← Chapters

ကျင့်ကြံရေး လမ်းစဉ်နှင့်အတူ လျှောက်လှမ်းခြင်း

Vol. 27 Ch. 399

ကျင့်ကြံရေး လမ်းစဉ်နှင့်အတူ လျှောက်လှမ်းခြင်း

Vol. 27 Ch. 399

*မသိတတ်လိုက်တာ*

*ခရီးသည်အားလုံးက အဲ့လောက် မသိနားမလည် ဖြစ်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ပညာမရှိလိုက်တဲ့လူတွေ၊ အရမ်း စိတ်ပျက်ဖို့ ကောင်းတယ်*

ရဲ့လင်းချန်သည် သူ့ဘေးမှ မိန်းမပျိုကို ထပ်ကြည့်လိုက်သည်။ ထိုမျက်မှန်အောက်မှနေ၍ သူ့အား သရော်နေသော အကြည့်အား ခံစားမိနေသည်။ သူ ဒေါသထွက်သလို ခံစားလိုက်ရသည်။

*မင်းက ဘာတွေ အဲ့လောက် မာန်တက်နေတာလဲ၊ မင်းကိုယ်မင်း အနုပညာရှင်လို့ ထင်နေတာလား၊ မင်း မျက်မှန်ကို ချွတ်လိုက်ရင်တောင် မင်းကို သိမယ့်လူက ပိုနည်းမှာပဲ*

မကျေမနပ် ခံစားလိုက်ရပြီးနောက် ရဲ့လင်းချန် မျက်လုံးမှိတ်ကာ အနားယူလိုက်သည်။ သူ့အာရုံက စနစ်သို့ ရောက်သွားသည်။

သူ့တွင် ရေပန်းစားမှုအမှတ် ၄၆၀၀၀၀ နီးပါး ရှိသဖြင့် သူ့စွမ်းရည်များအား လေးကြိမ် အဆင့်မြှင့်နိုင်ပေသည်။ လတ်တလော သူ့၌ လုပ်စရာ ဘာမှမရှိသဖြင့် ယင်းတို့ကို သုံးလိုက်သည်က ပိုကောင်းပေမည်။

ရဲ့လင်းချန် စိတ်အားထက်သန်စွာဖြင့် လက်နှစ်ဖက်ကို ပွတ်လိုက်မိသည်။ သူ့စွမ်းရည်များကို အဆင့်မြှင့်မှသာလျင် သူ ပို၍ သန်မာလာမည် ဖြစ်ပြီး ပို၍ ဘေးကင်းလုံခြုံလာပေမည်။

*ကဲ … ဒါဆိုရင် စလိုက်ကြတာပေါ့*

သူသည် တစ်ရာ ရာခိုင်နှုန်း ဖြစ်နေသော စွမ်းရည်များစာရင်းကို ကြည့်နေသည်။

လက်ရေးလှပညာ၊ အနှိပ်ပညာ၊ ဗိသုကာပညာ၊ ချီသန့်စင်မှု၊ အနောက်တိုင်း ဆေးပညာ၊ လယ်ယာစိုက်ပျိုးခြင်း၊ ရေကူးခြင်း၊ ဒက်ချ်ဘာသာစကား၊ ရုရှားဘာသာစကား၊ တူရကီဘာသာစကား …

ချီသန့်စင်မှုကို အဆင့်မြှင့်နိုင်ရန် သူ ပို၍ တောင့်တမိသည်။ ယခုအချိန်၌ ချီသန့်စင်မှုသာလျင် သူ၏ ခန္ဓာကိုယ် အခြေအနေကို တိုးတက်စေနိုင်ပေမည်။ အကျိုးသက်ရောက်မှုက ကောင်းသော်လည်း ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည်တော့ မဟုတ်ပါ။ အကယ်၍ ၎င်းကို အဆင့်မြှင့်နိုင်ပါက သူ တကယ် ကျင့်ကြံနိုင်စွမ်း ရှိလောက်သည်။

