← Chapters

အခန်း(၅၄) လင်းဝမ်ရဲ့ နုတ်ထွက်စာ

Vol. 4 Ch. 54

အခန်း(၅၄) လင်းဝမ်ရဲ့ နုတ်ထွက်စာ

Vol. 4 Ch. 54

အခန်း(၅၄) လင်းဝမ်ရဲ့ နုတ်ထွက်စာ

လင်းဝမ်၏ မျက်လုံးထဲက တောက်ပမှုကို မြင်လိုက်ရတော့ ဖေးချမ့်က ခေတ္တ ကြက်သေသေသွားရသည်။

'ဘာဖြစ်တာလဲ ငါဘာပြောလိုက်မိလို့လဲ'

'သူ့တုံ့ပြန်မှုက ဘာလို့ ဒီလောက်ကြီးမားနေရတာလဲ'

လင်းဝမ်က ကိုယ့်ကိုယ်ကို ပြန်ထိန်းသိမ်းလိုက်သည်။ "ဘော့စ်ဖေး ရှင့်ရဲ့ကုမ္ပဏီမှာ လူထုတ်စနစ် မရှိဘူး မဟုတ်လား"

နောက်ဆုံးနေရာ လူထုတ်စနစ်လား။

ဖေးချမ့်သည် ထိုစနစ်ကို အရင်ကကြားဖူးသော်လည်း သေချာပေါက် ကျင့်သုံးမည် မဟုတ်ပေ။

သူထုတ်ပစ်ချင်သည့် လူတွေက အလုပ်ကြိုးစားသည့် လူတွေဖြစ်သည်။ ငပျင်းတွေကို ဘာကြောင့် ထုတ်ရမှာလဲ။

ပထမနေရာလူထုတ်စနစ်ကိုတောင် ကျင့်သုံးရဦးမည်။

"မရှိပါဘူး" ဖေးချမ့် ခေါင်းခါလိုက်ပါသည်။

"ဝန်ထမ်းတိုင်းက ကျွန်တော့်အတွက် မိသားစုလိုပါပဲ။ သူတို့တစ်ခါတစ်လေ လိုအပ်ချက်တွေ ရှိနေရင်တောင် ကျွန်တော်တို့ အတူတူလက်တွဲပြီး တိုးးတက်အောင် လုပ်ကြမှာပေါ့။ လူတိုင်းကို ဘာလို့ ဒီတိုင်း ထုတ်ပစ်ရမှာလဲ"

လင်းဝမ်က ခေါင်းညိတ်ရင်း မာယန်ဘက်သို့ လှည့်သွားသည်။

'ဟုတ်တယ် ဒီလိုလူမျိုးကိုတောင် မထုတ်ဘူးဆိုတော့ ဘော့စ်ဖေး အမှန်အတိုင်းပြောနေတာ ဖြစ်ရမယ်'

ထို့နောက် သူမ ထပ်မေးလိုက်သည်။။ "အမ် ရှင့် ဝန်ထမ်းတွေက အချိန်ပိုလုပ်ကြလား ဘော့စ်ဖေး"

"သြော် အဲဒါ ဖြေရခက်တဲ့ မေးခွန်းပဲ" ဖေးချမ့်က သက်ပြင်းချလိုက်သည်။

"သူတို့ကို အိမ်ပြန်ခိုင်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ တချို့တွေက သူတို့သဘောနဲ့ သူတို့ အချိန်ပို လုပ်ဖို့ ကျန်နေခဲ့ကြတာ။ အဲဒါကြောင့် သူတို့ကို အချိန်ပိုလစာပေးဖို့ပဲ ရှိတာပေါ့ဗျာ"

"ဂိမ်းတွေကကော ဘော့စ်ဖေး။ ရှင့်ရဲ့ ကိုယ်ပိုင် အိပ်မက်ကို ပြည့်ဝစေဖို့ ဖန်တီးနေတာလား"

လင်းဝမ်၏ အကြည့်က ပိုပိုပြီး စိတ်အားထက်သန်လာပါသည်။

ခွကျစွာ ချောင်းဆိုးလိုက်ရင်း ဖေးချမ့် ပြုံးကာ ခေါင်းခါလိုက်ပါသည်။

"မဟုတ်ပါဘူး တကယ်တော့ ပိုက်ဆံအတွက်လည်း ပါပါတယ်..."

