အခန်း(၄၇) သမိုင်းဝင်မဲ့ အချိန်ပိုလစာ
Vol. 4 Ch. 47
အခန်း(၄၇) သမိုင်းဝင်မဲ့ အချိန်ပိုလစာ
သမုဒ္ဒရာရဲတိုက်၏ အသေးစိတ်အချက်များကို လျင်မြန်စွာ အဆုံးသတ်နိုင်ခဲ့သည်။
တစ်ပတ်တည်းနဲ့ လုပ်ဆောင်ချက်များအတွက် ဒီဇိုင်းမူကြမ်း အများစု ပြီးမြောက်သွားခဲ့ကြသည်။ ဟွမ်းစစ်ပေါ်က ပရောဂျက်ကို စောင့်ကြည့်တာဝန်ယူထားပြီး သူနဲ့ ပေါင်ရှုထို့၏ concept နှင့် ခြားနားမှုတစ်ခုခုတွေ့ရှိပါက ပြောင်းလဲရမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဒီဇိုင်နာအဖွဲ့တစ်ခုက ဂိမ်း၏ Prototype ကို ဂိမ်းအယ်ဒီတာ အသုံးပြုကာ စတင်ဖန်တီးခဲ့ကြသည်။
အထွေထွေသုံးနိုင်သော နမူနာများကို အသုံးပြုခြင်းကြောင့် ၎င်းတို့၏ စဦးအခြေအနေက ကောင်းမွန်၏။ သို့သော် ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ ရည်မှန်းထားသည့် effect များရရှိအောင် တိကျသည့် အပြောင်းအလဲများ လုပ်ဖို့ လိုအပ်ပါသည်။
ပန်းချီအဖွဲ့က ရင်းမြစ်ဝက်ဘ်ဆိုင်ပေါ်တွင် ပန်းချီဆရာများနှင့် ဆက်သွယ်ကာ ပန်းချီရင်းမြစ် လိုအပ်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးဖို့ တာဝန်ယူထားသည်။
အထွေထွေ အသုံးပြုနိုင်သော ဇွန်ဘီနှင့် ကြေးစား နမူနာများနှင့် ကလေးမလေး၏ မော်ဒယ်ကိုပါ လျင်မြန်စွာ ပြုလုပ်ခဲ့ကြပါသည်။
ထိုကလေးမလေး၏ ပုံကို အသုံးပြုပြီး ထန်းတာ့ကုမ္ပဏီဘက်က ပန်းချီအဖွဲ့သားများက ပန်းချီဆရာများနှင့် ဟွမ်းစစ်ပေါ်၊ ပေါင်ရှုတို့အကြား အတည်ပြုပေးဖို့ အပြန်ပြန်အလှန်လှန် ဆက်သွယ်ပေးရသည်။
ကလေးမလေး၏ ပုံအတွက် တာဝန်ရှိသူ သုံးယောက်သာ ရှိ၏။ တစ်ယောက်က မူရင်း ပန်းချီပုံတာဝန်ယူထားသော concept ပန်းချီဆရာတစ်ယောက်ဖြစ်သည်။ နောက်တစ်ယောက်က ထိုကလေးမလေး၏ မော်ဒယ်ဖန်တီးဖို့ တာဝန်ယူထားပြီးနောက်ဆုံး တစ်ယောက်ကတော့ လှုပ်ရှားမှုများအတွက် တာဝန်ယူထားပါသည်။ တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင် ကျွမ်းကျင်အလုပ်များ လုပ်ဆောင်ကြရသည်။
