← Chapters

ကိုယ့်သေတွင်းကိုယ် တူးမိသွားပါသော

Vol. 25 Ch. 382

ကိုယ့်သေတွင်းကိုယ် တူးမိသွားပါသော

Vol. 25 Ch. 382

ယခင်က ဓားကိုင်များအကြောင်း ခေါင်းဆောင်ထံမှ ရွှီချင်း ကြားခဲ့ဖူးသည်။ သူတို့သည် တော်ဝင်နန်းမြို့တော်ဒေသရှိ အထက်ရုံးတော်ကြီးငါးခုအနက် တစ်ခုမှဖြစ်သည်ကို သူ သိသည်။ လူသားမျိုးနွယ်၏ မြို့ကြီးခုနစ်မြို့တွင် ဓားကိုင်နန်းတော်တစ်ဆောင်စီရှိပြီး ပြည်နယ်တိုင်းတွင် ဓားကိုင်ရုံးခွဲများ ရှိသည်။

သို့သော်လည်း သူတို့ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။

ခေါင်းဆောင်၏စကားများကို ကြား၍ ရွှီချင်းသည် အာရုံစိုက်ကြည့်လိုက်ပြီး သူ့မျက်နှာ အနည်းငယ် သုန်မှုန်သွားသည်။ နောက်မှလိုက်သူဖြစ်စေ၊ ရှေ့မှပြေးသူဖြစ်စေ ထိုနှစ်ယောက်၏ တိုက်ရည်ခိုက်ရည်က ကြောက်မက်ဖွယ်ကောင်းပြီး သူတို့တိုက်ကွက်များက ပို၍ပင် တုန်လှုပ်ချောက်ချားစရာကောင်းသည်။

ရွှီချင်းသာ အမှတ်ခုနစ်သခင်ကြီး၏ အကာအကွယ်မရှိပါက သေချာပေါက် သေသွားမည်သာ ဖြစ်သည်။

“ ကောင်းကင်နန်းတော်နှစ်ဆောင် ”

ရွှီချင်း တီးတိုးရေရွတ်လိုက်စဉ် ကောင်းကင်ယံရှိ လူနှစ်ယောက်က အင်မော်တယ်အားတိုးဖြစ်ဘေးမှ ဖြတ်သွားသည်။ ရှေ့မှ မိစ္ဆာအဘိုးကြီးသည် မြစ်လက်တက်ခွဲကို ကျော်ဖြတ်ကာ ထိုက်စီကြမ္မာဆိုးတောင်ထဲ ဝင်သွားရန် ပြင်လိုက်သည်။

သို့သော် သူ အောက်ကို ငုံ့ကြည့်လိုက်ပြီး မဟာမိတ်သင်္ဘောများကို မြင်သွားသည်။ သူ့မျက်လုံးများ ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ဝင်းလက်သွားသည်။

လတ်တလော သူ ဒဏ်ရာရထားပြီး သူ၏ဒဏ်ရာများကို ကုသရန် သွေးနှင့်ချီများအား အရေးတကြီး ဝါးမျိုရန် လိုအပ်သည်။ ထို့ကြောင့် ထိုသင်္ဘောများက ရှစ်ဂိုဏ်းမဟာမိတ်ပိုင်သည်ကို သူ နည်းနည်းမျှ ဂရုမစိုက်ပေ။ သူသည် ကိုယ်ပွားဆယ်ယောက်ကျော် ခွဲလိုက်ပြီး သင်္ဘောပေါ်ရှိ သက်ရှိများအားလုံးကို ဝါးမျိုရန် လေနှင့်အတူ အောက်သို့ ဆင်းသွားသည်။

သို့သော်လည်း မိစ္ဆာအဘိုးအို ချဉ်းကပ်လာသည့်အခိုက် ချီရွှဲ့ထုံဂိုဏ်း၏ သင်္ဘောကြီးများ ချက်ချင်း တဝီဝီမြည်သွားပြီး မန္တန်အစီအရင်များ အသက်ဝင်သွားကာ အကာအကွယ်အလွှာများ ပေါ်လာသည်။

