သခင်လေး … ကျနော် ကောင်းကောင်း …
Vol. 25 Ch. 381
ရွှီချင်း၏ မျက်လုံးများ အေးစက်စက်ဝင်းလက်သွားပြီး ထွက်ပြေးသွားသော လူသားမဟုတ်သောမျိုးနွယ်ဝင်နောက်သို့ ပြေးလိုက်သွားသည်။ ထို့နောက် သူ၏အရိပ်က ကိုယ်ရောင်ဖျောက်ကာ ပြန့်ကားသွားပြီး တခြားလူများ မမြင်နိုင်သော ဧရာမပါးစပ်ကြီးကို ဟလိုက်သည်။ ၎င်းသည် တစ်ခါမှမကြုံဖူးသော ရူးသွပ်ခြင်းများ၊ တပ်မက်ခြင်းများဖြင့် ထွက်ပြေးသွားသော ကျင့်ကြံသူနောက်သို့ တရကြမ်း လိုက်သွာားသည်။
လူသားမဟုတ်သောမျိုးနွယ်ဝင်မှာ တန်ပြန်တိုက်ခိုက်ချင်ပါသော်ငြား ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကြောင့် ခုခံရန်ပင် လုံးဝ မဖြစ်နိုင်ပေ။ မျက်တောင်တစ်ခတ်အတွင်း ရွှီချင်းက မီသွားပြီး ထိုသူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။
သူ မည်မျှပင် ရုန်းကန်သည်ဖြစ်စေ အသုံးမဝင်ပေ။ ရွှီချင်း၏လက်ထဲမှ သူ့ခန္ဓာကိုယ်တစ်လျှောက် မီးတောက်များ အဆုံးမဲ့ တိုးဝင်လာနေသည်ကိုသာ သူ ခံစားလိုက်ရသည်။ တချိန်တည်းမှာပင် ရွှီချင်း၏အရိပ်သည်လည်း ရက်စက်ကြမ်းကြုတ်စွာဖြင့် ထိုသူ၏အရိပ်ကို လွှမ်းခြုံလိုက်သည်။
ထိုသူ၏အရိပ်ထံမှ အပြင်လူများ မကြားနိုင်သော စူးစူးဝါးဝါးအော်ဟစ်သံများ ထွက်ပေါ်လာသည်။
“ ဒီမှာရှိတဲ့လူတိုင်းကို သတ်ပြီး သင်္ဘောပေါ်ကနေ ငါ့ကို စောင့်နေ ”
ရွှီချင်းက စကားတစ်ခွန်း ချန်ရစ်လိုက်သည်။ ထို့နောက် သူသည် လူသားမဟုတ်သောမျိုးနွယ်ဝင်ကို လက်ဖြင့် ဆုပ်ကိုင်ကာ ဂူအထက်ရှိ အပေါက်မှ ထွက်သွားသည်။
ထိုအချိန်၌ အပြင်ဘက်တွင် ညအချိန် ရောက်နေပြီ ဖြစ်သည်။ ရွှီချင်းသည် လူသားမဟုတ်သော မျိုးနွယ်ဝင်ကို ဆုပ်ကိုင်ကာ မနီးမဝေးရှိ တောင်ထိပ်သို့ ရောက်သွားသည်။ သူသည် ဘေးပတ်လည်ကို ကြည့်ရှုပြီးနောက် တဆတ်ဆတ်တုန်ရီကာ စိတ်ဓာတ်ကျနေသော မျက်လုံးများနှင့် လူသားမဟုတ်သော မျိုးနွယ်ဝင်၏ အရိပ်ကို အေးတိအေးစက် ကြည့်လိုက်သည်။
ထိုသူ၏အရိပ်သည် အပြင်းအထန် ရုန်းကန်နေသည့်အလား တွန့်လိမ်ရှုံ့တွနေသည်။ ရွှီချင်း၏အမြင်၌ သူ၏အရိပ်သည်လည်း ရောထွေးနေသည်။ အရိပ်နှစ်ခုလုံးက အသက်လုနေကြသော ရန်သူတော်ကြီးများပမာ တစ်ခုနှင့်တစ်ခု ကိုက်ကာ ဝါးမျိုရန် ကြိုးစားနေကြသည်။
လူသားမဟုတ်သော မျိုးနွယ်ဝင်၏ အရိပ်မှ မိစ္ဆာအရှိန်အဝါ လွင့်ပျံလာသည်။ ထိုခံစားချက်သည် ရတနာမုဆိုးတောအုပ်ထဲ၌ အရိပ်လေးကို ရွှီချင်း ပထမဆုံးအကြိမ်တွေ့စဉ်ကခံစားချက်နှင့် ဆင်တူသည်။
