ဘာအတွက် သုံးထားလဲ ဖေးချမ့် စစ်ကြည့်မနေတော့ပေ။

"အင်း မဆိုးပါဘူး။ လက်ထောက်ရှင်းကို သွားတွေ့လိုက်”

"ဝယ်ယူမှုကို အသုတ်နှစ်သုတ်ခွဲပြီး ပိုအရေးကြီးတာတွေကို အရင်ဝယ်။ သိပ်အရေးမကြီးတာတွေကိုတော့ နောက်တစ်ပတ်မှ ဝယ်လိုက်”

ဖေးချမ့်က ငွေဖြုန်းဖို့ အလျင်လိုနေသော်လည်း အနာဂတ် ဝင်ငွေကိုပါ ထည့်တွက်ရဦးမည်။

ထို့ကြောင့် ဝယ်ယူမှုကို နှစ်သုတ်ခွဲလိုက်ရခြင်း ဖြစ်သည်။ မဟုတ်ပါက စနစ်ရန်ပုံငွေမှာ စာရွက်ပေါ်တွင် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ဟွမ်းစစ်ပေါ်က ကမ်းလှမ်းချက်စာရင်းကို ပြန်ယူလိုက်သည်။ ဒါက နောက်ဆုံး ဗားရှင်းဖြစ်သည်။

ဖေးချမ့်က သတိပေးလိုက်၏။ "သြော် ပြီးတော့လည်း နောက်ကို မင်းငွေသုံးလို့ရတဲ့ နေရာရှိရင် လွတ်လွတ်လပ်လပ်သာ သုံးနော် မင်းရဲ့ကမ်းလှမ်းချက် စာရင်းနဲ့ အရည်အသွေးကို မညှိနဲ့။ ငါ့ကိုအရင်ဆုံး သတိပေး။ ဟုတ်ပြီလား”

ဟွမ်းစစ်ပေါ်က အားတက်သရော ခေါင်းညိတ်လိုက်ပါသည်။ "ဟုတ်ကဲ့ ဘော့စ်ဖေး နားလည်ပါပြီ”

All Chapters