ကျင့်ကြံခြင်းသည် လူတိုင်း၏ အိပ်မက် ဖြစ်သည်။ ရဲ့လင်းချန်သည်လည်း အပါအဝင်ပင်။

လက်ရှိအချိန်၌ သူ နောင်တရနေမိသည်။

*ရူးလိုက်တာ၊ ငါ ဘာလို့ အဲ့ဒီ ဘာသာစကားတွေကို တစ်ရာ ဖြစ်တဲ့အထိ သင်ယူမိတာလဲ၊ ဒါက နေရာ အရမ်း ယူပြီးတော့ ချီသန့်စင်မှုကို အဆင့်မြှင့်နိုင်မယ့် အခွင့်အရေးကို နည်းသွားစေပြီ*

သူ မတတ်သာစွာ သက်ပြင်းချ၍ အဆင့်မြှင့်ခြင်းကို စတင်လိုက်သည်။

အဝါရောင် အလင်းတန်းက စွမ်းရည် တစ်ခုပြီး တစ်ခုပေါ်သို့ ဖြတ်ပြေးနေသည်။ ရဲ့လင်းချန်၏ စိုးရိမ်နေသော အကြည့်အောက်၌ အလင်းတန်းက ရပ်သွားလေသည်။

*တူရကီ ဘာသာစကားလား*

*ဒါက သက်သက် …*

*ငါတော့ သေပြီ၊ ငါ ဘာလို့ ဘာသာစကား အများကြီးကို လေ့လာမိတာလဲ*

ရွှေရောင် အလင်းတစ်ချက် တောက်ပလာပြီးနောက် စာရင်းထဲတွင် စွမ်းရည်သစ်တစ်ခု ပေါ်လာသည်။ ယင်းမှာ ငါး ဘာသာစကား (အခြေခံအဆင့်)။

*ငါးဘာသာစကားလား*

*ဘာမှမရတာထက်တော့ ပိုကောင်းပါတယ်၊ စွမ်းရည်သစ်တစ်ခု ထပ်ရတာပေါ့*

ရဲ့လင်းချန် သူ့ဘာသာသူ ထိုနည်းဖြင့် နှစ်သိမ့်နေရသည်။ သူ မရပ်ဘဲ ဆက်၍ ကံစမ်းလိုက်သည်။

*ချီသန့်စင်မှု၊ ငါ ချီသန့်စင်မှု ရနိုင်မလား*

ရဲ့လင်းချန် စိတ်ထဲမှ ဆုတောင်းနေမိသည်။

သို့သော် အဝါရောင် အလင်းတန်းက တန့်သွားပြီး ဖုန်းရွှေ့ လေ့လာခြင်း၌ ရပ်သွားသည်။

*ဟမ်*

ထိုစွမ်းရည်က ရဲ့လင်းချန်ကို ရင်ခုန်သွားစေပြီး မျှော်လင့်ချက်များ ဖြစ်လာစေသည်။

ယခင်တစ်ခေါက်က အကြားအမြင် ဟောခြင်းမှ အရှိန်အဝါ ဟောကိန်းသို့ ပြောင်းလဲသွားခဲ့သည်။ ထိုစွမ်းရည်က အလွန် အားကောင်းလှသည်။ ရဲ့လင်းချန်သည် ဤသို့သော ထူးခြားသည့် စွမ်းရည်မျိုးကို မျှော်လင့်ချက် ကြီးကြီးမားမား ထားရှိမိသည်။

*ဖုန်းရွှေ့ လေ့လာခြင်းကနေ ဘာကို ပြောင်းသွားမလဲ*

နောက်ဆုံးတွင် သူ သတိထားကြည့်နေသည့်အောက်မှာပင် အလင်းရောင် လွင့်ပြယ်သွားပြီး နဂါး အမဲလိုက်ခြင်း ပညာ (အခြေခံအဆင့်) ဟူသော စွမ်းရည်တစ်ခု ပေါ်လာသည်။

သူ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

*နဂါး အမဲလိုက်ခြင်း နည်းပညာ ဆိုပါလား၊ စိတ်ဝင်စားစရာပဲ*

[နဂါးအမဲလိုက်ခြင်းပညာ: တောင်ကိုကြည့်လျင် တောင်ဟု မထင်ရ၊ နဂါးတစ်ကောင်၏ အရှိန်အဝါက မိမိ၏ မျက်လုံးတွင် ပေါ်လွင်နေပေမည်]

