← Chapters

မင်းစားချင်တဲ့ဟာ မရဘူး၊ ငါတို့ တည်ခင်းတဲ့ဟာပဲ ရမယ်

Vol. 27 Ch. 404

မင်းစားချင်တဲ့ဟာ မရဘူး၊ ငါတို့ တည်ခင်းတဲ့ဟာပဲ ရမယ်

Vol. 27 Ch. 404

ကျောက်လျန့်ရင်၏ စကားကို ကြားသောအခါ အားလုံး၏ အကြည့်က ရဲ့လင်းချန်ထံ စုပြုံကျရောက်လာပြီး သူ့အား တိတ်ဆိတ်စွာ အကဲဖြတ်နေကြသည်။

ကျောက်လျန့်ရင်က လိမ်ညာနေစရာ မလိုပါ။ သို့သော် သူမက ထိုမျှ နှစ်နှစ်သက်သက် သတိရနေသည်က …

*ရဲ့လင်းချန်ရဲ့ အချက်အပြုတ် ပညာက အဲ့လောက် အံ့ဩဖို့ ကောင်းလို့လား*

“ရဲ့နတ်ဘုရား၊ မင်းအရည်အချင်းကို ငါတို့ကို မပြချင်ဘူးလား၊ ငါတို့ မြည်းလို့ရတာပေါ့”

ဟယ်ကျားက ချက်ချင်း အကြံပြုသည်။

ကျောက်လျန့်ရင်၏ မျက်လုံးများက အရောင်တောက်လာသည်။ ရဲ့လင်းချန်၏ အချက်အပြုတ်ကို ထပ်မြည်းရတော့မည်ဟု တွေးလိုက်ရုံနှင့်တင် သူမ စိတ်လှုပ်ရှားလာရသည်။

“ရဲ့နတ်ဘုရား နင် တကယ် ချက်မှာလား”

“မချက်ဘူး”

ရဲ့လင်းချန်က ချက်ချင်း ငြင်းသည်။

“ငါက ဒီမှာ ဧည့်သည်လေ၊ ဧည့်သည်ကို ချက်ခိုင်းတာ ဘယ်လို သဘောကြီးလဲ၊ ပြီးတော့ မင်းတို့ ငါ မှာထားတဲ့ ဟင်းပွဲ ဆယ်ပွဲ တည်ခင်းပေးဖို့ လိုသေးတယ်လေ”

“အာ ဟုတ်သားပဲ၊ ရဲ့နတ်ဘုရား အဲ့ဟင်းပွဲ ဆယ်ပွဲက ဘာတွေလဲဆိုတာ မင်း မရှင်းပြရသေးဘူးနော်”

ဟွမ်လေ့က သူ့မေးခွန်းကို ဆက်မေးသည်။

“အဲ့ဒါတွေက တရုတ်နိုင်ငံရဲ့ နာမည်ကြီး ဟင်းပွဲဆယ်ပွဲလေ”

ရဲ့လင်းချန်၏ စကားက လူတိုင်းကို မှင်တက်သွားစေသည်။ ထိုဟင်းပွဲများက တရုတ်နိုင်ငံ၏ နာမည်ကြီး ဟင်းပွဲ ဆယ်ပွဲမှန်း သူတို့ မသိပါ။

“ငါ တခြားဟာတွေကို ကြားဖူးတယ်၊ ဒါပေမဲ့ နဂါးပျံ စွပ်ပြုတ်ဆိုတာ ဘာလဲ”

ဝေ့တရွှင်းက သိချင်စွာ မေးလိုက်သည်။

“နဂါးပျံဆိုတာ ရစ်ပုမျိုးငှက်ရဲ့ နာမည်ကွဲတစ်ခုပါ၊ အဲ့ဒါက ပြည်တွင်းရော ပြည်ပမှာပါ သိကြတဲ့ လုံကျန်းရဲ့ နာမည်ကြီး ရိုးရာဟင်းပွဲလေ၊ နဂါးပျံစွပ်ပြုတ်ဆိုတာ ရစ်ပုမျိုးငှက်ရဲ့ ကလီစာတွေကို ဖယ်ပြီး ဟင်းချိုပုံစံမျိုး ချက်ထားတာ၊ စွပ်ပြုတ်က ဘာဟင်းချက် အမွှေးအကြိုင်မှ မလိုအပ်တော့ သဘာဝ အရသာကို ထိန်းသိမ်း ထားပေးတယ်၊ နဂါးပျံစွပ်ပြုတ်က သူ့ရဲ့ အရသာရှိတဲ့ အသားဓာတ်နဲ့ မြင့်မားတဲ့ အာဟာရဓာတ်ကြောင့် နာမည်ကြီးတာ၊ အဲ့တော့ အားအင်ဖြည့်ပေးတဲ့ စွပ်ပြုတ်မျိုးအနေနဲ့ သင့်တော်တယ်”

