အခန်း(၄၈) ပညာဖလှယ်ခရီးစဥ်နဲ့ ဘတ်ဂျက်ဖြုန်းတီးခြင်း
Vol. 4 Ch. 48
အခန်း(၄၈) ပညာဖလှယ်ခရီးစဥ်နဲ့ ဘတ်ဂျက်ဖြုန်းတီးခြင်း
ဒီလ ငွေဖြန်းတီးဖို့ ဖေးချမ့် အကောင်းဆုံး ကြိုးစားနေခဲ့ပါသည်။
ရင်းမြစ်ဝယ်ယူမှုကိုလည်း နှစ်သုတ်ခွဲကာ ပထမ အသုတ်ကို အရင်အပတ်တုန်းက ဝယ်ယူပြီး နောက်တစ်သုတ်ကိုတော့ ဒီအပတ်တွင် ဝယ်ယူခဲ့သည်။
ရုံးနေရာအတွက် ငှားရမ်းခကိုလည်း ပေးဆောင်ပြီးပြီဖြစ်သည်။
ဝန်ထမ်းများ၏ လစာနှင့် အချိန်ပိုလစာများကိုလည်း ပေးဆောင်ပြီးပြီဖြစ်သည်။
တခြား အသေးအဖွဲအသုံးစရိတ်များလည်း ရှိသေး၏။
ဖေးချမ့် အသည်းအသန်ဖြင့် စနစ်ရန်ပုံငွေ အားလုံးနီးပါးကို သုံးနိုင်ခဲ့ပါသည်။
သို့သော်လည်း အရာရာတော့ ပြီးဆုံးမသွားသေးပါ။
နောက်ထပ် ငွေစာရင်းရှင်းချိန် ရောက်ဖို့အတွက် ၂ လလိုသေးသည်။
ထိုနှစ်လအတွင်း တစ္ဆေစစ်သူကြီးက စနစ်ရန်ပုံငွေထဲသို့ ငွေတွေဆက်တိုက်ဝင်အောင် လုပ်ပေးနေဦးမ ည်ဖြစ်သည်။ ရုံးနေရာ ငှားရမ်းခနှင့် ဝန်ထမ်းလစာလို ပုံသေကုန်ကျစရိတ်များကလွဲပြီး ထိုပိုက်ဆံအားလုံးကို ဖြုန်းဖို့အတွက် ဖေးချမ့် နောက်ထပ် နည်းလမ်းများ ထပ်ရှာရပါဦးမည်။
သူအနည်းငယ် စိုးရိမ်လာ၏။
"ဘတ်ဂျက်ဘယ်လိုဖြုန်းရမလဲဆိုတဲ့ အသိပညာ တကယ်လိုအပ်တာပဲ”
"ဘတ်ဂျက်ဖြုန်းတီးဖို့ အကောင်းဆုံး နည်းလမ်းကဘာလဲ”
"ဟမ်း... ဝန်ထမ်းပေါင်းစည်းပွဲတွေ ဆိုရင်ကော”
"ဟုတ်တယ် ဝန်ထမ်းပေါင်းစည်းပွဲတွေ”
ဖေးချမ့် ရုတ်တရက်ကြီး အကြံကောင်းတစ်ခု ရသွားခဲ့ပါသည်။
ဝန်ထမ်းပေါင်းစည်းပွဲအတွက် စနစ်ရန်ပုံငွေသုံးရင် ပြဿနာမရှိနိုင်ဘူးမလား။
သူတို့ အဆင့်မြင့်မြင့် စားသောက်ဆိုင်တစ်ခုတွင် သွားစားသောက်နိုင်သည်။ လူ ၃၀ ကျော် တစ်ယောက်ကို ၁၀၀ ကျော်နှုန်းဖြင့် တွက်လိုက်လျှင် ယွမ်ထောင်ချီပြီး ခဏလေးနှင့် ကုန်သွားနိုင်သည်။
မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ ယွမ်ထောင်ကျော်လောက်က နည်းလွန်းတယ်။
ဖေးချမ့် စဥ်းစားကြည့်လိုက်ပြီး သူချွေတာရာ ကျလွန်းနေသေးသည်ဟု ခံစားမိသဖြင့် လက်ထောက်ရှင်းကိုသာ ဒီကိစ္စကိုင်တွယ်ခိုင်းသင့်သည်။
ရှင်းဟိုက်လူကို ရုံးခန်းထဲသို့ ခေါ်လိုက်၏။