ရဲ့လင်းချန်၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားသည်။ နဂါး အမဲလိုက်ခြင်းပညာတွင် အရှိန်အဝါ ဟောကိန်းနှင့် တူညီသော လုပ်ဆောင်ချက် ရှိသည်။ အရှိန်အဝါ ဟောကိန်းသည် သူ့အား သက်ရှိများ၏ အရှိန်အဝါကို သိမြင်နိုင်ပြီး နဂါး အမဲလိုက်ခြင်း ပညာမှာမူ သူ့အား သက်မဲ့ အရာဝတ္ထုများ၏ အရောင်အဝါကို လေ့လာ သိမြင်နိုင်၏။

ဥပမာ ပြောရလျင် ပထဝီဝင် အနေအထား၊ အရာဝတ္ထများနှင့် တိကျသော နယ်မြေများပင် ပါလေသည်။

ယခင်တုန်းက ရဲ့လင်းချန်သည် ဖုန်းရွှေ လေ့လာခြင်းအတွက် မြေအနေအထား၊ ပတ်ဝန်းကျင်၊ ဖွဲ့စည်းပုံနှင့် အခြားသော အချက်အလက်များကို သုံးသပ်ရန် လိုအပ်သည်။ သို့သော် ယခုအခါတွင်မူ သူသည် နေရာက ကောင်းသလား၊ ဆိုးသလား၊ စိတ်ဝိညာဉ် စွမ်းအင် သန်မာသလား သို့မဟုတ် ဘယ်နေရာက ယင်စွမ်းအင် များနေသလား ဆိုသည်ကို ဆုံးဖြတ်ရန် တစ်ချက် ကြည့်ရုံသာ လိုပေတော့သည်။

*အံ့ဩစရာကောင်းတဲ့ စွမ်းရည်ပဲ*

ရဲ့လင်းချန် ပြုံးလိုက်မိသည်။

*ဒီတစ်ခေါက်က အကျိုးအမြတ် ရှိသားပဲ၊ ဒီလိုဆိုရင်တော့ ဆက်လုပ်တာပေါ့*

*တတိယအကြိမ် ကံစမ်းခြင်း စမယ်*

ယခင် ကြိုးစားမှုကြောင့် ရဲ့လင်းချန်၏ စိုးရိမ်စိတ်က ကျဆင်းသွားသည်။ နောက်ဆုံးတွင် အလင်းတန်းက ရေကူးခြင်း၌ ရပ်သွားသည်။

ထိုစွမ်းရည်သည် ဝင်းလက်သွားပြီးနောက် ရေကူးခြင်းမှ ရေဝိညာဉ် ခန္ဓာကိုယ် (အခြေခံအဆင့်) သို့ ပြောင်းလဲ သွားသည်။

*ရေဝိညာဉ် ခန္ဓာကိုယ်တဲ့လား*

ယခုတစ်ခေါက်တွင် ရဲ့လင်းချန် အတော်လေး ထိတ်လန့်မိသည်။ ၎င်းမှာ ဗဟုသုတ စွမ်းရည်ဟု ခေါ်နိုင်သော အရာ မဟုတ်ပေ။

“ရေဝိညာဉ် ခန္ဓာကိုယ်: ရေနှင့် သဘာဝအတိုင်း အသားကျနေသော ခန္ဓာကိုယ်၊ ရေထဲတွင် လွတ်လွတ်လပ်လပ် သွားလာနိုင်စွမ်းရှိ၊ ရေထဲရောက်နေစဉ် လုပ်ဆောင်ချက်များအားလုံး အသာစီး ရရှိနိုင်”

ချက်ကျလက်ကျ ပြောရလျင် ဤရေဝိညာဉ် ခန္ဓာကိုယ်အား ဗဟုသုတတစ်ခုဟု မသတ်မှတ်နိုင်ပါ။ သို့သော် ယင်းသည် သူ၏ ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံပေးသည့် ကောင်းမွန်သော စွမ်းရည်တစ်ခု ဖြစ်သည်။

*ဒါဆို ငါ့မှာ ရေဝိညာဉ် ခန္ဓာကိုယ် ရှိသရွေ့ အားသာချက်တွေ ရနိုင်တယ်လို့ ဆိုလိုတာလား*

ရဲ့လင်းချန် မျက်လုံးမှိတ်၍ သူ့ခန္ဓာကိုယ်တွင်းမှ ပြောင်းလဲမှုများကို အာရုံစိုက်၍ ခံစားလိုက်သည်။ သူ ဘာမှ ထူးခြားချက်ကို မခံစားမိသလို ရေအောက်ထဲရောက်လျင် ဘယ်လို ကွဲပြားသွားမလဲ စဉ်းစားမရပေ။