ရဲ့လင်းချန်က ရှင်းပြပြီး အဖွဲ့အား သင်ပြပေးနေသည်။

“ဒါဆို အသားကင်ဆိုတာ ဘာကို ပြောတာလဲ”

ကျောက်လျန့်ရင်က မေးလိုက်သည်။

“အသားကင်ဆိုတာ များသောအားဖြင့် ဝက်ဆားနယ်၊ ကြက်နဲ့ ငါးကို ဟင်းအဖြစ် လုပ်ထားတာ၊ အဲ့ဒါကို ထပ်ပြီးတော့ …”

ရဲ့လင်းချန်က တစ်ဝက်တစ်ပျက် ရှင်းပြရင်း ရပ်လိုက်သည်။

“ကျွန်တော် ဘာလို့ ခင်ဗျားတို့ကို ဒါတွေအားလုံး ရှင်းပြနေမိတာလဲ၊ ခင်ဗျားတို့ နားလည်မှာလည်း မဟုတ်ဘဲနဲ့”

ထိုသို့ပြောပြီးနောက် သူက အဖွဲ့ကို မသိကျိုးကျွန်ပြု၍ သူ့ခရီးဆောင်အိတ်နှင့်အတူ ဆက်လျှောက်သွားသည်။

“ကျွန်တော့်အခန်းက ဘယ်မှာလဲ”

“ဟေ့ ရှင် နည်းနည်းပါးပါး လေးစားသမှုလေး ပြလို့မရနိုင်ဘူးလား”

ကျောက်လျန့်ရင် နှုတ်ခမ်းစူသွားသည်။

“မရဘူး”

ရဲ့လင်းချန်က နှစ်ခါမတွေးဘဲ ပြန်ပြောလိုက်သည်။

[66666 … ငါ အံ့ဩဖို့ကောင်းတယ်ပဲ ပြောနိုင်တော့တယ်]

[ဖြောင့်မတ်တဲ့လူ၊ ဒါ တစ်ဘဝလုံး လူပျိုကြီးဖြစ်မယ့် သံမဏိလို ဖြောင့်မတ်တဲ့ ယောက်ျားပဲ]

[ရဲ့နတ်ဘုရားက ငါတို့ ရှောင်ရင်လေးကို ဘယ်လိုတောင် အနိုင်ကျင့်ရဲတာလေ၊ အသက်မရှင်ချင်တော့ဘူးလား]

[မိုက်တယ် … ရဲ့နတ်ဘုရားရေ အခုကစပြီး ငါ မင်းရဲ့ ပရိသတ် ဖြစ်သွားပြီ၊ မင်းက မျက်နှာလုပ်နေတဲ့ လူတွေထက် အများကြီး ပိုသာတယ်၊ မင်း ဒါကို ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်]

…

ဟယ်ကျားက ရဲ့လင်းချန်ကို အပေါ်ထပ်သို့ ခေါ်သွားပြီး အခန်းလိုက်ပြလေသည်။

အခန်းထဲတွင် ကြီးမားသော အပူပေး ကုတင်တစ်လုံး ရှိပြီး ၎င်းက သုံး၊လေးယောက် အိပ်လို့ ရပေသည်။ စောင်များကိုလည်း ဖြန့်ထားပြီး ကြားထဲ၌ လုံလောက်သော နေရာလွတ် ရှိသည်။ ရိုက်ကူးရေးအဖွဲ့က သူတို့အတွက် သေသေချာချာ လုပ်ထားမှန်း သိသာပေသည်။

ရဲ့လင်းချန်က သူ့ပစ္စည်းများကို နေရာချပြီးနောက် အေးအေးလူလူနှင့် အောက်ထပ်သို့ ဆင်းလာသောအခါ ကျောက်လျန့်ရင်နှင့် တိုးလေသည်။

“ဟွန်း”

ကျောက်လျန့်ရင်က မကျေနပ်သံပြု၍ တစ်ဖက်သို့ လှည့်သွားသည်။ သူမ စိတ်ပျက်နေခြင်းကို ယခုထက်ပို၍ သိသိသာသာ မပြနိုင်တော့ပါ။ ထို့နောက် သူမက မာနတခွဲသားဖြင့် ရဲ့လင်းချန်ကို ကျော်၍ အပေါ်ထပ်သို့ တက်သွားလေသည်။

*ဟ … ဒီဟာလေးကတော့ သူ ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲဆိုတာကို‌ မေ့နေတာပဲ၊ ငါ သူ့ကို သတိပေးဖို့ လိုနေပြီနဲ့တူတယ်*

