အခန်း(၅၅) မစ်ရှင်အောင်ပြီ
Vol. 4 Ch. 55
အခန်း(၅၅) မစ်ရှင်အောင်ပြီ
သူတို့ ကျင်းကျိုးမြို့သို့ ပြန်လာသောအခါ ၂၀၁၀ ခုနှစ်က လျင်မြန်စွာ ချဥ်းကပ်လာခဲ့ပါပြီ။
ကုမ္ပဏီထဲတွင် အရာရာ အဆင်ပြေနေပြီး လစာနှင့် ငှားရမ်းခများကို စနစ်ရန်ပုံငွေသုံးကာ အချိန်မီပေးဆောင်နိုင်ပြီး အသုံးစရိတ်အားလုံးကို ကာမိခဲ့ပါသည်။ ဂိမ်းက မအောင်မြင်ဘဲ ပိုက်ဆံအားလုံးကို ဖြုန်းလိုက်နိုင်ပါက ဖေးချမ့် သူ့ ယွမ် ၅၀၀,၀၀၀ ကို အလွယ်လေး ရနိုင်ပါလိမ့်မည်။
ကျောင်းစာမေးပွဲ ဖြေဖို့ရက်သတ္တပတ်လည်း ဖြစ်သည်။ ဖေးချမ့်က ဘယ်ဘာသာမှ စာမေးပွဲ မကျချင်သဖြင့် ကုမ္ပဏီကို မသွားသလောက် ရှားပါသည်။
ဘာပဲဖြစ်ဖြစ် ဂိမ်း၏ ရလဒ်ကိုလည်း သူသိပ်ပြီး စိတ်ထဲမထားပေ။ ကျရှုံးလျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
ဇန်နဝါရီလ ၇ ရက်နေ့၊ ကြသပတေးနေ့
စနစ်၏ ငွေစာရင်းရှင်းချိန်က နီးလာပြီး ဖေးချမ့်၏ ပိုက်ဆံဆုံးရှုံးလိုသော ပန်းတိုင်က ပစ်မှတ်ကို ထိနေပါပြီ။ ထို့ကြောင့် နောက်ဆုံးတော့ သူစိတ်အေးခဲ့ရပြီ။
စနစ်ကို သူဆင့်ခေါ်လိုက်ပြီး စနစ်ရန်ပုံငွေကို စစ်ဆေးကြည့်လိုက်ပါသည်။
[ စည်းစိမ်အလဲအထပ်စနစ် ]
[ ပိုင်ရှင် : ဖေးချမ့် ]
[ အမြတ်ငွေ အလဲအထပ် အချိုး : ၁၀၀ : ၁၊ အရှုံးငွေ အလဲအထပ် အချိုး ၁ : ၁ ]
[ နောက်ထပ် ငွေစာရင်းရှင်းချိန် : ၂၅ ရက်အလို ]
[ စနစ်ရန်ပုံငွေ : ၁၃၈,၇၅၄.၅(⬇️၃၆၁,၂၄၅.၅) ]
[ ကိုယ်ပိုင် စည်းစိမ် : ၁,၂၅၅ ]
သူလုပ်နိုင်ခဲ့ပြီ။
သူ့ပိုက်ဆံတွေ နောက်ဆုံးတော့ အပြောင် သုံးနိုင်တော့မည်။
ဖေးချမ့်က ငိုချင်သွားလောက်သည့်အထိ ပျော်ရွှင်သွားပါသည်။ သူကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ရပြီးနောက် အမြတ်ငွေ အများစုကို အရှုံးငွေအဖြစ် ပြောင်းလဲနိုင်ခဲ့လေပြီ။
လောလောဆယ် ထန်းတာ့ဘက်တွင် ကုန်ကျစရိတ် အကြီးစား တချို့ရှိ၏။ ရုံးနေရာ ငှားရမ်းခ၊ ဝန်ထမ်းလစာ၊ အချိန်ပို လစာ၊ မီတာခ၊ နေ့စဥ်အသုံးစရိတ်နှင့် ကုမ္ပဏီ ပစ္စည်းမျိုးစုံ ဝယ်ယူခြင်း စသည်တို့ ဖြစ်သည်။ မကြာခဏဆိုသလို ငွေဖြုန်းတီးဖို့အတွက် ကုမ္ပဏီ ညစာစားပွဲတချို့ပင် ကျင်းပတတ်ပါသေးသည်။