မိစ္ဆာအဘိုးအို၏ ကိုယ်ပွားများ တစ်ခုပြီးတစ်ခု သင်္ဘောကြီးများကို ပြိုင်တူ ရိုက်ခတ်သွားကြရာ အကာအကွယ်အလွှာများ တွန့်လိမ်ရှုံ့တွလာသည်။ အထဲရှိ ဂိုဏ်းသားများ မျက်နှာပျက်သွားကြပြီး တချို့မှာ သွေးများပင် အန်သွားသည်။

သူတို့မျက်လုံးများပင် နီမြန်းသွားသည်။

ဆံနီမိစ္ဆာအဘိုးအို၏ တစ်ကိုယ်လုံးက အလင်းရောင်အောက်တွင် ပုံပျက်နေသော ဧရာမတွင်းနက်ကြီးအလားပင်။ တစ်ချက်ကြည့်ရုံဖြင့် လောကကြီး လည်ပတ်နေသည့်အလား သူတို့ ခံစားသွားရသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့ကဲ့သို့ မြင့်မားသောကျင့်ကြံခြင်းအဆင့်ရှိသူများသာ ထိုဖိအားကို ခံနိုင်ရည်ရှိကြသည်။ အဘိုးအို၏ ကိုယ်ပွား သူတို့ သင်္ဘောကို ဝင်ရောက်တိုက်ခိုက်လာသောအခါမှာပင် သူတို့က တန်ပြန်တိုက်ခိုက်လိုက်ကြသည်။

ရွှီချင်းသည် ချက်ချင်းပင် ဓာတ်ပြုအဆိပ်ကို ထုတ်လွှတ်လိုက်သည်။ သူ အားသည့်အချိန်တိုင်း အဆိပ်များ ထုတ်လွှတ်ထားခဲ့သည်။ ထိုအဆိပ်များကို အသက်မသွင်းခင်က ထိုအဆိပ်များက မည်သည့်အန္တရာယ်မျှ မရှိပေ။ ထိုအစား ထိုအဆိပ်များက အကျိုးရှိစေကာ လူတစ်ယောက်၏ သွေးနှင့်ချီကို တိုးတက်စေနိုင်သည်။

ထိုအဆိပ်များသည် အန္တရာယ်တစ်စုံတစ်ရာ မပေါ်လာခဲ့ပါက လဝက်ကြာလျှင် အလိုလို ပျက်ပျယ်သွားမည် ဖြစ်သည်။

ယခု ရွှီချင်းက စုစုပေါင်း အဆိပ် တစ်ရာ့ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ထုတ်လွှတ်လိုက်သည်။ ထိုအဆိပ်များသည် အရေးကြုံလာသည့်အခါ အသက်သွင်းရန် ဖြစ်ပြီး ရန်သူကို ဆိုးဆိုးဝါးဝါး အဆိပ်မိသွားစေရန် ဖြစ်သည်။

မိစ္ဆာအဘိုးအို ရောက်လာသည့်အခိုက် ရွှီချင်းက တွေဝေတွန့်ဆုတ်မနေဘဲ အကာအကွယ်အလွှာ အပြင်ဘက်ရှိ မိစ္ဆာအဘိုးအိုကို လက်သီးဖြင့် ထိုးလိုက်သည်။ သူက လက်သီးချက်ထဲတွင် အလွယ်တကူ အငွေ့ပျံမသွားသော ဓာတ်ပြုအဆိပ်ကိုပါ ထည့်သွင်းထားခဲ့သည်။

တချိန်တည်းမှာပင် ဘယ်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ရာ ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားသည်။ တိမ်မည်းတစ်အုပ် ပေါ်လာပြီး ကောင်းကင်မှ ခြောက်ကပ်ကပ် လက်ချောင်းတစ်ချောင်း ဆင်းသက်လာကာ အကာအကွယ်အလွှာအပြင်ဘက်ရှိ အဘိုးအိုထံသို့ ပြေးဝင်သွားသည်။

