အခန်း(၅၉) စမ်းသပ်ခံကြွက်တွေလိုတယ်
Vol. 4 Ch. 59
အခန်း(၅၉) စမ်းသပ်ခံကြွက်တွေလိုတယ်
ပုံမှန်ဆို ဂိမ်းကုမ္ပဏီတစ်ခု၏ ဂိမ်းဖန်တီးအဖွဲ့မှာ ကစားသမားများသည် လက်ရှိ ကစားနေသည့် ဗားရှင်းထက် တစ်ဆင့်ပိုမြင့်သည့်ဗားရှင်း တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို ဆောင်ရွက်နေရတော့မည်ဖြစ်သည်။
ဥပမာအားဖြင့် ဂိမ်မာများက ဗားရှင်း ၁.၀၁ ကိုကစားနေပါက စမ်းသပ်အဖွဲ့မှာ ၁.၀၂ကို စမ်းသပ်နေလောက်ပြီဖြစ်ပြီး ဂိမ်ဖန်တီးအဖွဲ့က ၁.၀၃ ကိုပြုလုပ်နေလောက်ပြီဖြစ်သည်။ တကယ်တော့ ၁.၀၄ ကိုပါ အချိန်စာရင်းထဲ ထင့်ထားပြီးလောက်ပါပြီ။
သို့သော်လည်း အမှန်ပင်။ ဒါက Update ခဏခဏ များသော ဂိမ်းများအတွက်သာဖြစ်သည်။
Update နည်းသော ဂိမ်းများအတွက်ဆိုရင်တောင် ဂိမ်းဖန်တီးအဖွဲ့က ဗားရှင်းတစ်ခုလောက် စောစော ထုတ်ထားမည်ဖြစ်သည်။
ဂိမ်းကို ဖန်တီးပြီးနောက် နောက်ထပ် တစ်ဆင့်ကို အမြန်ကူးပြောင်းတာ ပုံမှန်ပဲဖြစ်သည်။ မဟုတ်ပါက ဂိမ်းဖန်တီးအဖွဲ့ ဘာမှလုပ်စရာမရှိလောက်တော့ပေ။
ထို့ကြောင့်လည်း ဟွမ်းစစ်ပေါ်က ယခင်အတွေ့အကြုံများအရ နောက်ထပ် ဖန်တီးမည့်အဆင့်ကို စတင် စီစဥ်သင့်ပြီဟု ခံစားနေရခြင်းဖြစ်သည်။ အစီအစဥ်ဆွဲသူချုပ် တစ်ယောက် အနေဖြင့် သူ့အလုပ်တစ်စိတ်တစ်ဒေသလည်း ဖြစ်နေပါသည်။
ဘော့စ်ဖေး နောက်ထပ် ဗားရှင်းကို တွေ့ချင်သည်ဟု ပြောကာမှ စလုပ်လျှင် တာဝန်ဝတ္တရား အလွန်ပျက်ကွက်ရာ ကျပါလိမ့်မည်။
ပေါင်ရှုကလည်း ကန့်ကွက်စရာမရှိဘဲ သဘော တူလိုက်ပါသည်။
"ဒါပေမဲ့ အခုပြဿနာက... အစီအစဥ်က ဘာလဲဆိုတာတောင်မသိဘူး။ ငါတို့ ဘာတွေ ပြောင်းလဲပြီး ဘယ်လမ်းစဥ်အတိုင်းလိုက်ရမလဲ ဆိုတာတောင် ငါမသိဘူး" ဟွမ်းစစ်ပေါ်က သူ့ဒုက္ခများကို ရှင်းပြလိုက်ပါသည်။
ဗားရှင်းအသစ်အတွက် ကဏ္ဍနှစ်ခုရှိ၏။
ပြုပြင်ပြောင်းလဲခြင်းနှင့် ထပ်တိုးချဲ့ခြင်းဖြစ်သည်။
ပထမဆုံး အရင်ဗားရှင်းမှာ ရှိနေသည့် Bugs များနှင့် Loopholes များ၊ အဓိပ္ပာယ်မရှိသော အပိုင်းများကို ဖယ်ထုတ်ရမည်။ ဒုတိယက ကစားပုံအသစ်များ၊ မြေပုံများ၊ အကြောင်းအရာအသစ်များကို ထည့်သွင်းရမည်။ ဒါမှ ဂိမ်းက ပိုကျယ်ပြန့်လာပြီး ပိုတိုးတက်လာမည်ဖြစ်သည်။
သို့သော်လည်း အခုတော့ ဟွမ်းစစ်ပေါ်၏ ပြဿနာမှာ သမုဒ္ဒရာရဲတိုက်က အခု သူနဲ့ ပေါင်ရှုတို့ ပြီးပြည့်စုံသည်ဟု ထင်ထားသည့် အခြေအနေသို့ ရောက်နေသောကြောင့်ပင်။ ပြင်စရာလိုသည့် Bugs များ ဒီဇိုင်းအပြစ်များ ဘာမှရှိပုံမပေါ်ပါ။
Content အသစ်များ ဖန်တီးဖို့ကတော့...