ဒီလိုတွေလုပ်ရင်း နောက်ဆုံးတော့ တစ္ဆေစစ်သူကြီးမှ ရလိုက်သည့် ပိုက်ဆံအများစုကို သုံးနိုင်ခဲ့ပြီး စနစ်ရန်ပုံငွေကလည်း အမြတ်ငွေ များများစားစား မကျန်တော့ပါ။
လက်ရှိ စနစ်ရန်ပုံငွေအခြေအနေမှာ စဦး ၅၀၀,၀၀၀ နှင့်ယှဥ်ကြည့်လျှင် အရှုံးပေါ်နေသည်ဟု သတ်မှတ်နိုင်သည်။
နောက်တစ်ခုက ဖေးချမ့်သည် အချက်နှစ်ချက်ကို သေချာအောင် လုပ်ရမည်။
ငွေစာရင်းမရှင်းမီ တစ်ပတ်လိုအလိုတွင် မကြေညာထားသည့် ဘာထုတ်ကုန်မှ မရှိရဘူး ဟူသော စနစ်၏ သတ်မှတ်ချက်ကို ပြည့်မီရန်အတွက် သူသမုဒ္ဒရာရဲတိုက်ကို အွန်လိုင်းပေါ်သို့ တင်ရမည်။
နောက်တစ်ခုက ကျန်ငွေပမာဏ လုံးဝ ပြောင်သွားအောင် ငွေများကို လျှောက်သုံးပစ်ရမည်။
ထို့နောက် ငွေစာရင်းရှင်းမည့်အချိန်ကိုသာ စောင့်နေဖို့ လိုပါတော့သည်။
သမုဒ္ဒရာရဲတိုက်ကို ဘယ်လို မားကတ်တင်း ဆင်းရမလဲဆိုတာကတော့...
ဖေးချမ့်က မားကတ်တင်းဆင်းဖို့ အစီအစဥ်လုံးဝ မရှိပါ။ တရားဝင်ဂိမ်းပလက်ဖောင်းတွင် ဂိမ်းကို တင်ပြီးခါမှ လုပ်ဖို့ စီစဥ်ထားသည်။ တကယ်တော့ ဘယ်သူမှ မတွေ့ရင် အကောင်းဆုံးဖြစ်သည်။
သူတို့က ပိုက်ဆံအရှုံးပေါ်ချင်တာဆိုတော့ ဂိမ်မာတွေ ဂိမ်းကိုမတွေ့အောင် တာားဆီးရပါမည်။
"စိတ်ချရအောင် ဂိမ်းလုပ်ပြီးတဲ့အခါ ဝန်ထမ်း ပေါင်းစည်းပွဲတစ်ခုလောက် ကျင်းပသင့်တယ်။ ဒါမှ ကျန်တဲ့ပိုက်ဆံတွေ ဖြုန်းလို့ရမှာ။ နည်းနည်းလေး ကျန်လေလေ ကောင်းလေလေပဲ"
"အားလုံးက ဂိမ်းအတွက် ကြိုးစားပမ်းစား လုပ်ပေးခဲ့ကြတာဆိုတော့ ကုမ္ပဏီတစ်ခုလုံး ရုပ်ရှင်သွားကြည့်ဖို့၊ ညစာအတူတူစားကြဖို့၊ ကာရာအိုကေ ဆိုကြဖို့ စီစဥ်ပေးရင် မလွန်လောက်ဘူး ထင်တာပဲ"
ထိုသို့ စဥ်းစားပြီး ဖေးချမ့်က လက်ထောက်ရှင်းကို ဖုန်းဆက်လိုက်ပါသည်။
"လက်ထောက်ရှင်း ကျေးဇူးပြုပြီး သောကြာနေ့မှာ ဝန်ထမ်းပေါင်းစည်းပွဲ လုပ်ဖို့ လိုအပ်တဲ့စီစဥ်မှုတွေ လုပ်လိုက်ပါ။ သမုဒ္ဒရာရဲတိုက်ဂိမ်း ပြီးမြောက်မှုကို အောင်ပွဲခံဖို့လေ။ ကျွန်တော်တို့ ရုပ်ရှင်အရင်ကြည့်ကြမယ်။ ပြီးရင် စားသောက်ကြပြီး ကာရာအိုကေ ဆိုကြမယ်။ ကျွန်တော်တို့ ဘိုကင်တင်လို့ရတဲ့ နေရာတွေမှာ တင်လိုက်တော့"
"ဟုတ်ကဲ့ ရက်စွဲက ပြဿနာမရှိပါဘူး။ သောကြာနေ့ ညနေ"
"စနေနေ့နဲ့ တနင်္ဂနွေနေ့တွေက အနားယူတဲ့ နေ့တွေဆိုတော့ အနားယူတဲ့နေ့တွေကို သုံးပြီး ဝန်ထမ်းပေါင်းစည်းပွဲ လုပ်လို့ ဘယ်ဖြစ်မလဲ။ ညစ်ပတ်ရာကျသွားမှာပေါ့"