ထိုကဲ့သို့ အလုပ်နှုန်းဖြင့် ကလေးမလေးမှာ ဂိမ်းထဲတွင် ရင်းနှီးမြှုပ်နှံရဆုံး ဇာတ်ကောင်ဖြစ်လာခဲ့၏။
တချို့ဇာတ်လမ်းအပိုင်းများတွင် သူမ၏ လှုပ်ရှားမှုများနှင့် မျက်နှာအနေအထားများကိုတောင် စိတ်ကြိုက်ဖန်တီးထားပါသည်။ သူတို့ ဘာမှ ချွေတာမထားတာ သိသာသည်။
သို့သော်လည်း အမှန်ပင်။ အားလုံးက ဘတ်ဂျက်အတွင်းမှာပဲ ရှိနေပါသေးသည်။
အဘယ့်ကြောင့်ဆိုသောာ် နိုင်ငံခြားက AAA ဂိမ်းများတွင် ဇာတ်လိုက်များစွာ ပါဝင်ပြီး တစ်ယောက်ချင်းစီတိုင်းက တူညီသောစံနှုန်းများဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ သို့သော်လည်း သမုဒ္ဒရာရဲတိုက်တွင် ဒီကလေးမလေး တစ်ယောက်တည်းသာ ရှိ၏။ ထို့ကြောင့်လည်း ဘတ်ဂျက်က အဆင်ပြေ ချောမွေ့နေဆဲဖြစ်ခြင်း ဖြစ်သည်။
သူတို့ ပိုကောင်းသည့် ပန်းချီရင်းမြစ်များကို တွေ့ရသောအခါ ဟွမ်းစစ်ပေါ်က ဖေးချမ့်ကို ချက်ချင်း သွားပြောတတ်၏။
ဖေးချမ့်က အမြဲတမ်း လက်မသာ ထောင်ပြတတ်သည်။
ဝယ်လိုက်...
အစကတော့ ဝယ်ယူသည့် ဘတ်ဂျက်ကို ဆက်တိုက် တိုးမြှင့်နေဖို့ အဆင်ပြေပါ့မလားဟု ဟွမ်းစစ်ပေါ် စဥ်းစားရင်း စိတ်ပူနေပါသေးသည်။
တခြားကုမ္ပဏီတွေသာဆို ဘော့စ်က သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပါလိမ့်မည်။
ယွမ် ၇၀၀,၀၀၀ ကနေ ယွမ် ၁,၂၀၀,၀၀၀
ယွမ် ၁,၂၀၀,၀၀၀ ကနေ ယွမ် ၁,၅၀၀,၀၀၀ ...
တခြားကုမ္ပဏီတွေသာဆိုရင် ဟွမ်းစစ်ပေါ်က သေချာပေါက် ဘတ်ဂျက်ကို စီမံခန့်ခွဲရာတွင် ညံ့ဖျင်းသည့် လူတစ်ယောက်ဟု နာမည်တပ်ခံရမည်ဖြစ်သည်။
သို့သော် ထန်းတာ့မှာတော့ ဘော့စ်ဖေးက သူ့ကို အပြစ်တင်ရုံသာမကဘဲ ဆန့်ကျင်ဘက် အနေဖြင့် သဘောပင်ကျနေပါသေးသည်။
ဟွမ်းစစ်ပေါ်လည်း ဒါက အလွန်ခြားနားသည့် စင်မြင့်တစ်ခုဖြစ်နေကြောင်း ညည်းညူမိပါသည်။
'ငါဘာလို့ ဒီလောက်တုံးရတာလဲ။ ဘော့စ်ဖေးက ငါ့ကို အရမ်းယုံကြည်နေတာ...'
'ဘာကျေးဇူးမှ ပြန်ဆပ်ဖို့မလိုဘဲ စေတနာတွေထားပြီး လုပ်ပေးနေတာ'
'ဒိဂိမ်းကိုသာ ကောင်းကောင်းမထုတ်လုပ်နိုင်ရင် ငါသု့ကို စိတ်ပျက်စေလိမ့်မယ်'
...