"ဒီလကုန်မှာ ကျွန်တော်တို့ ဝန်ထမ်းပေါင်းစည်းပွဲတစ်ခု လုပ်မယ်။ မင်းက ရက် စီစဥ်ပေးပါ” ဖေးချမ့်က ညွှန်ကြားလိုက်သည်။
"ကောင်းပါပြီ။ ကျေးဇူးပြုပြီး အသေးစိတ် ညွှန်ကြားပေးပါ”
လက်ထောက်ရှင်းက ထက်မြက်သော အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ ဘယ်တော့မှ ဖေးချမ့်၏ ညွှန်ကြားချက်များကို သံသယမဖြစ်ပေ။ သူ့ဆန္ဒရှိသည့် ရလဒ်ကို ရလာဖို့ ဘယ်လိုလုပ်ရမလဲဆိုသည့် အချက်များကိုသာ မေးမြန်းတတ်သည်။
ဖေးချမ့်က ခေတ္တစဥ်းစားကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို... ဟုတ်တယ် ကွမ်ကျိုးကို ခေါ်သွားဖို့ စီစဥ်ထားတယ် အဲဒီမှာ ခရီးတွေသွားပြီး ပညာဖလှယ်မှုတွေ လုပ်ကြမယ် အကြာကြီး သွားစရာလည်းမလိုဘူး။ ငါးရက်ဝန်းကျင်လောက်ဆို လုံလောက်ပြီ”
ဖေးချမ့်အစကတော့ ဘယ်သွားရမလဲ မရေမရာဖြစ်နေခဲ့သည်။
သူတို့ နိုင်ငံခြား သွားချင်ပါက ဗီဇာများ လျှောက်ထားရပြီး နိုင်ငံရပ်ခြားဖြစ်နေသဖြင့် တကယ် အခက်တွေ့နိုင်သည်။
ပြည်တွင်းမှာတော့ ဂိမ်းကုမ္ပဏီ အများစုမှာ ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးတို့တွင် စုစည်းနေကြသည်။ ဖေးချမ့် စဥ်းစားကြည့်လိုက်ပြီး ကွမ်ကျိုးက အဝေးဆုံးဖြစ်ကာ လေယာဥ်လက်မှတ်များကလည်း စျေးအကြီးဆုံး ဖြစ်သဖြင့် ထိုနေရာသို့ သွားရောက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
စနစ်ကလည်း ဘာသတိပေးချက်မှ မထုတ်ပြန်ပါ။
ဖေးချမ့်လည်း ရင်ထဲတွင် အားတက် ပျော်ရွှင်သွား၏။ စနစ်၏ စိတ်ကို သူတဖြည်းဖြည်း နားလည်လာပြီဟု ခံစားနေရသည်။
သူ့အကြောင်းပြချက်က ဝန်ထမ်းပေါင်းစည်းပွဲတစ်ခုကြောင့် သွားရောက်လည်ပတ်ကာ၊ ပညာဖလှယ်ရင်း လေ့လာသင်ယူနိုင်ကြစေဖို့ ဖြစ်သည်။ အားလုံးက ယုတ္တိရှိပြီး ကျိုးကြောင်း သင့်လျော်၏။
ဘယ်ကိုလည်ပတ်ပြီး ဂိမ်းကုမ္ပဏီတချို့ထံမှ ပညာဖလှယ် လေ့လာသင်ယူရမှာလား ဆိုတာကိုတော့ မမေးပါနှင့်။ အဖြေက သူတို့ ထိုသို့သွားပြီး အောင်မြင်နေသည့် ဂိမ်းကုမ္ပဏီကြီးများ၏ အတွေ့အကြုံကို သင်ယူလေ့လာဖို့ ဖြစ်သည်။
