← Chapters

ရဲ့လင်းချန်ရဲ့ အသံတု

Vol. 27 Ch. 402

ရဲ့လင်းချန်ရဲ့ အသံတု

Vol. 27 Ch. 402

“ခင်ဗျားမှာ ရေရှိလား၊ ကျွန်တော် ရေဆာလို့”

ရဲ့လင်းချန်က ရိုက်ကူးရေး ဝန်ထမ်းကို ရုတ်တရက် မေးလာသည်။

ရိုက်ကူးရေး ဝန်ထမ်းသည် မှင်တက်သွားပြီးမှ ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။

“ရှိတယ်၊ ရှိတယ်”

ထို့နောက် သူမက ရဲ့လင်းချန်ကို ရေဘူး ပေးလိုက်ပြီး သူ သောက်သည်ကို ကြည့်နေသည်။

“ရဲ့နတ်ဘုရား ရှင် အဲ့ကိစ္စတွေကို တကယ် ကြုံခဲ့ရတာလား”

သူမက ရဲ့လင်းချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေပြီး သူမမျက်လုံးတွင် ကြောက်ရွံ့သော အရိပ်အယောင် ပေါ်လွင်နေသည်။

ပျောက်နေသည့် မှတ်ချက်များလည်း တစ်ဖန် ပြန်၍ ပေါ်လာသည်။

[လခွမ်း အံ့ဩဖို့ ကောင်းတယ်ဟေ့၊ ရဲ့နတ်ဘုရားရဲ့ ဇာတိက ဘယ်နေရာလဲ]

[သေစမ်း၊ ငါ့ဘောင်းဘီကို စိုအောင် လုပ်မိသွားပြီ၊ ရဲ့နတ်ဘုရားက အဲ့လို ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတာဆိုတော့ အခြားသူတွေဆို ရူးသွားလောက်မလား မသိဘူး]

[ဒါ တကယ်လား၊ ဒီကမ္ဘာပေါ်မှာ အလောင်းပြင်တဲ့သူတွေ တကယ် ရှိတာလား]

[အပေါ်ကလူ၊ အလောင်းပြင်တဲ့သူတွေက တကယ် ရှီတာ၊ အဲ့ဒါက မြောင်တောင်တန်း ဒေသမှာ ရေပန်းစားတယ်၊ ဧကန္တ ရဲ့နတ်ဘုရားက မြောင်တောင်တန်းဒေသကများလား]

[ရဲ့နတ်ဘုရားက အံ့ဩဖို့ ကောင်းလိုက်တာ၊ ကျေးဇူးပြုပြီးတော့ ဆက်ပြောပါဦး၊ မင်းရဲ့ အလောင်းပြင်တာက ဘာဆက်ဖြစ်လဲ]

…

တိုက်ရိုက် ထုတ်လွှင့်မှုက သက်ဝင်လှုပ်ရှားလျက် ရှိသည်။ ကြည့်ရှုသူ အရေအတွက်က ငါးသောင်းအထိ တိုးလာခဲ့သည်။ ရဲ့လင်းချန်က ရေကို ပြီးအောင် သောက်လိုက်သည်။ သူ့ခံတွင်း စိုစွတ်လာသည့်အခါမှ ဆက်ပြော လေသည်။

“လမ်းတစ်လျှောက်မှာ ကျွန်တော့်ရဲ့ ဒုတိယဦးလေးက ဘာပဲဖြစ်လာဖြစ်လာ နောက်လှည့်မကြည့်ဖို့ ဆက်တိုက် သတိပေးခဲ့တယ်၊ သူက မီးအိမ် သုံးခုရှိတဲ့ လူတစ်ယောက် ရှိတယ်လို့ ပြောတယ်၊ ပခုံးတစ်ဖက်ဆီမှာ မီးအိမ်တစ်ခုစီနဲ့ ခေါင်းပေါ်မှာ တစ်ခု ရှိတယ်တဲ့၊ နောက်လှည့်ကြည့်လိုက်တာနဲ့ ကိုယ့်ဝိညာဉ်ကို မီးအိမ်တစ်ခုက နုတ်ယူသွားလိမ့်မယ်တဲ့၊ အဲ့မီးအိမ်တွေက ဝိညာဉ် သုံးခုတဲ့၊ အခြားသူတွေကတော့ သုံးလောကနဲ့ ဘုံခုနစ်ဘုံကို ကိုယ်စားပြုတယ်လို့ ပြောတာပဲ၊ အဲ့မီးအိမ်က နုတ်ယူလိုက်တာနဲ့ ကိုယ့်ဝိညာဉ်က ပျောက်ဆုံးသွားလိမ့်မယ် …”

