အခန်း(၅၈) ဂိမ်းကို မားကတ်တင်းဆင်းဖို့ အစီအစဥ်မရှိဘူးလား
Vol. 4 Ch. 58
အခန်း(၅၈) ဂိမ်းကို မားကတ်တင်းဆင်းဖို့ အစီအစဥ်မရှိဘူးလား
တနင်္လာနေ့၊ နေ့လယ်ခင်း။
သောကြာနေ့က ဝန်ထမ်းပေါင်းစည်းပွဲကြောင့် အားလုံး တက်ကြွနေကြသည်။ ကျန်အားလပ်ရက်များတွင်ပါ အနားယူလိုက်ရသဖြင့် အားလုံး လန်းဆန်းသွားကြ၏။
ရုံးသို့ နေ့တိုင်းသွားသော ပေါင်ရှုက လွဲပြီး ကျန်သောလူများအားလုံး မသွားကြဘဲ အားလပ်ရက်များကိုသာ ပျော်ပျော်ဖြတ်သန်းခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် ဂိမ်းက ယခု ပြီးဆုံးသွားပြီ ဖြစ်သဖြင့် အချိန်ပိုလုပ်ဖို့ မလိုအပ်တော့ပေ။
အချိန်ပိုလစာ ပေးသော်လည်း အားလပ်ရက်တွင် ပျင်းရိရခြင်းက ပိုစွဲမက်စရာကောင်းပါသည်။
တနင်္လာနေ့သို့ ရောက်သောအခါ လူအများစုက ပျော်ရွှင်နေကြဆဲဖြစ်၏။
တစ်ဖက်တွင် ဟွမ်းစစ်ပေါ်ကတော့ ခက်ထန်နေ၏။
"သမုဒ္ဒရာရဲတိုက်ရဲ့ ပမာဏကို မင်းသတိထားမိတယ်မလား" ဟွမ်းစစ်ပေါ်က ပေါင်ရှု၏ စားပွဲသို့ ရောက်လာခဲ့ပြီး သူလည်း သမုဒ္ဒရာရဲတိုက်၏ ပမာဏများကို ကြည့်နေကြောင်း မြင်လိုက်ရသည်။
ရှင်းရှင်းပြောရလျှင် အလွန်ဆိုးဝါးသည်။
ဂိမ်းကို သောကြာနေ့တွင် စမ်းသပ်စစ်ဆေးဖို့ တင်လိုက်ပြီး စနေနေ့တွင် အောင်မြင်သွား၏။ သို့သော်လည်း တနင်္ဂနွေနေ့ ပြီးတာတောင် ဒေါင်းလုတ်ကာ ရာဂဏန်းသာ ရှိသေး၏။
နည်းပါးလွန်းလှသည်။
FPS ဂိမ်းများက တခြားဂိမ်းများနှင့် မတူညီပါ။ ကစားသမား လုံလုံလောက်လောက်ရှိမှ ကစားနိုင်သည့် ယှဥ်ပြိုင်အွန်လိုင်းဂိမ်းတစ်ခုဟု ဆိုနိုင်သည်။
FPS ဂိမ်းတစ်ဂိမ်းက အဓိက အချက်က ဂိမ်မာများကို တစ်ယောက်ယောက်နဲ့တစ်ယောက် ယှဥ်ပြိုင်တိုက်ခိုက်စေခြင်း ဖြစ်သည်။ သို့သော် ဒေါင်းလုတ်ပမာဏ ရာချီသာရှိပြီး ကစားသူ ဆယ်ဂဏန်းသာရှိနေပါက ဘယ်လို ယှဥ်ပြိုင်ရမည်နည်း။ စကေးခြင်း မတူညီသည့် ကစားသမားများနှင့် တစ်ပွဲတည်းကျသွားသောအခါ ယှဥ်ပြိုင်စရာ ကစားသမားများပင် လုံလုံလောက်လောက် မရှိနိုင်တော့ပါ။
ဒီဂိမ်မာအားလုံးကို ကွန်ပျူတာနှင့် ယှဥ်ကစားခိုင်းလျှင်လည်း အဓိပ္ပာယ်မရှိလှပေ။
