← Chapters

အခန်း(၅၁) ကျဥ်းလိုက်တဲ့ အလုပ်နေရာ

Vol. 4 Ch. 51

အခန်း(၅၁) ကျဥ်းလိုက်တဲ့ အလုပ်နေရာ

Vol. 4 Ch. 51

အခန်း(၅၁) ကျဥ်းလိုက်တဲ့ အလုပ်နေရာ

ကွမ်ကျိုး၊ ဆန်းစထရိုက်ခ် စတူဒီယို

၎င်းတို့၏ ရုံးအဆောက်အဦ အပြင်ဘက်တွင် ရှောင်လုနှင့် တခြားသူများ အံ့အားသင့် မှင်သက်နေကြပါသည်။

ဆန်းစထရိုက်ခ် စတူဒီယိုက အထပ် ၇ ထပ်ကို ပိုင်ဆိုင်ထားသည်။

ဝင်ပေါက်တွင် ဆန်းစထရိုက်ခ် စတူဒီယို၏ ဆိုင်းဘုတ်ကြီးရှိပြီး အဆောက်အဦတစ်ခုလုံးကို သစ်ပင် ပန်းမင်များဖြင့် ဝန်းရံထား၏။ ပတ်ဝန်းကျင်အခြေအနေက တော်တော်လေး ကောင်းမွန်ပါသည်။

ကိုယ်ပိုင် အဆောက်အဦဆောက်လုပ်နိုင်သည့် ဂိမ်းကုမ္ပဏီတစ်ခုမှာ သေချာပေါက် ငွေမနည်းပါးနိုင်ပေ။

လူအများစုက ဒီလိုနေရာမှာ အလုပ်လုပ်ရလျှင် ဘယ်လိုနေမလဲဟု စိတ်ကူးယဥ်ကြည့်မိကြသည်။

သို့သော်လည်း ဖေးချမ့်ကတော့ ဂရုမစိုက်ချေ။

ဒီကို ပညာဖလှယ်မည်ဟူသော ဆင်ခြေဖြင့် ပိုက်ဆံဖြုန်းဖို့သက်သက် လာခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဒီတိုင်း ပိုကျယ်သည့် ရုံးနေရာတစ်ခုသာ ဖြစ်သဖြင့် ဘာမှ မနာလိုဖြစ်စရာမလိုပါ။

သူတို့အုပ်စု ဝင်ပေါက်သို့ ရောက်သောအခါ ဆန်းစထရိုက်ခ် စတူဒီယိုမှ လူတွေက သူတို့ကို ကြိုစောင့်နေကြပါသည်။

"ကြိုဆိုပါတယ် လက်ထောက်ရှင်း ဒါက ဘော့စ်ဖေး ထင်တယ်။ ဟိုင်းဟိုင်း ကျွန်တော်က ဆန်းစထရိုက်ခ် စတူဒီယိုရဲ့ ကိုယ်စားလှယ် စွန်းရှီပါ”

သူတို့ကို ကြိုဆိုသည့်လူက အသက် ၂၆ နှစ်ဝန်းကျင်ရှိပုံရဿည်။

ဆန်းစထရိုက်ခ် စတူဒီယို၏ ပရိုဂျူဆာ ကျိုးမူယန်ကလည်း သူတို့နှင့် တွေ့မည်ဟုဆိုသည်။ သို့သော်လည်း သူ့အဆင့်အတန်းနှင့် ဝင်ပေါက်မှာ သူကိုယ်တိုင်ကြိုဆိုဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါ။ ဖေးချမ့်တို့ အုပ်စုက ထိုအဆင့်လောက် မရောက်သေးပေ။

စွန်းရှီက အားလုံးကို အထဲခေါ်ခဲ့လိုက်ပြီး လမ်းတစ်လျှောက်လုံး ဒီနေရာကြီးကို မိတ်ဆက်ပေးနေသည်။