"ဟုတ်တယ် သောကြာနေ့ ညနေပဲ သတ်မှတ်လိုက်ပါ"
"ဟုတ်ပြီ ခင်ဗျား စီစဥ်ပြီးရင် အချိန်ဇယားကို ပို့ပေးလိုက်ပါ။ လိုအပ်ချက်ကတော့ အတူတူပဲ။ အားလုံး အဆင့်မြင့်မြင့်တွေပဲ ဖြစ်ရမယ်နော် နားလည်ပြီလား”
ဖေးချမ့်က ရိုးရှင်းသည့် ညွှန်ကြားမှုတချို့ ပေးပြီး ဖုန်းချဖို့ ပြင်လိုက်ပါသည်။ သို့သော် လက်ထောက်ရှင်းက ဆက်ပြော၏။
"ကျေးဇူးပြုပြီး ကိုင်ထားပါဦး ဘော့စ်ဖေး တစ်ခုခု ပြောစရာရှိသေးလို့ပါ"
"ကျွန်မတို့ ကွမ်ကျိုးက ဆန်းစထရိုက်ခ် စတူဒီယိုကို သွားတုန်းက ဘော့စ်ဖေးကို စကားပြောခဲ့တဲ့ ကောင်မလေးကို မှတ်မိလား။ သူ့နာမည်က လင်းဝမ်လေ"
လင်းဝမ် ဟုတ်လား။
ဖေးချမ့်သည် မသဲမကွဲတော့ မှတ်မိနေသည်။
"သူက ဘာဖြစ်လို့လဲ"
"သူက အခုကျင်းကျိုးမြို့မှာ ရောက်နေပြီ။ ကျွန်မတို့ ကုမ္ပဏီထဲ ဝင်ချင်တယ်လို့ ပြောနေတယ်။ သူက တော်တော်လေးကို ပြတ်သားပြီး လစာမပေးရင်တောင် ရတယ်လို့ ပြောနေပါတယ်"
ဖေးချမ့် ကြက်သေသေသွား၏။ "ဟင် သူအခု ဘယ်မှာလဲ"
"ရုံးခန်းထဲမှာပါ။ သိပ်မကြာသေးခင်က ရောက်လာပြီး ကျွန်မနဲ့ စကားပြောနေပါတယ်"
'သူက ဆန်းစထရိုက်ခ် စတူဒီယိုမှာ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ဘာလို့ ကျင်းကျိုးကို ရောက်လာတာလဲ'
'ငါတို့ ကုမ္ပဏီကို လစာမပေးရင်တောင် ဝင်ချင်တယ် ဟုတ်လား'
'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'
ဖေးချမ့်က ခေတ္တစဥ်းစားချင့်ချိန်ကြည့်လိုက်ပြီး မေးလိုက်ပါသည်။ "လက်ထောက်ရှင်း သူ့ကို ဘယ်လိုသဘောရလဲ"
ရှင်းဟိုက်လူက ခေတ္တ တိတ်ဆိတ်သွားပြီး အတည်ပေါက် ပြန်ဖြေလိုက်ပါသည်။
"ဘော့စ်ဖေး သူက အားကောင်းတဲ့ နောက်ခံက လာတာဖြစ်မယ်ထင်တယ်။ သူက သူဌေးမိသားစု တစ်စုရဲ့ ကလေးဖြစ်နိုင်တယ်။ သူ့ရဲ့ အဝတ်အစားတွေနဲ့ အိတ်တွေက အကုန်လုံး နာမည်ကြီး ဒီဇိုင်နာ ဘရန်းတွေချည်းပဲဆိုတာ ကျွန်မ သတိထားမိပါတယ်။ သူ့ရဲ့ဝတ်စုံကလည်း အနည်းဆုံ ယွမ် သောင်းချီပြီး တန်တယ်"
"ဒါပေမဲ့ ဝံ့ကြွားမှုမရှိဘဲ စရိုက်လက္ခဏာလည်း ကောင်းမွန်တယ်။ ရိုးအပြီးတုံးလွန်းလို့ သူ့ကို ဝန်ထမ်းကောင်း တစ်ယောက် ဖြစ်စေတဲ့အချက်တွေကို နားမလည်နိုင်မှာကိုပဲ စိတ်ပူမိပါတယ်။ ဒါပေမဲ့ ဟုတ်ပါတယ်။ သူ့ကို လက်ခံသင့် မခံသင့်က ဘော့စ်ဖေးပဲ ဆုံးဖြတ်ရမှာပါ"