ရိုးရိုးသားသားပြောရလျှင် လက်ရှိ Content လောက်နဲ့ လုံလောက်နေပါပြီ။
ဂိမ်းဇာတ်ကြောင်းတစ်ခု၊ PvP mode တစ်ခုရှိပြီး ဇီဝဓာတု၊ တစ္ဆေ၊ ဗုံးထောင်ခြင်း စသည့် Mode မျိုးစုံ ကစားနည်းမျိုးစုံလည်း ရှိနေပါသေးသည်။
လောလောဆယ်တော့ သူတို့ထပ်ထည့်လို့ရသည့် အသစ်အဆန်း ဘာမှရှိမနေပါ။
လက်ရှိ အရာများကိုတောင် ကစားသမားများ မရိုးအီခင် မော်ဒယ်နှင့် မြေပုံအသစ်များကို ဖန်တီးလိုက်ပါက ဖင်မနိုင်ဘဲ ပဲကြီးလှော်စားရာ ကျမသွားဘူးလား။
ဒါက သူ့လုပ်နိုင်စွမ်းထက် ကျော်လွန်နေသဖြင့် ပေါင်ရှုလည်း ဒုက္ခများနေပါသည်။
ဂိမ်းကစားတာတော့ သူလုပ်နိုင်သည်။
သို့သော် ဂိမ်းအတွက် အစီအစဥ်ဆွဲဖို့ကိုတော့ သူဘယ်လိုလုပ်ရမလဲ မသိပါ။
"ငါလည်း အဲဒီအကြောင်းမသိဘူး ညီအစ်ကိုဟွမ်။ ငါတို့ဘယ်လိုဆက်လုပ်သင့်တယ်လို့ မင်းထင်လဲ"
ပေါင်ရှုက မေးလိုက်၏။
ဟွမ်းစစ်ပေါ်က ခေတ္တစဥ်းစားလိုက်ပါသည်။
"ဝါရင့်ဂိမ်မာကြီးတွေကို ငှားပြီး ဂိမ်းကို စမ်းသပ်ကစားကြည့်ခိုင်းသင့်တယ်လို့ ထင်တ်ယ်။ ဒါမှ သူတို့ရဲ့ အထင်အမြင်နဲ့ အကြံပေးချက်တွေကို ကြားနိုင်မှာ"
"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ညီအစ်ကိုပေါင်။ မင်းရဲ့ အမြင်က မလုံလောက်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီဂိမ်းက ငါတို့ကိုယ်တိုင် လုပ်ထားတဲ့ဂိမ်းလေ။ အဲဒါကြောင့် တတ်နိုင်သမျှ တခြားဂိမ်မာတွေကို တတ်နိုင်သမျှ အများဆုံးရှာတာ ကောင်းမယ်လို့ထင်မိတာပါ။ နမူနာရဲ့ အရွယ်အစားက ပိုကြီးလေလေ ဒေတာက ပိုတိကျလေလေပဲလေ"
ပေါင်ရှုက ကန့်ကွက်စရာမရှိပေ။ ဟွမ်းစစ်ပေါ် ပြောတာ အဓိပ္ပာယ်ရှိသည်ဟု ထင်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်ပါသည်။
သူက ဂိမ်း၏ မျှခြေနှင့် လက်တိကျမှုတို့တွင် တာဝန်ယူထားရသူဖြစ်သည်။
ဦးတည်ချက်ပြောင်းလဲရမည်ဟု ထင်သည့် သေနတ်တိုင်း သို့မဟုတ် ဘယ်လိုလှုပ်ရှားမှုတိုင်းက ထူးဆန်းသည်ဟု ထင်လိုက်တိုင်း ဟွမ်းစစ်ပေါ်အား ဒီဇိုင်းအဖွဲ့ကို ပြောင်းလဲခိုင်းဖို့အတွက် စီစဥ်ခိုင်းလိုက်ပါသည်။
သို့သော်လည်း ပေါင်ရှုက တစ်ယောက်တည်းသာဖြစ်သည်။ သူဘယ်လောက်ပဲ တော်ပါစေ သူ့ကိုယ်သူ ကိုယ်စားပြုရုံသာ တတ်နိုင်သည်။