သို့သော်လည်း BULLET HOLE နှင့် တခြား FPS ဂိမ်းများလိုမဟုတ်ဘဲ သမုဒ္ဒရာရဲတိုက်တွင် ဂိမ်းဇာတ်ကြောင်းတစ်ခုရှိပြီး တစ်ယောက်တည်း ကစားနိုင်သော ဂိမ်းလည်း ဖြစ်သည်။
သို့သော်လည်း ဂိမ်းဇာတ်ကြောင်းတစ်ခုတည်းနဲ့ အချိန်အကြာကြီး ကစားမှုကို ထိန်းသိမ်းမထားနိုင်ဘဲ ဂိမ်မာတွေလည်း ရိုးအီသွားလိမ့်မည်။
ထို့အပြင် Counter Strike ကို သဘောကျသော ဂိမ်မာများမှာ ဂိမ်းဇာတ်ကြောင်းထက် PvP modes များကိုသာ သဘောကျတတ်ကြပါသည်။
ခြုံပြောရလျှင် ယခုအခြေအနေမှာ သိပ်မကောင်းလှပါ။
သမုဒ္ဒရာရဲတိုက်၏ ဒေါင်းလုတ်ရာဂဏန်းမှာ အခမဲ့ဂိမ်းဖြစ်နေကြောင့်လည်း ဖြစ်သည်။ တစ်ကိုယ်တောင်ဂိမ်းအဖြစ် ရောင်းချပါက အနည်းဆုံး ယွမ် ၃၀ မှ ၅၀ အထိ ကုန်ကျနိုင်ပြီး ဒေါင်းလုတ်ပမာဏ ပိုနည်းပါးသွားနိုင်ပါသည်။
သမုဒ္ဒရာရဲတိုက်ကို ဘာကြောင့် အခမဲ့ဂိမ်းအဖြစ် သတ်မှတ်လိုက်ရတာလဲဆိုတာကတော့... ဖေးချမ့် တစ္ဆေစစ်သူကြီးမှ သင်ခန်းစာ ယူခဲ့သောကြောင့်ဖြစ်သည်။
တစ္ဆေစစ်သူကြီးဂိမ်းမှာ လူကြိုက်များပြားလှသဖြင့် ကစားသမားနှုန်း ဆက်တိုက်တက်သွားခဲ့ပြီး လစဥ် ကစားသမားအသစ် သိန်းနဲ့ချီပြီးရောက်လာစေပါသည်။
ထိုဂိမ်မာတစ်ယောက်ချင်းဆီတိုင်းမှ ရသည့် ထပ်တိုး ၁၀ ယွမ်မှာ ဖေးချမ့်မေ့ထားလို့ရသည့် အရာမဟုတ်ပေ။
အစကတော့ ထိုစျေးနှုန်းကို မွဲနေသည့် ဂိမ်မာများအတွက် အတားအဆီးတစ်ခုဖြစ်စေအောင် သတ်မှတ်ခဲ့သည်။ သို့သော်လည်း သူထင်တာနဲ့လွဲပြီး အရင်းအနှီးနိမ့်သော်လည်း အမြတ်ငွေ အများကြီးရခဲ့သည်။
ထိုနာကျင်စရာ အတွေ့အကြုံကြောင့် ဖေးချမ့်က သမုဒ္ဒရာရဲတိုက်အတွက် ဘာစျေးနှုန်းမှ မသတ်မှတ်ရန် ဆုံးဖြတ်လိုက်ပါသည်။
ဂိမ်းက လုံးဝ အခမဲ့ဂိမ်းဖြစ်သည်။ ဒီလိုဆို သူတို့ ဒေါင်းလုတ်ပမာဏ တချို့ ရလာခဲ့ရင်တောင် ထိုဂိမ်မာများထံမှ ဖေးချမ့် ဘာငွေမှ ရမှာ မဟုတ်တော့ပေ။
ဆန့်ကျင်ဘက် အနေဖြင့် ၈၈၈ ယွမ်တန် Epic လက်နက်များကြောင့် သူနာမည်ဆိုးရနိုင်ပြီး ဂိမ်မာများ၏ အပြစ်တင်မှုကြောင့် တခြားသူများကို သမုဒ္ဒရာရဲတိုက်အား မကစားရန် တားဆီးပြီးသားဖြစ်သွားနိုင်ပါသည်။
တစ်ချိန်တည်းမှာပင် ဂိမ်မာအများစုကလည်း ထိုလက်နက်များကို တတ်နိုင်မှာ မဟုတ်ပေ။
ဘာကြောင့် ဂိမ်းကို လုံးဝ အခမဲ့ မလုပ်လိုက်ရတာလဲဆိုတာကတော့...