ကားထဲတွင် ယာဉ်မောင်းသူသည် ကြက်သီးတဖြန်းဖြန်း ထနေ၏။ ဖန်သားပြင်ရှေ့မှ ကြည့်ရှုသူများသည်လည်း မျက်နှာ ဖြူရော်နေသည်။ သူတို့ ကြောက်နေသော်လည်း ဆက်၍ နားထောင်ချင်နေကြပြီး ပြတ်သားသော အမူအရာမျိုး ဖြစ်နေကြသည်။

ရဲ့လင်းချန်က ပုံပြင်ကို ဆက်ပြောနေသည်။ ထိုအဖြစ်အပျက်များမှာ သူ၏ ကိုယ်ပိုင် အတွေ့အကြုံများ မဟုတ်ပါ။ ယင်းတို့သည် သူ ဖန်တီးထားသော သရဲပုံပြင်များသာ ဖြစ်လေသည်။ သို့သော် သရဲပုံပြင်များ၏ အရေးအကြီးဆုံး အပိုင်းမှာ နှစ်မျောခြင်း ဖြစ်သည်။ ကိုယ်တိုင်တွေ့ကြုံရသကဲ့သို့ ပြောဆိုပြီး အချို့သော အချက်အလက်များကို အခြေခံ၍ ပြောလိုက်သောအခါ သူတို့၏ စိတ်ဝင်စားမှုကို အလွယ်တကူ ရနိုင်ပေသည်။

“ကလင် ကလင် ကလင်”

ထိုစဉ် သရဲပုံပြင်ထဲ ဈာန်ဝင်နေသူများသည် မြည်လာသော ဖုန်းသံကြောင့် လန့်ဖြန့်သွားလေသည်။ ကြည့်ရှုသူ များသည် အစီအစဉ်၏ ဤအပိုင်းနှင့် ရင်းနှီးကြသည်။ ၎င်းသည် အစကတည်းက တုံ့ပြန်မှု ပိုရလာနိုင်ရန်နှင့် ကြည့်ရှုသူ ပိုများလာစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ လူတိုင်း စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။

*ဘာလို့ ဒီသောက်သုံးမကျတဲ့ဖုန်းကို ဒီလိုအချိန်ကျမှ ခေါ်တာလဲ*

ရိုက်ကူးရေး ဝန်ထမ်းသည်လည်း အံ့ဩနေကာ ချီတုံချတုံနှင့် သူမဖုန်းကို ထုတ်လိုက်သည်။

ထိုအချိန်တွင် လီတောင်တန်း၏ အတွင်းပိုင်း တစ်နေရာ၌ ရိုးရှင်းသော အိမ်တစ်လုံး ရှိနေသည်။ ၎င်းတွင် မှိုနှင့် ပုံပန်းသဏ္ဌာန် တူညီသော ခေါက်ချိုးညီ သက်ငယ်အမိုး ရှိပြီး မှိုအိမ်ဟု အမည်ပေးထားလေသည်။

အိမ်ထဲတွင် ဧည့်သည် လေးယောက် ရှိသည်။ ထိုသူတို့မှာ ပုံမှန် ဧည့်သည်တော်များ ဖြစ်သော ဟွမ်လေ့၊ ဟဲကျားနှင့် ဝေ့တရွှင်းတို့နှင့်အတူ အခြား မိန်းမပျိုတစ်ဦးလည်း ရှိလေသည်။ သူမသည် ရဲ့လင်းချန် မရောက်ခင်က ရောက်နှင့်နေသည့် အထူး ဧည့်သည်တော် တစ်ယောက် ဖြစ်သည်။ လက်ရှိတွင် ထိုမိန်းမပျိုသည် မျက်မှောင်ကြုတ်၍ ဖုန်းဆက်နေသည်။