"ဟားဟား ရှင်နောက်နေတာဖြစ်ရမယ်။ ဘော့စ်ဖေး ပိုက်ဆံအတွက်ကြောင့်သာဆိုရင် တစ္ဆေစစ်သူကြီးရဲ့ Paywall ကို ဆယ်ဆလောက် တိုးလိုက်လို့ရတာပဲ။ ဒါပေမဲ့ ရှင် မလုပ်ခဲ့ဘူး။ ရှင်က အိပ်မက်တွေရှိတဲ့ လူတစ်ယောက်ဆိုတာ ကျွန်မသိတယ် ဘော့စ်ဖေး"

လင်းဝမ်က သူမ၏ အဖြေကို ရှာတွေ့သွားသည့် ပုံစံဖြစ်သွားသည်။

"ကျွန်မ အခုနားလည်သွားပါပြီ ဘော့စ်ဖေး။ ရှင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို သုံးပြီး ကျွန်မမေးခွန်းတွေကို ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

သူမ ထွက်သွားသောအခါ ဖေးချမ့်က ခေါင်းကုတ်လျက် ကျန်ခဲ့ရသည်။

'ဒီကောင်မလေးက ဘယ်သူလဲ'

'ခုနက ပညာဖလှယ်ပွဲမှာလည်း ရှိနေတဲ့ပုံပဲ'

'ဒါဆို ဆန်းစထရိုက်ခ် စတူဒီယိုက ဝန်ထမ်း အသစ်တစ်ယောက်ဖြစ်မှာပေါ့...'

ဖေးချမ့် သိပ်ပြီး စိတ်ထဲမထားခဲ့ပါ။

ဖေးချမ့်တို့အုပ်စု ကွမ်ကျိုးတွင် စုစုပေါင်း ၅ ရက်ခန့် နေခဲ့ပြီး ဂိမ်းကုမ္ပဏီမျိုးစုံကို လည်ပတ်ခဲ့သည်။

သို့သော်လည်း အားလုံးက ဆန်းစထရိုက်ခ် စတူဒီယိုထက် အဆင့်နိမ့်နေကြပါသည်။

အရင်က ရှောင်လုနှင့် တခြားသူတို့၏ စိတ်အားထက်သန်မှုကလည်း ဖြည်းဖြည်းချင်း ပျင်းရိမှုအဖြစ် ပြောင်းလဲနေပါပြီ။

သူတို့က ဒီကို သူတို့ရဲ့အမြင်တွေကျယ်ဖို့နဲ့ ပိုပြီး လေ့လာသင်ယူနိုင်ဖို့ လာခဲ့ကြတာ မဟုတ်ဘူးလား။

ကွမ်ကျိုးက ပြည်တွင်းဂိမ်းလောကအတွက် အလွန်ရေပန်းစားသော နေရာတစ်ခုဖြစ်ပြီး ဒီက ကုမ္ပဏီများကလည်း အလွန်ကောင်းမွန်လိမ့်မည်ဟု သူတို့ထင်ထားခဲ့ကြသည်။ သို့သော် ကုမ္ပဏီတစ်ခုတစ်လေမှ ကောင်းကောင်း မတွေ့ရသေးပေ။

သူတို့က တစ်ခုထက်တစ်ခုပင် ပိုပိုပြီး ဆိုးလာပါသည်။

သူတို့ထဲမှ အကောင်းဆုံးကတော့ ပထမရက်တုန်းက သွားရောက်လည်ပတ်ခဲ့သည့် ဆန်းစထရိုက်ခ် စတူဒီယိုဖြစ်သည်။

ဆန်းစထရိုက်ခ် စတူဒီယို၏ အလုပ်နေရာက ဆိုးရွားသည်ဟု အားလုံးထင်ခဲ့ကြပြီး တခြား ဂိမ်းကုမ္ပဏီများက ပို၍ပင် ဆိုးရွားနေမှန်း သိခဲ့ရသည်။

ကွမ်ကျိုးရှိ ဂိမ်းကုမ္ပဏီများ၏ ပုံရိပ်မှာ ပိုပိုပြီး အဆင့်နိမ့်ကျသွားခဲ့သည်။

၅ ရက်မြောက်နေ့သို့ ရောက်သောအခါ တခြား ကုမ္ပဏီများသို့ သွားရောက်လေ့လာချင်စိတ် ဘယ်သူမှ မရှိကြတော့ပါ။

တချို့က ဒေသထွက်ကုန်ပစ္စည်းများ ဝယ်ဖို့ ရှော့ပင်ထွက်ချင်နေကြ၏။

တချို့က ဒီအခွင့်အရေးကို ယူပြီး ဒေသ အစားအစာများကို တတ်နိုင်သမျှ အများဆုံး စားချင်နေကြသည်။