အရိပ်လေးမှာ ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ရွှီချင်းက အရိပ်လေးကို ကြိမ်ဖန်များစွာ ဖိနှိပ်ကာ သိမ်းသွင်းခဲ့သောအခါမှသာ အရိပ်လေးက ရိုသေကျိုးနွံလာခဲ့သည်။ သို့သော်လည်း အရိပ်လေး၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် ဖီဆန်လိုစိတ်များ ရှိနေသေးသည်ကို ရွှီချင်း သိသည်။
‘ ငါ ထင်ထားသလိုပဲ။ ဒီလောကကြီးထဲ အရိပ်လေးလို မကောင်းဆိုးဝါးမျိုး ရှားတယ်ဆိုပေမဲ့ ရှိနေသေးတာပဲ ’
ရွှီချင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူ၏အကြည့်က အရိပ်လေးထံမှ လွှဲဖယ်သွားပြီး လူသားမဟုတ်သော မျိုးနွယ်ဝင်အပေါ်သို့ ကျရောက်သွားသည်။
ထိုသူသည်လည်း သူကဲ့သို့ အလားတူ ကြုံတွေ့ခဲ့ရပေမည်။ အတိတ်က သူတို့နှစ်ယောက်လုံး အရိပ်၏ ကျူးကျော်ခြင်း ခံခဲ့ကြရသည်။ သို့သော်လည်း ကွာခြားချက်မှာ သူသည် သခင်ဖြစ်ခဲ့ပြီး ထိုသူက ကျေးကျွန်ဖြစ်သွားခဲ့သည်။
‘ ခရမ်းရောင်သလင်းကျောက်သာ မရှိရင် အရိပ်လေး ကျူးကျော်တာ ခံလိုက်ရကတည်းက ငါ့ကိုယ်ငါ မပိုင်နိုင်လောက်တော့ဘူး ’
ရွှီချင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောများ မရှိဘဲ တခြားလူသားမဟုတ်သော ကျင့်ကြံသူသည် တခြားကျင့်ကြံသူများကဲ့သို့ ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောများ ရှိနေခြင်းကြောင့် ဖြစ်သည်ကို သူ သတိထားမိသည်။
ယင်းသည် ကျေးကျွန်နှင့် သခင်ဖြစ်သွားရခြင်း၏ ကွာခြားချက်တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။
လူတစ်ယောက်က အရိပ်လေးကို မထိန်းချုပ်နိုင်ခဲ့လျှင် အရိပ်လေးက ထိုလူကို ထိန်းချုပ်သွားမည် ဖြစ်ပြီး ထိုလူသည် အရိပ်လေး၏ သွေးကြော ဖြစ်လာမည် ဖြစ်သည်။
ထိုအချိန်၌ ရွှီချင်းသည် တိုက်ခိုက်နေဆဲဖြစ်သော အရိပ်လေးကို လှမ်းကြည့်လိုက်သည်။ သူ့ကိုယ်ထဲမှ ခရမ်းရောင်အလင်း ဝင်းလက်သွားပြီး ဖိအားတစ်ရပ် ချက်ချင်း ထွက်ပေါ်လာသည်။
ယခုတစ်ခေါက်တွင် သူသည် အရိပ်လေးကို တိုက်ခိုက်လိုက်ခြင်းမဟုတ်ဘဲ လူသားမဟုတ်သောမျိုးနွယ်ဝင်၏ အရိပ်ကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ခရမ်းရောင်သလင်းကျောက်တွင် အရိပ်လေးကဲ့သို့ မကောင်းဆိုးဝါးများကို ချုပ်နှောင်နိုင်သော စွမ်းအားတစ်မျိုး ရှိသည်။ လူသားမဟုတ်သောမျိုးနွယ်ဝင်၏ အရိပ်မှာ ရွှီချင်းနှင့် လူသားမဟုတ်သော မျိုးနွယ်ဝင်တို့သာ ကြားနိုင်သော သွေးပျက်ခမန်း စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