ခေါင်းဆောင်သည်လည်း မန္တန်လက်ကွက်များ ဖော်လိုက်သည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲလှံတံ ပေါ်လာပြီး ထိုလှံကို တရကြမ်း ပစ်လွှတ်လိုက်သည်။ ရုတ်တရက် ထိုလှံသည် ဖျက်ဆီး၍မရနိုင်သော စွမ်းအားများဖြင့် လေဟုန်ခွင်း၍ အဘိုးအိုထံသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။

တခဏလေးအတွင်း ခြောက်ကပ်ကပ်လက်ချောင်း ဆင်းသက်လာပြီး ရေခဲလှံကြီးက ထိုးဖောက်သွားသည်။ အဘိုးအို၏ ကိုယ်ပွား ပျက်စီးကာ မြူခိုးများအသွင် ပြောင်းလဲ၍ ပြန်လည်ဆုတ်ခွာသွားသည်။

မိစ္ဆာအဘိုးအို၏ ကျန်ကိုယ်ပွားများသည် အကာအကွယ်အလွှာများကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်သည်ဖြစ်၍ တစ်ယောက်ပြီးတစ်ယောက် ပြန်ဆုတ်သွားကြသည်။ သို့သော်လည်း သူတို့ ဒဏ်ရာမရခဲ့ကြပေ။ ရွှီချင်းနှင့် ခေါင်းဆောင်တို့ဖြင့် ထိပ်တိုက်ကြုံလိုက်ရသော ကိုယ်ပွားသည်သာ မြူခိုးများအဖြစ် ပျက်စီးသွားသည်။

မျက်တောင်တစ်ခတ်အတွင်း မြူခိုးများက တခြားကိုယ်ပွားများနှင့် ပေါင်းစပ်သွားပြီး မိစ္ဆာအဘိုးအို ဖြစ်လာသည်။ သူက ရွှီချင်းနှင့်ခေါင်းဆောင်တို့ကို ရက်စက်ကြမ်းကြုတ်စွာဖြင့် ဖျတ်ခနဲ ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲ လူသတ်ငွေ့များဖြင့် ဆူဝေလာပါသော်လည်း ဓားကိုင်က သူ့ကို မီနေပြီ ဖြစ်သည်။ သူ အေးစက်စက်နှာမှုတ်လိုက်ပြီး အရှိန်တင်ကာ ထိုက်စီကြမ္မာဆိုးတောင်ကြီးထဲ ပြေးဝင်သွားသည်။

ထိုအချိန်၌ မိစ္ဆာအဘိုးအို ပတ်လည်တွင် လေအေးများ ရုတ်တရက် တဟူးဟူး တိုက်ခတ်လာသည်။ တဖျစ်ဖျစ်အက်ကွဲသံများနှင့်အတူ ထိုလေအေးများက မရေမတွက်နိုင်သော ရေခဲမှန်များအဖြစ် အေးခဲသွားသည်။ ထိုရေခဲမှန်များထဲတွင် အဘိုးအိုကို စူးစူးဝါးဝါး အော်ဟစ်နေသည့် မကောင်းဆိုးဝါးများ၏ ပုံရိပ်များ ရှိနေသည်။

မိစ္ဆာအဘိုးအို မျက်နှာပျက်သွားပြီး တခဏလေးအတွင်း သူ့ဝိညာဉ် ဝေဝါးလာသည်။ ကံကောင်းထောက်မ၍ သူ့ခေါင်းအထက်ရှိ ကောင်းကင်နန်းတော်များ ဆင်းသက်လာကာ မှန်များအားလုံးကို ဖျက်ဆီးလိုက်သည်။ သို့သော်လည်း သူ အနည်းငယ် နှေးကွေးသွားခဲ့ပြီး သူ့နောက်မှ ဓားကိုင်က နီးကပ်သည်ထက် နီးကပ်လာခဲ့သည်။

“ ချီးပဲကွာ ”