ရေဝိညာဉ် ခန္ဓာကိုယ်အကြောင်း ဘေးချိတ်ထားလိုက်ပြီးနောက် ရဲ့လင်းချန်သည် အဆင့်မြှင့်ခြင်း မီနူးကို ဆက်၍ ကြည့်နေသည်။

သူသည် ကံစမ်းနေပြီးဖြစ်သဖြင့် အဆုံးထိသွားကာ နောက်ဆုံးအကြိမ်ကိုပါ အသုံးပြုသင့်ပေသည်။

*ချီသန့်စင်မှု၊ ငါ ချီသန့်စင်မှုကို ရမှ ဖြစ်မယ်*

ရဲ့လင်းချန်သည် ဆက်သွားနေသော အဝါရောင် အလင်းတန်းကို ကြည့်ပြီး စိတ်ထဲမှ အော်ဟစ်နေ၏။

သို့သော် အဆုံးသတ်ရလဒ်က စိတ်ပျက်စရာပင်။

ရွှေရောင် အလင်းတန်းသည် ဗိသုကာ ပညာ၌ ရပ်သွားသည်။ အံ့ဩစရာကောင်းသည်က ရဲ့လင်းချန်ရှေ့၌ ပေါ်လာသော စွမ်းရည်သစ်မှာ အစီအရင် (အခြေခံအဆင့်) ဖြစ်လေသည်။

*သောက်ကျိုးနည်း*

*အစီအရင်လား*

ရဲ့လင်းချန်သည် သူ့မျက်လုံးများက သူ့ကို လှည့်စားနေသည်ဟု ထင်နေမိသည်။ သူ အာရုံကို ပြန်စူးစိုက်၍ အသက်ပြင်းပြင်း ရှူလိုက်သည်။ ယင်းမှာ တကယ်ကို အစီအရင်ပင်။

ပြောရမည်ဆိုလျင် ဗိသုကာ ပညာသည် ဆောက်လုပ်ရေးနှင့် ဆက်စပ်သည်။ အစီအရင် တည်ဆောက်ခြင်း ကလည်း တစ်ခုခု တည်ဆောက်ရန် နေရာပတ်ဝန်းကျင်မှ မြေအနေအထားနှင့် အရာဝတ္ထုများကို သိရန် လိုအပ်ပေသည်။ နှစ်ခုလုံးက တကယ်ပင် ဆက်စပ်နေ၏။

“အစီအရင်: ဆန်းကြယ်သော အရာများ လုပ်ဆောင်နိုင်ရန် ချီကို အထောက်အကူ ပစ္စည်းအဖြစ်သုံး၍ ပုံသဏ္ဌာန်မဲ့ စွမ်းအင်ကို ရရှိနိုင်”

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်၏ အတွေးထဲသို့ အချက်အလက်များ တိုးဝင်လာသည်။ ၎င်းက အချက်အလက် အသစ် များစွာကို သင်ယူလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အစီအရင်နှင့် ပတ်သက်သော ဗဟုသုတများက သူ့ဦးနှောက်ထဲ စိမ့်ဝင်လာပြီးနောက် သူ့အား အသိဉာဏ် အလင်းပွင့်သွားသလို ခံစားရစေသည်။

သူ သင်ယူလိုက်ရသည့် အကြောင်းရာများကို အကြမ်းဖျင်း သုံးသပ်ကြည့်ပြီးနောက် ရဲ့လင်းချန်သည် အစီအရင်များနှင့် ပတ်သက်၍ အခြေခံလောက် နားလည်သွားလေသည်။

လက်ရှိအချိန်၌ သူသည် အစီအရင် ကမ္ဘာထဲသို့ ခြေချလိုက်သည့် လူသစ်လေးတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သူသည် ရိုးရှင်းသော ပစ္စည်းများကို သုံး၍ သေးငယ်သော အစီအရင် ဖန်တီးကာ လေထု အရည်အသွေးကို တိုးတက်စေခြင်း၊ မြေဩဇာ ကောင်းခြင်းကို တိုးလာစေခြင်း သို့မဟုတ် ပတ်ဝန်းကျင်၏ အရိပ်အာဝါသကို တိုးလာစေခြင်း စသည်တို့ ပြုလုပ်နိုင်သည်။ အခြေခံအားဖြင့် ယင်းတို့အားလုံးသည် အထောက်အကူ ပြုသော အချက်အလက်များ ဖြစ်ပေသည်။