"ကျွန်တော်တို့ရဲ့ ရှေ့ခြံမှာ ကျွန်တော်တို့ စိုက်ပျိုးထားတဲ့ ဝါးတောလေးတစ်ခုရှိတယ်။ ကျွန်တော်တို့က ရိုးရာဆန်တဲ့စတိုင်နဲ့ ဂိမ်းပရောဂျက်တစ်ခု ဖန်တီးနေလို့လေ။ သြော် ရိုးရာဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက် မကြာခဏ တီးတတ်တဲ့ ရှေးဟောင်း ဒုံမင်းလေးလည်း ရှိတယ်"

"ဟိုးဘက် အဆုံးမှာတော့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တချို့က ကားနဲ့လာတာမို့လို့ ကားပါကင်တစ်ခုရှိတယ်"

ဖေးချမ့်က လိုက်ကြည့်နေသည်။

ဒီလိုကုမ္ပဏီကြီးတစ်ခုက တကယ်ပဲ ခမ်းနားလှသည်။

ဒီနေရာကြီးကို ဆောက်လုပ်ဖို့ သူတို့ပိုက်ဆံတော်တော်ကုန်သွားကြမှာပဲနော်။

သူတို့ ရုံးအဆောက်အဦတစ်ခုကို ဆောက်လုပ်ပါက ဝါးတောများ စိုက်ပျိုးခြင်း သို့မဟုတ် ပန်းပုရုပ်များ ဖန်တီးဖို့အတွက် မကြာခဏ ပြန်ပြုပြင်ရမည်။ ထိုလုပ်ငန်းအားလုံးက ငွေများစွာကုန်ကျပြီး သူ့ ပိုက်ဆံကို မဖြုန်းနိုင်မှာ စိတ်ပူစရာ မလိုတော့ပေ။

သို့သော်လည်း အမှန်ပင်။ ဒီလို ရုံးအဆောက်အဦတစ်ခုကို ဆောက်လုပ်ဖို့က သန်းဆယ်ချီပြီး ကုန်ကျနိုင်ပြီး လောလောဆယ်တော့ ဖေးချမ့်လည်း မတတ်နိုင်သေးပေ။

စနစ်က ထောက်ပံ့ပေးသော စနစ်ရန်ပုံငွေမှာ ၅၀၀,၀၀၀ အကန့်အသတ်သာ ရှိသေးသည်။ ဖေးချမ့် ဖန်တီးလိုက်သည့် ဂိမ်းများမှာ အန်ချင်စရာကောင်းလောက်အောင် ဝင်ငွေရနေသော်လည်း သန်းချီရရန် အဝေးကြီးလိုပါသေးသည်။

နှစ်စဥ် သန်းဆယ်ချီ ရာချီဝင်နိုင်ပါက နောက်ပိုင်း ဒီလိုရုံးအဆောက်အဦကြီး ဆောက်လုပ်ဖို့ကို ဖေးချမ့် စဥ်းစားပါမည်။

သို့သော်လည်း ဒီလိုအရာမျိုး ဘယ်တော့မှ ဖြစ်မလာဖို့ သူမျှော်လင့်မိ၏...။

သန်းဆယ်ချီ ရာချီ ရမည့်အစား မီလီယံတချို့ကို အရှုံးပေါ်အောင် လုပ်ရမည်။

အဘယ့်ကြောင့်ဆိုသော် အရှုံးပေါ်လျှင် အလဲအထပ်လုပ်သည့်အခါ အမြတ်ငွေထက် ၁၀ ဆလောက် များနိုင်သောကြောင့်ဖြစ်သည်။

လက်ထောက်ရှင်းကလည်း မြင်တာကို မတုန်လှုပ်ဘဲ တည်တည်ငြိမ်ငြိမ်ရှိနေသူ ဖြစ်၏။

သို့သော်လည်း ဟွမ်းစစ်ပေါ်၊ ရှောင်လုနှင့် မာယန်တို့လို တခြားသူတွေကတော့ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေကြပါသည်။ မြို့ပေါ်သို့ ပထမဆုံး တက်လာပြီး အရာရာကို ထူးခြား သစ်လွင်သလို ကြည့်နေသည့် တောသားတချို့နှင့် တူနေသည်။

