အခန်း(၅၃) ဘော့စ်ဖေးရဲ့ အပြုံး
Vol. 4 Ch. 53
အခန်း(၅၃) ဘော့စ်ဖေးရဲ့ အပြုံး
နောက်တစ်လှည့်က ကျိုးမူယန်ဖြစ်သည်။
ဒါက ပညာဖလှယ်ပွဲ၏ နောက်ဆုံးအပိုင်းဖြစ်ပြီး ကျိုးမူယန်က သူတို့ဖန်တီးနေသည့် FPS ဂိမ်းအား ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးသွားမည် ဖြစ်သည်။
ဒီအခိုက်အတန့်ကို အချိန်စာရင်း၏ အရေးအကြီးဆုံး အပိုင်းဖြစ်စေဖို့ လက်ထောက်ရှင်းက ကြိုးစားခဲ့ရသည်။
ဒါက ပညာဖလှယ်ပွဲဟု ခေါ်သော်လည်း ဆန်းစထရိုက်ခ် စတူဒီယိုနှင့် ထန်းတာ့တို့အကြား ကွာခြားချက်က နေ့နဲ့ညလို ထင်ရှားပြီး ဘယ်သူ့ဆီက ဘယ်သူ သင်ယူနေသလဲ သိသာပါသည်။
ဆန်းစထရိုက်ခ် စတူဒီယိုက FPS ဂိမ်းတစ်ခု ဖန်တီးနေပြီး သမုဒ္ဒရာရဲတိုက်ကလည်း FPS ဂိမ်းတစ်ခုဖြစ်သဖြင့် FPS ဂိမ်းများအပေါ် ဆန်းစထရိုက်ခ် စတူဒီယို၏ အဆင့်မြင့် ဗဟုသုတများကို သင်ယူရင်း ထန်းတာ့က အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်သည်။
ဟွမ်းစစ်ပေါ်နှင့် တခြားသူတွေကလည်း စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။ ကျိုးမူယန်ထံမှ အမြင်တချို့ကို ရရှိဖို့ မျှော်လင့်နေကြပြီး ဒါမှ သူတို့ပြန်သွားသောအခါ သမုဒ္ဒရာရဲတိုက်ကို ထပ်မံအဆင့်မြှင့်နိုင်မည် ဖြစ်သည်။
ကျိုးမူယန်က ချေငံကာ ယုံကြည်ချက် ပြည့်ဝနေ၏။
"ကျွန်တော်တို့ အခုဖန်တီးနေတဲ့ဂိမ်းကတော့ Bullet Hole လို့ခေါ်တဲ့ FPS ဂိမ်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တော့ Counter Strike ကို ကျော်လွန်နိုင်ဖို့ပါပဲ"
"FPS ဂိမ်းတစ်ခုရဲ့ အရေးအကြီးဆုံး ကဏ္ဍက လက်တိကျမှုပေါ့နော်။ FPS ဂိမ်းတွေရဲ့ ကစားသမား အများစုက ဝါရင့်တွေဖြစ်ကြပြီး ကျွန်တော်တို့ သုတေသန ပြုလုပ်ပြီးကြပါပြီ။ ကစားသမားအများစုက သူတို့ရဲ့ ပစ်ပုံခတ်ပုံနဲ့ ချိန်ရွယ်နည်းတွေကို အချိန်အကြာကြီး လေ့ကျင့်ခဲ့ပြီးမှ Counter Strike ကို ကစားကြတာပါ။ တကယ်တော့ ကြွက်သား မှတ်ဉာဏ်အဖြစ် ပြောင်းလဲနိုင်ဖို့ ရက်နဲ့ချီပြီးကို လေ့ကျင့်တတ်ကြတဘ်"
"အဲလို ဂိမ်မာတွေအတွက် အသေးစိပ် သေးသေးလေးတိုင်းက သူတို့ဂိမ်းကို ကစားမလား မကစားဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမဲ့အချက်တွေပဲဖြစ်ပါတယ်"
