← Chapters

အိပ်မရသောည

Vol. 27 Ch. 397

အိပ်မရသောည

Vol. 27 Ch. 397

*လခနဲ့ အချိန်ကို ညှိနှိုင်းမလို့လား*

*တစ်ဖက်လူက တကယ် စိတ်ရင်းနဲ့ ပြောနေတဲ့ပုံပဲ*

*ဒီရှိုးပွဲက ငါ့ကို တစ်နည်းနည်းနဲ့ လှည့်စားဖို့ ကြိုးစားနေတာများလား*

ရဲ့လင်းချန်သည် အလုံးစုံကို စဉ်းစားကြည့်ပြီးနောက် ပြန်မေးလိုက်သည်။

“ခင်ဗျားတို့ရဲ့ ရှိုးက ဘာနာမည်လဲ သိလို့ရမလား၊ ကျွန်တော့်ကို ခင်ဗျားက ဘာအတွက် လိုအပ်တာလဲ”

“ကျွန်မတို့ အစီအစဉ်ရဲ့ နာမည်က ဘဝ၏ ရုန်းကန်ခြင်းပါ”

လီလီဟွာက စပြောပြသည်။

“အဓိက အကြောင်းအရာက အကြမ်းအားဖြင့် ဘဝအကြောင်းပါ၊ နေရာကို လှပတဲ့ ကျေးလက်ဒေသကို ရွေးထားပါတယ်၊ ရှင့်အပြင် အခြား နာမည်ကြီး ဧည့်သည်တွေ အများကြီး ပါမှာပါ၊ အဲ့ဒါက အထူး ဖိတ်ကြားခြင်း ဒါမှမဟုတ် ပုံမှန် ပါဝင်ခြင်း ဖြစ်နိုင်ပါတယ်၊ ရှင့်အနေနဲ့ ကျေးလက်မှာ ကိုယ့်ဘာသာကိုယ် ပြည့်စုံအောင် လုပ်ဖို့ လိုပါတယ်၊ အစီအစဉ်က တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပြီးတော့ နေရာပေါင်းစုံက ရိုက်မှာပါ၊ ပြီးရင်တော့ တည်းဖြတ်မှုအချို့ လုပ်ပြီးတာနဲ့ တီဗွီကနေ လွှင့်မှာပါ”

“အဲ့လိုလား”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ဘယ်သူတွေ ပါမလဲ ပြောလို့ရမလား”

ရဲ့လင်းချန်သည် ပျင်းရိလွန်းနေသဖြင့် ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။ သူသည် အနုပညာလောကမှ လူများကို အနည်းငယ် အာရုံစိုက်ပါသည်။ အကယ်၍ တစ်ဖက်လူက သူ ဘယ်သူမှန်းမသိသောလူများကို ပြောလျင်တောင်မှ သူ သိချင်မိသည်။

“ကျွန်မတို့ အထူးဧည့်သည်တော်တွေအကြောင်းကို လျှို့ဝှက်ထားဖို့ လိုအပ်ပါတယ်၊ ဒါပေမဲ့ ပုံမှန် ပါဝင်မယ့် သူတွေက ဟွမ်လေ့၊ ဟယ်ကျားနဲ့ ဝေ့တရွှင်းဆိုတာကိုတော့ ကျွန်မ ပြောပြနိုင်ပါတယ်”

လီလီဟွာက ပြုံးနေသည်။

“ဪ”

ရဲ့လင်းချန်သည် တစ်ယောက်မှကို မသိသောကြောင့် သာမန်ကာလျှံကာ ပြန်တုံ့ပြန်လိုက်သည်။

“ဒီအစီအစဉ်ကို ဘယ်တော့စမှာလဲ”

“လေးရက်နေရင် စမှာပါ၊ နေရာက လီတောင်တန်းဒေသမှာပါ၊ ရှင်က ကျွန်မတို့ရဲ့ ပထမဆုံး ဧည့်သည်တော်ပါ၊ အဲ့ဒါကြောင့် လီတောင်တန်းကို ရှင် ရောက်တဲ့အခါကျရင် တစ်ယောက်ယောက်က ရှင့်ကို လာကြိုပါလိမ့်မယ်”