သို့သော်လည်း တိတိကျကျပြောရလျှင် ထန်းတာ့က ကမ်းလှမ်းသည့် အကျိုးခံစားခွင့်များမှာ ဆန်းစထရိုက်ခ် စတူဒီယိုထက် အများကြီး ပိုကောင်းနေသည်။

အလုပ်စားပွဲနေရာများ၊ သို့မဟုတ် ကွန်ပျူတာ အမျိုးအစားများတွင် ပြည်တွင်း သို့မဟုတ် ပြည်ပက ဘယ်လိုကုမ္ပဏီကမှ ထန်းတာ့နှင့် မယှဥ်နိုင်ပေ။

သို့သော်လည်း ဒီကုမ္ပဏီတွင် ကိုယ်ပိုင် ရုံးအဆောက်အဦ ရှိပြီး စုစုပေါင်း အကျယ်အဝန်းကလည်း ပိုများသည်။ အပြင်လူများအတွက်တော့ သူတို့က အများကြီး ပိုအဆင်ပြေနေသည်။

ဧည့်ကြိုနေရာသို့ ရောက်သောအခါ အားလုံး ဂုဏ်ယူဝံ့ကြွားသွားမိကြသည်။

ထန်းတာ့ တစ်မှတ်ရသွားပြီ.။

ထန်းတာ့၏ ဧည့်ကြိုနေရာတွင် ပုံစံတစ်ခုတည်းနှင့် ဆန်းစထရိုက်ခ် စတူဒီယိုထက် ပိုသာနိုင်သည့် အမြွှာလေး နှစ်ယောက်ကို ခန့်အပ်ထားသည်။ ဒါက သူတို့အတွက် နိုင်ပွဲတစ်ခုဖြစ်သည်။

စွန်းရှီက အားလုံးကို စတုတ္ထထပ်သို့ ခေါ်လာပြီး ဆန်းစထရိုက်ခ် စတူဒီယို၏ ပရိုဂျူဆာ ကျိုးမူယန်နှင့် တွေ့ပေးလိုက်ပါသည်။

သူက ဂိမ်းလောကထဲတွင် အတော်လေး လူကြီးလူကောင်းဆန်သော ဝတ်စုံကို ဝတ်ဆင်ထားသည်။

သို့သော်လည်း သူတို့ အုပ်စုကို ကြည့်လိုက်သောအခါ သူ့အကြည့်က ဖေးချမ့်ဆီသို့ ပုံသေ ရောက်သွားခဲ့၏။

'လခွမ်း အဲဒါ စိတ်ကြိုက်ဖန်တီးထားတဲ့ ဝတ်စုံပဲ'

ကျိုးမူယန်က တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုဝတ်စုံ စျေးကြီးမှန်း သိနိုင်သည်။ အနည်းဆုံး ဂဏန်း ငါးလုံးလောက်ရှိနိုင်သည်။

ထို့ကြောင့် ဖိအားများသွားသည့် လူက ကျိုးမူယန်ဖြစ်သွားခဲ့သည်။ ပုံစံအရ သူရှုံးနိမ့်သွားပြီဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင် အလုပ်သင်တစ်ယောက်ထက်တောင် ပိုငယ်သည့် ပုံစံမျိုးဖြင့် တစ္ဆေစစ်သူကြီး ဂိမ်းလိုမျိုး အောင်မြင်မှုတစ်ခုကို ဖန်တီးနိုင်ခဲ့သည့် ဘော့စ် ဘယ်လိုဖြစ်လာသလဲ တွေးနေမိပါသည်။

မဟုတ်မှလွဲရော သူက ဒုတိယမျိုးဆက်သူဌေးသားများလား။

ဟုတ်တယ် အဲ့လိုပဲဖြစ်မယ်။

မဟုတ်ပါက ဒီလိုဝတ်စုံမျိုးကို လူတိုင်း ဝတ်နိုင်မှာ မဟုတ်ပေ။

အခုမှ စီးပွားရေးစလုပ်သည့် ဘော့စ်များက သုံးစွဲမှုကို အတတ်နိုင်ဆုံး ချွေတာရပြီး ဂိမ်းလောကမှာလည်း စျေးကြီးကြီး ဝတ်စားဆင်ယင်ဖို့ မလိုအပ်ပါ။