“ဟင် ထူးဆန်းလိုက်တာ၊ ခန့်မှန်းထားတဲ့ အချိန်အရဆို သူတို့ ဒီရောက်သင့်နေပြီ၊ သူတို့ ငါတို့ဆီ ဖုန်းမဆက်တာကို ထားလိုက်ဦး၊ ဘာလို့ ငါ ဖုန်းဆက်တာကို ကိုင်ဖို့ အဲ့လောက် ကြာရတာလဲ”

“အခြား အထူးဧည့်သည်တော်က ဘယ်သူလဲ မင်း သိလား”

ဟဲကျားက သိချင်စိတ်ဖြင့် မေးလာသည်။

လေးယောက်သား အချင်းချင်း ပြန်ကြည့်လိုက်ကြပြီးနောက် ခေါင်းခါကြသည်။ ရိုက်ကူးရေး အဖွဲ့သည် ရောက်လာမည့် ဧည့်သည်အကြောင်း ပါးစပ်ပိတ်နေကြသည်။

“ဝင်သွားပြီ”

မိန်းမပျိုလေးသည် ညင်သာစွာ ပြောလာပြီးနောက် ဖုန်းထဲမှ လူကို ပြောလိုက်သည်။

“ဟဲလို ဒါ မှိုအိမ်ကပါ၊ ရှင်က ဘယ်သူများလဲ”

ရဲ့လင်းချန်သည် ရိုက်ကူးရေး ဝန်ထမ်းထံမှ ဖုန်းကို လှမ်းယူလိုက်သည်။ ဖုန်းတစ်ဖက်မှ ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ သူ အစ၌ ထိတ်လန့်သွားရသည်။ ထို့နောက် သူ ကျီစယ်လိုသော အပြုံးမျိုး ပြုံးလိုက်သည်။

“ဟဲလို၊ ငါ ဘယ်သူလဲလို့ မှန်းကြည့်လေ”

သူ စကားပြောလိုက်သည်နှင့် ကားပေါ်မှ လူသုံးယောက်လုံး တုန်လှုပ်သွားပြီး ရဲ့လင်းချန်အား သရဲတစ္ဆေကို မြင်လိုက်ရသကဲ့သို့ ဝိုင်းကြည့်လာကြသည်။ တိုက်ရိုက် ထုတ်လွှင့်ခြင်းထဲမှ မှတ်ချက်များသည်လည်း တစ်ခဏမျှ ငြိမ်သက်သွားပြီး ဝုန်းဒိုင်းကျဲ ပေါ်လာ၏။

[လခွမ်း၊ လခွမ်း၊ လခွမ်းပဲဟေ့၊ ငါ သရဲကို တွေ့လိုက်ရတာပဲ]

[ခုနက ဘယ်သူ စကားပြောလိုက်တာလဲ၊ ငါ တော်တော်လေး လန့်သွားတာ]

[ငါ ခုနက ရေသောက်နေတာ အကုန် ပန်းထွက်ကုန်ပြီ၊ ဘာတွေ ဖြစ်သွားတာလဲ]

[ခုနက အသံကို ရဲ့နတ်ဘုရား လုပ်လိုက်တာလား၊ သူ ဘယ်လိုလုပ် အဲ့လိုအသံကို လုပ်နိုင်တာလဲ]

…

“အာ … ရှင်က အစ်မဖေးဖေးလား”

ဖုန်းတစ်ဖက်မှ လူသည် ဘာတွေဖြစ်နေသလဲ လုံးဝ မသိပေ။ စိတ်လှုပ်ရှားနေသော အော်သံတစ်သံကိုသာ ကြားလိုက်ရသည်။

“အစ်မဖေးဖေး၊ ရှင် ရိုက်ကူးရေးကနေ အနားယူလိုက်ပြီးတော့ အစီအစဉ်တွေမှာ ပါတာကို ရပ်လိုက်ပြီ မဟုတ်ဘူးလား၊ ဘာလို့ ဒီကို ရောက်နေတာလဲ”

“ရိုက်ကူးရေး ဝန်ထမ်းက ငါ့ကို ဖိတ်လို့လေ၊ အဲ့ဒါနဲ့ ငါ ဒီကို ရောက်လာတာ”

ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။

[ချီးပဲ၊ ဒါ တကယ်ကြီး ရဲ့နတ်ဘုရားရဲ့ အသံဟ၊ လခွမ်း]

[ငါ ဘောင်းဘီထဲ သေးပေါက်ချမိပြီ၊ ဒါ တကယ်ကို ရှောင်ဖေးဖေးရဲ့ အသံပဲ၊ တူလွန်းတယ်ကွာ]

[ရှောင်ဖေးဖေးရဲ့ အသံ၊ ဒါ တကယ်ကြီးကို ရှောင်ဖေးဖေးရဲ့ အသံပဲ၊ တော်တော် တူတာပဲ]

[ဖုန်းတစ်ဖက်ကလူက ကျောက်လျန့်ရင်ပဲ၊ ဟားဟားဟား … သူ အသံကို မခွဲနိုင်ဘူးပဲ၊ ဟားဟားဟား …]

[ငါ့အမေက ငါ့ကို ဘာလို့ အစီအစဉ်ကို ဒူးထောက်ပြီး ကြည့်နေတာလဲတဲ့ …]

…

“အစ်မဖေးဖေး ရှင် ဘာစားချင်လဲ၊ ဒီမှာ ကျွန်မ ရှင့်အတွက် သူတို့ကို ပြင်ဆင်ထားခိုင်းလိုက်မယ်”

ကျောက်လျန့်ရင်က ခပ်သွက်သွက် မေးလေသည်။

“အဲ့လိုမှာနိုင်ဖို့ တစ်ခုခု လိုအပ်တာ ရှိလား”

ရဲ့လင်းချန် မေးလိုက်သည်။

“ဆရာ ဟွမ်လေ့၊ ဒါ ကျွန်မရဲ့ အစ်မဖေးဖေး၊ မင်းသမီးလေး ရှောင်လေ၊ သူ ကြိုက်တာ မှာလို့ ရနိုင်လားလို့ မေးနေတယ်”

ဖုန်းထဲမှ ကျောက်လျန့်ရင်၏ အော်ပြောသံကို ကြားနေရသည်။

“ဘာ မင်းသမီးလေးရှောင် လာမှာလား”

ဟဲကျားက တအံ့တဩ ပြောလေသည်။

“မင်းတို့ နှစ်ယောက်လုံးက ဇာတ်လမ်းတွဲ ဘုရင်မတွေပဲ၊ ငွေရောင် ဖန်သားပြင်ရဲ့ နတ်ဘုရားမလေးတွေလေ”

“ဝါး … ဝါး … ဝါး … နောက်ထပ် မိန်းမချောလေးတစ်ယောက် လာမှာပဲ၊ ဒီနှစ်ရဲ့ ရိုက်ကူးရေးက တကယ် မိုက်တာပဲ”

ဝေ့တရွှင်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းမရတော့ပါ။

“မင်းသမီးလေးရှောင် လာမယ်ဆိုမှတော့ သူ ကြိုက်တာ မှာလို့ ရတာပေါ့၊ သူ မှာတာကို လုပ်ပေးမယ်ကွာ”

ဟွမ်လေ့က ရက်ရက်ရောရော ကြေညာသည်။

ထိုအခိုက်တွင် တိုက်ရိုက် ထုတ်လွှင့်မှုမှ ပရိသတ်များသည် ရယ်ရလွန်း၍ အူနာနေကြသည်။

[ဪ … အလိုက်တဲ့ ရှောင်ရင်လေး၊ သူက တော်တော် ချစ်ဖို့ ကောင်းတာပဲ]

[ရဲ့နတ်ဘုရား၊ မင်းက အရမ်း ရက်စက်တာပဲ၊ ဒါပေမဲ့ ငါ သဘောကျတယ်၊ ဝါးဟားဟား …]

[ငါ မရတော့ဘူး၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ မှိုအိမ်ကလူတွေက တကယ် ရှောင်ဖေးဖေးလို့ ထင်နေတာပဲ]

[သူတို့ ရဲ့လင်းချန်ကို မြင်တဲ့အခါကျရင် ဘယ်လို အမူအရာမျိုး ဖြစ်သွားမလဲ ငါ သိချင်လိုက်တာ၊ ငါ မစောင့်နိုင် တော့ဘူး]