သူမ၏ အံ့ဩနေသော လေသံအရ ရဲ့လင်းချန်က တက်တက်ကြွကြွ သဘောတူလိမ့်မည်ဟု ထင်မထားပုံရသည်။

တကယ်တမ်းတွင် အက်ပဲလ် တီဗွီသည် ၎င်း၏ ရသစုံရှိုးများဖြင့် အမြဲတမ်း နာမည်ကြီးခဲ့ကာ အတော်လေး ကျော်ကြားသော ချန်နယ်တစ်ခုဟု ဆိုနိုင်ပေသည်။ သို့သော် ရှန်းကျောင်း ချန်နယ်၏ လူသူမဲ့ကျွန်း၌ ရှင်သန် နေထိုင်ခြင်း အစီအစဉ်ကြောင့် အက်ပဲလ် တီဗွီ၌ ဖိအားများ ရှိလာခဲ့သည်။ ထို့ကြောင့် သူတို့သည် သူတို့၏ ကြည့်ရှုသူနှုန်း မြင့်တက်လာစေချင်သည့် မျှော်လင့်ချက်ဖြင့် ဘဝ၏ ရုန်းကန်ခြင်း အစီအစဉ်ကို ရိုက်ကူးခြင်း ဖြစ်လေသည်။

သူတို့သည် ရဲ့လင်းချန်ကဲ့သို့သော အားကစား ကြယ်ပွင့်ကို ဖိတ်ကြားပြီး သူက အံ့ဩစရာအချို့ကို ယူဆောင် လာပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

ဖုန်းချပြီးနောက် ရဲ့လင်းချန်သည် အင်တာနက်ပေါ်၌ ဘဝ၏ ရုန်းကန်ခြင်း အစီအစဉ်ကို လိုက်ရှာလေသည်။ ၎င်းသည် တကယ်ပင် အက်ပဲလ် တီဗွီက တင်ဆက်နေဆဲ ရသစုံရှိုးပွဲ တစ်ခုဖြစ်သည်။ အကြောင်းအရာမှာ လူအများအား ကိုယ့်ဘာသာ ပြည့်စုံအောင် လုပ်စေပြီး သူတို့၏ လက်ဖြင့် ကြွယ်ဝမှုကို ဖန်တီးစေခြင်း ဖြစ်လေသည်။

၎င်းအား တောတွင်း ရုန်းကန်ခြင်းဟု သတ်မှတ်နိုင်ပေသည်။ ရွေးချယ်ထားသော နေရာက လှပသဖြင့် ပရိသတ်များစွာကို ဆွဲဆောင်နိုင်မည်မှာ အသေအချာပင်။

နောက်တစ်နေ့တွင် အက်ပဲလ် တီဗွီမှ ဝန်ထမ်းက ရဲ့လင်းချန်ထံ ဖုန်းဆက်လာပြီး သူတို့ ရဲ့လင်းချန်အတွက် နောက်နေ့အတွက် လေယာဉ်လက်မှတ်ကို ကြိုတင်ပြီးပြီဖြစ်ကြောင်း ပြောလာသည်။ ရဲ့လင်းချန်အား မြန်နေသလားဟု သူတို့ မေးသည်။ ထိုသို့ဖြစ်ပါက သူတို့က သူလေယာဉ်လက်မှတ်ကို ရက်ပြောင်းပေးမှာ ဖြစ်သည်။

ရဲ့လင်းချန်သည် တစ်ခဏမျှ တုံ့ဆိုင်းနေပြီးမှ အစီအစဉ် မစခင် အချိန် ဘယ်လောက်မှ မကျန်တော့သဖြင့် နောက်နေ့ သွားရန် ဆုံးဖြတ်လိုက်သည်။

…

“လင်းချန် ညစာ လာစားဦးလေ”

ကျန်းယွင်ရှီက အောက်ထပ်မှနေ၍ ရဲ့လင်းချန်ကို လှမ်းအော်ခေါ်သည်။

“အင်း … ငါ ဆင်းလာပြီ”

ရဲ့လင်းချန် အောက်ထပ်သို့ ဆင်းသွားပြီး လက်ဆေးကာ စားပွဲ၌ ထိုင်လိုက်သည်။ ကျန်းယွင်ရှီက အစားအသောက် အားလုံးကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ရဲ့လင်းချန် မလှုပ်ဘဲ ထိုင်ခုံ၌ ထိုင်နေသည်။

“ယွင်ရှီ ငါ မင်းကို ပြောစရာ ရှိတယ်၊ ငါ လီတောင်တန်းမှာ ရိုက်ကူးရေး သွားလုပ်ရမယ်၊ ငါ ရသစုံရှိုးပွဲတစ်ခုမှာ ပါမှာ၊ ပြီးတော့ မြန်မြန် ပြန်လာဖြစ်ဖို့ မသေချာဘူး”

ကျန်းယွင်ရှီ၏ လက်က တစ်ခဏမျှ တန့်သွားသည်။ သို့သော် သူမက ပြန်ပြုံးပြလာသည်။

“အဲ့ဒါ ကောင်းတဲ့ကိစ္စပဲ လင်းချန်၊ အခုကစပြီး နင်က တကယ့် ကြယ်ပွင့်တစ်ယောက် ဖြစ်လာတော့မှာ”

