← Chapters

အခန်း(၆၀) ၈၈၈ ယွမ်တန် Epic လက်နက်

Vol. 4 Ch. 60

အခန်း(၆၀) ၈၈၈ ယွမ်တန် Epic လက်နက်

Vol. 4 Ch. 60

အခန်း(၆၀) ၈၈၈ ယွမ်တန် Epic လက်နက်

ဟွမ်းစစ်ပေါ် ပီတိဖြာပြီး ဝမ်းသာသွားရသည်။

ဒါကြောင့်ကိုး။

လင်းဝမ်သည် ဆန်းစထရိုက်ခ် စတူဒီယိုမှာ ရှိနေခဲ့စဥ်တုန််းက FPS ဂိမ်းတစ်ခုဖြစ်သည့် Bullet Hole ကို ဖန်တီးရာတွင် ပါဝင်ခဲ့သည်ဆိုတာကို သူမေ့လုနီးပါး ဖြစ်သွားခဲ့သည်။

ထိုတုန်းက လင်းဝမ်မှာ အလုပ်အတွေ့အကြုံ များများစားစား မရှိသည့် အလုပ်သင်တစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့်လည်း ကျိုးမူယွမ်က သူမကို FPS ဂိမ်းစမ်းသပ်ကစားသူများနှင့် ညှိနှိုင်းဖို့ တာဝန်ကိုသာ ပေးခဲ့ခြင်းဖြစ်သည်။

ထိုစမ်းသပ်သူများက ဆန်းစထရိုက်ခ်စတူဒီယိုမှာ ကိုယ်တိုင် အလုပ်လာလုပ်ဖို့ မလိုအပ်ပေ။ သူတို့လုပ်ဖို့လိုတာဆိုလို့ အိမ်မှာ စမ်းသပ်ကိရိယာများကို အရယူပြီး ဂိမ်းကစားကြည့်ရန်ဖြစ်သည်။

ထို့နောက် သူတို့၏ ဂိမ်းအတွေ့အကြုံကို အသေးစိတ်ရေးသားပြီး လင်းဝမ်ထံသို့ အကြံပေးချက်အဖြစ် ပေးပို့လိမ့်မည်။ ထိုအခါ သူမက ပြန်စီစဥ်ပြီး ပရောဂျက် အဖွဲ့သို့ ပြန်ညွှန်ကြားရမည်ဖြစ်သည်။

ထိုအထင်အမြင်များမှတဆင့် ပရောဂျက်အဖွဲ့က Bullet Hole ကို ပြန်လည်ပြင်ဆင်ဖို့ လုပ်ဆောင်ရခြင်းဖြစ်သည်။

ဆန်းစထရိုက်ခ် စတူဒီယိုက အလွန်ချမ်းသာ သဖြင့် စမ်းသပ်ခ ပေးနိုင်သည်။ သို့သော် ထန်းတာ့မှာတော့ ဟွမ်းစစ်ပေါ်က အခမဲ့ရနိုင်အောင် ကြိုးစားနေသည်။

အကြံပေးချက်များကို စီစစ်ရင်း သူတို့နဲ့ မကြာခဏ စကားပြောပြီး သိပ်မကြာခင်မှာပဲ ရင်းနှီးသွားခဲ့ကြသည်။

တစ်နည်းအားဖြင့် လောလောဆယ် ထန်းတာ့လိုအပ်နေသည့် လူများမှာ ဆန်းစထရိုက်ခ် စတူဒီယို၏ ကြိုးစားမှု အသီးအပွင့်များဖြစ်နေပါသည်။

ဒီလိုအားထုတ်စရာမလိုဘဲ ရနိုင်သည့် ရလဒ်အပေါ် ဟွမ်းစစ်ပေါ် ပြောစရာတစ်ခုသာ ရှိပါသည်။

ကောင်းလိုက်တာ။

"ကျေးဇူးပြုပြီး သူတို့ကို ကူညီဆက်သွယ်ပေးပါဦး ဖြစ်နိုင်မယ်ဆိုရင် FPS ဂိမ်းတွေကို သဘောကျတဲ့လူတွေကို လာကစားပြီး စမ်းသပ်ခိုင်းလိုက်ပါ။ စမ်းသပ်ကစားသူတိုင်း Limited Edition ကန္တာရ လင်းယုန်သေနတ်ကို ဂိမ်းထဲက ဆုအနေနဲ့ ရမယ်"