ထိုကဲ့သို့ ရိုးရှင်းသော အစီအရင်များအပြင် အချို့သော အနည်းငယ် ပိုရှုပ်ထွေးသည့် အစီအရင်များလည်း သူ ဖန်တီးနိုင်ပါသည်။ သို့သော် လိုအပ်ချက်များက အလွန်အမင်း တင်းကျပ်လှပြီး သူ့အား ထိတ်လန့်သွားစေခဲ့သည်။

ထိုသို့ဖြစ်ရခြင်းမှာ ထိုသို့သော အစီအရင် အမျိုးအစားများသည် အလွန် ရှားပါးသော ပစ္စည်းများကို လိုအပ်ခြင်းကြောင့်ပင်။ ဥပမာ ပြောရလျင် ရာစုနှစ်များစွာ သက်တမ်းရှိသော စိတ်ဝိညာဉ် သစ်သား၊ စိတ်ဝိညာဉ် ကျောက်စိမ်း၊ သို့မဟုတ် ထူးခြားသော စိတ်ဝိညာဉ် စွမ်းအင်များ ရှိသည့် နေရာများတို့ ဖြစ်လေသည်။

အခြေခံအဆင့် အစီအရင်များပင် သူ့အတွက် အတော်လေး လိုအပ်နေပြီ ဖြစ်သည်။ အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့်အဆင့် အစီအရင်သို့ ရောက်လျင် အဘယ်သို့သော ပစ္စည်းများနှင့် နေရာများကို လိုအပ် လာမည်နည်း။

ရဲ့လင်းချန်သည် ကျင့်ကြံရေးလမ်းစဉ်ပေါ် သူ ပိုပို၍ လျှောက်လှမ်းနေပြီဟူသော ခံစားချက် ရလာသည်။

ရဲ့လင်းချန် အတွေးထဲ နစ်မျောနေစဉ်မှာပင် တစ်ယောက်ယောက်က သူ့ကို လာတို့သလို ခံစားလိုက်ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ နေကာမျက်မှန်နှင့် အမျိုးသမီးက သူ့အား သတိထား၍ လက်ချောင်းဖြင့် တို့နေသည်ကို တွေ့လိုက်ရသည်။ သူမမျက်နှာတွင် စိုးရိမ်သော အမူအရာ ပေါ်လွင်နေသည်။

ရဲ့လင်းချန်၏ အစောပိုင်းက အပြုအမူသည် အတော်လေး ထူးဆန်းလှသည်။ သို့သော် ယခုလေးတင် ရဲ့လင်းချန်၏ အမူအရာ ပြောင်းလဲနေသည်ကို သူမ သတိထားမိသည်။ ယင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ သူ့မျက်လုံးများက မှိတ်နေသော်လည်း သူ့အမူအရာသည် စိုးရိမ်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ စိတ်ပျက်ခြင်း ထို့နောက် စိတ်လှုပ်ရှားခြင်းသို့ ပြောင်းလဲလာသည်။ ၎င်းသည် ထူးဆန်းသော အပြအမူပင်။ သူ့ပုံစံက အရူးတစ်ယောက်နှင့် တူနေ၏။

သာမန်အခြေအနေမျိုးတွင် သူမသည် ထိုသို့သောလူမျိုးနှင့် ဝေးဝေးနေမှာ ဖြစ်သည်။ သို့သော် လက်ရှိတွင် သူမ၌ အခြား ရွေးချယ်စရာ မရှိပါ။ ဤသို့ အဆင်မပြေသော အချိန်မျိုး၌ သူမ၏ ဓမ္မတာ လာလိမ့်မည်ဟု ထင်မထားမိပါ။

သူမ ဘာမှ မခံထားသဖြင့် သန့်စင်ခန်းသို့ ခပ်သွက်သွက် သွားရန် လိုအပ်နေသည်။ သို့မဟုတ်ပါက သွေးစိမ့်လာလျင် အလွန် ရှက်စရာ ကောင်းပေတော့မည်။

All Chapters