← Chapters

အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်

Vol. 27 Ch. 398

အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်

Vol. 27 Ch. 398

နောက်တစ်နေ့တွင် …

ရဲ့လင်းချန်သည် ကျန်းယွင်ရှီကို ငေးကြည့်နေပြီး ပြောမပြတတ်သော ခံစားချက်က သူ့ရင်ထဲ၌ ဖြစ်တည်လာ၏။ ဂုဏ်ယူခြင်း၊ ပျော်ရွှင်ခြင်းနှင့် တာဝန်ယူခြင်း စသော ခံစားချက်များကို ရရှိနေသည်။

သို့သော် သူမ၏ ပိတ်နေသော မျက်လုံးများက တင်းကြပ်စွာ မှိတ်နေသော မျက်တောင်လေးများက မသိမသာ လှုပ်နေသည်ကို သူ မြင်လိုက်ရသည်။ သူမက အိပ်ပျော်ချင်ယောင်ဆောင်နေခြင်းပင်။

“မင်းက အိပ်ချင်ယောင်ဆောင်ရဲတယ်ပေါ့လေ၊ ငါ မင်းကို အဲ့လောက် လွယ်လွယ်နဲ့ ချမ်းသာမပေးဘူးကွ”

သူတို့ နှစ်ယောက်သည် တစ်ခဏမျှ လုံးထွေးသွားပြီးနောက် ငြိမ်သက်သွားပြီး သူတို့၏ ပျော်ရွှင်မှုအပေါ် သာယာ ကြည်နူးနေကြသည်။

“လင်းချန်၊ ကျွန်မ အခု ကမ္ဘာပေါ်မှာ အပျော်ဆုံး အမျိုးသမီးတစ်ယောက်လို့ ခံစားနေရတယ်”

ကျန်းယွင်ရှီက ချိုမြိန်စွာ ပြုံးနေသည်။

“အခုတင် မကဘူး၊ နောက်ဆိုလည်း အမြဲ ဖြစ်နေတော့မှာ”

ရဲ့လင်းချန်က ပြောလိုက်သည်။

“ရှင်က အကောင်းဆုံးပဲ”

ကျန်းယွင်ရှီ ပို၍ ပျော်ရွှင်လာပြီး ရဲ့လင်းချန်အား ချစ်မြတ်နိုးစွာ ကြည့်လေသည်။

“မနေ့က ရှင် ရသစုံရှိုးပွဲကို သွားမယ်လို့ ကြားတုန်းက ကျွန်မ ရုတ်တရက်ကြီး အရမ်း ကြောက်လာတာ၊ ကျွန်မ တစ်နေ့လုံး ကြောက်နေခဲ့တာ”

“ငါ လုယူခံရမှာကို ကြောက်နေတာလား”

ရဲလင်းချန် ပြုံးနေသည်။

“အင်း”

ကျန်းယွင်ရှီက ခေါင်းညိတ်ကာ နှုတ်ခမ်းလေးကိုက်၍ ဆက်ပြော၏။

“အနုပညာလောကမှာ လှတဲ့ မိန်းကလေးတွေ အများကြီးပဲလေ၊ ရှင်က အံ့ဩဖို့ ကောင်းလွန်းလို့ မိန်းကလေးတွေကို သေချာပေါက် ဆွဲဆောင်နိုင်မှာ၊ ရှင် ကျွန်မကို မေ့သွားမှာ ကြောက်တယ်”

“အရူးမလေး၊ ငါ မင်းကို အစောကြီးကတည်းက တစ်ဖက်သတ် ချစ်နေခဲ့တာ”

ရဲ့လင်းချန် ရယ်လိုက်သည်။

“တကယ်လား”

ကျန်းယွင်ရှီ၏ မျက်နှာက အံ့ဩသွားပုံပေါက်သည်။

“မင်းက ရွာကအလှလေးလေ၊ ပြီးတော့ ကျောင်းတော်က မိန်းမလှလေးပဲလေ၊ မင်းက လှပပြီးတော့ အကျင့်စရိုက်လည်း ကောင်းတယ်၊ လူတော်တော်များများက သူတို့ရဲ့ အိပ်မက်ထဲက ချစ်သူလို တွေးနေကြတာ၊ ငါလည်း ပါတာပဲ”