သူတို့နှစ်ယောက် ယဥ်ကျေးစွာ နှုတ်ဆက်လိုက်ကြသည်။ "ကျွန်တော် ခင်ဗျားအကြောင်း ကြားဖူးပါတယ်"

တကယ်တော့ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မသိကြပေ။

ဆန်းစထရိုက်ခ် စတူဒီယိုက ဖန်တီးသည့် ဂိမ်းများကို ဖေးချမ့်မသိဘဲ အပြန်အလှန်ပင် တစ္ဆေစစ်သူကြီး၏ ထုတ်လုပ်သူဖြစ်တယ်ဆိုတာက လွဲပြီး ဖေးချမ့်အကြောင်းလည်း ကျိုးမူယန် ဘာမှမသိချေ။

တစ်ယောက်အကြောင်း တစ်ယောက်နားမလည်မှုကြောင့် သူတို့ တိတ်တဆိတ် သဘောတူညီမှုရပြီး နှစ်ယောက်စလုံး သာမန်ချီးကျူးခန်းများကို ကျော်လိုက်ကြပြီး ကျိုးမူယန်က စတူဒီယိုထဲ လိုက်ပြလိုက်ပါသည်။

"ဒါက ကျွန်တော်တို့ရဲ့ အသံဖမ်းတဲ့နေရာပါ။ အရှေ့မှာ စတူဒီယိုရှိပါတယ်"

"ကျွန်တော်တို့ရဲ့ ဂိမ်းထဲက ဂီတနဲ့ အသံ effect တွေကို ဒီမှာပဲ အထူးပြုလုပ်ထားတာပါ"

"ဒါကတော့ အလုပ်နယ်မြေပေါ့နော်။ အဲဒါက ကျွန်တော်တို့ရဲ့ ပန်းချီအဖွဲ့ အလုပ်လုပ်နေတာလေ။ မူရင်းပန်းချီပုံတွေ ဖန်တီးနေတာပေါ့"

"ဒါက ဂိမ်းဒီဇိုင်းအသိပညာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့ ထရိန်နင်နေရာပေါ့"

"အဲဒီမှာ cosplay ဝတ်စုံတစ်ခုရှိတယ်။ ဂိမ်းတစ်ခုအတွက် ကြော်ငြာပေးတဲ့ နာမည်ကျော်တစ်ယောက် ဝတ်ခဲ့တာပါ။ အဲ့ကတည်းက ဒီမှာသိမ်းထားခဲ့တာလေ"

"ဒီနံရံမှာ ကျွန်တော်တို့ ဂိမ်းတွေရဲ့ အရန်ထုတ်ကုန်တွေကို ပြသထားပါတယ်"

"ဒါက အနားယူနေရာဖြစ်ပြီးတော့ အဲဒါက ကန်တင်းပါ..."

ကျိုးမူယန်က သူတို့အုပ်စုကို လိုက်ပြရင်း ၎င်းတို့၏ တုံ့ပြန်ချက်များကို အရသာခံဖို့ ကြိုးစားနေ၏။

ဆန်းစထရိုက်ခ် စတူဒီယိုမှာ ပြည်တွင်းဂိမ်းစျေးကွက်ထဲ၌ သက်တမ်းရင့် brand တစ်ခုဟု သတ်မှတ်နိုင်ပြီး ထို့ကြောင့်လည်း ၎င်းတို့၏ လုပ်ငန်းစတိုင်က အသံဖမ်းစတူဒီယိုနှင့် ပန်းချီအဖွဲ့များတွင် ရှေးရိုးပိုဆန်သည်။ သူတို့ဂိမ်း၏ အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို ကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်သည်။ ၎င်းတို့၏ ပန်းချီနှင့် ဂီတ ရင်းမြစ်များကို အွန်လိုင်းရင်းမြစ်ဝက်ဘ်ဆိုက်မှ ဝယ်ယူရသည့် ထန်းတာ့လို မဟုတ်ပေ။