ဖေးချမ့်လည်း ဒီလိုမဖြစ်ချင်ဘဲနေပါ့မလား။
သို့သော် စနစ်က ခွင့်ပြုမှာ မဟုတ်ပါ။
ဂိမ်းသာ အခမဲ့ဂိမ်းတစ်ခုဖြစ်ပြီး ဂိမ်းထဲဝင် ဝယ်ယူနိုင်သော ပစ္စည်းများသို့မဟုတ် ကြော်ငြာခများမရပါက ယုတ္တိမရှိတော့ဘဲ ဖေးချမ့် အခမဲ့ပေးကမ်းဖို့ ဂိမ်းလုပ်ဖို့အတွက် ငွေဖြုန်းခြင်းနှင့် ညီမျှသွားလိမ့်မည်။
လုံးဝ ညစ်ပတ်ခြင်းဖြစ်သွားပြီး စနစ်သဘောတူမှာမဟုတ်သည့် စည်းကမ်းဖောက်ဖျက်မှု ဖြစ်သွားလိမ့်မည်။
မဟုတ်ပါက ဖေးချမ့် ငွေဖြုန်းတီးဖို့ အရမ်း လွယ်ကူသွားပါလိမ့်မည်။ စျေးပေါပေါဖြင့် ရောင်းနိုင်သည့် ထုတ်ကုန်တချို့ကို ဖန်တီးနိုင်ပါက သူစိတ်တိုင်းကျ ငွေဖြန်းတီးနိုင်လိမ့်မည်။
သေချာပေါက် စနစ်က ဒီလိုသိသာသည့် Loophole မျိုးကို ဖေးချမ့်အား အသုံးချခွင့် ပေးမှာမဟုတ်ပေ။
ထို့ကြောင့် ထုတ်ကုန်၏ ရောင်းစျေးဖြစ်ဖြစ်၊ ဂိမ်းထဲက ပစ္စည်းများ၏ ဝယ်ယူမှုစျေးပဲဖြစ်ဖြစ် အမြတ်ငွေရနိုင်မည့် ပုံံစံတစ်ခုကို ဒီဇိုင်းရေးဆွဲရသည်။ ဒါမှ စနစ်၏ သတိပေးချက်ကို ရမည်မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဖေးချမ့်က သမုဒ္ဒရာရဲတိုက်၏ အခြေအနေများကို ခိုင်ခိုင်မာမာ ကိုင်တွယ်ထားနိုင်ပြီးဖြစ်သည်။
သမုဒ္ဒရာရဲတိုက်ဂိမ်းအတွက် ကာကွယ်မှု သုံးဆင့်ရှိ၏။
ပထမဆုံး မားကတ်တင်း ဆင်းဖို့ အစီအစဥ်မရှိသောကြောင့် ဂိမ်း၏ စိတ်ဝင်စားစရာကောင်းမှု လျော့ကျသွားလိမ့်မည်။
ဒုတိယက ဂိမ်း၏ အမြတ်ငွေပုံစံမှာ ၈၈၈ ယွမ် တန်သော Epic လက်နက်များနှင့်သာဆို သေချာပေါက် အရှုံးကြီး ရှုံးပါလိမ့်မည်။ သမုဒ္ဒရာရဲတိုက်အတွက် နာမည်ဆိုးများလည်း ထွက်လာနိုင်၏။
တတိယက သမုဒ္ဒရာရဲတိုက်မှာ သူ့ထက် ပိုသာလွန်သည့် ဂိမ်းတစ်ခုဖြစ်သော Bullet Hole နှင့် ယှဥ်ပြိုင်ရမည်ဖြစ်သည်။
လောလောဆယ် ပထမဆုံး ကာကွယ်မှုအဆင့်ကို အသုံးချထားပြီးပြီဖြစ်သည်။
ထို့ကြောင့်လည်း ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့ ဒုက္ခများနေကြခြင်းဖြစ်၏။