"ငါးရက်။ တစ်ရက်ကို ကုမ္ပဏီတစ်ခုစီ လည်ပတ်ကြမယ်။ လက်ထောက်ရှင်း သူတို့ကို ကြိုတင်ညှိနှိုင်းထားဖို့ မမေ့ပါနဲ့။ အဲ့အချိန်ကျရင် ကျွန်တော်တို့ ဒီဇိုင်နာတွေ ဒါမှမဟုတ် ကုမ္ပဏီကြီးတွေရဲ့ ဘော့စ်တွေကိုလည်း ဧည့်ခံကျွေးမွေးလို့ရပါတယ်။ ပြဿနာဘာမှ မရှိဘူး”
"ဂိမ်းကြီးတွေကို ဖန်တီးတဲ့ ကုမ္ပဏီတွေကို ရှာနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ FPS ဂိမ်း ဖန်တီးတတ်တဲ့ ကုမ္ပဏီတွေကလည်း ကျွန်တော်တို့အတွက် အကျိုးရှိမှာပါ”
"ကျန်တဲ့အချိန်တွေက အားလုံးအတွက် လွတ်လွတ်လပ်လပ် ပျော်နိုင်လို့ သူတို့တွေ အဲဒီက ရှုခင်းတွေကြည့် အစားအသောက်တွေ စားကြရင်း စိတ်အပန်းဖြေကြပါစေ။ အဲဒါဆို သူတို့ အလုပ်ကောင်းကောင်း ပိုလုပ်နိုင်ဖို့ အကူအညီပေးမှာပါ”
"လေယာဥ်လက်မှတ်၊ နေထိုင်စရိတ်နဲ့၊ အစားအသောက်တွေအတွက် ကုမ္ပဏီက အကုန်ကျခံသွားမယ်”
"ရက်စွဲတစ်ခုလောက် သတ်မှတ်ပြီး ကျွန်တော့်ကို အကြမ်းဖျင်းခန့်မှန်းချက် ပြပေးပါ”
ဖေးချမ့်က အားလုံးကို အမြန်ညွှန်ကြားလိုက်ပါသည်။
"ရတာပေါ့ ဘော့စ်ဖေး။ ကျွန်မ မကြာခင် ပြန်လာခဲ့ပါ့မယ်” လက်ထောက်ရှင်းကတော့ အရင်လို အားကိုးရဆဲဖြစ်သည်။
ဖေးချမ့်သည် သူတို့ကို အကြာကြီးတော့ ခေါ်မသွားရဲပေ။ စနစ်က သူတို့ အပျော်များနေသဖြင့် သတိပေးမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ဒါပဲဖြစ်ဖြစ် ဒါက ပညာဖလှယ်ခရီးတစ်ခုဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဂိမ်းအခြေအနေ ထိခိုက်မှုရှိမှာကိုလည်း စိတ်ပူမိပါသည်။ ဂိမ်းကို အချိန်မီ မကြေညာနိုင်ဘဲ ငွေစာရင်းရှင်းချိန် ရွှေ့ဆိုင်းခံလိုက်ရပါက အလွန် ခွကျသော အခြေအနေ ဖြစ်သွားပါလိမ့်မည်။
နောက်တစ်လအတွက် အချိန်ဆွဲထားသည့် လုပ်ငန်းစဥ်များက မတင်းကြပ်သဖြင့် အားလုံးအတွက် စိတ်အပန်းပြေစေဖို့ ငါးရက်လောက် အနားယူခိုင်းပြီး တစ်ချိန်တည်းမှာပင် စနစ်ရန်ပုံငွေလည်း သုံးနိုင်သဖြင့် အကြံကောင်းဟု ဖေးချမ့်ခံစားမိပါသည်။
ဒီခရီးမှာ သူတို့သေချာပေါက် ယွမ်သိန်းချီပြီး ကုန်ကျလိမ့်မည်။
တောမီးကို ရေတစ်ခွက်နဲ့ ငြှိမ်းနေသည့်ပုံပေါက်သော်လည်း ဝန်ထမ်းတွေ့ဆုံပွဲကဲ့သို့ ခရီးစဥ်တစ်ခုအတွက် ဒီလောက်ထိ သုံးစွဲနိုင်ခြင်းက အတော်လေး အဆင်ပြေပါသည်။
...