သို့သော် ကျိုးမူယန် အံ့အားသင့်သွားရသည်မှာ ယခင်တုန်းက အဆောက်အဦအပြင်ဘက်တွင် အလွန်အမင်း စိတ်လှုပ်ရှား မှင်သက်နေခဲ့သည့် ရှောင်လုနှင့် တခြားသူတွေမှာ ယခုအခါမှာတော့ သိပ်ပြီး ဂရုမစိုက်ကြသလိုပင်။

ဘာလို့  ဆန့်ကျင်ဘက် ဖြစ်နေတာလဲ။

အရင်တုန်းလည်း လာရောက်လည်ပတ်ဖူးသည့် ကျောင်းသားတချို့ရှိသည်။ ၎င်းတို့က အပြင်ပိုင်းမှာ တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း ရင်ထဲမှာတော့ အလွန်အမင်း စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် အဆောက်အဦကြီးထဲမှာပဲ အနားယူနေရာ၊ ကန်တင်းနှင့် မုန့်ပဲသရေစာခန်း၊ ဖျော်ဖြေရေးအခန်းတို့ ရှိနေသောကြောင့်ဖြစ်သည်။ ဒါက အလွန်အမင်း ဆွဲဆောင်မှုရှိသည့် လုပ်ငန်းနေရာတစ်ခု ဖြစ်သည်။ ထို့ကြောင့်လည်း ဒါတွေကို မြင်ပြီးသောအခါ ကျောင်းသားများက စိတ်လှုပ်ရှားကုန်ကြပြီး ဒီကုမ္ပဏီမှာ အလုပ်လုပ်နိုင်ဖို့ အိပ်မက်များ ရှိလာကြခြင်းဖြစ်သည်။

ဒါပေမဲ့ ထန်းတာ့က လူတွေကျတော့ ဘာလို့ သိပ်ပြီး ဂရုမစိုက်သလို ပုံစံဖြစ်နေရတာလဲ။

'နီးနီးကပ်ကပ် ကြည့်လိုက်စမ်းပါဟ။ ဒီမှာ ဖျော်ဖြေရေးအခန်းလေ။ အနားယူနေရာတောင် ရှိသေးတယ်။'

'ဟိုဧရာမတီဗီကြီးက မမိုက်ဘူးလား။ ဆိုဖာတွေကကော ဇိမ်မကျဘူးလား။'

'မင်းတို့ကောင်တွေ ဘာလို့ဘာမှ မတုံ့ပြန်ကြတာလဲ'

ကျိုးမူယန် မှင်သက်နေမိပါသည်။

သို့သော်လည်း သူတို့အုပ်စု ရေးကြီးခွင်ကျယ် မလုပ်ကြတာ ပုံမှန်သာဖြစ်သည်။

သူတို့အများစုအတွက် ဒီလို ဖျော်ဖြေရေးအခန်းနှင့် မုန့်ပဲသရေစာ နေရာတွေကို မြင်လိုက်ရသောအခါ တုံ့ပြန်မှုက တစ်ခုသာ ရှိပါသည်။

'ဒါပဲလားဟ'

'တီဗီသေးသေးလေး တစ်လုံးနဲ့ ဂိမ်းစက်တစ်လုံးလောက်ရှိတဲ့ ဒီလို ငှက်လှောင်အိမ်လေးကို ဖျော်ဖြေရေး အခန်းလို့ခေါ်တယ်ပေါ့'

'မုန့်ပဲသရေစာ နေရာကလည်း ဘီစကွတ်ထုတ်လေးနည်းနည်း၊ အာလူးကြော်လေး နည်းနည်းနဲ့ ဝန်ထမ်းတစ်ယောက်ကို စားနိုင်တဲ့ ပမာဏအကန့်အသတ်ရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်တောင် တပ်ထားသေးတယ် ဒီလိုနေရာမျိုးကို မုန့်ပဲသရေစာ နေရာလို့ခေါ်တယ်ပေါ့'