မျက်စိတစ်မှိတ်အချိန်အတွင်း လကုန်ရက်သို့ ရောက်လာခဲ့ပါသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့။ သောကြာနေ့ ဖြစ်သည်။
ဟွမ်းစစ်ပေါ်အတွက်တော့ တခြား သာမန်နေ့များလိုပင်။
အခုဆို သူ့အလုပ်က ပြီးမြောက်လုနီးပါးဖြစ်နေပြီဖြစ်ပြီး ဒိဇိုင်းကဏ္ဍကို အသေးစိတ်ကျစွာဖြင့် ကိုင်တွယ်နိုင်ခဲ့သည်။ ထို့အပြင် ဂိမ်း၏ ရင်းမြစ်မျိုးစုံကိုလည်း ဖန်တီးနေကြပြီဖြစ်သည်။
စီမံခန့်ခွဲရေးမှူးတစ်ယောက်အဖြစ် ဟွမ်းစစ်ပေါ်၏ အလုပ်တွင် ဂိမ်းတည်းဖြတ်မှုကို ကိုယ်တိုင် ကိုင်တွယ်ရခြင်းမျိုး မပါဝင်ပါ။ ထို့အတွက် လက်အောက်ငယ်သားများရှိ၏။
သူ့မစ်ရှင်က ဒီဇိုင်းအဖွဲ့၏ တခြားသူများကို စောင့်ကြည့်ကာ တိုးတက်မှုရှိအောင် သေချာ လုပ်ပေးဖို့ဖြစ်သည်။
ဒီဇိုင်းမူကြမ်းဖန်တီးခြင်းနှင့် ယှဥ်လျှင် ဒါက အလွန်ပိုလွယ်ကူသော အလုပ်ဖြစ်ပြီး ထို့ကြောင့်လည်း ဟွမ်းစစ်ပေါ် အချိန်ပိုမလုပ်တာ အတော်ကြာပါပြီ။
လူအင်အားနှင့် ဘတ်ဂျက်အင်အား လုံလောက်သဖြင့် ပြီးမြောက်မှုက အချိန်မီနေပြီး အချိန်ပိုလုပ်စရာလည်း မလိုအပ်ပေ။
အလုပ်လုပ်ရတာ ဒီလောက် အေးချမ်းပြီး စိတ်ကျေနပ်ဖို့ ကောင်းလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ပါ။
ဒင်
သူ့ဖုန်းသံ မြည်လာ၏။
ကိုင်ကြည့်လိုက်သောအခါ ဘဏ်ငွေလွှဲသည့် မက်ဆေ့ချ်တစ်ခုကို မြင်လိုက်ရသည်။
"ဟင် ဒီနေ့က ၂၉ ရက်နေ့ပဲရှိသေးတယ် မဟုတ်ဘူးလား”
ဟွမ်းစစ်ပေါ် ကြောင်သွား၏။
ကုမ္ပဏီအများစုက လက်ရှိလ၏ လစာကို နောက်လကျမှသာ ပေးတတ်သည်။
လတိုင်း ၅ ရက်နေ့ လစာရရုံနဲ့ ကုမ္ပဏီ အလွန် သဘောကောင်းသည်ဟုပင် ဆိုနိုင်နေပါပြီ။
တချို့ အကျင့်မကောင်းသည့် ကုမ္ပဏီများက လစာများကို လလယ်၊ သို့မဟုတ် လကုန်ပိုင်းအထိ အချိန်ဆွဲထားတတ်ကြသည်။ ဝန်ထမ်းများ အလုပ်ထွက်ဖို့ ရှိလျှင် လစာလျှော့လို့ရအောင် အချိန်ဆွဲထားခြင်းနှင့် တူညီပါသည်။ ဘာပဲဖြစ်ဖြစ် သတင်းဆိုးများ ထွက်တတ်သည်။
ထို့ကြောင့် လစဥ် ၅ ရက်နေ့မတိုင်ခင် လစာပေးသည့် ကုမ္ပဏီများအားလုံးကို သဘောကောင်းသည်ဟု သတ်မှတ်နိုင်သည်။
သို့သော်လည်း လမကုန်ခင် လစာပေးသည့် ကုမ္ပဏီမျိုးကို ဟွမ်းစစ်ပေါ်တွေ့ဖူးတာ ပထမဆုံး ဖြစ်သည်။