လက်ထောက်ရှင်းက အလွန် သွက်လက်ပြီး နေ့လယ်ခင်းရောက်သောာအခါ အချိန်စာရင်းကို ပြင်ဆင်ပြီးပါပြီ။
ဖေးချမ့်က ဝမ်းသာသွားပြီး ယူလိုက်ကာ စျေးကို ကြည့်လိုက်သည်။
"ယွမ် ၁၅၀,၀၀၀ တောင် မရှိဘူးလား” ဖေးချမ့် မှင်သက်သွားခဲ့၏။
သူထင်ထားတာထက် အများကြီး ပိုနည်းနေသည်။
လက်ထောက်ရှင်းက နူးညံ့စွာ ပြုံးလိုက်ပါသည်။ "အားလုံးကို လက်ရှိစံနှုန်းတွေနဲ့အညီ တွက်ချက်ထားတာပါ"
ဖေးချမ့်က အားလုံးကို သေသေချာချာ ပြန်ကြည့်လိုက်ပါသည်။
လက်ထောက်ရှင်းက လူ ၃၀ အတွက်သာ စီစဥ်ထားသည်။ ကွမ်ကျိုးအထိ ခရီးမသွားချင်သော တချို့ ဝန်ထမ်းများလည်း ရှိနိုင်သည်။
ထိုလူများကို ဖေးချမ့်က အတင်းတိုက်တွန်းမည် မဟုတ်ပေ။ ဘာာပဲဖြစ်ဖြစ် အပျော်သဘော-- အဲ ပညာဖလှယ်ခြင်းခရီးဖြစ်သဖြင့် စိတ်တိုင်းကျ ဆုံးဖြတ်နိုင်သည်။
အပြန် လေယာဥ်လက်မှတ်က တစ်ယောက်ကို ယွမ် ၂,၀၀၀ ဝန်းကျင် ကုန်ကျသည်။
တစ်ယောက်ကို ၃၀၀ ဆိုလျှင် နှစ်ယောက် အခန်းတစ်ခန်းကို ယွမ် ၆၀၀ ကုန်ကျလိမ့်မည်။
စားပွဲသောက်ပွဲများ၊ ကားခများ၊ တခြား အပိုထပ်ဆောင်း ကုန်ကျစရိတ်များနှင့် ဝန်ထမ်းများအတွက် အပိုထပ်ဆောင်း ဘတ်ဂျက်များ (လူ ၃၀ ကျော် လိုက်ပါချင်ပါက သူတို့ အပိုထပ်ဆောင်း ဘတ်ဂျက်များကို အသုံးပြုရမည်) ကိုပေါင်းလိုက်သောအခါ စုစုပေါင်း ကုန်ကျစရိတ်က ၁၅၀,၀၀၀ အောက် လျော့နည်းပါသည်။
ဖေးချမ့် တွက်ချက်ကြည့်ပြီးတာတောင် စုစုပေါင်း ကုန်ကျစရိတ်က တိုးမလာပါ။
'ငါတို့ လေယာဥ်ကို First Class ကနေ စီးလို့ မရဘူးလား'
ထိုအတွေးကို တွေးလိုက်ချိန်တွင် စနစ်က သတိပေးလိုက်ပါသည်။
မရဘူးဟ။
ဒါက သာမန် ပညာဖလှယ်ချင်း ဝန်ထမ်းတွေ့ဆုံပွဲသက်သက်ဖြစ်သဖြင့် ဝန်ထမ်းတိုင်းကို First Class တွင်ထိုင်ခိုင်းပါက လွန်လွန်းရာ ကျပါလိမ့်မည်။ စနစ်က ခွင့်ပြုမှာ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင်။ နေထိုင်စရိတ်ကို တစ်ယောက် ယွမ် ၃၀၀ သတ်မှတ်ခြင်းက လုံလောက်တာထက် ပိုပါသည်။ ဝန်ထမ်း တစ်ယောက်ချင်းစီတိုင်းကို အဆင့်မြင့် အခန်းများ ငှားရမ်းပေးဖို့အကြံကိုတော့ မေ့ပစ်ဖို့သာ ရှိသည်။
ဖေးချမ့်က စာရင်းတစ်ခုလုံးကို စစ်ကြည့်လိုက်ပြီး သူငွေထပ်သုံးလို့ရမည့် နေရာကို ရှာမရတော့ပေ။
ထို့ကြောင့် သူအနည်းငယ် စိတ်ဓာတ်ကျသွားရသည်။