ဒီဂိမ်းက သိန်းနှင့်ချီသော ဂိမ်မာများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ကိုယ့်အသားပေးမှုတစ်ခုက တခြားဂိမ်မာများ အားလုံး၏ အမြင်နှင့်ကိုက်ညီလိမ့်မည်ဟု မည်သူက အာမခံနိုင်မည်နည်း။
ထို့ကြောင့် ဟွမ်းစစ်ပေါ်က သူတို့ ဂိမ်မာတချို့ကို ငှားရမ်းပြီး ဂိမ်းကို စမ်းသပ်ကစားခိုင်းကြည့်သင့်သည်ဟု ခံစားရခြင်းဖြစ်သည်။
သူတို့ ပြဿနာများကို ဖယ်ထုတ်နိုင်ပါက နောက်ထပ် ဗားရှင်း ဖန်တီးမှုတွင် တာဝန် ဆက်ပေးကာ ဂိမ်းကို ဆက်ပြီး မြှင့်တင်နိုင်ပါသည်။
ဒီလိုဆို ဟွမ်းစစ်ပေါ်၏ ဂိမ်ဖန်တီးမှု နောက်တစ်ဆင့်ကို စတင်ဖို့ လမ်းစရသွားမည်ဖြစ်သည်။
"ငါသဘောတူပါတယ်။ ဒါပေမဲ့ မင်းက ဘယ်သူ့ကို ရှာမှလဲ။ ငါတို့ဂိမ်းကို အလကားတော့ လာကူညီကစားခိုင်းလို့တော့ မရဘူးမလား။ သူတို့ ကစားချင်ပါ့မလား။ ငါတို့က သူတို့ကို ပိုက်ဆံပေးရမှာလား" ပေါင်ရှုက မေးလိုက်သည်။
"ဟုတ်တယ် အဲဒါလည်း ပြဿနာပဲ" ဟွမ်းစစ်ပေါ်က မျက်မှောင်ကြုတ်သွားသည်။
"စမ်းသပ်ခံကြွက်တွေ ဘယ်လိုရအောင်လုပ်ရမလဲ ငါစဥ်းစားကြည့်ပါဦးမယ်"
...
သူ့စားပွဲသို့ ပြန်ရောက်လာတော့ သူဟွမ်းစစ်ပေါ်လည်း အနည်းငယ် စိတ်ရှုပ်နေပါသည်။
လောလောဆယ် သူတို့ စမ်းသပ်ခံကြွက် တချို့ သို့မဟုတ် အများကြီးကို ဂိမ်းစမ်းကစားခိုင်းဖို့ လိုအပ်နေသည်။
တကယ်တော့ သာမန်ဂိမ်းအများစုက မထုတ်လုပ်ခင် beta စမ်းသပ်သည့်အဆင့် ရှိသေးသည်။
အကြိမ်ပေါင်းများစွာ အကောင်းဆုံး စမ်းသပ်အဖွဲ့များကတောင် Bugs များကို ဘယ်ကမှန်းမသိ ရှာဖွေနိုင်ကြသည့် ထိုဂိမ်မာများကို မယှဥ်နိုင်ကြပေ။
သို့သော်လည်း ဂိမ်းအယ်ဒီတာက သာမန်လို ဖြစ်လာပြီး ESRO ၏ စမ်းသပ်စစ်ဆေးချက် များကလည်း ပိုမြန်လာသဖြင့် ဂိမ်းအများစု၏ စမ်းသပ်အဆင့်များက တိုသွားပြီး Beta စမ်းသပ်မှုအဆင့်ကလည်း လျစ်လူရှုနိုင်သော ကဏ္ဍတစ်ခုဖြစ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဘော့စ်ဖေးက Beta စမ်းသပ်မှု လုပ်ဖို့ မညွှန်ကြားထားပေ။ ထို့ကြောင့် ဟွမ်းစစ်ပေါ်က ဂိမ်းကို စမ်းသပ်စစ်ဆေးခြင်း အဆင့်သို့ တန်းဖို့လိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် သမုဒ္ဒရာရဲတိုက်က Beta စမ်းသပ်မှု မလုပ်လိုက်ရဘဲ ဖြန့်ချီလိုက်ခြင်း ဖြစ်သည်။
ယခုတော့ ဂိမ်းနဲ့ပတ်သက်ပြီး ပြင်ပအမြင်များရရှိဖို့ စမ်းသပ်ခံကြွက်တချို့ကို ငှားရတော့မည်ဟု ခံစားမိသည်။ သို့သော် ပြဿနာက သူတို့ကို ဘယ်မှာသွားရှာရမလဲ ဆိုတာပင်။