ရဲ့လင်းချန်က မထိတထိ ပြုံးနေသည်။

“နောက်ဆုံးတော့ ငါ့အိပ်မက်တွေ တကယ် ဖြစ်လာအောင် လုပ်နိုင်ခဲ့ပြီလေ”

“ဟွန့် … နင်က အကျင့်ကို မကောင်းဘူး”

ကျန်းယွင်ရှီက အသာအယာ ရယ်နေသည်။ သို့သော် သူမရင်ထဲမှ စိုးရိမ်စိတ်က ပျောက်ကွယ်သွားလေသည်။

ကျန်းယွင်ရှီသည် အိပ်ရာခင်းကို ပျော်ရွှင်စွာ ခေါက်သိမ်း၍ ဂရုတစိုက် ဖယ်လိုက်သည်။ ထို့နောက် သူမက ရဲ့လင်းချန်နှင့်အတူ အခန်းထဲမှ ပျော်ရွှင်စွာ ထွက်လာသည်။

အောက်ထပ်တွင် မီယာကိုက သူတို့နှစ်ယောက်ကို ရှုပ်ထွေးသော အမူအရာနှင့် ကြည့်နေသည်။ သူမမျက်လုံးတွင် မကျေနပ်သော အရိပ်အယောင် ပေါ်နေသည်။

ညက လှုပ်ရှားမှုများ များပြားလွန်း၍ သူမ လုံးဝ ကောင်းကောင်း အိပ်မပျော်ပေ။ ထို့အပြင် မနက်ပိုင်းတွင်လည်း လှုပ်ရှားမှု ကြီးကြီးမားမား ရှိလာလိမ့်မည်ဟု သူမ ထင်မထားမိပါ။ ကျန်းယွင်ရှီ၏ နီမြန်းနေသော မျက်နှာကို ကြည့်ပြီးနောက် မီယာကိုတစ်ယောက် သူတို့ ဘာဖြစ်ခဲ့သလဲ မသိဘဲ မနေပါ။

ကျန်းယွင်ရှီက မနက်စာ ချက်ပြုတ်ရန် ပြင်သော်လည်း ရဲ့လင်းချန်က သူ့ကို ဆွဲထားသည်။ သူက ညင်သာစွာ ပြောလိုက်သည်။

“မင်း ကောင်းကောင်းနားပါ၊ ကိုယ် ချက်လိုက်မယ်”

“အင်း … ရှင်က အကောင်းဆုံးပဲ”

ကျန်းယွင်ရှီ ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်သည်။

တစ်ဖက်တွင်မူ မီယာကို၏ ခန္ဓာကိုယ်က တောင့်ခနဲ ဖြစ်သွားသည်။ သူမ ရလိုက်သော ရိုက်ချုက်က သူမအတွက် ရင်ဆိုင်ရန် ခက်လှသည်။

ရဲ့လင်းချန် မနက်စာ ချက်ပြုတ်ပြီးနောက် ကျန်းယွင်ရှီက သူ့အဝတ်အစားများကို ကူသိမ်းပေးပြီး သတိပေးနေသည်။

“ရှင့်ဘောင်းဘီနဲ့ ခြေအိတ်တွေကို အိတ်အဖုံးပေါ်က အကန့်မှာ ထည့်ထားတယ်နော်၊ ကျွန်မ ရှင့်အတွက် ငါးစုံ ထုတ်ပေးထားတယ်၊ အရေးပေါ် ဆေးပစ္စည်းလည်း ရှိတယ်၊ အဲ့ဒါကို အိတ်ရဲ့ ဘယ်ဘက်မှာ ထားတာတယ်၊ ပြီးတော့ ရှင့်ဂျတ်ကက်ကို အောက်ဆုံးမှာ ထားထားတယ်၊ နေရာက လှလေ နေ့နဲ့ည အပူချိန် ကွာခြားမှုက ကြီးလေပဲ၊ အဲ့ဒါကြောင့် ဒါကို ဝတ်ဖို့ သတိရဦး”

ကျန်းယွင်ရှီ၏ မိခင်မေတ္တာက လျှံပယ်လျက် ရှိပြီး မသိလျင် ခရီးဝေးသွားမည့် သားကို မြင်ရရန် အင်တင်တင် ဖြစ်နေသည့် မိခင်တစ်ယောက်လိုပင်။ သူမက တစ်ခုပြီး တစ်ခုကို ရှင်းပြပြီး ရဲ့လင်းချန်အား ဝန်လေးသော အကြည့်ဖြင့် ကြည့်နေသည်။