ထိုအပြုံးတွင် ခါးသက်မှုတို့ ပါနေကြောင်း ရဲ့လင်းချန် ခံစားမိသည်။

“မင်း အိမ်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကို စိုက်ရမယ်၊ ပင်ပန်းစေတဲ့ ကိစ္စတွေ ဘာမှမလုပ်နဲ့၊ မီယာကို့ တာဝန် ထားလိုက်”

ရဲ့လင်းချန် ထိုသို့ပြောသောအခါ မီယာကိုက စိတ်ပျက်သလို အကြည့်လွှဲသွားသည်။

သူမသည် အတော်လေး ပြောင်းလဲသွားပြီး ရဲ့လင်းထံချန်မှာ တော်တော်များများကို သင်ယူခဲ့ရသည်။ သူမသည် သူ့အား ချစ်သလို တစ်ချိန်တည်းမှာပင် သူ့ကို ကြောက်ရွံ့မိသည်။

“နင် ဘယ်တော့ သွားမှာလဲ”

ကျန်းယွင်ရှီက မေးလိုက်သည်။

“လက်မှတ်က မနက်ဖြန်အတွက် ဖြတ်ထားတာ၊ ငါ အဲ့ကို စောစောသွားပြီး ပြင်ဆင်ဖို့ လိုတယ်”

“အဲ့လောက် အလျင်လိုတာလား”

ကျန်းယွင်ရှီ တစ်ခဏမျှ အံ့ဩသွားပြီးမှ ထမင်းစားသည်ကို ရပ်ပြီး ချက်ချင်း ထရပ်လေသည်။

“ဒါဆို ငါ နင့်ကို ကူပြီး သန့်ရှင်းရေး လုပ်ပေးမယ်”

ရဲ့လင်းချန်သည် ခရီးဆောင်အိတ်ထဲသို့ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ထည့်ပေးနေသည့် ကျန်းယွင်ရှီကို ကြည့်ပြီး ထိုမြင်ကွင်းကြောင့် အံ့ဩနေလေသည်။

သူ့အမေ ပြောသော စကားက မှန်ပေသည်။ ယွင်ရှီသည် တကယ်ပင် မိန်းမကောင်းလေး တစ်ယောက်ပင်။ သူမသည် လှပပြီး ပြည့်စုံသော ဇနီးလောင်းလေး ဖြစ်ကာ လုံးဝ ရွံတတ်၊ရှက်တတ်၊ ကြောက်တတ်လွန်းသူ မဟုတ်ပေ။

ယနေ့ခေတ်တွင် မိန်းကလေးများသည် အခြားကိစ္စများ မဆိုထားနှင့် ဘယ်အိမ်အလုပ်ကိုမှ မလုပ်ကြချေ။ သူတို့ ဟိုဟာ၊ ဒီဟာ ဝယ်ပေးရန် မတောင်းဆိုပါက ကံကောင်းနေလေပြီ။ ရှက်တတ်၊ ကြောက်တတ်သည့်အပြင် သူတို့သည် ပိုက်ဆံဖြုန်းရခြင်းကိုလည်း သဘောကျကြသည်။ ယောက်ျားလေးများအတွက် စဉ်းစား တွေးခေါ် တတ်သူက နည်းသထက် နည်းလာလေပြီ။

“ယောက်ျားတွေက သူတို့မိန်းမတွေအတွက် ပိုက်ဆံရှာတာ” ဟူသော သီချင်းတစ်ပုဒ်လိုပင်။ သီချင်းခေါင်းစဉ်ကို ကြားလိုက်ရုံနှင့် ယောက်ျားတစ်ယောက်၏ ဘဝက မည်မျှ ခက်ခဲ၍ အဆိပ်ရှိနေသလဲ တွေးမိကာ ကြက်သီးထ လာစေသည်။

ထိုညတွင် ရဲ့လင်းချန်သည်လည်း သိပ်မကြာခင် အပေါ်သို့ တက်လာသည်။ သို့သော် မကြာခင်မှာပင် သူ ခြေသံများ ကြားလိုက်ရလေသည်။ ထိုခြေသံပိုင်ရှင်သည် အပေါ်ထပ်သို့ လွန်ဆွဲစိတ်၊ စိုးရိမ်စိတ်တို့နှင့်အတူ ဖြည်းဖြည်းချင်း တက်လာနေ၏။ နောက်ဆုံးတွင် သူ့အခန်းရှေ့၌ ရပ်သွားပြီး တုံ့ဆိုင်းနေလေသည်။