အရိပ်လေးမှာ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး စိတ်တက်ကြွသွားသည်။ လူသားမဟုတ်သောမျိုးနွယ်ဝင်၏ အရိပ်မှာ အရူးအမူး မာန်ဖီလာသည်။ ရွှီချင်းကို ဝါးမျိုချင်နေသည့်အလား လှမ်းခုန်အုပ်လိုက်၏။
ရွှီချင်း၏မျက်နှာ အေးစက်တင်းမာသွားသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် ဝင်းလက်သွားပြီး တစ်ဆယ့်ခုနစ်ကြိမ်ဆက်တိုက် ဖိနှိပ်လိုက်သည်။
အကြိမ်တိုင်း လူသားမဟုတ်သော မျိုးနွယ်ဝင်၏ အရိပ်မှာ စူးစူးဝါးဝါး အော်ဟစ်သွားရသည်။ နောက်ဆုံးတွင် ကြောက်ရွံ့တုန်ရီသွားကာ တုန်ချိစွာဖြင့် နောက်ဆုတ်သွားသည်။ သို့သော်လည်း ၎င်း အဝေးထိ မဆုတ်နိုင်ခင် ရွှီချင်း၏ဝမ်းဗိုက်ပေါ်တွင် ခရမ်းရောင်အလင်းများ စုစည်းလာပြီး ၎င်းကို ဖိနှိပ်လိုက်ပြန်သည်။
ယခုတစ်ခေါက်တွင် ဖိနှိပ်ခြင်းက ချက်ချင်း ပျောက်ပျယ်မသွားပေ။ ရွှီချင်းသည် ထိုအရိပ်ကို ထွက်မပြေးနိုင်အောင် မြေပြင်ပေါ်မှာ ဖိချလိုက်သည်။ ထိုအရိပ်သည် ရုန်းကန်ပြီး စူးစူးဝါးဝါးအော်ဟစ်ကာ တဖြည်းဖြည်းနှင့် တောင်းပန်တိုးလျှိုးသည့်ခံစားချက်များကိုပင် ထုတ်လွှတ်လာသည်။
အရိပ်လေးမှာမူ တခြားတစ်ယောက်က သူကဲ့သို့ ဆိုးဆိုးဝါးဝါး ခံစားရသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ယင်းကြောင့် အရိပ်လေးမှာ ထူးဆန်းစွာ ခံစားရပါသော်လည်း ရွှီချင်းကို ကပ်ဖားရပ်ဖားလုပ်သည့် ခံစားချက်များကိုသာ ပို့လွှတ်လိုက်သည်။
ရွှီချင်းသည် ဆောင့်ကြောင့်ထိုင်၍ လူသားမဟုတ်သောမျိုးနွယ်ဝင်၏ အရိပ်ကို သေချာ စစ်ဆေးကြည့်လိုက်သည်။ ၎င်း၏ ပုံပန်းသွင်ပြင်က သူ၏အရိပ်လေးနှင့် ဆင်တူသည်။ ထိုအချိန်၌ ၎င်း၏ပုံပန်းသဏ္ဍာန်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားပြီဖြစ်ပြီး သစ်ပင်ပေါ်ရှိ မျက်လုံးများထဲတွင် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။
ရွှီချင်းသည် သူ၏အရိပ်လေးကဲ့သို့ ၎င်းအား ခရမ်းရောင်သလင်းကျောက်ထဲတွင် ပိတ်လှောင်သင့်လားဆိုသည်ကို တွေးကြည့်လိုက်သည်။ သို့သော်လည်း သူ မပိတ်လှောင်နိုင်ပေ။ သူက ၎င်းအပေါ် လက်တင်လိုက်သည်။ သူ့လက်က ၎င်းအထဲ တိုးဝင်သွားပြီး အအေးဓာတ်ကို ခံစားမိလိုက်သည်။ သူ သလင်းကျောက်ကို တချိန်တည်း အသက်သွင်းရန် ကြိုးစားလိုက်ပါသော်လည်း မပိတ်လှောင်နိုင်သေးပေ။
အတန်ငယ် တွေးတောပြီးနောက် ရွှီချင်းက လက်ကိုဝှေ့ယမ်းလိုက်ရာ သံတုတ်နက်လေး ပျံထွက်လာပြီး လူသားမဟုတ်သောမျိုးနွယ်ဝင်၏ ခေါင်းကို ချက်ချင်း ထိုးဖောက်သွားသည်။ ထိုလူသားမဟုတ်သော မျိုးနွယ်ဝင်မှာ ချက်ချင်း ဇီဝိန်ချုပ်သွားသည်။