မိစ္ဆာအဘိုးအို ဒေါသထွက်သွားသည်။ သူ့နောက်မှ အောက်ဘက်ရှိ မဟာမိတ်ဂိုဏ်းသားများကြောင့် သူ ထိုသို့ နှောင့်နှေးသွားရသည်ကို သိသည်။ သို့သော်လည်း မဟာမိတ်ဂိုဏ်းသားများကို သူ လက်စတုံးပစ်ရန် အချိန်မရှိပေ။ သူတို့မျက်နှာများကို မှတ်သားထားလိုက်ပြီးနောက် အရှိန်တင်ရန် ပြင်လိုက်သည်။ သို့သော် သူ၏ မည်းနက်သော မျက်နှာမှာ ပို၍ပင် မည်းနက်လာ၏။

“ အဆိပ် ”

မိစ္ဆာအဘိုးအိုမှာ မျက်နှာပျက်သွားပြီး သွေးမည်းများ အန်ထုတ်လိုက်သည်။ ထိုအဆိပ်သည် သူ့ကို မသေစေနိုင်ပါသော်လည်း ဆိုးကျိုးများစွာကို ဖြစ်စေခဲ့ပြီး သူ၏သွေးနှင့်ချီ မတည်မငြိမ် ဖြစ်လာသည်။ သူ၏ကျင့်ကြံခြင်းစွမ်းအားများကို ချောချောမွေ့မွေ့ဖြင့် မလည်ပတ်နိုင်တော့ဘဲ သူ့တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ယားယံလာသည်။ သူ၏လည်ပင်းသည်လည်း ယားယံလာရာ သူ ချောင်းတဟွတ်ဟွတ်ဆိုးသွားသည်။

သူ၏အရှိန် လျော့ကျသွားပြန်သည်။

တခဏလေးအတွင်း ဓားချီ ချက်ချင်း ချဉ်းကပ်လာသည်။ မိစ္ဆာအဘိုးအိုသည် အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ ဓားချီက သူ့ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။ သူ စူးစူးဝါးဝါး အော်ဟစ်ကာ ထိုက်စီကြမ္မာဆိုးတောင်ထဲ သွေးရူးသွေးတမ်းဖြင့် ထွက်ပြေးသွားသည်။

ဓားကိုင်က မရပ်နားဘဲ တရကြမ်း လိုက်သွားသည်။ ထိုသို့ဖြင့် သူနှင့် မိစ္ဆာအဘိုးအိုတို့ ထိုက်စီကြမ္မာဆိုးတောင်ကြီးထဲ ပျောက်ကွယ်သွားသည်။ အဝေးမှ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး ခဏအကြာ ထိုက်စီကြမ္မာဆိုးတောင်ထဲမှ ဓားအလင်းတန်းတစ်တန်း ပျံထွက်လာသည်။

ထိုဓားအလင်းတန်းမှာ ဓားကိုင်ဖြစ်သည်။ သူသည် လက်ထဲတွင် ခေါင်းတစ်လုံးကိုကိုင်၍ ကောင်းကင်ယံတွင် ပျံသန်းနေသည်။ မဟာမိတ်သင်္ဘောစုကြီးကို သူ ဖြတ်သွားသောအခါ ခေါင်းငုံ့၍ ရွှီချင်းနှင့် ခေါင်းဆောင်တို့ကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ယင်းနောက် ရည်ရွယ်ချက်ရှိသည်လော၊ မရှိသည်လော ထိုက်စီကြမ္မာဆိုးတောင်ကို သူ တစ်ချက်ကြည့်ကာ ထွက်သွားသည်။

ထိုက်စီကြမ္မာဆိုးတောင်ထဲရှိ အစောပိုင်းက ဓားကိုင်တိုက်ခိုက်ခဲ့သည့်နေရာတွင် ခေါင်းပြတ်အလောင်းတစ်လောင်း ရှိနေသည်။ ထိုအလောင်း၏ လက်ချောင်းများက အနည်းငယ် လှုပ်ရှားနေ၏။

သို့သော် နေရောင်ခြည်အောက်၌ သူ့ဘေးရှိအရိပ်မှ မျက်လုံးတစ်လုံး ပွင့်လာသည်ကို သူ သတိမထားမိပေ။