'ဝန်ထမ်း ၃၀ကို ကွမ်ကျိုးဆီ ခရီးခေါ်သွားဖို့ ယွမ် ၁၅၀,၀၀၀ ပဲကုန်တာလား'
ဖေးချမ့်ထင်ထားတာထက် အများကြီး ပိုနည်းနေသည်။
အမှန်ပင်။ ဖေးချမ့် စျေးပေါသည်ဟု ထင်တာလည်း စနစ်ရန်ပုံငွေ အားကိုးကြောင့် ထင်ရဲခြင်းဖြစ်သည်။
သူသာ ပျမ်းမျှတွက်ချက်ကြည့်ပါက တစ်ယောက်ကို ယွမ် ၅,၀၀၀ ကုန်ကျသည်။
ဖေးချမ့်သာ ကွမ်ကျိုးတွင် ရက်ပိုင်းလောက်အတွက် ယွမ် ၅,၀၀၀ ကို ကိုယ့်ပိုက်ဆံနဲ့ကိုယ် သုံးရမည်ဆိုပါက အလွန်စျေးကြီးသည်ဟု ထင်သွားပါလိမ့်မည်။
"ထားလိုက်ပါတော့ ဒါဆိုလည်း ၁၅၀,၀၀၀ ပဲပေါ့။ အဲဒီခန့်မှန်းခြေအတိုင်း သွားကြမယ်။ ကြိုတင်ပြင်ဆင်ထားကြရအောင်" ဖေးချမ့်က စာရင်းကို လက်ထောက်ရှင်းဆီ ပြန်ပေးလိုက်ပါသည်။
သူတရားလွန်တော့ မလုပ်ရဲချေ။ အလွန်နည်းပါးသည်ဟု ထင်မိသော်လည်း စနစ်က မကန့်ကွက်တာကိုပင် ကျေးဇူးတင်ရပါမည်။
...
ဖေးချမ့် စီစဥ်ထားသည့် ရက်စွဲမှာ ဒီဇင်ဘာလ အကုန်တွင်ဖြစ်သည်။
ရာသီဥတုက ပိုအေးလာနိုင်ပြီး ကွမ်ကျိုးသို့ သွားလျှင် နွေးနွေးထွေးထွေး နေနိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကွမ်ကျိုး၌ စီးပွားရေး စနစ်နှင့် လုပ်ငန်း ပတ်ဝန်ကျင်အခြေအနေကောင်းမွန်သော ဂိမ်းကုမ္ပဏီများစွာ ရှိပါသည်။ သူတို့ ပညာဖလှယ်ဖို့အတွက် သွားရောက်လည်ပတ်မည်ဟု ပြောလျှင် အတော်လေး ယုတ္တိရှိပါသည်။
သို့သော်လည်း အမှန်ပင်။ လေယာဥ်လက်မှတ်များ ဘိုကင်တင်ရခြင်း၊ ထိုဘက်က ဂိမ်းကုမ္ပဏီများနှင့် ညှိနှိုင်းခြင်း စသည့် ကိစ္စများကိုတော့ ကြိုတင်စီစဥ်ထားရသည်။
ဖေးချမ့်က ကြီးကြီးမားမား မလုပ်ချင်သော်လည်း လေယာဥ်လက်မှတ် ဘိုကင်တင်ဖို့အတွက် သူ့ဝန်ထမ်းများ၏ သက်သေခံ ကတ်ပြားများကို လိုအပ်သဖြင့် သတင်းက တဖြည်းဖြည်း ကုမ္ပဏီထဲတွင် ပြန့်သွားတော့သည်။
ဒီဇိုင်းအဖွဲ့ထဲတွင် လူများစွာက ၎င်းတို့၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ ထိုအကြောင်းကို ဆွေးနွေးနေကြပါသည်။
"ငါတို့တကယ်ကြီး ပညာဖလှယ်ဖို့အတွက် ကွမ်ကျိုးကို သွားရမှာလား”
"တကယ်ကြီးထင်တယ် လက်ထောက်ရှင်းက လေယာဥ်လက်မှတ်တွေ ဘိုကင်တင်ဖို့တောင် ပြင်နေပြီလို့ ကြားတယ်ကွ”
"ဒီကုမ္ပဏီရဲ့ အကျိုးခံစားခွင့်တွေက များလွန်း မနေဘူးလား။ ကိုယ့်ဝန်ထမ်းတွေကို ပညာဖလှယ်ဖို့ ခရီးထွက်ခွင့်ပေးတဲ့ ဂိမ်း ကုမ္ပဏီဆိုတာ တစ်ခါမှမကြားဖူးဘူး..."