ဝံပုလွေနက်ကို သေဆုံးသွားခဲ့စဉ်အခါက ၎င်း၏အရိပ်က သူ့အား တန်ပြန်တိုက်ခိုက်ခဲ့သည်ကို သူ ပြန်တွေးမိခဲ့သည်။ ယခု လူသားမဟုတ်သောမျိုးနွယ်ဝင်ကို သူ သတ်ဖြတ်ပြီးနောက် ထိုသူ၏အရိပ်ကို သူ ပိတ်လှောင်ရန် ကြိုးစားလိုက်ပါသော်လည်း သူ မလုပ်နိုင်သေးပေ။
အရိပ်လေးသည် ရွှီချင်း၏အတွေးစများကို နားလည်သွားဟန်တူပြီး ချက်ချင်း တုန်ရီသွားကာ စိုးရိမ်ပူပန်သောခံစားချက်များ ထုတ်လွှတ်လိုက်သည်။
“ သခင်လေး … ကျနော် ကောင်း … မလုပ် …”
သံတုတ်နက်ထဲ ရှိနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ထိုမြင်ကွင်းကို မြင်သောအခါ ဘာသာပြန်ပေးချင်စိတ်ကို ချိုးနှိမ်လိုက်သည်။
ရွှီချင်းက သူ၏အရိပ်လေးကို ကြည့်လိုက်သည်။ အတန်ငယ် တွေးတောပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ အရင်တုန်းက မင်း ဆောင်ရွက်ခဲ့တာတွေကို ထောက်ပြီး ဒီနေ့ သူ့ကို မင်းနေရာ အစားမထိုးတော့ဘူး။ မှတ်ထားရမှာက အရင်တုန်းက မင်း လုပ်ခဲ့တာတွေအားလုံး ပျက်ပျယ်သွားပြီ။ မင်း နောက်ထပ် ကောင်းကောင်း မလုပ်ရင် မင်းနေရာကို ငါ အစားထိုးမယ် ”
ရွှီချင်း၏အသံက တည်ငြိမ်နေပါသော်လည်း အရိပ်လေးမှာ တုန်ရီသွားပြီး ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်သည်။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ သဘောခွေ့သွားသည်။ ဖော်ပြ၍ မရနိုင်လောက်အောင် သူ ကျေနပ်ပီတိဂွမ်းဆီထိသွားရပြီး မျက်လုံးများ ဝင်းလက်လာ၏။
ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။
အရိပ်လေးမှာ မျက်တောင်များ တဖျပ်ဖျပ် ခတ်လိုက်သည်။ ထို့နောက် ခေါင်းညိတ်လိုက်ပြီး ခေါင်းခါလိုက်ပြန်သည်။ အရိပ်လေးမှာ စိုးရိမ်ကြောက်လန့်လွန်း၍ ယခင်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ မှိုင်းသွင်းခြင်း ခံရသည့်အတိတ်ဆိုး ပြန်ပေါ်လာပြီး ယခု သူ၏အပြုအမူများကို သက်ရောက်လာသည်။
ကံကောင်းထောက်မ၍ အရိပ်လေးမှာ ခံစားချက်များကို ပို့လွှတ်နိုင်လိုက်သည်။
၎င်းက အရူးအမူး ကတိပေးလိုက်သည်။
ထိုအခါမှသာ ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
“ ဒါကို ဝါးမျိုလိုက် ”
ရွှီချင်းသည် ပြောပြီးသည်နှင့် မတ်တတ်ရပ်လိုက်သည်။ သို့သော် ချုပ်နှောင်ထားသည်ကို သူ ဖြေမပေးပေ။ ထို့ကြောင့် လူသားမဟုတ်သောမျိုးနွယ်ဝင်၏ အရိပ်က စူးစူးဝါးဝါး အော်ဟစ်နေစဉ် အရိပ်လေးသည် ပါးစပ်ကို ဟ၍ အရူးအမူး ဝါးမျိုလိုက်သည်။