"သင့်အကောင့် xxxxထဲကို နိုဝင်ဘာလ ၂၉ ရက်နေ့၊ ၁၁ နာရီ ၉ မိနစ်မှာ ၅,၃၇၅.၈ ယွမ် ဖြည့်သွင်းလိုက်ပါတယ်[XX ဘဏ်]"
ဟွမ်းစစ်ပေါ် လန့်သွား၏။
လစာက ဘယ်လိုဖြစ်တာလဲ။
သူ အလုပ်စလုပ်သည့်ရက်က နိုဝင်ဘာလ ၅ ရက်ဝန်းကျင်တွင်ဖြစ်ပြီး သေချာပေါက် အလုပ်လုပ်တာ တစ်လမပြည့်သေးတာ သေချာပါသည်။
အခြေခံလစာက တစ်လကို ယွမ် ၄,၀၀၀ ဖြစ်၏။ အခွန်များ၊ အာမခံများနှင့် အငှားခများကို လျှော့ချလိုက်သောအခါ သူ့လစာက ယွမ် ၄,၀၀၀ ထက်ပင် နည်းနည်းပိုနည်းသင့်ပါသည်။
ဘာလို့ ယွမ် ၅,၀၀၀ ကျော်နေတာလဲဟ။
သူ မှင်သက်သွားသော်လည်း ဒီလိုအသေးအဖွဲ ကိစ္စမျိုးကို ဘော့စ်ဖေးအား မေးမြန်းဖို့ မသင့်တော်မှန်း ဟွမ်းစစ်ပေါ် သိပါသည်။ ထို့ကြောင့် လက်ထောက်ရှင်းဆီကိုပဲ သူသွားခဲ့၏။
သူမကို သွားတွေ့ခဲ့ပြီး သူ့သံသယများကို ပြောပြခဲ့ပါသည်။
ရှင်းဟိုက်လူက နူးညံ့စွာ ပြုံးလိုက်၏။ "ဟုတ်ပါတယ်။ ပမာဏက အမှန်ပါပဲ။ အချိန်ပိုလစာလည်း ပါတယ်လေ”
"အချိန်ပို လစာဟုတ်လား" ဟွမ်းစစ်ပေါ် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားပါသည်။
ရှင်းဟိုက်လူက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်။ ရှင်တစ်ယောက်တည်းပဲ မဟုတ်ဘူး။ ကုမ္ပဏီထဲက လူတွေအားလုံး အချိန်ပိုလစာ ရကြတယ်။ ကုမ္ပဏီအတွက် အချိန်ပို နာရီ ၅၀ ဝန်းကျင်လောက် ရှင်လုပ်ခဲ့တယ် မဟုတ်လား။ သာမန် နာရီနှုန်း လစာရဲ့ ၁.၅ ဆနဲ့ အာမခံတွေ၊ အငှားစရိတ်တွေ၊ အခွန်တွေကို နှုတ်လိုက်ရင် ဒါက ကျန်ငွေပါပဲ”
ဟွမ်းစစ်ပေါ် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ပြောစရာ စကားလုံးကင်းမဲ့သွားခဲ့ပါသည်။
အချိန်ပိုလစာဆိုတာ သမိုင်းတွေထဲမှာပဲ ရှိတတ်တဲ့ အရာလေ။
ပြီးတော့လည်း သူတို့ရဲ့ နာရီနှုန်း ၁.၅ ဆတဲ့။
ဒီလိုအချိန်ပိုလစာမျိုးမှာ ဂိမ်းကုမ္ပဏီအများစုတွင် မရှိသလောက်ဖြစ်သည်။
အခုကို မဆိုဦးနှင့်။ နောက်ထပ် ၁၀ နှစ်လောက် ကြာရင်တောင် အချိန်ပိုလစာဆိုတာ လုပ်ငန်းအများစုမှာ တွေ့ရခဲသည်။
ဒါတင်ကသေးဘဲ ကုမ္ပဏီအများစုက အချိန်ပို လစာများကို ၎င်းတို့၏ အနိမ့်ဆုံး နာရီနှုန်းများအပေါ် အခြေခံပြီး အာမခံနှင့် အငှားစရိတ်များကို တိုင်းတာသကဲ့သို့ တွက်ချက်တတ်ပါသည်။ ဒါက လှည့်စားလို့ရသည်။