"ငါကောပဲ"
"ဒီလိုခရီးမျိုးက ပိုက်ဆံတော်တော်ကုန်မှာ ထင်တယ်။ ငါတော့ ငါ့ပိုက်ဆံနဲ့ငါ ဒီလိုမျိုး သေချာပါက် မသုံးနိုင်ဘူး”
"ငါတို့ ဘယ်လိုကုမ္ပဏီတွေကို သွားလည်ပတ်ကြမှာလဲ။ ဆန်းစထရိုက်ခ် စတူဒီယိုလည်း ပါမယ်ထင်တယ်နော်”
"ထင်တာပဲ။ ဆန်းစထရိုက်ခ်စတူဒီယိုက နာမည်အရမ်းကြီးပဲ FPS ဂိမ်းတွေ ဖန်တီးတဲ့နေရာမှာ အရမ်းတော်တယ်ကြားတယ်။ ငါတို့အတွက် သင့်တော်တာပေါ့”
"ဟာကွာ ငါဒီလုပ်ငန်းထဲ မဝင်ရောက်ခင်ကတည်းက ဆန်းစထရိုက်ခ် စတူဒီယိုကို သွားဖို့ အိပ်မက်မက်ခဲ့ရတာ”
"အခုလည်း သွားရတော့မှာ မဟုတ်ဘူးလား။ အဆင့်မြင့် စတူဒီယိုတစ်ခု ဘယ်လို လှုပ်ရှားလဲ ငါတို့ သင်ယူရလိမ့်မယ်”
ဒီဇိုင်းအဖွဲ့တစ်ခုလုံး စိတ်အားထက်သန်သွားကြပါသည်။
ပန်းချီနှင့် စီမံခန့်ခွဲရေးအသင်းများကဲ့သို့ တခြားအဖွဲ့များ၏ စိတ်ဝင်စားမှုကတော့ မတူညီပါ။
ခရီးစဥ်တစ်ခုလုံးက အခမဲ့ဖြစ်သဖြင့် ဘာစားရမလဲ၊ ဘယ်သွားရမလဲ ဆုံးဖြတ်နေကြသည်။
ဒါက ပုံမှန်ပဲဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီဇိုင်းအဖွဲ့ထဲက လူအများစုက နာမည်ကျော် ပြည်တွင်း စတူဒီယိုများနှင့် ဂိမ်းကုမ္ပဏီများကို စိတ်ဝင်စားကြသည့် လူငယ် အင်တာနက် စွဲလမ်းသူများ ဖြစ်ကြသည်။
ကျန်သောသူများကတော့ ဆန်းစထရိုက်ခ်စတူဒီယိုဖြစ်ဖြစ် ဘာဖြစ်ဖြစ် စိတ်ဝင်စားမှု နည်းပါးကြပါသည်။
သို့သော် နောက်ဆုံးတော့လည်း သူတို့အားလုံး အခမဲ့ကုမ္ပဏီ ခရီးစဥ်ကြီးအတွက် သာတူညီမျှ စိတ်လှုပ်ရှားနေကြပါသည်။