"ပြီးတော့လည်း ဂိမ်းကို တခြားသူတွေကို မိတ်ဆက်ပေးနိုင်တဲ့ ဂိမ်မာတွေကို ပိုကောင်းတဲ့ ဆုတွေပေးမယ်။ ဂိမ်မာ အယောက် ၁၀၀ ကိုခေါ်နိုင်ရင် ရာသက်ပန် Epic လက်နက်တစ်ခု ပေးမယ်လို့"

"ဒါမှမဟုတ် ထူးချွန်တဲ့ စမ်းသပ်ကစားသူတွေကို ရွေးပြီး ဆုအနေနဲ့ Epic လက်နက်တွေကို ပေးလည်းရတယ်"

ဟွမ်းစစ်ပေါ်က စဥ်းစားထားပြီးသားဖြစ်သည်။

ဆုအနေဖြင့် ပိုက်ဆံမပေးသော်လည်း အစီအစဥ်ဆွဲသူချုပ်တစ်ယောက်အနေဖြင့် ဂိမ်း၏ အနောက်ဘက်အပိုင်းကို လုပ်ပိုင်ခွင့် ရှိကာ ဂိမ်မာများကို လက်နက်များနှင့် ဆုလာဘ်များ ပေးနိုင်ပါသည်။

Epic လက်နက်များက တစ်လက်ကို ၈၈၈ ယွမ်ဖြစ်ပြီး စျေးကြီးသော်လည်း ဘာမှမဟုတ်ဘဲ ဂိမ်းကုမ္ပဏီအတွက် ဂိမ်းထဲက ဒေတာတချို့ကလွဲပြီး ဘာမှမဟုတ်ပါ။

ထိုဂိမ်မာများသာ တခြားဂိမ်မာအယောက် ၁၀၀ ကို ခေါ်ယူနိုင်ခြင်း သို့မဟုတ် ဂိမ်းကို ပျက်စီးစေသည့် Bug များတချို့ကို ရှာဖွေနိုင်ခြင်း စသည်တို့ ပြုလုပ်နိုင်ပါက ထိုလူများကို ရာသက်ပန် Epic လက်နက်များ ပေးဖို့ ထိုက်တန်ပါသည်။

"ဟုတ်ပြီ ကျွန်မ တာဝန်သာထား" လင်းဝမ်က ချက်ချင်း သဘောတူလိုက်သည်။

ဒါထန်းတာ့တွင် သူမ ရလိုက်သည့် ပထမဆုံး တာဝန်ဖြစ်ပြီး ခက်လည်း မခက်ခဲပါ။ ထို့ကြောင့် သူမ အကောင်းဆုံး ကြိုးစားရပါမည်။

လင်းဝမ်က Group ခေါင်းဆောင်များကို ချက်ချင်း ဆက်သွယ်လိုက်သည်။

ပထမဆုံး Group ခေါင်းဆောင်က၏ အွန်လိုင်း နာမည်ပြောင်ကBuried Halberd ဖြစ်သည်။

နာမည်အရင်းက ချန်းရှ ဖြစ်ကာ FPS ဂိမ်းများ၏ ဝါရင့်ကြီးတစ်ယောက်ဖြစ်သည်။ Counter Strike  လောကတွင် သူက အတော်လေး နာမည်ကြီးသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကာ ဂိမ်မာ Group တစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။ (သို့မဟုတ် သူ့ပရိသတ်များ၏ Group ဟု ခေါ်လျှင် ပိုမှန်ပါလိမ့်မည်)

သူ့ Group တွင် လူ ၂,၀၀၀ ကျော်ရှိနေပြီး အများစုက အလွန်အမင်း active ဖြစ်ကြပါသည်။

ဆန်းစထရိုက်ခ် စတူဒီယိုက ချန်းရှ၏ အမြင်များကို အလွန်တန်ဖိုးထားပြီး ပြောင်းလဲမှု မျာားစွာကိုလည်း သူကိုယ်တိုင် အကြံပေးဖူးသည်။

သို့သော်လည်း လင်းဝမ်က သူ့နာမည်ကိုသာ သိထာားပြီး လက်တွေ့ဘဝတွင် ငွေမလိုလောက်သည့် လူတစ်ယောက်ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ ဒါတွေကလွဲပြီး သူဘာအလုပ်လုပ်သလဲ စသဖြင့် အသေးစိတ်အချက်အလက်များကိုတော့ သူမ မသိချေ။