“ကိုယ်က အစီအစဉ်မှာ ပါဝင်ရုံလေးပါပဲ၊ စိတ်မပူပါနဲ့၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှာပါ”

ရဲ့လင်းချန်၏ လက်ရှိ ခန္ဓာကိုယ် ကြံ့ခိုင်မှုအရ သူ အပူဒဏ်နှင့် အအေးဒဏ်ကို မကြောက်ပါဟု ပြောလျင် ကြွားရာ ကျပေမည်။ သို့သော် သာမန် အပူချိန် အပြောင်းအလဲကို သူ လျစ်လျူရှုထား၍ ရနေလေပြီ။

မနက်စာ စားပြီးနောက် ကျန်းယွင်ရှီက ရဲ့လင်းချန်ကို အိမ်မှမထွက်ခင် နှုတ်ဆက်အနမ်း ပေးလိုက်သည်။ နှစ်ယောက်လုံးသည် မနက်ကတည်းက ချစ်ကြည်နူး တစ်တီတူး အပြုအမူဖြင့် ပြောဆိုနေကြသဖြင့် မီယာကိုသည် လူသိသူသိ ချစ်ခင်ပြနေသည်ကို ကြည့်နေရသဖြင့် စိတ်ပျက်ကာ မျက်နှာက ချဉ်တင်တင် ဖြစ်နေ၏။

သူမ တစ်ကိုယ်လုံး ကြက်သီးထနေသည်။ မီယာကိုသည် ချစ်ပြကြင်နာပြနေသည့် မြင်ကွင်းကို သူမ တစ်ဘဝလုံး၌ သည်းခံနိုင်လောက်သည့် ပမာဏ အဆုံးစွန်အထိ သည်းခံပြီးပြီဟု ခံစားလိုက်မိသည်။

ကားစက်နှိုးလာပြီး အိမ်ရာဝန်းထံမှ မောင်းထွက်သွားလေသည်။ ထိုအခါတွင်မှ ကျန်းယွင်ရှီသည် လှမ်းကြည့်နေသည်ကို ကြည့်၍ နောက်လှည့်လာသည်။

ကားသည် လေဆိပ်အထိ မောင်းနှင်သွားသည်။

သူ အစစ်ခံပြီး လေယာဉ်ပေါ်တက်လိုက်ပြီးနောက် လေယာဉ်သည် ကိုးနာရီခွဲတိတိတွင် ထွက်ခွာလာသည်။

ရဲ့လင်းချန်သည် လီတောင်တန်း၏ အချက်အလက်ကို ရှာဖတ်ကြည့်လိုက်သည်။ လီတောင်တန်းသည် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်း ရှီဟိုင် ခရိုင်တွင်း၌ တည်ရှိသည်. ၎င်းအား လှပသော တောင်တန်းများက ဝန်းရံထားသဖြင့် လီတောင်တန်းဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်သည် မျက်မှောက်ခေတ်တွင် မြင်ရခဲသည့် ပတ်ဝန်းကျင်ဖြစ်ပြီး မြို့အား ရှေးခေတ်ပုံစံအတိုင်း ထိန်းသိမ်းထားသည်။ ၎င်းတွင် အထပ်မြင့်များ မရှိသလို အိမ်များအား ဝါးများနှင့် အင်္ဂတေတိုင်များဖြင့် ပြုလုပ်ထားသည်။ ၎င်းသည် တရုတ်နိုင်ငံတစ်ဝှမ်း၌ နာမည်ကြီး ခရီးသွားဧည့်သည်များ လာကြသည့် နေရာဟု လူသိများသည်။

ရဲ့လင်းချန်သည် လီတောင်တန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဖတ်နေချိန်တွင် သူ့ဘေး၌ နေကာမျက်မှန်နှင့် လှပသော အမျိုးသမီးတစ်ယောက် ထိုင်နေသည်ကို သတိထားလိုက်မိသည်။ ထိုအမျိုးသမီးသည် အင်္ကျီကော်လာကို မြှင့်ထားပြီး ဦးထုပ်ဆောင်းထားကာ သူမ မျက်နှာတစ်ခုလုံးနီးပါးကို အုပ်ထားသဖြင့် သူမ၏ ဖြူဝင်းသော အသားအရေက အနည်းငယ်သာ ပေါ်နေသည်။