တချိန်တည်းမှာပင် အင်မော်တယ်အားတိုးမြစ်ရှိ ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ အရိပ်လေးထံမှ သတင်းစကားအရ ထိုမိစ္ဆာအဘိုးအို သေလုမျောပါးဖြစ်နေသည်ကို သိလိုက်ရသည်။ ထိုမိစ္ဆာအဘိုးအိုက မဟာမိတ်၏ သင်္ဘောကြီးများကိုပင် တိုက်ခိုက်ဝံ့သည်ဖြစ်ပေရာ သူ မည်မျှ ရက်စက်ကြမ်းကြုတ်သည်ကို မြင်နိုင်သည်။ သူသာ ပြန်လည်သက်သာသွားခဲ့လျှင် နောင်တွင် ဆူးညှောက်တစ်ခု ဖြစ်လာပေမည်။

ထို့ကြောင့် ခေါင်းဆောင်ကို ရွှီချင်း ကြည့်လိုက်သည်။ ခေါင်းဆောင်သည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။

“ သူက ဆူးညှောက်တစ်ခုပဲ ”

“ သူ့မှာ ရတနာတွေရှိတယ်ကွ ”

သူတို့နှစ်ယောက်က တစ်ပြိုင်နက်တည်းနီးပါး ပြောလိုက်သည်။ ယင်းနောက် သူတို့က အဓိပ္ပာယ်ပါသောအကြည့်ဖြင့် အချင်းချင်း ကြည့်လိုက်ကြသည်။ သူတို့က ချက်ချင်း မတ်တတ်ရပ်လိုက်ကြပြီး သက်တန့်နှစ်ခုအသွင် ပြောင်းလဲကာ ထိုက်စီကြမ္မာဆိုးတောင်ကြီးဆီ ဦးတည်သွားကြသည်။

သူတို့ အနီးသို့ ရောက်သောအခါ ခေါင်းဆောင်က ပတ်ဝန်းကျင်ကို နှာခေါင်းရှုံ့၍ အနံ့ခံလိုက်သည်။ တည်နေရာကို သူ ရှာဖွေလိုက်စဉ် ရွှီချင်းက ရှေ့မှ ပြေးထွက်သွားသည်။ သူ၏ဦးတည်ရာမှာ ရှင်းပေသည်။

ခေါင်းဆောင်၏ မျက်ခုံးမွေးများ မြင့်တက်သွားပြီး အလျင်အမြန် နောက်မှ လိုက်သွားသည်။ မကြာခင် သူတို့နှစ်ယောက်သည် ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးထဲရှိ တောအုပ်ထဲသို့ ရောက်သွားသည်။ တောနက်ထဲသို့ သူတို့ ဝင်လာကြပြီးနောက် တောင်ကြားတစ်ခုကို မြင်လိုက်ရသည်။

တောင်ကြားထဲတွင် ခေါင်းပြတ်အလောင်းတစ်လောင်း ရှိသည်။ ထိုအချိန်၌ သူသည် ခက်ခက်ခဲခဲဖြင့် ထထိုင်နေပြီး အားအင်ချိနဲ့နေခြင်းကြောင့် သူ့တစ်ကိုယ်လုံး တုန်ရီနေသည်။ သို့သော်လည်း သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်နိုင်သေးသည်။

သူ့လည်ပင်းပေါ်တွင် အသားစိုင်များ ရုန်းကြွလာပြီး ခေါင်းအသစ်တစ်ခေါင်း ပေါက်တော့မည့်ပမာပင်။ သို့သော် ရုတ်တရက် သူ့ခန္ဓာကိုယ် တုန်ခါသွားသည်။ သူ့လည်ပင်းပေါ်ရှိ အသားစိုင်တွင် မျက်လုံးတစ်လုံး တွားသွားထွက်လာပြီး တောင်ကြားအပြင်ဘက်မှ လျှောက်လာနေသော လူရိပ်နှစ်ရိပ်ကို အလန့်တကြား ကြည့်လိုက်သည်။