ဘော့စ်ဖေးအတွက် ကြိုးစားပေးရန် ထန်းတာ့သို့ ပြန်ဖို့ မစောင့်နိုင်ကြတော့သည့် လူတွေတောင် ရှိနေသည်။

အနှစ်ချုပ်ပြောရလျှင် ဒီပညာဖလှယ်ခရီး၏ သက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားခဲ့ပါသည်။

သူတို့က ကမ္ဘာကြီးကို ချဲ့ထွင်မြင်ကြရမှာ ဖြစ်သော်လည်း ကွမ်ကျိုးက ဂိမ်းကုမ္ပဏီများ၏ အဆိုးဝါးဆုံး ယှဥ်ပြိုင်မှုများကိုသာ တွေ့ခဲ့ကြရသည်။

အထူးသဖြင့် ဆန်းစထရိုက်ခ် စတူဒီယို၏ ပုံရိပ်မှာ အားလုံး၏ မျက်လုံးထဲတွင် ပျက်စီးသွားခဲ့ပါပြီ။

ဆန့်ကျင်ဘက်အနေဖြင့် ထို ဝန်ထမ်းအားလုံးက ထန်းတာ့နက်ခ်ဝါ့ကုမ္ပဏီ၏ ဂရုစိုက်မှုများအကြောင်း တန်ဖိုးရှိသော သင်ခန်းစာတစ်ခုကို ရလိုက်ကြပါသည်။

ဟွမ်းစစ်ပေါ်နှင့် တခြားသူများမှာ ခရီးဆောင်အိတ်များကို သယ်ယူပြီး ဘာနောင်တမှမရှိဘဲ လေယာဥ်ဖြင့် ပြန်လာခဲ့ကြပါသည်။

သမုဒ္ဒရာရဲတိုက်အတွက် ပြန်ကြိုးစားဖို့ အချိန်ရောက်ပြီ...

တစ်ချိန်တည်းမှာပင် ဆန်းစထရိုက်ခ် စတူဒီယို၌...

"ဘော့စ်ကျိုး ကျွန်မ ဆုံးဖြတ်လိုက်ပြီ။ ကျွန်မ အလုပ်ထွက်ချင်ပါတယ်" လင်းဝမ်က ကျိုးမူယန်ကို အလုပ်ထွက်စာ ပေးလိုက်ပါသည်။

ကျိုးမူယန်က ခေတ္တ ကြက်သေသေသွားသည်။ ထို့နောက် အပျော်လွန်သွား၏။

'နောက်ဆုံးတော့ ဂိမ်းလောကဆိုတာ ချီးတွင်းကြီးဆိုတာကို နားလည်ပြီပေါ့။ နင့်မိသားစုရဲ့ အမွေတွေကို ဆက်ခံဖို့ ပြန်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ'

'ဒါဆို ဘော့စ်လင်း ပေးထားတဲ့တာဝန်ကို ငါအောင်မြင်ခဲ့ပြီဆိုတဲ့ သဘောပဲမဟုတ်လား'

"မင်း ဂိမ်းလောကထဲက ထွက်သွားတော့မှာလား" ကျိုးမူယန်က မျှော်လင့်တကြီးမေးလိုက်ပါသည်။

လင်းဝမ်က ခေါင်းခါလိုက်သည်။ "မဟုတ်ပါဘူး"

ကျိုးမူယန် : "???"

'ဂိမ်းလောကထဲက မထွက်ဘဲနဲ့ အလုပ်ထွက်တယ်ပေါ့'

'ဒါဆို ဆန်းစထရိုက်ခ် စတူဒီယိုကို အထင်သေးတာလား'

'နေပါဦး ငါတို့က မင်းကို အထင်မသေးရဘဲနဲ့ မင်းက ငါတို့ကို ကျောခိုင်းတယ်ပေါ့...'