အဘယ်ကြောင့် သူက သူမကို လှပသော အမျိုးသမီးဟု စဉ်းစားမိရသနည်း။ အကြောင်းမှာ သူမ၏ ခန္ဓာကိုယ် အချိုးအစားနှင့် သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါကြောင့်ပင်။ ယင်းက အခြားသူများအား သူမမျက်နှာကို ကြည့်စရာမလိုဘဲ အံ့အားသင့်စေသည်။

*ဒီလို ထူးဆန်းတဲ့ ဖက်ရှင်မျိုး ဝတ်စားထားတယ်ဆိုတော့ … မဟုတ်မှလွဲရော အနုပညာရှင်တစ်ယောက်များလား*

ရဲ့လင်းချန်သည် ဖြစ်နိုင်ချေကို စဉ်းစားလိုက်မိပြီးနောက် အင်တင်တင်ဖြင့် ပြုံးလိုက်မိသည်။

*နယ်ပယ်တူထဲက တစ်ယောက်နဲ့ လာတိုးတယ်ဆိုတော့ တိုက်ဆိုင်တာပဲ*

ထို့နောက် သူသည် ကိုယ်ကိုကိုင်း၍ ထိုအမျိုးသမီးကို မေးလိုက်သည်။

“တဆိတ်လောက်၊ ခင်ဗျားက အနုပညာရှင်တစ်ယောက်လား”

နေကာမျက်မှန်မှတစ်ဆင့် ထိုအမျိုးသမီးက သူ့ဘက် လှမ်းကြည့်နေသည်ကို ရဲ့လင်းချန် ခံစားမိသည်။ ထို့နောက် သူမက သူ့စကားကို ပြန်မဖြေဘဲ အထင်သေး စက်ဆုပ်စွာဖြင့် သူမ ခန္ဓာကိုယ်ကို ဂရုတစိုက် ရွှေ့သွားလေသည်။ သူမက သူ့ကို ဥပေက္ခာပြုထားမှန်း သိသာလှသည်။

ရဲ့လင်းချန်သည် အနေရခက်စွာဖြင့် သူ့နှာခေါင်းသူ ပွတ်နေလိုက်သည်။ လက်လျှော့ချင်စိတ် မရှိသောကြောင့် သူ ဆက်၍ ပြောလိုက်လေသည်။

“စိတ်ပူစရာ မလိုပါဘူး၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း အနုပညာရှင်ပါပဲ”

ထိုအမျိုးသမီးက သူ့ကို နောက်တစ်ချက် ပြန်ကြည့်လာသော်လည်း ထိုအကြည့်က အရူးကို ကြည့်နေသည်နှင့် တူနေပြီး တိတ်ဆိတ်မြဲ တိတ်ဆိတ်နေ၏။

*သေစမ်း*

*ငါ အထင်သေးခံလိုက်ရတာလား*

ရဲ့လင်းချန် မခံမရပ်နိုင် ဖြစ်သွားရသည်။

“ငါက နာမည်ကြီး အနုပညာရှင်ဆိုတာကို မင်းကို ငါ သက်သေပြမယ်”

သူ၏ ယှဉ်ပြိုင်လိုသော စိတ်ဓာတ်က နိုးကြားလာသည်။ သူသည် ဘေးဘီကို ဝေ့ကြည့်ပြီး လူတိုင်းနှင့် အကြည့်ချင်း ဆုံအောင် လိုက်ကြည့်ကာ တစ်ယောက်ယောက်က သူ့ကို မှတ်မိလိမ့်မည်ဟု မျှော်လင့်နေသည်။

သူသည် စိတ်ကို ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က ဤသို့ အော်လာလျင်

“ဝိုး … မင်းက ကိုရီးယားနိုင်ငံကို အနိုင်ယူခဲ့တဲ့ အဲ့ဒီ ဘတ်စကက်ဘော စူပါစတား ဟုတ်တယ်မလား”

သူက နှိမ့်ချစွာဖြင့် ခေါင်းညိတ်၍ လက်မှတ်ထိုးပေးမည်။ ပြီးလျင် ဘေးမှ အနုပညာရှင်ဟု ထင်ရသည့်လူအား ဂုဏ်ယူစွာ သက်သေပြပေမည်။