ထိုလူရိပ်နှစ်ရိပ်မှာ ရွှီချင်းနှင့် ခေါင်းဆောင်တို့ဖြစ်သည်။

“ ကျုပ်တို့ကို ရန်မစဘဲ ခင်ဗျားဘာသာ အသက်လုပြေးနေသင့်တာဗျ ”

“ ကျုပ်တို့ ဘာလို့ ရန်စခဲ့တာလဲ ”

ခေါင်းဆောင်သည် သွားဖြဲ၍ ရယ်မောလိုက်ပြီး သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ သူ၏မျက်လုံးအိမ်များထဲတွင် သူ့မျက်နှာနှင့်ဆင်တူသော မျက်နှာလေးတစ်ခု ပေါ်လာပြီး ထိုမျက်နှာလေးသည်လည်း သွေးအေးစွာ ပြုံးနေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်ခမန်းလိလိစွမ်းအင်အငွေ့အသက်များ ဖြာထွက်လာရာ ခေါင်းပြတ်မိစ္ဆာအဘိုးအိုမှာ တုန်ရီသွားသည်။

ရွှီချင်းမှာမူ မျက်နှာသေဖြင့် လူသေအလောင်းတစ်လောင်းကို ကြည့်နေသည့်အလား တည်ငြိမ်စွာ ကြည့်နေသည်။ အဘိုးအို တိုက်ခိုက်လာခဲ့သည့်အချိန်ကတည်းက ထိုအဘိုးအိုကို သတ်ဖြတ်ရန် သူ စီစဉ်ထားခဲ့သည်။

ထိုအချိန်၌ ရွှီချင်း၏ ကျင့်ကြံခြင်းစွမ်းအားများ လည်ပတ်လာသည်။ သူ့ကိုယ်ထဲတွင် သက်စောင့်မီးလုံးသုံးလုံးသာ ရှိပုံရပါသော်လည်း မိစ္ဆာအဘိုးအိုမှာ ကောင်းကင်နန်းတော်တစ်ဆောင်အောက် မနိမ့်သော ခံစားချက်မျိုး ခံစားနေရပြီး စိတ်ထဲ တုန်ရီသွားပြန်သည်။

ယခု သူသည် အလွန် အားနည်းနေ၏။ သူ၏ကောင်းကင်နန်းတော်တစ်ဆောင် ပျက်စီးသွားခဲ့ပြီး ကျန်ကောင်းကင်နန်းတော်တစ်ဆောင်သည်လည်း ပျက်စီးလုနီးပါး ဖြစ်နေသည်။ သူက ရွှေအမြုတေအဆင့်၌ ရှိပါသော်ငြား သူ၏တိုက်ရည်ခိုက်ရည်က အောက်ခြေသို့ ထိုးကျသွားခဲ့ပြီ ဖြစ်သည်။

သူ၏ သိုလှောင်အိတ်နှင့် ဓမ္မအသုံးအဆောင်များကို သူ၏ခေါင်းနှင့်အတူ ဓားကိုင်က တစ်ပါတည်း ယူဆောင်သွားခဲ့သည်။

မူလက ဓားကိုင်ကို သူ လှည့်စားရန် ကြံစည်ခဲ့သည်။ ဓားကိုင်က သူ့ကို သတ်မနေဘဲ အနှီကလေးနှစ်ယောက်အား စောစောက သူတို့၏အပြုအမူအတွက် သူ့ကို ချန်ခဲ့ခြင်းဖြစ်သည်မှာ သိသာသည်။

သူ နတ်အာရုံကို ဖြန့်ကျက်ရန် ပြင်လိုက်စဉ် ရွှီချင်းနှင့် ခေါင်းဆောင်တို့ လှုပ်ရှားသွားကြသည်။ သူတို့နှစ်ယောက်က ခေါင်းပြတ်မိစ္ဆာအဘိုးအိုအနီးသို့ ချက်ချင်း ချဉ်းကပ်သွားကြသည်။

မိစ္ဆာအဘိုးအိုက ရုတ်တရက် ခုန်ထကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သူ့နောက်မှ ရေခဲနံရံများ ပေါ်လာပြီး ရေခဲနံရံများနောက်တွင် ပင်လယ်ကြီး ရုပ်လုံးပေါ်လာသည်။ ဆူနာမီကဲ့သို့ လှိုင်းများ သူ့ကို ရိုက်ခတ်လာသည်။