"အဲဒါကြောင့် လက်တိကျမှု အပိုင်းမှာတော့ Bullet Hole က Counter Strike နဲ့ ၉၀ ရာခိုင်နှုန်း ဆင်တူလိမ့်မယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်။ ဒါက ဘယ်လို ပြည်တွင်း FPS ဂိမ်းတွေမျိုးအတွက်မဆို ရရှိဖို့ ခက်ခဲနိုင်တဲ့ ပန်းတိုင်ဖြစ်ပေမဲ့ ကျွန်တော်တို့ကတော့ လုပ်နိုင်ခဲ့ပါတယ်"
"တစ်ချိန်တည်းမှာပဲ ပန်းချီဒီဇိုင်းအတွက်လည်း ကျွန်တော်တို့ အများကြီး ကြိုးစားနေကြပါတယ်။ သေနတ်တွေဖြစ်ဖြစ်၊ ဝတ်စုံတွေပဲ ဖြစ်ဖြစ်၊ နိုင်ငံခြား အထူးတပ်ဖွဲ့တွေရဲ့မူလပုံရိပ်တွေအတိုင်း လိုက်နာ ထည့်သွင်းထားပါတယ်။၊ တကယ်တော့ ကျွန်တော်တို့ရဲ့ လက်ရာတွေကို စစ်ဆေးဖို့အတွက် စစ်တပ် အထူးအရာရှိတွေကိုတောင် ငှားခဲ့ပါသေးတယ်ဗျာ။ ဒါမှ စစ်တပ်ကို ရူးသွပ်တဲ့ ဂိမ်မာတိုင်းက ဘာပြဿနာမှ မတွေ့မှာပါ”
"ဒါတင်မကသေးဘဲ ကျွန်တော်တို့ရဲ့ အရင် MMORPG ဂိမ်းထဲက Paywall ပုံစံကို Bullet Hole ထဲပြောင်းရွှေ့ထည့်သွင်းဖို့ စီစဥ်ထားပါတယ်။ ဂိမ်းကတော့ အခမဲ့ကစားလို့ရပေမဲ့ လက်နက်ကိရိယာတွေဝယ်ဖို့တော့ ပိုက်ဆံ လိုပါတယ်။ ငွေရှာတဲ့ နေရာမှာ FPS ဂိမ်းတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်လာမှာပါ"
ကျိုးမူယန်၏ ရှင်းလင်းချက်များကို ကြားလိုက်ရသောအခါ ဟွမ်းစစ်ပေါ်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။
'မကောင်းတော့ဘူး'
'သမုဒ္ဒရာရဲတိုက်တော့ ဂွမ်းပြီ'
'ငါတို့ သမုဒ္ဒရာရဲတိုက်ကို ဖန်တီးထားတဲ့ ပုံစံက Bullet Hole နဲ့ ဆန့်ကျင်ဘက်ပဲဟ'
'Bullet Hole ကဝါရင့် ဂိမ်မာတွေရဲ့ အတွေ့အကြုံကို အဓိက အာရုံစိုက်ပေးပြီး Counter Strike ရဲ့ လက်တိကျမှုကဏ္ဍကို အပြည့်အဝ လိုက်သုံးထားတယ်။ ဒါတင် မကသေးဘူး။ စစ်အရာရှိတွေက အကြံပေးထားတဲ့ သေနတ်တွေ ဝတ်စုံတွေကိုပါ ထည့်သုံးထားတယ်'
'ငါတို့ဂိမ်းနှစ်ခုစလုံးက လက်နက်ကိရိယာမှာ ပိုက်ဆံပေးရတယ် ဆိုပေမဲ့ Bullet Hole က သူတို့ရဲ့ MMORPG ဂိမ်းက Paywell ပုံစံ အတွေ့အကြုံကြောင့် အားသာချက် ရှိနေတာပဲ။ သမုဒ္ဒရာရဲတိုက်မှာတော့ ဘာမှကို မရှိဘူး'
'အဲဒါ ဘာကိုဆိုလိုတာလဲ'
'Counter Strike က ဝါရင့်တွေက Bullet Hole ကို ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်သွားမယ်ဆိုတဲ့ သဘောပေါ့'
'Counter Strike က တော်တော်လေးနာမည်ကြီးနေတုန်းပဲ ဆိုပေမဲ့ ဂိမ်းဟောင်းကြီးတစ်ခုဖြစ်နေပြီး အွန်လိုင်းဂိမ်းလို့လည်း သတ်မှတ်လို့လည်း မရဘူး။ ခုခေတ် FPS ဂိမ်းတွေ ဖန်တီးနေကြတဲ့ ကုမ္ပဏီအများစုက အွန်လိုင်းဂိမ်းစစ်စစ်တစ်ခုကို လုပ်ပြီး Counter Strike ကဝါရင့်ကြီးတွေကို ခေါ်ဖို့ ကြိုးစားနေကြတယ်'