တကယ်တမ်းတွင်း ယင်းက သူ၏ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်သည်။

လူတော်တော်များများက သူ၏ စူးစမ်းသော အကြည့်နှင့် ဆုံသော်လည်း သူတို့က ချက်ချင်း ဟွန်းခနဲ အသံပြု၍ တစ်ဖက် လှည့်သွားကြသည်။

“ဒေါက် ဒေါက် ဒေါက်”

ထိုသို့သောအချိန်၌ ယူနီဖောင်း ဝတ်ထားသည့် လေယာဉ်မယ်တစ်ဦးက ရဲ့လင်းချန်ထံသို့ ပြုံး၍ လျှောက်လာသည်။

*နောက်ဆုံးတော့ တစ်ယောက်ယောက်က ငါ့ကို သတိထားမိသွားတဲ့ပုံပဲ၊ ငါ့နာမည်က အဲ့လောက် မသေးပါဘူး”

ရဲ့လင်းချန် သတိနှင့် ထိုင်လိုက်ပြီး အချိန်မရွေး လှုပ်ရှားရန် အသင့်ပြင်လိုက်သည်။

လေယာဉ်မယ်က ရဲ့လင်းချန်နားသို့ ရောက်လာပြီး မေးမြန်းလေသည်။

“လူကြီးမင်း၊ ရှင် တစ်ခုခု လိုအပ်ပါသလား”

“ဟုတ်တယ်၊ ငါက … ဟမ်’

ရဲ့လင်းချန် အံ့ဩသွားပြီးနောက် လေယာဉ်မယ်အား အူကြောင်ကြောင်ဖြင့် ပြန်ကြည့်လိုက်သည်။

“မင်း ငါ့ကို မသိဘူးလား”

လေယာဉ်မယ်က သူ့အား ရိုးသားစွာ ကြည့်နေပြီးနောက် ဇဝေဇဝါဖြင့် ခေါင်းခါပြသည်။ သူမ ထပ်မေးလိုက်သည်။

“လူကြီးမင်း၊ ရှင် ဘေးဘီကို လိုက်ကြည့်နေတာကို ကျွန်မ တွေ့လိုက်လို့ပါ၊ ရှင် ကျွန်မဆီက ဘာအကူအညီများ လိုအပ်ပါသလဲ”

“ဘတ်စကက်ဘော၊ ငါ ဘတ်စကက်ဘော လိုတာ”

ရဲ့လင်းချန်က ခေါင်းမာစွာဖြင့် အသည်းအသန် အရိပ်အမြွက် ပေးလေသည်။

“ကျွန်မ တောင်းပန်ပါတယ် လူကြီးမင်း၊ ဒါပေမဲ့ ကျွန်မတို့ လေကြောင်းလိုင်းက ဘတ်စကက်ဘော မပေးပါဘူး၊ လေယာဉ်ပေါ်မှာ ပေါက်ကွဲမှု ဖြစ်မှာစိုးလို့ အဲ့ဒါမျိုး ထားဖို့ အဆင်မပြေပါဘူး”

လေယာဉ်မယ်၏ အကြည့်က အနည်းငယ် ပြောင်းလဲစပြုလာသည်။

ရဲ့လင်းချန် ပို၍ စိုးရိမ်ပူပန်လာသည်။ သူက လေထဲ၌ ဘောလုံးပုံ ဆွဲပြပြီး ဆက်၍ အရိပ်အယောင်ပြသည်။

“ဘတ်စကက်ဘောလေ၊ ငါ ဘတ်စကက်ဘော အကြောင်း ပြောနေတာ …”

“လူကြီးမင်း ကျွန်မ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ရှင် ဒီလို ဆက်လုပ်နေမယ်ဆိုရင် လေယာဉ်ရဲ့ လုပ်ငန်းစဉ်ကို နှောင့်ယှက်တယ်လို့ မှတ်ယူပါမယ်၊ ပြီးတော့ အဲ့အတွက် ကျွန်မတို့ အရေးယူရပါလိမ့်မယ်”

လေယာဉ်မယ် စိတ်ပျက်စပြုလာ၏။

“ဪ ဒါဆိုရင်လည်း ထားလိုက်ပါ၊ အဆင်မပြေမှုအတွက် ကျွန်တော် တောင်းပန်ပါတယ်”

…

All Chapters