လှိုင်းတစ်လုံးတည်းသာ ရိုက်ခတ်ခြင်းမဟုတ်ဘဲ ကိုးကြိမ်ဆက်တိုက် ရိုက်ခတ်ခြင်းဖြစ်၍ ဒဏ်ရာအပြင်းအထန်ရထားသော မိစ္ဆာအဘိုးအို၏ တစ်ကိုယ်လုံး ဒယိမ်းဒယိုင် ဖြစ်သွားသည်။ သူ နောက်ဆုတ်သွားစဉ် ပင်လယ်ရေထဲမှ ဧရာမရေခဲလက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး သူ့ကို ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်သည်။ ခေါင်းဆောင်၏မျက်နှာက ရေခဲလက်ကြီးထဲတွင် ရှိသည်။ သူ့မျက်လုံးများ မှိတ်ထားပါသော်လည်း ပါးစပ်ကြီးကို ဟ၍ အငမ်းမရ ဝါးမျိုလိုက်သည်။

မိစ္ဆာအဘိုးအို နောက်ဆုတ်သွားပြန်သည်။ သူ့လည်ပငပ်းပေါ်ရှိ မျက်လုံးမှာ ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် သူ အလျင်အမြန် နတ်အာရုံ ပို့လွှတ်လိုက်သည်။

“ မိတ်ဆွေလေးတို့။ ကျုပ် မှားသွားပါတယ်ကွယ်။ ကျုပ် … ”

သူ့စကားမဆုံးခင် ရွှီချင်းက ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် သူ့အနီးသို့ ရုတ်တရက် ရောက်သွားပြီး ညာလက်ဖြင့် ထိုးနှက်လိုက်သည်။ မိစ္ဆာအဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး သွေးအသားစိုင်များဖြစ်သွားသည်။ ရွှီချင်းက ဘယ်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ကောင်းကင်တွင် တိမ်မည်းများ ချက်ချင်း ပေါ်လာသည်။ ခြောက်ကပ်ကပ်လက်ချောင်းတစ်ချာင်း ဆင်းသက်လာပြီး မိစ္ဆာအဘိုးအို၏ လည်ပင်းပေါ်ရှိ အသားကို ထိလိုက်သည်။

မိစ္ဆာအဘိုးအို၏ခန္ဓာကိုယ်က ပြိုကွဲလုဆဲဆဲ ဖြစ်နေသည်ဖြစ်၍ သူ၏နတ်အာရုံက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ ထို့နောက် သူ့နောက်တွင် လေပွေကြီးတစ်ခု ပေါ်လာပြီး ဧရာမပါးစပ်ကြီးအသွင်ပြောင်းလဲကာ သူ့ကို ဝါးမျိုလိုက်သည်။

မိစ္ဆာအဘိုးအို၏ ပျက်စီးနေသော ခန္ဓာကိုယ်မှာ ပါးစပ်ကြီးထဲ တစ်ခါတည်း ဝင်သွားသည်။ တဂျွမ်းဂျွမ်းမြည်သံများ ထွက်ပေါ်လာပြီးနောက် ပျို့အန်သံ ထွက်ပေါ်လာပြီး ပါးစပ်ကြီးက မိစ္ဆာအဘိုးအိုကို ထွေးထုတ်လိုက်သည်။

မိစ္ဆာအဘိုးအိုမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ ဖြစ်သည်။ သူ၏ခါးက ကျိုးလုနီးပါးဖြစ်နေပြီဖြစ်ပြီး သူ၏နတ်အာရုံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။ သူ၏နတ်အာရုံအများစု ဝါးမျို ခံလိုက်ရသည့်အလားပင်။

ရွှီချင်းက လေပွေကြီးကို လှမ်းကြည့်လိုက်သည်။ ယခင်က အမှတ်ခုနစ်သခင်ကြီးက ထိုမန္တန်ကို အသုံးပြု၍ ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်အား တစ်ခါတည်း ဝါးမျိုခဲ့သည်ကို သူ မြင်ခဲ့ဖူးသည်။