သူတို့နှစ်ယောက်စလုံးလည်း သမုဒ္ဒရာရဲတိုက်၏ အခြေအနေကို အာရုံတစိုက် စောင့်ကြည့်နေကြ၏။ ဘာပဲဖြစ်ဖြစ် ဒါက သူတို့ ကြိုးစားပမ်းစား လုပ်ခဲ့ကြရသော ထုတ်ကုန်တစ်ခုဖြစ်ပြီး ဘော့စ်ဖေး၏ သူတို့အပေါ်ထားသော ယုံကြည်မှု၏ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့ရသည်။
ဂိမ်းသာ မအောင်မြင်ရင် ဘော့စ်ဖေး စိတ်မပျက်သွားနိုင်ဘူးလား။
သူတို့ ဒီလိုဖြစ်ခွင့် ပြုလိုက်လို့ မဖြစ်ပါ။
ဟွမ်းစစ်ပေါ်က တွန့်ဆုတ်နေပြီး သူပြောတော့မည့် အရာကို ပြောသင့်သလား မပြောသင့်သလား စဥ်းစားနေပါသည်။
သို့သော်လည်း စဥ်းစားချင့်ချိန်ပြီးနောက် သူ့စိတ်ရှိသည့်အတိုင်း ပြောဖို့ ဆုံးဖြတ်လိုက်သည်။
"ညီအစ်ကိုပေါင် ဘော့စ်ဖေးက သမုဒ္ဒရာရဲတိုက်ကို မားကတ်တင်းဆင်းဖို့ အစီအစဥ်လုံးဝ မရှိဘူးလို့ မထင်ဘူးလား။ သမုဒ္ဒရာရဲတိုက်ရဲ့ ဒေါင်းလုတ်ပမာဏက ဒီလောက်ထိ ဆိုးရွားစရာ အကြောင်း မရှိဘူးလေ ဟုတ်တယ်မလား"
သူပြောလိုက်သည့်စကားက ဘော့စ်ဖေးအပေါ် မလေးစားရာ ကျနိုင်သော်လည်း ဖြစ်နိုင်ခြေရှိသည့်အရာဖြစ်သည်။
ခုခေတ်တွင် ပြည်တွင်းဂိမ်းများ အောင်မြင်နိုင် မအောင်မြင်နိုင်ခြင်းက မားကတ်တင်း လမ်းကြောင်းများပေါ်တွင်သာ မူတည်နေပါသည်။
အမှိုက်သရိုက်ဂိမ်းများကတောင် ထိုကဲ့သို့ ဦးနှောက်ကျင်းသည့် မားကတ်တင်း ကမ်ပိန်းများကို အသုံးချရင်း ဂိမ်မာများကို ဆွဲဆောင်တတ်ကြသည်။
အမှန်ပင် ထိုဆွဲဆောင်ခံရသည့် ဂိမ်မာများကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ကလည်း နောက်ထပ် ပြဿနာတစ်ခုဖြစ်သည်။
သို့သော်လည်း အနည်းဆုံးတော့ မားကတ်တင်း သေချာလုပ်ပြီး ငွေသုံးဖို့ စီစဥ်ထားပါက အမှိုက်သရိုက်ဂိမ်းများကတောင် စိတ်ဝင်စားမှုတချို့ ဖန်တီးနိုင်ပါသည်။
သို့သော်လည်း အွန်လိုင်းပေါ်ကို တစ်နေကုန် ရောက်ပြီးတာတောင် ဒေါင်းလုတ်ပမာဏ ရာဂဏန်းသာ ရှိသေးသည့် ဂိမ်းကတော့ အဓိပ္ပာယ်မရှိပါ။
ပေါင်ရှုက ဟွမ်းစစ်ပေါ်ကို ကြည့်လိုက်သည်။ "ညီအစ်ကိုဟွမ်။ ဘော့စ်ဖေးကို မေးခွန်းမထုတ်ပါနဲ့ ဝေ့ပေါ်ကိုသုံးပြီး တစ္ဆေစစ်သူကြီးကို မားကတ်တင်း ဆင်းနိုင်တဲ့ လူတစ်ယောက်က သေချာပေါက် ဒီနယ်ပယ်မှာ ဆရာတစ်ဆူပဲ ဖြစ်မှာပဲ။ မားကတ်တင်းရဲ့အရေးပါမှုကို သူမသိဘဲ နေမလား"