'ဒါပေမဲ့ အဖြေကတော့ ရှင်းပါတယ်။ Counter Strike ဂိမ်မာတစ်ယောက်ကသာ Bullet Hole နဲ့ သမုဒ္ဒရာရဲတိုက် ဂိမ်းနှစ်ခုကို တစ်ချိန်တည်းတွေ့လိုက်ရရင် သေချာပေါက် Bullet Hole ကိုပဲ ရွေးကြမှာပဲ'
'ဒီဂိမ်းနှစ်ခုက လာတိုက်နေတော့ သမုဒ္ဒရာရဲတိုက်က စလာကတည်းက ဂွမ်းနေပြီ မဟုတ်ဘူးလား'
ဟွမ်းစစ်ပေါ်က စိတ်ဖိစီးလာပါပြီ။ သူပိုပြီး နားထောင်မိလေလေ သမုဒ္ဒရာရဲတိုက်ဂိမ်း ကျရှုံးလိမ့်မည်ဟု ပိုခံစားရလေလေဖြစ်သည်။
သူတို့ဘာလုပ်ကြမလဲ။ သူ ဖေးချမ့်ကို မသိစိတ်ဖြင့် ကြည့်လိုက်မိသည်။
သို့သော်လည်း ဖေးချမ့်က စိတ်ပူသည့်ပုံ မပေါက်ရုံတင် မကဘဲ သူ့မျက်နှာပေါ်က အပြုံးက ပိုပိုပြီး ကျယ်လာပါသည်။
ဘာလို့လဲ။
Bullet Hole နဲ့ သမုဒ္ဒရာရဲတိုက် ဂိမ်းနှစ်ခုက ဒီလောက်တောင် ခြားနားတဲ့အကြောင်း သိပြီးတာတောင် ဘော့စ်ဖေး ဘာကြောင့် စိတ်အေးလက်အေး ရှိနေနိုင်သေးတာလဲ ဟွမ်းစစ်ပေါ် မှင်သက်သွားမိပါသည်။
မဟုတ်မှလွဲရော...
ရုတ်တရက် ဟွမ်းစစ်ပေါ် နားလည်သွားသည်။
အဲဒါ ဘော့စ်ဖေးရဲ့ ယုံကြည်ချက်ပြည့်ဝတဲ့ အပြုံးပဲ။
ဘော့စ်ဖေးကလည်း Bullet Hole ကို သူတို့၏ အကြီးမားဆုံး ပြိုင်ဘက်ဟု သဘောထားတာ သိသာပါသည်။ ထို့ကြောင့်လည်း သူတို့ ဆန်းစထရိုက်ခ် စတူဒီယိုကို ရောက်လာခဲ့ကြခြင်းဖြစ်သည်။ Bullet Hole ၏ လက်ရှိအခြေအနေကို နားလည်နိုင်အောင်လို့ ဖြစ်သည်။
သို့သော် Bullet Hole နှင့် သမုဒ္ဒရာရဲတိုက်တို့၏ ခြားနားချက်များ ဒီလောက်များတာတောင် ဘော့စ်ဖေးပြုံးနေရခြင်းမှာ အဓိပ္ပာယ်တစ်ခုသာ ဆိုလိုခြင်းဖြစ်နိုင်သည်။ Bullet Hole ကျရှုံးမှာ သူသေချာပေါက် သိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း ဒီလောက်ထိ ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြုံးနိုင်ခြင်းဖြစ်၏။ သမုဒ္ဒရာရဲတိုက်က အောင်မြင်မှာကို သူသေချာသိနေသောကြောင့် ဖြစ်သည်။
ဘော့စ်ဖေးက အမြဲတမ်း ခိုးကြောင်ခိုးဝှက် စနောက်တတ်သူဖြစ်သော်လည်း အမြော်အမြင် ရှိသူတစ်ယောက် ဖြစ်တာကို ဟွမ်းစစ်ပေါ် နားလည်လိုက်ပါသည်။
Bullet Hole က ကျရှုံးပြီး သမုဒ္ဒရာရဲတိုက်က အောင်မြင်လိမ့်မယ်လို့ ဘော့စ်ဖေး ဘာကြောင့် ထင်တာလဲ ဆိုတာကော့...