'ဒီလောက်ထိ ကြွားပြီးတော့ ခင်ဗျားတို့မှာ ရှိသမျှက ထန်းတာ့ကို မမှီပါ့လား'

သို့သော်လည်း သူတို့အုပ်စု ထုတ်ပြောလို့မဖြစ်ပါ။ ရင်ထဲမှာတော့ စိတ်ပျက်သွားမိကြသည်။

စိတ်ပျက်လည်း ပျက်ချင်စရာကောင်းလှပေသည်။

ဒီတော့ ဒါကြီးက ပြည်တွင်း ဂိမ်းလောကရဲ့ ထိပ်တန်း စတူဒီယိုတစ်ခုရဲ့ အလုပ်နေရာကြီးပေါ့။

ထန်းတာ့ထဲက အရာတွေကို မှီဖို့ အဝေးကြီးလိုပါသေးသည်။

အဆောက်အဦက အပြင်ဘက်က ကြည့်ရင် ကောင်းမွန်သော်လည်း အထဲမှာတော့ သနားစရာ ကောင်းပါသည်။

သူတို့အုပ်စု၏ တုံ့ပြန်မှုက မထူးခြားဘဲ အေးစက်နေသည်။

မာယန်က ဖေးချမ့်၏ ညွှန်ကြားချက်များကို သတိရသွားပြီး သူ့အစွမ်းထုတ်ပြဖို့ အချိန်ရောက်ပြီဖြစ်မှန်း သိလိုက်ရသည်။

အခြေအနေကို ပိုပြီး ခွကျအောင် လုပ်လို့မဖြစ်ပါ။ မေးခွန်းများမေးပြီး ဝေဖန်ထောက်ပြမှုများ ပေးရပါမည်။

ထိုသို့စဥ်းစားရင်း လူများဖြင့် ပြည့်နှက်နေသည့် အလုပ်နေရာတစ်ခုလုံးကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

"သြော် ဒီနေ့ စနေနေ့မဟုတ်ဘူးလား။ အချိန်ပိုလုပ်နေတဲ့ လူတွေအများကြီးပါလား"

ကျိုးမူယန် ကြောင်သွား၏။

'အဲဒါ ဘယ်လိုအစုတ်အပြတ် မေးခွန်းမျိုးလဲဟ'

'ငါတို့ ပြည်တွင်းကုမ္ပဏီအားလုံးက ၉၉၆ စနစ်ကို လိုက်နာကြတယ်။ ဒီနေ့က အလုပ်ဖွင့်ရက် မဟုတ်ရင် မင်းတို့ကောင်တွေကို ငါရုံးမှာ ဧည့်ခံနိုင်မယ်ထင်လို့လား'

မေးခွန်းက ကြောင်လွန်းသဖြင့် ကျိုးမူယန် ဘယ်လိုပြန်ဖြေရမလဲ မသိတော့ပေ။

ဟွမ်းစစ်ပေါ်က အခြေအနေကို ပြေလည်စေရန် ချက်ချင်း ပြန်ပြောလိုက်ပါသည်။ "သြော် ကိုယ့်လုပ်ငန်းအတွက် အချိန်ပိုလုပ်ကြတာ ပုံမှန်ပါပဲ"

မာယန်က ခေါင်းညိတ်လိုက်၏။

"ဟုတ်ပါတယ်။ သူတို့ အချိန်ပိုလစာတောင် ရနိုင်တယ်။ ဒီမှာ အချိန်ပို လုပ်နေတဲ့ လူတွေအများကြီး ရှိတယ်ဆိုတော့လေ လတိုင်း ကုမ္ပဏီက အချိန်ပိုလစာတွေ အများကြီး ပေးရမှာပဲနော်"

'အချိန်ပို လစာဟုတ်လား'