"အစ်ကိုမာ ပုန်းမနေဘဲ ကျွန်မကို ဂိမ်းတစ်ခု ကူပြီး စမ်းကစားပေးပါဦး" လင်းဝမ်က ချန်းရှနှင့် ရင်းနှီးသဖြင့် ယဥ်ယဥ်ကျေးကျေး ပြောမနေတော့ဘဲ လိုရင်းရောက်အောင် ပြောလိုက်ပါသည်။

သိပ်မကြာခင် တစ်ဖက်မှ စာပြန်လာ၏။

"Bullet Hole က စမ်းသပ်ပြီးသွားပြီး ဖြန့်ချီတော့မှာ မဟုတ်ဘူးလား။ သူတို့ စမ်းသပ်စရာတွေ ရှိသေးလို့လား" ချန်းရှက ပြန်မေးလိုက်သည်။

လင်းဝမ် ရှင်းပြလိုက်၏။ "Bullet Hole မဟုတ်ဘူး။ တခြားဂိမ်းတစ်ခုပဲ။ ဟုတ်သားပဲ ကျွန်မပြောဖို့ မေ့နေတာ။ ကျွန်မ ဆန်းစထရိုက်ခ် စတူဒီယိုကနေ နုတ်ထွက်လိုက်ပြီ"

"...ဂိမ်းကို ဖြန့်ချီခါနီးမှ ဘာလို့ အလုပ်ထွက်လိုက်တာလဲ။ ဂိမ်းကို ထုတ်လုပ်ပြီးတာနဲ့ ဖန်တီးအဖွဲ့က ဝန်ထမ်းတွေ ဆုတွေအများကြီး ရကြတယ်လို့ ငါကြားတယ်။ နင့်ငွေဝင်ပေါက်ကို နင် ပိတ်လိုက်တာလား"

"ဆုငွေက အဲ့လောက်အရေးမကြီးပါဘူး။ ကျွန်မပြောပြမယ်... ကျွန်မအခုလုပ်နေတဲ့ ကုမ္ပဏီက ဆန်းစထရိုက်ခ် စတူဒီယိုထက် အများကြီးသာတယ်။ ဟုတ်ပြီ အဓိပ္ပာယ်မရှိတာတွေတော်လောက်ပြီ။ အခုကျွန်မကို ဒီဂိမ်း ကူစမ်းပေးပါဦး" လင်းဝမ်က တိုက်တွန်းလိုက်ပါသည်။

"အေးပါ စျေးက ဆန်းစထရိုက်ခ် စတူဒီယိုလိုပဲလား။ စမ်းသပ်ခ တစ်ချီကို ယွမ် ၅၀၀ လား"

"သြော် မဟုတ်ပါဘူး။ စမ်းသပ်ပြီးတဲ့အခါကျရင် ကျွန်မတို့ ရှင့်ကို ဂိမ်းထဲက Limited Edition ကန္တာရလင်းယုန်သေနတ်ကို လက်ဆောင် ပေးသွားမှာပါ" လင်းဝမ်က ပြန်ဖြေလိုက်သည်။

တစ်ဖက်မှ အကြာကြီး စာမပြန်ခဲ့ပါ။

ချန်းရှသည် မှင်သက်သွားခဲ့ရ၏။

'ဒါဘာသဘောလဲ ကွာခြားချက်က မများလွန်းဘူးလား'

'ငါ့ကို အလကားအသုံးချချင်နေတာနဲ့ တူတူပဲ မဟုတ်ဘူးလား'

ဆန်းစထရိုက်ခ်စတူဒီယိုကို ချန်းရှ ကူညီပြီး ဂိမ်းစမ်းသပ်ပေးခဲ့စဥ်က စမ်းသပ်ပြီးနောက် သူပြဿနာ ဘယ်လောက်ပဲ ထုတ်ပြနိုင်ထုတ်ပြနိုင် အရေးမကြီးပေ။ ပြဿနာတစ်ခုလောက် ထုတ်ပြနိုင်ရင်တောင် ယွမ် ၅၀၀ ကို ရသည်။