မပြောတတ်ပေ။ ဘော့စ်ဖေးလို အမြော်အမြင်ကြီးသည့် လူတစ်ယောက်၏ အတွေးများကို သာမန်လူများက မည်ကဲ့သို့ နားလည်နိုင်မည်နည်း။
ကြည့်ရတာတော့ ဘော့စ်ဖေး၏ ဂိမ်းဗဟုသုတနှင့် နားလည်မှုတို့က ကျိုးမူယန်ထက်ပင် သာလွန်နေတာဖြစ်နိုင်သည်။ ထို့ကြောင့်လည်း ဒီလို စိတ်အေးလက်အေး အပြုံးမျိုး ပြုံးနိုင်ခြင်း ဖြစ်သည်။
ထိုသို့ စဥ်းစားရင်း ဟွမ်းစစ်ပေါ်က စိတ်လျှော့လိုက်ကာ သူ့နဂို စိတ်ပူပန်မှုအားလုံး ပြတင်းပေါက် အပြင်ဘက်သို့ ထွက်သွားပါတော့သည်။
ဘော့စ်ဖေး ယုံကြည်ချက်ရှိနေပုံမျိုးနှင့်ဆို သမုဒ္ဒရာရဲတိုက်က သေချာပေါက် အောင်မြင်နိုင်သည်။
ကျိုးမူယန်၏ ရှင်းလင်းချက်ကြောင့် ဖေးချမ့် ပီတိဖြာသွားပါသည်။
အမှန်ပင်။ ထက်မြက်တဲ့ ခေါင်းတွေက တွေးခေါ်ပုံချင်း တူကြပါသည်။
ကျိုးမူယန်ပြောသည့် အချက်များအရ သမုဒ္ဒရာရဲတိုက်ဂိမ်းက သေချာပေါက် flop (မအောင်မြင်) ဖြစ်ပါလိမ့်မည်။
ထို့အပြင် Bullet Hole နှင့် သမုဒ္ဒရာရဲတိုက်တို့က တိုက်ရိုက် လာတိုက်နေကြသည်။ အဆုံးသတ်ရလဒ်ကတော့ သေချာပေါက် သမုဒ္ဒရာရဲတိုက် အလဲထိုးခံရပါလိမ့်မည်။
ဆန်းစထရိုက်ခ် စတူဒီယိုတွင် လူအင်အားကော ရင်းမြစ်များကော ရှိကြသည်။ ဂိမ်းအရည်အသွေး အရကော၊ မားကတ်တင်း အရကော သူတို့က ထန်းတာ့ထက် ပိုကောင်းမွန်ကြပါသည်။
Bullet Hole လိုပြိုင်ဘက်မျိုးနှင့်ဆို သမုဒ္ဒရာရဲတိုက်က အခွင့်အရေးမရှိပေ။
ထို့ကြောင့် ဖေးချမ့်သည် မထိန်းနိုင်ဘဲ စိတ်အေးလက်အေး အပြုံးမျိုးဖြင့် ပြုံးနိုင်ခြင်း ဖြစ်သည်။ အကြာကြီး စိတ်ပူခဲ့ရပြီးနောက် နောက်ဆုံးတော့ စိတ်အေးနိုင်ပါပြီ။
ဒီတစ်ခေါက်တော့ သူသေချာပေါက် အရှုံးပေါ်တော့မည်။
သိပ်မကြာခင် ကျိုးမူယန်က ပြီးဆုံးသွားခဲ့ပါသည်။
ဖေးချမ့်က သူနှင့် လက်ဆွဲနှုတ်ဆက်က နှစ်ဦးနှစ်ဖက် ယဥ်ကျေးသမှု စကားများ ပြောခဲ့ကြပြန်သည်။
"ကျွန်တော် ဒီနေ့အများကြီး သင်ယူခဲ့ရပါတယ်။ အားလုံးအတွက် ကျေးဇူးတင်ပါတယ်" ဖေးချမ့်က ပြောလိုက်၏။
ကျိုးမူယန်ကလည်း သဘောကောင်းစွာ ပြန်ပြောလိုက်ပါသည်။
"မဟုတ်တာ မဟုတ်တာ ခင်ဗျားရဲ့ ပါရမီက ဒီလောက်ထိ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အထင်ကြီးဖို့ အရမ်းကောင်းနေတာပါ။ ကျွန်တော် တကယ် အံသြမိပါတယ်"