ဖြစ်စဉ်တစ်ခုလုံး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်သာ ကြာလိုက်သည်။ လူသားမဟုတ်သော မျိုးနွယ်ဝင်၏ အရိပ်ကို ရွှီချင်း၏အရိပ်က လုံးလုံးလျားလျား ဝါးမျိုသွားခဲ့သည်။ ယင်းနောက် အရိပ်လေးသည် လေချဉ်တက်ကာ ရွှီချင်းအား ကပ်ဖားရပ်ဖားလုပ်သည့် ခံစားချက်များ ပို့လွှတ်လိုက်သည်။
ယင်းအပြင် အရိပ်လေး၏ စွမ်းအင်အငွေ့အသက်များက ယခင်ကထက် များစွာ အားကောင်းလာသည်မှာ သိသာသည်။ ယခု အရိပ်လေးပေါ်တွင် မျက်လုံးများ ပို၍ ရှိလာပြီ ဖြစ်သည်။ ထိုမျက်လုံးများက လုံးလုံးလျားလျား မပွင့်သေးဘဲ အနည်းငယ်သာ ဟလာသည်။ အရိပ်သစ်ပင်တွင် ပန်းဖူးလေးတချို့လည်း ရှိလာသည်။
“ အချိန် … စုပ်ယူ … အားကောင်း …”
ရွှီချင်း ကြည့်နေသည်ကို သတိထားမိ၍ အရိပ်လေးက နတ်အာရုံတစ်ခု အလျင်အမြန် ပို့လွှတ်လိုက်သည်။
ရွှီချင်းသည် အကြည့်လွှဲလိုက်ပြီး မနီးမဝေးရှိ ဝိညာဉ်လေးသုံးဖော်၏ တောင်ကို ကြည့်လိုက်သည်။ ယခုတစ်ခေါက် ရရှိလိုက်သည့်အကျိုးအမြတ်က မဆိုးလှဟု သူ ခံစားလိုက်ရသည်။ သူက အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲ၍ အဝေးသို့ ထွက်သွားသည်။
ခဏအကြာ အင်မော်တယ်အားတိုးမြစ်လက်တက်ခွဲသို့ သူ ရောက်သွားပြီး သင်္ဘောကြီးပေါ်သို့ ပြန်သွားသည်။
တိုင်းပြည်လေး၏ဘုရင်ကြီးမှာ သင်္ဘောပေါ်တွင် မရှိတော့ပေ။ မကြာသေးခင်က ရွှီချင်းနှင့်အတူ လိုက်ပါသွားခဲ့ကြသည့် ဂိုဏ်းသားများ ပြန်ရောက်နေသည်မှာ ကြာပြီ ဖြစ်သည်။
“ ပြီးသွားပြီလား ”
ခေါင်းဆောင်က ရွှီချင်းအား အဓိပ္ပာယ်ပါသောအပြုံးဖြင့် ကြည့်လိုက်သည်။
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။
“ ကောင်းတယ် ”
ခေါင်းဆောင်က ဆက်မမေးတော့ပေ။ သူက ကျောဆန့်ကာ လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်၍ သင်္ဘောကုန်းပတ်ပေါ် လှဲချလိုက်ပြီး ကြယ်တာရာကောင်းကင်ကြီးအား ကြည့်လိုက်သည်။
ရွှီချင်းသည် ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။
ညဉ့်လေပြေ တဟူးဟူး တိုက်ခတ်နေပြီး သူတို့ဆံပင်များ တဖျပ်ဖျပ်လွင့်သွားသည်။ သင်္ဘောကြီး ရှေ့ဆက်သွားစဉ် ရေလှိုင်းသံများ စည်းချက်ညီစွာ ပျံ့လွင့်လာသည်။ သင်္ဘောကြီးသည် လေနှင့်အတူ ဝေးသည်ထက်ဝေးရာသို့ ခုတ်မောင်းသွား၏။