သို့သော် ထန်းတာ့ကတော့ ဒီလို မဟုတ်ပေ။ ဝန်ထမ်းတစ်ယောက်ချင်းစီတိုင်းကို ၎င်းတို့၏ လစာပေါ် အခြေခံပြီး အချိန်ပိုလစာ ပေးခြင်းဖြစ်သည်။
တစ်နည်းအားဖြင့် သူတို့ အချိန်ပိုလစာ ပို၍ပင် ရနိုင်သည်ဟု ဆိုလိုသည်။
ဟွမ်းစစ်ပေါ်ကိုပဲ နမူနာ ယူကြည့်ပါ။ သူ့အခြေခံ လစာက တစ်လကို ၄,၀၀၀ဖြစ်၏။ တစ်လ ရက် ၂၀နှင့် တစ်ရက်ကို ၈ နာရီအလုပ်လုပ်ချိန်တို့အရ သူ့နာရီနှုန်းက ၂၅ ယွမ်ဖြစ်ပြီး သူ့အချိန်ပိုလစာက တစ်နာရီကို ၃၇.၅ ယွမ်ဖြစ်လိမ့်မည်။
ထို့နောက် ဟွမ်းစစ်ပေါ်၏အချိန်ပို နာရီများအပေါ် မူတည်ပြီး စုစုပေါင်း လစာကို အာမခံ၊ အငှားစရိတ်နှင့် အခွန်အခများ နှုတ်ပြီးနောက် နောက်ဆုံး သူရလာသည့် ပမာဏသာ ကျန်မည်ဖြစ်သည်။
သိသာ ရှင်းလင်းလှပါသည်။
ဟွမ်းစစ်ပေါ်က ဒီလောက် သဘောထားပြည့်ဝသည့် ကုမ္ပဏီမျိုးကိုတစ်ခါမှ မတွေ့ဖူး၊ တစ်ခါမှတောင် မကြားဖူးခဲ့ပေ။
သူ့အလုပ်စားပွဲသို့ ပြန်ရောက်တော့ စိတ်အေးအေးထားဖို့ အချိန်အကြာကြီးယူခဲ့ရသည်။
'ဒါဆို ဘော့စ်ဖေးက အားလုံးသိနေတာပေါ့'
'ငါတို့တွေ အချိန်ပိုလုပ်နေကြတာ သူသိတယ် သူ့အမိန့်တွေကို ငါတို့ မလိုက်နာပေမဲ့ အပြစ်မတင်တဲ့အပြင် အချိန်ပိုလစာကိုပါ ငါတို့လစာထဲ ထည့်ပေါင်းပေးလိုက်တယ်'
ဟွမ်းစစ်ပေါ် သူ့နှလုံးသား နွေးထွေးလာပြီး မျက်ရည်များ ဝဲလာသည်ကို ခံစားမိသည်။
သူ ခံစားသွားရ၏။
သူက တကယ်ပဲ ကမ္ဘာပေါ်က အကောင်းဆုံး ဘော့စ်ဖြစ်သည်။
...
ဖေးချမ့်ကတော့ သူ့ဝန်ထမ်းများ သူ့အပေါ် အချိန်ပိုလစာများကြောင့် ကျေးဇူးတင်နေခြင်းကို မသိပေ။
သူ့ဖာသာသူတောင် ခေါင်းကိုက်နေရသည်။
ဘာလို့ စနစ်ရန်ပုံငွေကို အပြောင်မရှင်းနိုင်သေးတာလဲ။
လကုန်တွင် လစာရှင်းပေးလိုက်ရသည့် အကြောင်းအရင်းက စနစ်မှာ လအစတွင် ငွေစာရင်း ရှင်းသောကြောင့်ဖြစ်သည်။
ဖေးချမ့်က ငွေစာရင်းရှင်းချိန်မတိုင်ခင် လစာများကို သေချာပေါက် ပေးရမည်ဖြစ်သည်။ မဟုတ်ပါက ဘာအကြောင်းပြချက်မှ မရှိဘဲ ငွေဆက်စုမိနေမည်ဖြစ်ပြီး စနစ်ငွေကို ဖြုန်းချင်သည့် သူ့ဆန္ဒကို အထောက်အကူပြုမှာ မဟုတ်ပေ။