ဟွမ်းစစ်ပေါ် ခေါင်းတိုသွားပါသည်။
သူပြောတာလည်း မမှားပါ။
သို့သော်လည်း သမုဒ္ဒရာရဲတိုက်က ဒီလို ဆိုးဆိုးရွားရွား အခြေအနေမျိုးတွင် ရောက်နေသဖြင့် ဘာမားကတ်တင်းမှ လုပ်မထားတာ သေချာနေသည်။
ဟွမ်းစစ်ပေါ်သည် တမင်တကာပင် အွန်လိုင်းပေါ်တွင် ရှာကြည့်သေးသည်။ သမုဒ္ဒရာရဲတိုက်ဂိမ်းက တခြား ဂိမ်းပလက်ဖောင်းများပေါ်တွင် မရှိရုံသာ မကဘဲ ကြော်ငြာခြင်း သို့မဟုတ် မားကတ်တင်း ဆင်းခြင်းများ တစ်ခုမှမရှိပါ။
ဘော့စ်ဖေးက မဟာ လှုရှားမှုတစ်ခုကြီး လုပ်ဖို့ စောင့်နေတာမျာားလား။
ဟွမ်းစစ်ပေါ်၏ ရှုပ်ထွေးနေသော စိတ်အခြေအနေကို ဖတ်နိုင်နေသလိုမျိုး ပေါင်ရှုက ပြောလိုက်သည်။
"ငါတို့ ဘော့စ်ဖေးကို ယုံကြည်ဖို့ပဲ ရှိတော့မယ် ထင်တယ်။ သူငါတို့ကို မားကတ်တင်းကိစ္စ စိတ်မပူဖို့ပြောရင် ငါတို့စိတ်ပူစရာ မလိုပါဘူး"
"အေး အဲ့လိုဆိုလည်း မှတ်တာပဲ" ဟွမ်းစစ်ပေါ်က ပေါင်ရှု၏ အမြင်ကို သဘောတူလိုက်သည်။
သူတို့က ဘော့စ်ဖေးလို ဉာဏ်ကြီးရှင်မျိုးအတွက် စိတ်ပူပေးနေရမည့် အဆင့်အတန်းမျိုး မဟုတ်ပါ။
သည်လိုနှင့် ဟွမ်းစစ်ပေါ်လှည့်ပြန်သွားခဲ့သည်။
၁၀ မိနစ်ကြာသောအခါ သူပြန်ရောက်လာခဲ့၏။
"ဒီတစ်ခေါက်က မားကတ်တင်းကြောင့် မဟုတ်ဘူး" ဟွမ်းစစ်ပေါ်က ရှင်းပြလိုက်သည်။
"နောက်ဗားရှင်းတွေကြောင့်ပဲ"
"ဟင် ရှင်းပြပါဦး ညီအစ်ကိုဟွမ်" ပေါင်ရှုက ခေါင်းငြိမ့်လိုက်သည်။
ဟွမ်းစစ်ပေါ်က ခေတ္တတိတ်ဆိတ်သွား၏။ "အင်း အခု သမုဒ္ဒရာရဲတိုက်ဂိမ်းရဲ့ တရားဝင် ဗားရှင်းက ပြီးသွားပြီဆိုတော့ ပုံမှန် ဖန်တီးမှု အချိန်ဇယားတွေအရဆို ငါတို့ နောက်ဗားရှင်းကို လုပ်ဖို့ ပြင်ဆင်နေသင့်ပြီ"
"ဟုတ်ပြီ ဟုတ်ပြီ အဲ့တော့" ပေါင်ရှုက ဘာတွေဖြစ်နေသလဲ နားမလည်သေးချေ။
လောလောဆယ် ဂိမ်းတစ်ခု ဖန်တီးခြင်းအပေါ် သူ့အသိပညာက အများဆုံး တစ်ဝက်တစ်ပြတ်သာ ရှိနေသေးသည်။ ဘာပဲဖြစ်ဖြစ် ဟွမ်းစစ်ပေါ် လိုချင်တာကိုပဲ သူပြောင်းလဲပြုပြင်ပေးမည်ဖြစ်သည်။