သူ့မှာ ဒီ့အတွက် အဆက်အသွယ်လုံးဝ မရှိပါ။
သူ.. ဘော့စ်ဖေးကို အကြံဉာဏ်တောင်းကြည့်လိုက်ရမလား။
ဒါလည်း အဆင်မပြေလောက်ပါ။
ဒီလောက်ရိုးရှင်းသည့် တာဝန်အတွက် ဘော့စ်ဖေး၏ အကြံဉာဏ်ကို တောင်းရလျှင် ရှက်ဖို့ ကောင်းပါလိမ့်မည်။
ဟွမ်းစစ်ပေါ်က ကိုယ့်ကိုယ်ကို ဆက်တိုက်သတိပေးလိုက်သည်။
မင်းက အခု အစီအစဥ်ဆွဲသူချုပ်ဖြစ်နေပြီလေ ဘော့စ်ဖေးက ဒီလို ရိုးရှင်းတဲ့ ပြဿနာ သေးသေးလေးတိုင်းမှာ ကလေးတစ်ယောက်လို သူ့ကိုလာမေးဖို့ ဒီလိုတာဝန်ကြီးတစ်ခု မင်းကို ပေးထားတာမဟုတ်ဘူး။ မင်း အမှီအခို ကင်းကင်းနဲ့ ကိုယ်လုပ်စရာရှိတာာကို သေချာ လုပ်ဖို့အအတွက် ခန့်အပ်ထားတာကွ။
သူ့ကိုဒုက္ခမပေးဘဲ ကိစ္စသေးသေးလေးတွေ အားလုံးကို ကိုယ့်ဖာသာကိုယ်ဖြေရှင်းနိုင်ရင် အကောင်းဆုံးပဲ။
ပြီးတော့ ဘော့စ်ဖေးလည်း စမ်းသပ်ခံ ကြွက်တွေ ဘယ်လိုရအောင်လုပ်မလဲ မသိနိုင်ဘူး။ သူ့မှာ အဆက်အသွယ်ကောင်းကောင်း ရှိတယ်ဆိုပေမဲ့ သူကိုယ်တိုင် စမ်းသပ်ခံကြွက်တွေသွားရှာလို့တော့ မဖြစ်ဘူးမလား။
ထို့ကြောင့် ဟွမ်းစစ်ပေါ်က ဖေးချမ့်၏ အကူအညီကိုယူဖို့ အတွေးကို ပြန်ရုတ်သိမ်းလိုက်ပြီး ညစ်ပတ်သည့် အလုပ်အားလုံးကို သူ့ဖာသာသူလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့သည်။
Qiandu တွင်ရှာဖွေမှု ဘာရလဒ်မှမရတာကို မြင်လိုက်ရသောအခါ ဟွမ်းစစ်ပေါ်က ဒီဇိုင်းအဖွဲ့ဆီသို့ အတွင်းမက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
"ငါတို့ဂိမ်းကို စမ်းသပ်ဖို့ ဂိမ်မာတွေ ရှာချင်တယ်... ဘယ်သူ့မှာ အဆက်အသွယ်ရှိလဲ။ FPS ဂိမ်းအမျိုးအစားရဲ့ ပရိသတ်ကို ရှာနိုင်ရင် အကောင်းဆုံးပဲ။ တချို့အုပ်စုတွေနဲ့ ဆက်သွယ်ပြီး စမ်းသပ်ခံကြွက်တချို့ရနိုင်မလားလို့ တစ်ယောက်ယောက် စမ်းကြည့်ကြပါလား"
"ဟုတ်တာပေါ့ သူတို့ကိုတော့ အသိအမှတ်ပြုမှု ထုတ်ပြရတာပေါ့။ သူတို့ကို ပိုက်ဆံတော့ ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဂိမ်းထဲက Limited Edition သေနတ်တွေ ပေးလို့ ရလောက်တယ်"
ပိုက်ဆံသုံးမည်ဆိုလျှင် စမ်းသပ်ကစားသူများ ရဖို့လွယ်သည်။
သို့သော် ပိုက်ဆံကိစ္စ ပါလာလျှင် ဘော့စ်ဖေးလည်း သေချာပေါက် သိသွားနိုင်ပါသည်။