သူက နတ်ဘုရားအဆင့် ကစားသမားတစ်ယောက် ဖြစ်ပြီး သာမန်ဂိမ်မာများ မပြောနိုင်သည့် လက်တိကျမှု ခြားနားချက်ကို အာရုံခံနိုင်သည်။ သူ့အမြင်က တန်ဖိုးကြီးမားလွန်းလှသည်။

Bullet Hole က ဝါရင့်ကစားသမားများအတွက် ဖန်တီးထားခြင်းဖြစ်ပြီး ချန်းရှန်ကလည်း ထိုအုပ်စု၏ ကိုယ်စားလှယ်လို ဖြစ်နေပါသည်။ ထို့ကြောင့် သူ့အတွက် ပိုများတာက သာမန်သာဖြစ်သည်။

အမှန်ပင်။ ယွမ် ၅၀၀ ကတော့ အနည်းငယ် စျေးကြီးလွန်းပါသည်။ ထိုကုမ္ပဏီအသစ်က ထိုပမာဏကို မပေးနိုင်တာ နားလည်ပေးလို့ ရသည်။

သို့သော် အနည်းဆုံးတော့ ၄၀၀ သို့မဟုတ် ၃၀၀ လောက်ပေးသင့်သည် မဟုတ်လား။

သို့သော် တစ်ခုတည်းသော ဆုလာဘ်က ဂိမ်းထဲက Limited Edition ကန္တာရလင်းယုန်သေနတ်တဲ့လား။

ဒါဟာသလား။ ဘယ်သူက အဲဒီ ကန္တာရလင်းယုန် အစုတ်ပလုတ်ကို ဂရုစိုက်မှာလဲ။

ဒါတွေက ဘာမှမဟုတ်ဘဲ ဂိမ်းထဲမှာ ဖန်တီးထားသည့် ဂိမ်းဒေတာများသာ ဖြစ်သည်။

ချန်းရှသည် အနည်းငယ် စိတ်ရှုပ်သွားသော်လည်း လင်းဝမ်နှင့် ရင်းနှီးမှုကြောင့် ပေါက်ကွဲမပြခဲ့ပေ။

"ပြောပါဦး။ အဲဒီကုမ္ပဏီအသစ်က ကပ်စေး မနည်းလွန်းဘူးလား။ သူတို့က ငါ့ကို စမ်းသပ်ခအတွက် တစ်ပြားတစ်ချပ်တောင် မပေးဘူးလား။ သူတို့တွေက ငါ့ကို အလကားလုပ်ခိုင်းဖို့ ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား" ချန်းရှ ဆွံ့အသွားမိပါသည်။

"ကပ်စေးနည်းတယ်ဟုတ်လား။ မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ရင်းပြီး ဒီကုမ္ပဏီက သေချာပေါက် ကပ်စေးမနည်းဘူးလို့ အာမခံနိုင်ပါတယ်။ သူတို့က ကပ်စေးမနည်းရုံတင် မကဘူး။ အရမ်းကို ရက်ရောကြတယ်"

"အမ်... အခုလောလောဆယ်တော့ အရမ်းယုံချင်စရာ မကောင်းတာ သိပေမဲ့ ကျွန်မ သေချာပေါက် ရှင့်ကို မလိမ်ပါဘူး"

"ဒီလိုဆိုရင်ကော ရှင်အတည်ပေါက် စမ်းသပ်ပေးမယ်ဆိုရင် ဆုလာဘ်အနေနဲ့ ကန္တာရ လင်းယုန် သေနတ်အပြင် ရာသက်ပန် Epic လက်နက်လည်း ပေးဦးမယ်။ ဘယ်လိုသဘောရလဲ" လင်းဝမ်က ချန်းရှကို ဖျောင်းဖျဖို့ အကောင်ဆုံးကြိုးစားနေသည်။

သို့သော် သူကတော့ လုံးဝ စိတ်မဝင်စားသေးပေ။

"နင်ရူးနေလား။ ဒီဂိမ်းထဲက လက်နက်ကို ဘယ်သူက ဂရုစိုက်မှာလဲ။ ပြီးတော့ကော ရာသက်ပန် Epic လက်နက်တစ်ခုက ဘယ်လောက် တန်မှာမို့လို့လဲ အများဆုံး ၂၀၀ မလား။ အဲဒါလည်း ငါ့မျှော်မှန်းပမာဏနဲ့ ယှဥ်ကြည့်ရင်း နည်းတုန်းပဲ။ ၃၀၀ အောက်နည်းရင် မေ့လိုက်တော့လို့ ငါပြောလိုက်မယ်"

"ကျွန်မသိသလောက်တော့ ဂိမ်းထဲမှာ ရာသက်ပန် Epic လက်နက်တွေကို ၈၈၈ ယွမ်နဲ့ ရောင်းနေတာ ထင်တယ်..." လင်းဝမ်က ခေတ္တ စဥ်းစားလိုက်ပြီးမှ စာပြန်လိုက်သည်။

ချန်းရှ : "?"