အချိန်များ ကုန်လွန်သွားပြီး မျက်တောင်တစ်ခတ်အတွင်း တစ်လကျော် ကုန်ဆုံးသွားသည်။ အထူးလုံခြုံရေးဌာန၏ သင်္ဘောကြီးများသည် မြစ်လက်တက်၏ တစ်ဝက်ကို ကင်းလှည့်ပြီးသွားပြီ ဖြစ်သည်။ ထိုမျှ မြန်ဆန်နေရသည့်အကြောင်းရင်းမှာ မဟာမိတ်၏ သင်္ဘောကြီးများက အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်သောကြောင့် ဖြစ်ပေသည်။ ထိုသင်္ဘောကြီးများသည် အတိုက်အခိုက်စွမ်းရည်နှင့် အကာအကွယ်စွမ်းရည်များသာမက ကြောက်စရာကောင်းလောက်အောင် မြန်ဆန်ကြသည်။
ယင်းအပြင် ဂိုဏ်းလေးများနှင့် တိုင်းပြည်လေးများသည် မြစ်ရေကို မြောင်းသွယ်ဝံ့လောက်အောင် သတ္တိမရှိကြပေ။ ယခုအခေါက်သည် မဟာမိတ်၏ ပထမဆုံးအကြိမ် ကင်းလှည့်ခြင်း မဟုတ်ပေရာ အရာအားလုံး အဆင်ပြေချေမွေ့ပြီး သူတို့၏အမြန်နှုန်း မြင့်တက်နေသည်မှာ သဘာဝကျပေသည်။
ရွှီချင်း၏ကျင့်ကြံခြင်းအဆင့်သည်လည်း ထိုနည်းတူပင်။ နောက်ဆုံးတွင် သူသည် တစ်ရာ့နှစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်နိုင်ခဲ့ပြီး သူ၏ဓမ္မစွမ်းအားများ အနည်းငယ် တိုးပွားလာခဲ့သည်။
ခေါင်းဆောင်မှာမူ လွန်ခဲ့သောလဝက်က ဝိညာဉ်ငါးအနည်းငယ်ကို စားပြီးကတည်းက ဝိညာဉ်ငါးများ၏ အရသာကို သဘောကျသွားခဲ့သည်။ နေ့စဉ်နေ့တိုင်း ငါးအမျိုးမျိုးကို နည်းလမ်းပေါင်းစုံသုံးကာ သူ ဖမ်းဆီးခဲ့သည်။ ရွှီချင်းသည် အနည်းငယ် စားခဲ့ပြီး ထိုငါးများ၏အရသာက အမှန်ပင် ကောင်းမွန်လှသည်ကို သူ တွေ့ခဲ့ရသည်။
ထို့ကြောင့် သင်္ဘောကြီးများက အစာအတွက် ငါးဖမ်းလာကြသည်။
ထိုအချိန်၌ ခေါင်းဆောင်သည် ရွှီချင်းဘေးတွင် ထိုင်ကာ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
“ ချင်းလေး … ”
ရွှီချင်းသည် ကူကယ်ရာမဲ့စွာဖြင့် မျက်လုံးများ ဖွင့်လိုက်သည်။ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ မိစ္ဆာမီးတောက်များ ပေါ်လာသည်။ ခေါင်းဆောင်က ငါးများကို မီးတောက်ပေါ် ကပျာကယာ တင်လိုက်ပြီး ကင်လိုက်သည်။ ထို့နောက် သူ၏အသံက စိတ်လှုပ်ရှားစွာဖြင့် ထွက်ပေါ်လာသည်။
“ ငါကျင့်တဲ့ ကျင့်ကြံခြင်းအတတ်က မီးနဲ့ ဘာမှမဆိုင်ဘူးကွ။ မီးမန္တန်ကို ငါ သုံးနိုင်ရင်တောင် ငါးကင်အရသာက တစ်မျိုးကြီး ဖြစ်သွားမှာ။ မင်းမိစ္ဆာမီးတောက်နဲ့ကင်တော့ ငါးကင်အရသာက ထူးခြားသွားတယ် ”
ရွှီချင်းသည် ဆက်လက်တရားထိုင်ရန် မျက်လုံးများကို မှိတ်မည်ပြုစဉ် ရုတ်တရက် သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ခေါင်းဆောင်သည်လည်း ဆတ်ခနဲ ခေါင်းမော့လိုက်ပြီး သူတို့နှစ်ယောက်လုံး ကောင်းကင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ကောင်းကင်ယံတွင် အလင်းတန်းနှစ်တန်း ပျံသန်းနေပြီး တစ်ခုနောက်ကို တစ်ခုက ထပ်ကြပ်မကွာ လိုက်နေသည်။