ကျိုးမူယန်၏ ခေါင်းကိုက်ခဲလာပါသည်။

အမှန်ပင်။ စိတ်ထဲမှာ ကျိန်ဆဲနေသော်လည်း အပြုံးတော့ ပြုံးထားသေးသည်။

"ဘာဖြစ်လို့လဲ ဒီမှာအလုပ်လုပ်ရတာကို မကြိုက်တာရှိလို့လား" ကျိုးမူယန်က သဘောကောင်းသည့် အပြုံးတစ်ခုကို အတင်းလုပ်ယူ ပြုံးလိုက်သည်။

တခြား အလုပ်သင်သာဆို သူမေးခွန်းတစ်ခုတောင် ထပ်မမေးဘဲ သွားခွင့်ပေးလိုက်မည် ဖြစ်သည်။

သို့သော်လည်း လင်းဝမ်က ခြားနားသည်။ သူမတွင် အဖေကောင်းတစ်ယောက်ရှိ၏...။

ကျိုးမူယန်က လင်းဝမ်၏ ဂိမ်းလောကအပေါ် ထားသည့် အမြင်ကို ပျက်စီးအောင် လုပ်ဖို့အတွက် တာဝန်ကြီးတစ်ခုကို ယူထားရသည်။ သူမကို ဒီတိုင်းသွားခွင့်ပြုလိုက်လို့ မဖြစ်ပေ။

သူမကို ဆက်ပြီး ခေါ်မထားနိုင်ရင်တောင် ဘာကြောင့်လဲနဲ့ ဘယ်ကိုသွားမှာလဲ ဆိုတာတော့ သိအောင် လုပ်ရပါမည်။

မဟုတ်ပါက ရှန်းဟွာ ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌ ရုံးခန်းမှ နောက်တစ်ခေါက် ဖုန်းဝင်လာလျှင် သူဖြေဖို့ ခက်ခဲလိမ့်မည်။

"ဒီအချိန်တောအတွင်း ကျွန်မကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်ကျိုး။ ဒါပေမဲ့... ဒီနေရာမှာ ဂိမ်းတွေအပေါ် ထားတဲ့ ကျွန်မရဲ့ အိပ်မက်တွေကို နားလည်နိုင်မယ် မထင်ဘူး" လင်းဝမ်က ပြတင်းပေါက် အပြင်ဘက်သို့ တသသကြည့်လိုက်ပါသည်။

"ကျွန်မ နောက်တစ်နေရာ ပြောင်းချင်လို့ပါ"

"ဘယ်ကိုလဲ" ကျိုးမူယန် ဒုက္ခရောက်နေလေပြီ။

ဆန်းစထရိုက်ခ် စတူဒီယိုက ပြည်တွင်းရှိ ထိပ်တန်းအဆင့် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်သည်။

နိုင်ငံခြားကို သွားပြီး နိုင်ငံခြား ကုမ္ပဏီတချို့ထဲ ဝင်ချင်လို့လား။

ဟုတ်တယ် ဒါလည်း ဖြစ်နိုင်တယ်...

"ကျွန်မ ထန်းတာ့ကို သွားချင်လို့ပါ" လင်းဝမ်က ထိုဆုံးဖြတ်ချက်ကို ချပြီးတာ တော်တော် ကြာခဲ့ဟန်ဖြင့် လင်းဝမ်၏ အကြည့်က ပြတ်သားနေသည်။

"ထန်းတာ့ ဟုတ်လား" ဘယ်ကုမ္ပဏီလဲ ဆိုတာ ကျိုးမူယန် ချက်ချင်း မမှတ်မိသေးပါ။

ဖေးချမ့်နှင့် ထန်းတာ့က ဝန်ထမ်းများကို လွန်ခဲ့သည့် ရက်ပိုင်းလောက်ကမှ ကြိုဆိုခဲ့သော်လည်း အရေးပါသည့် ကိစ္စမဟုတ်သဖြင့် သူမေ့ထားခဲ့လိုက်သည်။

ဘယ်သူတွေလဲဆိုတာ ပြန်မှတ်မိသွားတော့ သူမှင်သက်သွားမိသည်။

ထန်းတာ့က... ကုမ္ပဏီအသစ်ပဲ။

သူတို့လုပ်ဖူးတာဆိုလို့ မိုဘိုင်ဂိမ်းတစ်ခုပဲ ရှိသည်။ ဆန်းစထရိုက်ခ် စတူဒီယိုနှင့် ယှဥ်လျှင် သူတို့က အဆင့်ချင်းတောင် မတူကြပေ။

'ဂိမ်းတွေအပေါ် နင့်အိပ်မက်တွေကို ဆက်ပြီး လိုက်ချင်လည်း ငါမတားဘူး။ တကယ်တော့ နိုင်ငံခြား ကုမ္ပဏီတွေကို သွားတာဆိုရင်တောင် လက်ခံနိုင်သေးတယ်။ ဒါပေမဲ့ အဲဒီ ကုမ္ပဏီအသစ် အစုတ်အပြတ်မှာ နင်ဘာလုပ်နိုင်မှာလဲ'