ဒီလိုအရာမျိုးအတွက် ဘော့စ်ဖေးကို ဒုက္ခမပေးသင့်ဘူးဟု ဟွမ်းစစ်ပေါ် ထင်မိသည်။ သို့သော် သူ့အိတ်ထဲကလည်း စိုက်ပေးလို့ မရသဖြင့် ဂိမ်းထဲက အကျိုးခံစားခွင့်တချို့ကိုသာ ကမ်းလှမ်းပေးလိုက်ရခြင်းဖြစ်သည်။
ထိုဂိမ်းစမ်းသပ်သူများအတွက် အကောင်းဆုံး မက်လုံး မဟုတ်သော်လည်း ဘာမှမပေးတာထက်တော့ ပိုကောင်းပါသေးသည်။
သိပ်မကြာခင် အားလုံး စာပြန်လာခဲ့၏။
ဟွမ်းစစ်ပေါ်လိုပဲ သူတို့အများစုက အဆက်အသွယ် မရှိ သို့မဟုတ် သက်ဆိုင်ရာ လူတွေကိုလည်း မသိကြပါ။
ရှောင်လုက တချို့ Counter Strike ကြိုက်နှစ်သက်သူများ အုပ်စုတွေထဲကို ဝင်ကြည့်ပြီး သူတို့နဲ့ ညှိနှိုင်းကြည့်မည်ဟု အကြံပေးသည်။
သို့သော်လည်း ထိုနည်းလမ်းက မဖြစ်နိုင်ပါ။
သူတို့ ရက်ရက်ရောရော အကျိုးခံစားခွင့်များ မပေးဘဲ နောက်ထပ် FPS ဂိမ်းတစ်ခုကို ကြော်ငြာချင်ရုံလောက်နှင့် ထိုအုပ်စုများထဲသို့ ဝင်သွားပါက အုပ်စု ခေါင်းဆောင်များ၏ ကန်ထုတ်မှုကို ခံရနိုင်ပါသည်။
ထိုအချိန်တွင် လင်းဝမ်က ပြောလိုက်သည်။
"အမ်...ကျွန်မမှာ တချို့ FPS ကြိုက်နှစ်သက်သူများ Group ခေါင်းဆောင်ကြီးတွေနဲ့ အဆက်အသွယ် ရှိပါတယ်။ သူတို့လက်အောက်မှာ Group တစ်ခုနှစ်ခု လောက် ရှိပြီး အဲဒီ Group တွေထဲမှာ ဂိမ်မာတွေ ထောင်ချီပြီးရှိတယ်"
ဟွမ်းစစ်ပေါ်က အမြန်မေးလိုက်၏။ "ဒါဆို သူတို့ကို ကပ်လို့ရမလား။ အဲလေ အကူအညီတောင်းလို့ ရမလားလို့ မေးတာပါ"
ငယ်ငယ်ရွယ်ရွယ် ကလေးမလေးတစ်ယောက်ကို မသင့်တော်သည့် စကားလုံးများ ပြောလိုက်မိသဖြင့် ချက်ချင်း ပြန်ပြင်လိုက်သည်။
သို့သော်လည်း လင်းဝမ်က စိတ်မရှိပါ။ "ရပါတယ်။ ကျွန်မက သူတို့နဲ့ ရင်းနှီးပြီး အရမ်း မခက်ခဲပါဘူး"
ဟွမ်းစစ်ပေါ်က သိချင်နေဆဲဖြစ်သည်။ "မင်း အဲဒီ Group ခေါင်းဆောင်တွေနဲ့ ဘယ်လိုသိတာလဲ"
အဓိပ္ပာယ်မရှိပါ။
လင်းဝမ်က FPS အမျိုးအစား၏ ပရိသတ် မဟုတ်ဘဲ ဟုတ်ခဲ့ရင်တောင် ဒီလောက်များသည့် Group ခေါင်းဆောင်များကို သိနေစရာ အကြောင်းမရှိပါ။
သူမ ရှင်းပြလိုက်သည်။
"သြော် ကျွန်မ ဆန်းစထရိုက်ခ် စတူဒီယိုမှာ အလုပ်သင်လုပ်နေတုန်းက Bullet Hole အတွက် ကျွန်မတို့ ပရောဂျက် Group က အမာခံ FPS ဂိမ်မာတွေကို လိုက်ရှာခဲ့ရတယ်လေ။ စမ်းသပ်ကစားသူတွေ လုပ်ခိုင်းဖို့ပေါ့။ ကျွန်မက သူတို့နဲ့ ညှိနှိုင်း ဆွေးနွေးဖို့ တာဝန်ယူခဲ့ရတာ"