'ရိုးအပြီး တုံးတယ်ဟုတ်လား’
'အဲဒါဆို အလုပ်အစွမ်းအစ မရှိဘူးဆိုတဲ့ သဘောလား'
'ကောင်းတာပေါ့ ငါလည်း အဲ့လိုဝန်ထမ်းမျိုးမှ သဘောကျတာ'
ဖေးချမ့်က သူ့ဝန်ထမ်းခေါ်ယူစံနှုန်းတိုင်းကို လင်းဝမ် ပြည့်မီသည်ဟု ခံစားမိပါသည်။
ပြည့်စုံတဲ့မိသားစု တစ်ခုမှ ဘာအပူအပင်မှ မရှိသည့် ကလေးတစ်ယောက်က အလုပ်လုပ်ရာမှာ သိပ်မတော်နိုင်ဘူး။ အဲဒါဆို မကောင်းဘူးလား။
"ဟုတ်ပြီ ဒါဆို သူ့ကို ခန့်မယ်လေ လစာကတော့... တစ်လ ၄,၀၀၀ နဲ့စပြီး နောက်ပိုင်းမှ ထပ်တိုးပေးမယ်။ သူနဲ့ ဝန်ထမ်းစာချုပ်ချုပ်ပေးပါ။ အလုပ်ကတော့... အင်း လောလောဆယ်တော့ ဘာအလုပ်မှ သိပ်မရှိသေးတာမို့လို့ သူ့ကို ဘာတာဝန်မှ မပေးသေးနဲ့ဦး။ သူလုပ်ချင်တာသာ လုပ်ခိုင်းလိုက်။ သြော် ဟုတ်သားပဲ။ သူ့ကိုလည်း သောကြာနေ့ ဝန်ထမ်းပေါင်းစည်းပွဲမှာ ထည့်လိုက်နော်"
ဖေးချမ့်က အသေးစိတ်ညွှန်ကြားလိုက်ပြီး ကျန်တာ ဘာမှ စိတ်မပူတော့ပါ။ ထို့နောက် သူ့ ၅၀၀,၀၀၀ အတွက် စိတ်ကူး ဆက်ယဥ်လေတော့သည်။
...
ကုမ္ပဏီတွင် သမုဒ္ဒရာရဲတိုက်၏ ဖန်တီးမှုမှာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။
ပေါင်ရှုက ကွမ်ကျိုးသို့ မလိုက်သွားခဲ့သဖြင့် သမုဒ္ဒရာရဲတိုက်၏ ဇာတ်လမ်းကို ပြန်ကြည့်ရှုရင်း နေ့ရက်များကို ကုန်ဆုံးခဲ့သည်။ အပိုင်းတိုင်းကို မှတ်တမ်းတင်ပြီး ကစားရခက်သည့် အပိုင်းများကို ဟွမ်းစစ်ပေါ် ပြုပြင်နိုင်ရန် မှတ်တမ်းတင်ခဲ့သည်။
သူက ဂိမ်းဒီဇိုင်းအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်သူမဟုတ်ပေ။ သူ့ကံကိုသာ သူယုံကြည်ရင်း လုပ်ခဲ့ခြင်းဖြစ်သည်။
သူ့ကံက ညွှန်ပြသည့် အရာတိုင်းကို ဟွမ်းစစ်ပေါ်အတွက် မှတ်တမ်းတင်ထားသည်။
ဟွမ်းစစ်ပေါ်က ပြဿနာက ဘယ်မှာလဲဆိုတာကို နားလည်ဖို့ ဦးနှောက်စားရသူဖြစ်ပြီး တစ်နည်းနည်းနဲ့ တကယ်ပဲ ပြုပြင်နိုင်ခဲ့ပါသည်။
သူ့ရင်ထဲမှာတော့ ဇာတ်လမ်းက သမုဒ္ဒရာရဲတိုက်အတွက် အလွန်အရေပါသော ကဏ္ဍဖြစ်ပြီး ထူးခြားသော ဂိမ်းတစ်ခုဖြစ်လာစေဖို့ အချက်အချာကျတာကို ဟွမ်းစစ်ပေါ်သိပါသည်။ ထို့ကြောင့်လည်း ကြိုးစားပြီး ပြီးပြည့်စုံအောင် ဖန်တီးနေခြင်းဖြစ်သည်။