ထိပ်မှလူသည် ဆံပင်နီအဘိုးအိုတစ်ယောက် ဖြစ်သည်။ အဘိုးအို၏ ရင်ဘတ်သည် ဆိုးဆိုးဝါးဝါး စုတ်ပြတ်နေပြီး သူ့တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။
သူ၏ မည်းနက်နေသော မျက်နှာတွင် အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏အသားရောင်နှင့် ရက်စက်ကြမ်းကြုတ်သော သူ့အကြည့်ကြောင့် သူ့ကို ကြည့်ရသည်မှာ ချောက်ချားစရာကောင်းသည်။ သူ ထွက်ပြေးနေစဉ် သူ့ခေါင်းအထက်ရှိ အနက်ရောင်ကောင်းကင်နန်းတော်နှစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ခါသွားစေနိုင်သော အငွေ့အသက်များ ထုတ်လွှတ်နေသည်။
လူသားမဟုတ်သောမျိုးနွယ်တိုင်းပြည်လေးတစ်ခုကို သူ ပျံသန်းသွားသောအခါ လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် တိုင်းပြည်လေးထဲမှ လူသားမဟုတ်သောမျိုးနွယ်ဝင်တစ်သောင်းနီးပါး ပျံထွက်လာသည်။ သူတို့၏ဒွါရခုနစ်ပါးမှ သွေးများ ပန်းထွက်လာပြီး ကောင်းကင်ယံတွင် သွေးမြစ်ကြီးတစ်ခုအသွင် ဖြစ်သွားသည်။ ထိုသွေးမြစ်ကြီးက ဆံနီအဘိုးအိုလက်ထဲ ရောက်သောအခါ သွေးဆေးလုံးဖြစ်သွားသည်။ သူက ထိုဆေးလုံးကို တစ်ကျိုက်တည်း သောက်လိုက်သည်။ သူ့ဗိုက်မှ ဒဏ်ရာများ အနည်းငယ် ပျောက်ကင်းသွားသည်။
သူ ဆက်သွားမည်ပြုစဉ် သူ့နောက်မှ ဓားချီများ ဝုန်းခနဲ ထွက်ပေါ်လာရာ သူ အလန့်တကြား ဖြစ်သွားသည်။ သူ ရွေးချယ်စရာမရှိတော့ လက်လျော့ကာ အရှိန်တင်၍ ထွက်ပြေးသွားသည်။
သွေးတစ်ဝက်ကျော် ဆုံးရှုံးသွားခဲ့ကြသော လူသားမဟုတ်သော မျိုးနွယ်ဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ် ကျသွားသည်။ တချို့မှာ သေသွားကြပြီး တချို့မှာ အပြင်းအထန် ဒဏ်ရာရသွားကြသည်။
ဓားချီများကို ထုတ်လွှတ်လိုက်သည့်လူမှာ ဝတ်စုံဖြူဝတ်လူငယ်လေးတစ်ယောက် ဖြစ်သည်။ ဓားကြီးနှစ်ဆယ့်ခုနစ်လက်က သူ့ပတ်လည်တွင် လှည့်ပတ်နေပြီး ၎င်းတို့မှ ထွက်လာသော ဓားချီများက အဘိုးအိုကို ရိုက်ခတ်သွားသည်။
ထိုလူငယ်သည် ချောမောသောရုပ်ရည်ရှိသည်။ သူ၏မျက်ခုံးမွေးများသည် ဓားတစ်စင်းပမာ ဖြောင့်တန်းပြီး မျက်လုံးများက ကြယ်ပွင့်များပမာ တောက်ပသည်။ သူ လှုပ်ရှားသွားစဉ် သူ၏ဆံပင်ရှည်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေသည်။ သူနှင့်ပတ်သက်၍ အမြင်အာရုံတွင် ထင်းခနဲ ဖြစ်နေသည်မှာ သူ၏ဝတ်ရုံပေါ်တွင် ထွင်းထားသော ရုပ်ပုံဖြစ်သည်။
ထိုရုပ်ပုံသည် အနီရောင်ပန်းဖူးလေးတစ်ခုပုံ ဖြစ်သည်။
“ အနီရောင်ပန်းဖူး၊ သူက ဓားကိုင်တစ်ယောက်ပဲ ”
ခေါင်းဆောင် ချက်ချင်း စိတ်လှုပ်ရှားလာသည်။