ကျိုးမူယန် ချောင်းဆိုးလိုက်ပါသည်။

"မင်း သေသေချာချာ စဥ်းစားပြီးပြီလား။ သူတို့မှာ... သေချာပေါက် ငါတို့လောက်ကောင်းတဲ့ အလုပ်နေရာ ရှိမှာမဟုတ်ဘူး။ မင်း စိတ်ပျက်လက်ပျက် ဖြစ်သွားနိုင်ခြေ မြင့်တယ်နော်"

လင်းဝမ်က ခေါင်းခါလိုက်ပါသည်။ "ကျွန်မ ဘော့စ်ဖေးကို ယုံကြည်တယ်။ သူ့ရဲ့ခြားနားချက်ကို ကျွန်မ မြင်နိုင်တယ်။ ရှင်နဲ့ တခြားဒီဇိုင်နာတွေနဲ့ မတူညီတဲ့ စရိုက်မျိုးပေါ့။ သူက စိတ်ကူးစိတ်သန်း ကောင်းမှုတွေ ဖြာထွက်နေသလိုပဲ။ ကျွန်မ ဆုံးဖြတ်ချက်ကို ကျွန်မ ယုံကြည်တယ်"

ကျိုးမူယန်မှာ ပါးစပ် အနည်းငယ် ဟသွားမိသည်။ ဖေးချမ့်က ဒီကောင်မလေးကို အောက်လမ်းနည်းများ အသုံးပြုပြီး လှည့်စားသွားသလားဟု တွေးမိပါသည်။

သူတို့တွေ့တာ ရက်ပိုင်းလောက်သာ ကြာသေးသော်လည်း ဒီကောင်မလေးက သူ့ဘက်ကို ခုန်ကူးသွားလေပြီ။

သို့သော်လည်း လင်းဝမ်၏ မျက်လုံးထဲက ဆုံးဖြတ်ချက် ပြတ်သားမှုကို မြင်သောအခါ သူပြောသမျှ ဘာမှအကူအညီမဖြစ်မှာကို သူသိပါသည်။ ထို့အပြင် သူမကိုလည်း မတားဆီးရဲပါ။

သူမက အပြင်ဘက်မှာ ဖော်ရွေတတ်သည့်ပုံပေါက်သော်လည်း တော်တော်ခေါင်းမာတတ်သည့် စိတ်ထားရှိတာကို သိထားပါသည်။

ရှန်းဟွာ ကော်ပိုရေးရှင်း၏ ဥက္ကဋ္ဌကြီးက ပြည်တွင်းတွင် နာမည်အလွန်ကြီးသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်သည်။ သူ့သမီးကို သူကိုယ်တိုင်တောင် မကိုင်တွယ်နိုင်ဘဲ သူတို့စီးပွားရေးကို ဆက်ခံဖို့ ဒီလို သွယ်ဝိုက်သော နည်းသုံးနေရလျှင် သူ ရင်ဆိုင်နိုင်သည့် လူမဟုတ်တာ ကျိုးမူယန် သိလိုက်ရသည်။

သူစဥ်းစားကြည့်လိုက်ပြီး သူမကို ခွင့်ပြုပေးဖို့သာ ရှိတော့သည်။

သို့သော်လည်း သူမက ကုမ္ပဏီအသေးစားလေး တစ်ခုဆီကို သွားနေခြင်းဖြစ်သည်။ ဒီလုပ်ငန်း၏ အမှောင်ခြမ်းကို ထိုနေရာတွင် ပိုမြင်ချင် မြင်နိုင်သည်။

ထိုအခါ ဒီလုပ်ငန်းအကြောင်း အမှန်တရားကို နားလည်သွားပြီး သူမ၏ မိသားစုလုပ်ငန်းကို ဆက်ခံဖို့ အိမ်ပြန်သွားလိမ့်မည်။ အဆုံးသတ်ကတော့ တူတူသာဖြစ်ပါလိမ့်မည်။

ထိုသို့စဥ်းစားရင်း ကျိုးမူယန် နုတ်ထွက်စာကို လက်ခံလိုက်ပါသည်။ "ဟုတ်ပါပြီ။ မင်းရဲ့ ဂိမ်းအိပ်မက်တွေကို တစ်နေ့ကျရင် ရနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဆန်းစထရိုက်ခ် စတူဒီယိုက မင်းအတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ်”

"ကျေးဇူးတင်ပါတယ် ဘော့စ်ကျိုး"

လင်းဝမ်က နောင်တတစ်စက်မှ မရဘဲ လှည့်ထွက်လာခဲ့ပါတော့သည်။

All Chapters