သို့သော်လည်း လက်တိကျမှု၊ ဂိမ်းမော်ဒယ်၊ လှုပ်ရှားမှုနှင့် တခြား Mode များကလည်း ဂိမ်မာများကို ရသပေးစွမ်းနိုင်မှုကို အဆုံးအဖြတ် ပေးသဖြင့် ထိုနည်းလည်းကောင်း အရေးပါပါသည်။
ထို content အားလုံးကို ပေါင်ရှုကပဲ စစ်ဆေးပေး၏။ သူ အစကတည်းက ဂိမ်မာ အကြီးစားတစ်ယောက်ဖြစ်ပြီး ပြောင်းလဲ သွားသည့် တစ်ခုတည်းသောအရာက သူများဂိမ်းများထက် သူတို့၏ ကိုယ်ပိုင်ဂိမ်းကို ကစားရခြင်းကြောင့် ဖြစ်သည်။
ဒီအလုပ်ကို ပင်ပန်းသည်ဟု မခံစားမိပေ။ ထိုအစား သူသဘောကျမိသည်။
တခြားဂိမ်းတွေကို ကစားသောအခါ သူသဘောမကျသည့် အပိုင်းရောက်လာလျှင် ပေါင်ရှုက စိတ်ပျက်ခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် သူဝေဖန်ချက်တစ်ခု ပေးပို့လိုက်လျှင်တောင် ဂိမ်းဖန်တီးအဖွဲ့ဆီ မရောက်နိုင်လောက်သဖြင့် အချိန်ဖြုန်းရာ ကျပါလိမ့်မည်။ ရောက်ခဲ့လျှင်တောင် အများစုက မပြောင်းလဲနိုင်ချေ။
သို့သော်လည်း သမုဒ္ဒရာရဲတိုက်ကတော့ ခြားနား၏။ သူပြဿနာတစ်ခုခုတွေ့ခဲ့လျှင် ဟွမ်းစစ်ပေါ်ကို ပြောပြလိုက်ပြီး အလျင်အမြန် ပြောင်းလဲနိုင်သည်။
ပြောင်းလဲမှု ကြီးကြီးမားမား အများစုက ပရောဂျက်၏ အစတွင် လုပ်ရသည်။ ကျန်နေတာတွေက သေနတ်လမ်းကြောင်းနှင့် ဇာတ်ကောင် ပစ်မှတ် စသဖြင့် သေးငယ်သော အသေးစိတ်များသာ ဖြစ်သည်။ ၎င်းတို့က ဂိမ်းရသအတွက် အရေးပါသော်လည်း တန်ဖိုးများကို အနည်းငယ် ပြောင်းလဲလိုက်ရုံနှင့် အလွယ်လေး ပြောင်းလဲနိုင်သည်။
Deadline နီးကပ်လာသောအခါ ဟွမ်းစစ်ပေါ် စိတ်အေးစွာ သက်ပြင်းချမိသည်။
သူ့မစ်ရှင်ကို အောင်မြင်ခဲ့ပါပြီ။
သမုဒ္ဒရာရဲတိုက်၏ ဖန်တီးမှုက အရည်အသွေး ပြည့်မီစွာ အချိန်မီ ပြီးမြောက်နိုင်သည်။ ဘော့စ်ဖေး၏ ယုံကြည်မှုကို သူစိတ်မပျက်စေခဲ့ပေ။
သို့သော်လည်း သူတို့ ဂိမ်းကို ဘယ်လို မားကတ်တင်း ဆင်းပြီး ဘယ်လို သတင်းဖြန့်ရမလဲ ဟွမ်းစစ်ပေါ် ဘာမှမသိပေ။
ထိုဆုံးဖြတ်ချက်များက ဘော့စ်ဖေး၏ တာဝန်သာ ဖြစ်သဖြင့် သိပ်ပြီးလည်း စိတ်ထဲမထားမိချေ။
ဘော့စ်ဖေးရဲ့ အစီအစဥ်မှာ အမှားအယွင်း ရှိနိုင်ပါ့မလား။
တစ္ဆေစစ်သူကြီးကို ဝေ့ပေါ်ကနေတောင် ကြော်ငြာဖို့ စဥ်းစားခဲ့သည့်လူက သေချာပေါက် ထူးခြားသည့် မားကတ်တင်းနည်းလမ်းကို စဥ်းစားမိပါလိမ့်မည်။