နောက်တစ်ဆင့်မှာ အားလုံးလွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားပြီး ဆန်းစထရိုက်ခ် စတူဒီယိုနှင့် စကားပြောနိုင်သော အပိုင်းဖြစ်သည်။
သည်လိုနှင့် ယနေ့ စတူဒီယို ခရီးစဥ် ပြီးဆုံးခဲ့ပါသည်။
"ဘော့စ်ဖေး ကျွန်တော် အလုပ်လေးရှိသေးလို့ အရင်ပြန်နှင့်တော့မယ်နော်။ စွန်းရှီ၊ ဘော့စ်ဖေးကို သေသေချာချာ ဧည့်ခံပါ။ သူ့ကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားအောင် သေချာလုပ်ပေးနော်"
ကျိုးမူယန်က ညွှန်ကြားချက်တချို့ ပေးခဲ့ပြီး ဖေးချမ့်ကို နှုတ်ဆက်လိုက်ပါသည်။
ထို့နောက် သူတို့ ဆန်းစထရိုက်ခ် စတူဒီယိုထဲက ကဖေးတစ်ခုဆီသို့ ရောက်လာခဲ့ကြပြီး တစ်ယောက်ကို သောက်စရာတစ်ခုဆီ မှာယူခဲ့ကြသည်။ ခဏလောက် အနားယူကြပြီးနောက် ပြန်ဖို့ ပြင်ဆင်ထားကြ၏။
ထိုအချိန်တွင် အစည်းအဝေးတုန်းက ခိုးနားထောင်နေခဲ့သည့် ကောင်မလေးတစ်ယောက်မှာ ဖေးချမ့်ရှေ့သို့ မျှော်လင့်တကြီး ရောက်လာခဲ့ပါသည်။
"ဟိုင်း ဘော့စ်ဖေး။ ကျွန်မနာမည် လင်းဝမ်ပါ။ ကျွန်မလဲ မေးခွန်း နည်းနည်းမေးချင်လို့ အချိန်ခဏလောက် ပေးလို့ရမလားမသိဘူး"
ကြက်သေသေသွားပြီး ဖေးချမ့်က လင်းဝမ်ဆိုသည့် ကောင်မလေးကို အကဲခတ်ကြည့်လိုက်မိသည်။
သူမက ထူးကဲသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် လှပသည်။ ချိုမြိန်သော မျက်နှာထားလေးလည်း ရှိသည်။ သူမ မိတ်ကပ်လိမ်းမထားသော်လည်း သူမ၏ ပါးဖြူဖြူဖွေးဖွေးလေးများက အနည်းငယ် ပန်းရောင်သန်းနေပြီး အလွန်အမင်း ချစ်ဖို့ ကောင်းလှပါသည်။
"ရပါတယ်" ဖေးချမ့်က ခေါင်းညိတ်လိုက်သည်။
လင်းဝမ်က ခေတ္တ တွန့်ဆုတ်သွားပြီး မေးလိုက်သည်။ "ဘော့စ်ဖေး ဂိမ်းတစ်ခုကို ဖန်တီးတဲ့ နေရာမှာ ပိုက်ဆံရဖို့က အဓိက ပန်းတိုင်ပဲလား"
ဖေးချမ့်က ကြောင်သွားသည်။ ဘာလို့ ဒီလောက်ထိ နက်နဲတဲ့မေးခွန်းကြီး စမေးလိုက်ရတာလဲ။
'ဂိမ်းတစ်ခုကို ဖန်တီးတဲ့ နေရာမှာ ပိုက်ဆံရဖို့က အဓိက ပန်းတိုင်လားတဲ့'
'အများစုအတွက်တော့ အဲဒါမှန်နိုင်ပေမဲ့ ငါ့အဓိက ပန်းတိုင်က ငွေဆုံးရှုံးဖို့ဟ...'
'အဲ့လိုတော့ ထုတ်ပြောလို့ မရဘူးပေါ့'
ဖေးချမ့်က ချောင်းဆိုးလိုက်သည်။ "ဘယ်ဟုတ်ပါ့မလဲ အဓိက ပန်းတိုင်က ဂိမ်မာတွေအတွက် ပျော်ရွှင်မှုကို ဖန်တီးပေးဖို့ပဲလို့ ကျွန်တော်တော့ ထင်တယ်"
ရုတ်တရက် လင်းဝမ်၏ မျက်လုံးကျယ်ကျယ်များ လင်းလက် တောက်ပသွားခဲ့ပါသည်။
သူမ လိုချင်တာလည်း ဒီလိုအဖြေပဲဖြစ်သည်။