ထိုအချိန်တိုအတွင်းမှာပင် ရဲ့လင်းချန်၏ ထုတ်လွှင့်မှုကို ကြည့်ရှုသူက တစ်သိန်း ကျော်သွားလေသည်။ မှိုအိမ်က လေးယောက်တွင်မူ ကျောက်လျန့်ရင်က ကြည့်ရှုသူ အများဆုံးဖြစ်ပြီး ၁.၂ သန်း ရှိသည်။ ထို့နောက်တွင် ဟယ်ကျားက ၁ သန်း၊ ဟွမ်လေ့က ၇ သိန်း ရှိသော်လည်း ဝေ့တရွှင်းမှာမူ ကြည့်ရှုသူ တစ်သိန်းခွဲသာ ရှိလေသည်။

သူတို့တွင် ကိုယ်ပိုင် ကျော်ကြားမှုကိုယ်စီ ရှိကြပြီး ကြော်ငြာမှနေ၍ ကျော်ကြားမှုကို အားကိုးနေရသည်။ ရဲ့လင်းချန်မှာမူ အစ၌ ကြည့်ရှုသူ နှစ်သောင်းမျှသာ ရှိခဲ့သည်။ သို့သော် သူသည် လျင်မြန်စွာ တစ်သိန်း ကျော်သွားခဲ့သည်။ ရသစုံရှိုးပွဲအတွက် ထိုအရည်အချင်းက ကြောက်ခမန်းလိလိပင်။

ကျောက်လျန့်ရင်ဘက်တွင်မူ မှတ်ချက်တော်တော်များများက ရှောင်ရင်အား သူမ အလိမ်ခံနေရပြီဟု သတိပေး နေကြသည်။ သို့သော် ကျောက်လျန့်ရင်က မသိမြဲမသိ ဖြစ်နေကာ မှတ်ချက်များကို အရေးမစိုက်ဘဲ စိတ်အားထက်သန်စွာ စောင့်နေ၏။

“အင်း … ဒါဆို ငါ မှာမယ်လေ”

ရဲ့လင်းချန်က အတည်ပေါက်နှင့် ပြောလိုက်သည်။ မသိလျင် နောက်ပြောင်နေသူက သူ မဟုတ်သလိုပင်။

“ငါ ပီကင်းဘဲကင်၊ စီချွမ်း မာဖို တို့ဟူး၊ ငါးသံပုရာပေါင်း၊ နဂါးပျံစွပ်ပြုတ်၊ ဝူဝေ့ ဘဲကင်၊ တုံးပေါင် ဝက်သား၊ အသားကင်၊ ကြက်ချဉ်စပ်နဲ့ ဝူချွမ်စတိုင် ငါးကင် စားချင်တယ်၊ ငါတို့ ဒီဟင်းပွဲ ဆယ်ပွဲ မှာကြတာပေါ့”

“ရတာပေါ့”

ကျောက်လျန့်ရင်က ဟင်းပွဲ ဆယ်ပွဲကို သေချာ လိုက်ရေးမှတ်ပြီး ရဲ့လင်းချန်အား‌ ပြောလိုက်သည်။

“အစ်မဖေးဖေး မြန်မြန်လာနော်၊ ကျွန်မ ရှင့်ကို‌ စောင့်နေတယ်”

“အင်း … ကျေးဇူးနော် ညီမလျန့်ရင် …”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

[အရှက်မရှိဘူး၊ တကယ်ကို အရှက်မရှိဘူး၊ သူက ငါ့ရှောင်ရင်လေးကို အခွင့်ကောင်းယူနေတာ]

[မင်း ခွေးကောင်၊ တိရစ္ဆာန်ကောင်]

[သူ အဲ့ဒါကို ဘယ်လိုလုပ်လိုက်လဲဆိုတာ ဘယ်သူ ငါ့ကို ပြောပြနိုင်တယ်၊ ဒါ တော်တော်ကို အံ့ဩဖို့ ကောင်းတာ၊ ငါ မင်းကို‌ လေးစားပါတယ်ကွာ]

…

All Chapters