"??"

"ဘယ်လောက်လို့ ပြောလိုက်တယ်"

"၈၈၈ ဟုတ်လား။ အဲဒါ ဂိမ်းထဲက ပိုက်ဆံလား၊ ယွမ်လား။"

လင်းဝမ် ပြန်ပြောလိုက်၏။

"သေချာပေါက် ယွမ်ပေါ့"

ချန်းရှက သူ့ကွန်ပျူတာနားသို့ ကပ်လိုက်ပြီး သေချာ ရှာကြည့်လိုက်ပါသည်။

အမှန်ပင် ၈၈၈ ယွမ် ကြားတွင် ဒသမ မပါပါ။

အရူးတွေ... ဒီကောင်တွေက အရူးတွေပဲ

Epic လက်နက်ကို ၈၈၈ ယွမ်နဲ့ ရောင်းနေတာလား။

နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပဲ။

ဘယ်လိုအရူးက ဒီလောက်မြင့်တဲ့ စျေးနဲ့ ဝယ်မှာလဲ။

ဒီဂိမ်းကို ဖန်တီးခဲ့တဲ့ကုမ္ပဏီက ယုံချင်စရာ ပိုပိုမကောင်းလာတာ ဘာကြောင့်လဲ။

ချန်းရှသည် အကြာကြီး စာမပြန်နိုင်ခဲ့ပါ။

၂ မိနစ်လောက် ကြာပြီးနောက်။ "ငါ့ကို ဂိမ်းပို့ပေးလိုက်။ ငါ့ကြည့်လိုက်ဦးမယ်။ ငါပြောထားမယ်နော်။ ဒီဂိမ်းက တကယ်စုတ်ပြတ်နေလို့ ငါကူညီပေးဖို့ ငြင်းရင် ငါ့ကို အပြစ်မတင်နဲ့"

တကယ်တော့ လင်းဝမ်၏ စကားလုံးများကို ချန်းရှ မယုံကြည်ပါ။

၈၈၈ ယွမ်တန်သည့် epic လက်နက်မှာ ဘယ်လိုပုံစံမျိုးလဲဆိုတာကို ကြည့်ချင်ခြင်းသာ ဖြစ်၏။

"ဂိမ်းရဲ့နာမည်က သမုဒ္ဒရာရဲတိုက်တဲ့။ တရားဝင် ဂိမ်းပလက်ဖောင်းက ဒေါင်းလို့ ရနေပြီ" လင်းဝမ်က ယုံကြည်ချက်များ ပြည့်ဝနေ၏။

"စိတ်မပူပါနဲ့။ ကျွန်မကိုယ်တိုင် မကစားကြည့်ရသေးပေမဲ့ သေချာပေါက် အောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်လာမယ်ဆိုတာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဂိမ်းကို ဖန်တီးတဲ့လူက ပြည်တွင်းဂိမ်းလောကမှာ အမြော်အမြင်အရှိဆုံးနဲ့ ပါရမီအရှိဆုံး ဒီဇိုင်နာမို့လို့ပဲ"

ချန်းရှ : "..."

'အမြော်အမြင်အရှိဆုံးနဲ့ ပါရမီအရှိဆုံး ဒီဇိုင်နာ' ဆိုတာကြီးကို သူသိပ်ပြီးမယုံကြည်ပါ။

ထို့အပြင် ဂိမ်း၏ နာမည် သမုဒ္ဒရာရဲတိုက်ဆိုတာကို ကြားလိုက်ရကတည်းက ဆွံ့အသွားခဲ့သည်။

ထိုနာမည်ကို မြင်လိုက်သောအခါ ဒီဂိမ်း တော်တော်လေးကို စုတ်ပြတ်လိမ့်မည်ဟူသော နိမိတ်မကောင်းသည့် ခံစားချက်မျိုးကြီး ရနေမိသည်။

All Chapters