ရဲ့လင်းချန်က အရင်ဦးအောင် တံခါးဖွင့်လိုက်သည်။

“ယွင်ရှီ”

ကျန်းယွင်ရှီသည် ပန်းရောင် ညအိပ်ဂါဝန်ကို ဝတ်ထားသည်။ မကြာသေးခင်ကမှ ရေချိုးလာသဖြင့် သူမဆံပင်များတွင် ရေစက်အချို့ ကပ်ညိနေပြီး လတ်ဆတ်သော ရနံ့အချို့ ရနေလေသည်။

“လင်းချန် နင် ငါ့နဲ့ စကားပြောပြီး အဖော် လုပ်ပေးလို့ရမလား”

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။

“လာလေ”

ရဲ့လင်းချန် နောက်သို့ ခပ်သွက်သွက် လှည့်လိုက်သည်။ သူ ထွက်သွားတော့မည်ကို သိလိုက်ရပြီးနောက် ကျန်းယွင်ရှီ သိသိသာသာ ပြောင်းလဲသွားသည်ဟု သူ ခံစားမိနေ၏။

“လင်းချန်”

“ယွင်ရှီ”

နှစ်ယောက်သား ပြိုင်တူ စကားစလိုက်မိသည်။ သူတို့သည် အချင်းချင်း ပြန်ကြည့်မိပြီး အံ့ဩနေကြသည်။ ကျန်းယွင်ရှီ၏ မျက်နှာက ချက်ချင်း နီမြန်းလာသည်။

ရဲ့လင်းချန်က သူ့နှာခေါင်းသူ ပွတ်လိုက်မိသည်။

“မင်း အရင်ပြောပါ ယွင်ရှီ”

“လင်းချန် ဒီဘဝမှာ ငါ နင်နဲ့ ဆုံခဲ့တဲ့အတွက် ငါ တကယ် ဝမ်းသာတယ်”

ကျန်းယွင်ရှီက ရဲ့လင်းချန်ကို စွဲလမ်းသကဲ့သို့ ကြည့်လာသည်။ သူမက နှုတ်ခမ်းကိုက်၍ ပြောလိုက်သည်။

“နင် ငါ့ကို ခဏခဏ ကယ်ခဲ့တာနော်၊ ကျေးဇူးတင်ပါတယ်”

“ယွင်ရှီ၊ မင်းက ကျေးဇူးတင်တယ်လို့ ပြောရင် ငါတို့ ဆက်ဆံရေးက နည်းနည်း အပေါ်ယံဆန်မသွားလွန်းဘူးလား”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

ကျန်းယွင်ရှီ၏ မျက်ဝန်းက ရုတ်တရက် ငိုင်တွေသွားပြီး ပြန်ပြောလာသည်။

“ငါတို့ရဲ့ ဆက်ဆံရေးက ဘာလဲ”

“အာ …”

ရဲ့လင်းချန် တစ်ဒင်္ဂမျှ မှင်တက်သွားသည်။

“မင်းက ရွာက မိန်းမလှလေး ဖြစ်ပြီးတော့ ငါတို့ ကျောင်းရဲ့ မိန်းမလှလေးလည်း ဖြစ်တယ်လေ၊ ယောက်ျားလေး တစ်ယောက်နေနဲ့ ငါ သေချာပေါက် မင်း အနိုင်ကျင့်ခံရတာကို ဘယ်ကြည့်နေနိုင်မှာလဲ”

“ဒါဆို ငါက လှတယ်လို့ နင် ထင်လား”

ကျန်းယွင်ရှီက ဆက်မေးသည်။

“အင်း”

ရဲ့လင်းချန် တွေဝေမနေဘဲ ပြန်ဖြေလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။

“သိပ်လှတယ်”

ကျန်းယွင်ရှီ၏ မျက်နှာတွင် ရှက်ရွံ့စိတ်နှင့် ပျော်ရွှင်စိတ်တို့ ပေါ်လာသည်။ ထို့နောက် သူမက မျက်လုံးလေးမှိတ်၍ ညင်သာစွာ မေးလေသည်။

“နင် ငါ့ကို ဖက်ထားပေးနိုင်မလား”

ရဲ့လင်းချန်သည် အိပ်ပျော်နေသော မိန်းမလှလေးကဲ့သို့ ဖြစ်နေသော ကျန်းယွင်ရှီကို ကြည့်လိုက်မိသည်။ သူ ငေးမောနေပြီးနောက် အသက်ပြင်းပြင်းရှူ၍ သူ့ရင်ထဲမှ ဆန္ဒကို ဖိနှိပ်၍ ကျန်းယွင်ရှီအား ပွေ့ဖက်လိုက်သည်။