“ အရသာမရှိဘူး ”

လေပွေကြီး ပျောက်ကွယ်သွားပြီး ခေါင်းဆောင် ထွက်လာသည်။ သူသည် လမ်းလျှောက်နေရင်း ပျို့အန်လိုက်သည်။

“ ဆီချေးစော်နံလိုက်တာ။ ငါ့ဗိုက်ကို ခဏလောက် အနားပေးရမယ်။ ဟင်း မုန့်လေးရှိရင် သိပ်ကောင်းမှာပဲ။ ဒီကောင်က ရွံစရာကြီးပဲ ”

သူသည် စကားပြောရင်း ပန်းသီးတစ်လုံးကို ထုတ်၍ ဂျွမ်းခနဲမြည်အောင် ကိုက်စားလိုက်သည်။ မုန့်များကို သူ မစားနိုင်သည်ဖြစ်၍ သူ၏မနှစ်မြို့စိတ်ကို ဖြေဖျောက်ရန် ပန်းသီးကို အားပြုရပေမည်။

ရွှီချင်းသည် ခေါင်းဆောင်ကို ဂရုမစိုက်ဘဲ သေလုမျောပါးဖြစ်နေသော အဘိုးအိုရှေ့သို့ လျှောက်သွားပြီး နဖူးကြားကို ဖိချလိုက်သည်။ မိစ္ဆာမီးတောက် ထွက်ပေါ်လာပြီး မိစ္ဆာအဘိုးအိုကို လောင်ကျွမ်းသွားသည်။ ခဏအကြာ ဝိညာဉ်စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲ စုစည်းလာသည်။ တဖျစ်ဖျစ်မြည်သံများနှင့်အတူ သူ၏တစ်ရာ့သုံးခုမြောက်၊ တစ်ရာ့လေးခုမြောက်နှင့် တစ်ရာ့ငါးခုမြောက် ဓမ္မတံခါးများ ချက်ချင်း ပွင့်သွားသည်။

ယင်းသည် အဆုံးသတ်မဟုတ်ပေ။ ထို့နောက် တစ်ရာ့ခြောက်ခုမြောက်၊ တစ်ရာ့ခုနစ်ခုမြောက် … တစ်ရာ့ရှစ်ခုမြောက် ဓမ္မတံခါး ပွင့်သွားပြီးနောက် မိစ္ဆာအဘိုးအို၏ ခန္ဓာကိုယ် တုန်ခါသွားသည်။ ရွှီချင်း၏ နောက်တွင် ရွှေကျီးကန်း ပေါ်လာပြီး ဝိညာဉ်နှင့် နတ်အာရုံစွမ်းအား ဆုံးရှုံးသွားသော မိစ္ဆာအဘိုးအို၏ သွေးနှင့်ချီများကို အငမ်းမရ စုပ်ယူလိုက်သည်။

မိစ္ဆာအဘိုးအိုသည် ပြာဖြစ်သွားပြီး အစအနမကျန်အောင် ပျောက်ကွယ်သွားသည်။

ရွှီချင်း မတ်တတ်ရပ်လိုက်သည်။ ခေါင်းဆောင်သည် အဘိုးအို ပျောက်သွားသည့်နေရာကို ကြည့်၍ ရွှီချင်းကို ပြုံးပြလိုက်သည်။

“ ချင်းလေး၊ သူက မိစ္ဆာလား၊ ငါတို့က မိစ္ဆာလား ”

ရွှီချင်းသည် အလေးအနက် တွေးတောလိုက်ပြီး ပြန်ပြောရန် ပြင်လိုက်သည်။ ထိုအချိန်၌ တောနက်ထဲမှ မြူခိုးများ ရုတ်တရက် ပေါ်လာသည်။

ဓားပါးလေးများပမာ အေးစိမ့်စိမ့်လေပြင်းများ တဟူးဟူး တိုက်ခတ်လာ၏။

All Chapters