ကျိုးမူယန်သည် ထပ်ကြောင်သွားရသည်။

ဒီမျက်နှာကြီးကြီးနဲ့ ကောင်က ဘယ်ကရောက်လာတာလဲဟု ဇဝေဇဝါဖြစ်နေသည်။

သူစကားပြောပုံအရ ဒီကောင် လုပ်ငန်းအကြောင်း ဘာမှမသိသည့်ပုံပင်။

ဘယ်ဂိမ်းကုမ္ပဏီက အချိန်ပိုလစာကို ပေးလို့လဲ။ ၉၉၆ ဆိုတာ ပုံမှန်ပဲလို့။

ကျိုးမူယန်၏ ပုံမှန်မဟုတ်သော မျက်နှာကို မြင်လိုက်ရသောအခါ ဟွမ်းစစ်ပေါ်နှင့် အခြားသူများ ချက်ချင်း နားလည်သွားကြပါသည်။

သို့သော်လည်း မာယန်ကတော့ အရိပ်သုံးပါးနားမလည်ဘဲ မေးခွန်းများ ဆက်မေးတော့မည့် ပုံစံ ပေါက်နေသည်။

ဖေးချမ့်က မာယန်ကို ချက်ချင်း ဆွဲခေါ်လိုက်သည်။

'ငါ့လခွီးကောင် မင်းဘာတွေ လျှောက်မေးနေတာလဲ'

'ငါမင်းကို မေးခွန်းမေးခိုင်းတာ၊ သွားဖြဲခိုင်းနေတာ မဟုတ်ဘူး၊ ထပ်မေးရင် ကျိုးမူယန်က မင်းကို ကန်ထုတ်တော့မယ်'

'သူတို့နဲ့ ရန်ငြိုးဖွဲ့ဖို့ ဒီအထိ လာတာမဟုတ်ဘူးကွ'

မာယန်က ဖေးချမ့် သူ့ကိုဘာကြောင့်ဆွဲလိုက်သလဲ နားမလည်ကာ ဇက်ပုသွားသည်။

'ငါမေးတဲ့ မေးခွန်းတွေ ဘာဖြစ်လို့လဲ။ သာမန်ပဲ မဟုတ်ဘူးလား'

ကံကောင်းစွာဖြင့် မေးခွန်းများ ဆက်မေးလောက်သည့်အထိတော့ မတုံးဘဲ တိတ်ဆိတ်သွားသည်။

ကျိုးမူယန်က အလွန် ဆွံ့အနေသည်။ သို့သော် ထိုစိတ်ရှုပ်စရာကောင်ကို လျစ်လျူရှုပြီး သူတို့အုပ်စုကို ဆန်းစထရိုက်ခ် စတူဒီယိုအား ဆက်လက်ပြသလိုက်ပါသည်။

သို့သော်လည်း အမှန်တရားကို သိလိုက်ရသည့် သူတို့အုပ်စု၏ စိတ်လှုပ်ရှားမှုလည်း သေဆုံးသွားပြီဖြစ်ပြီး သူ့ကိုလှောင်ပြောင်နေသလို ပုံစံပေါက်နေကြသည်။

ကျိုးမူယန်u အလွန်အမင်း စိတ်ရှုပ်သွား၏။ သူတို့ စိတ်လှုပ်ရှားပြီး မနာလိုဖြစ်နေတဲ့ပုံစံပေါက်ရမှာ မဟုတ်ဘူးလား။

ဆန်းစထရိုက်ခ် ကုမ္ပဏီ၏ အလုပ်နေရာမှာ တခြား ပြည်တွင်း ဂိမ်းကုမ္ပဏီများ အားလုံးထက် ၉၀ ရာခိုင်နှုန်းလောက် ပိုကောင်းကြောင်း သူသေချာသည်။

သူတို့ မနာလိုမဖြစ်ကြတာ အဓိပ္ပာယ် မရှိပေ။

ရှောင်လုက အလုပ်နေရာကို ကြည့်လိုက်ပြီး သတိမထားမိဘဲ လွှတ်ခနဲထွက်သွားသည်။

"အလုပ်နေရာက ကျဥ်းလိုက်တာ..."

All Chapters