ထိုအခါ ကျန်းယွင်ရှီ၏ လက်များက ရဲ့လင်းချန်ကို တင်းကြပ်စွာ ပြန်လည် ဖက်တွယ်လာသည်။ ထို့နောက် ရဲ့လင်းချန်၏ နားနားကပ်၍ တီးတိုး‌ပြောသည်။

“လင်းချန်၊ ငါ နင့်ကို သဘောကျတယ်”

ရုတ်တရက်ဆိုသလိုပင် ရဲ့လင်းချန်၏ ခန္ဓာကိုယ်က တုန်သွားလေသည်။ သို့သော် ကျန်းယွင်ရှီ ဆက်ပြောနေသည့် စကားကို သူ ကြားလိုက်ရသည်။

“တကယ်တော့ နင် ငါ့ကို ရူကောင်းမြို့က တာအို ဘုန်းတော်ကြီးအတုဆီကနေ ကာကွယ်ပေးခဲ့ကတည်းက ငါ နင့်ကို သဘောကျခဲ့တာ၊ ငါ နင့်ကို တကယ် သဘောကျတယ်၊ ပြီးတော့ ငါ မြို့တော်ကို တိတ်တိတ်လေး လာခဲ့တာက ငါ့အတွက် နင်နဲ့ ပိုနီးစပ်နိုင်တဲ့ အကောင်းဆုံးနည်းလို့ ငါ ထင်လို့လေ”

“အခု နင်က ပိုပိုပြီးတော့ အံ့ဩစရာ ကောင်းလာတယ်၊ ငါ နင်နဲ့ ပိုဝေးလာတယ်လို့ ရုတ်တရက်ကြီး ခံစားလိုက် မိတယ်၊ တစ်နေ့ ငါ နင့်ရဲ့ဘေးမှာ နေခွင့်တောင် မရှိနိုင်လောက်ဘူးလို့ ငါ စိုးရိမ်လာတယ်”

ကျန်းယွင်ရှီသည် အလွန်အမင်း စိတ်ထိခိုက်နေပြီး ရှိုက်ငိုရာမှ ဆို့နင့်လုနီးပါး ဖြစ်လာသည်။

သူမသည် အစက သူမ၏ နက်ရှိုင်းသော စိတ်အတွင်းတစ်နေရာထဲ၌သာ မြှုပ်နှံထားပြီး ရဲ့လင်းချန်နှင့် တစ်မိုးအောက်၌ အတူတူ နေခဲ့သည်။ သို့သော် ရဲ့လင်းချန်၏ ပိုတိုးလာသော ထင်ပေါ် ကျော်ကြားခြင်းနှင့် အနုပညာ လောကသို့ ဝင်ရန် ပြင်ဆင်နေသည်ကို ကြည့်ပြီး သူ အလွန် ကြောက်ရွံ့သလို ခံစားလာရသည်။ တစ်နေ့ အမျိုးသမီးတစ်ယောက်ယောက်က အိမ်ရောက်လာပြီး သူမအား နှင်ထုတ်မည်ကို သူမ ကြောက်မိသည်။ ရဲ့လင်းချန်နှင့် အတူရှိရန် အရည်အချင်း မရှိတော့မှာကို သူမ ကြောက်မိသည်။

ရဲ့လင်းချန်သည် သူ့ရင်ခွင်ထဲမှ ကျန်းယွင်ရှီကို ပြည့်ပြည့်ဝဝ ပြန်ပွေ့ဖက်ကာ သူမ၏ မွှေးပျံ့သော ရနံ့ကို ရှူရှိုက်လိုက်သည်။ သူ ပြုံး၍ ပြန်ပြောလိုက်သည်။

“အရူးမလေး ငါလည်း မင်းကို သဘောကျတယ်”

“တကယ်လား … ဒါ တကယ်လား”

ကျန်းယွင်ရှီ၏ မျက်လုံးတွင် မျက်ရည်များ ဝဲနေပြီး ရဲ့လင်းချန်အား တအံ့တဩ မော့ကြည့်သည်။

“တကယ်”

ကျန်းယွင်ရှီက ခေါင်းလေးစောင်း၍ မျက်လုံးမှိတ်သွားသည်။

“ငါ့ကို လိုချင်လား …”

ချိုသာသော စကားပေါင်း တစ်သောင်းမက ပြောဆိုခဲ့ကြပြီးနောက် အိပ်မရသော ညတစ်ည ဖြစ်ခဲ့လေသည်။

All Chapters