“ကလင် ကလင် ကလင်”

ထိုစဉ် ဧည့်ခန်းမှ ဖုန်းက မြည်လာသည်။

“နောက်ထပ် အထူးဧည့်သည်တစ်ယောက် ဖြစ်လောက်တယ်”

ဟွမ်လေ့နှင့် ဟယ်ကျားက ပြိုင်တူ ပြောလေသည်။ ထို့နောက် သူတို့က ဖုန်းနားရပ်နေသော ရဲ့လင်းချန်ကို ကြည့်လိုက်ကြသည်။

“ရဲ့နတ်ဘုရား၊ မင်း ဖုန်းကိုင်လိုက်ပါလား”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ဟဲလို”

“ဟဲလို ကျွန်မ ဟင်းပွဲတချို့ မှာချင်လို့ပါ”

ဖုန်းတစ်ဖက်မှ စိတ်လှုပ်ရှားစွာ ပြောလာသည့် သာယာငြိမ့်ညောင်းသော မိန်းကလေးအသံကို ကြားလိုက်ရသည်။

“ရပါတယ် ပြောပါ”

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။

“ကျွန်မ ဝက်ခြေထောက် စွပ်ပြုတ် စားချင်ပါတယ်”

“မရဘူး”

“ကြက်သားချဉ်စပ်ရော”

“မရဘူး”

“စီချွမ်း အမဲသားပေါင်း”

“မရဘူး”

ဖုန်းဆက်သူ ဆွံ့အသွားလေသည်။

ဖုန်းတစ်ဖက်၌ အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် ပင့်သက်ရှိုက်သံ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ သူမ ပြန်မေးလာ၏။

“ဘာလို့ ရှင့်ဆီမှာ ဘာမှမရတာလဲ”

ရဲ့လင်းချန်က မျက်နှာကို တည်မြဲတည်ထားပြီး ချက်ကျလက်ကျ ပြန်ပြောသည်။

“စိတ်မရှိပါနဲ့၊ ကျွန်တော်တို့မှာ အထူးစည်းကမ်း ရှိပါတယ်၊ အဲ့ဒါက ခင်ဗျား စားချင်တာ မှာလို့မရဘဲ ကျွန်တော်တို့ တည်ခင်းတာပဲ ရပါမယ်”

ဖုန်းခေါ်သူ အံ့ဩသွားသည်။

“အင်း … ဒါဆို ရှင်တို့မှာ ဘာရှိလဲ”

“အများကြီး ရှိတယ်၊ ပြဿနာက မင်းက ဘာကို လိုချင်တာလဲ”

ရဲ့လင်းချန်၏ တည်ငြိမ်သော အသံက ဟူယွဲ့အာကို ရူးမတတ် ဖြစ်သွားစေသည်။

*ဒါ ဘယ်လိုလူစားမျိုးလဲ၊ သူ့ဆီကနေ နောက်တစ်ခွန်း ထပ်ကြားမိရင် ငါ ပေါက်ကွဲမိတော့မယ်*

“တူ … တူ … တူ”

ဖုန်းလိုင်းပြတ်သွားသည်ကို ရဲ့လင်းချန် ကြားလိုက်ရသည်။ သူ မသိမသာ မျက်မှောင်ကြုတ်မိသွားသည်။

*အခုခေတ် မိန်းကလေးတွေက တကယ် စိတ်ကြီးတာပဲ၊ ဒီလိုမျိုး ဖုန်းချလိုက်တယ်ပေါ့၊ ငါ့လို ယဉ်ကျေးတဲ့ လူတစ်ယောက်ကို ရှာတွေ့ဖို့က တော်တော် ရှားနေပြီ*

“ရဲ့နတ်ဘုရား၊ အထူးဧည့်သည်က တစ်ခုခု မှာသေးလား”

ဟွမ်လေ့က မေးလာသည်။

“ကျွန်တော်တို့ရဲ့ အထူးဧည့်သည်က သူ ဘာမဆို စားပါတယ်လို့ ပြောတယ်”

“ဝိုး … အဲ့လို လွယ်ကူတဲ့ ဧည့်သည်မျိုးကို ငါတို့ ပထမဆုံး ကြုံဖူးတာပဲ”

ဟယ်ကျားက ပြောလိုက်သည်။

[ဒါ ဘာကြီးလဲ၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ရဲ့နတ်ဘုရားက တကယ် ငါ့ကို ရယ်ရပြီး သေအောင် လုပ်နေတာပဲ၊ ငါ မင်းကို တိုင်မယ်၊ ဒါ သေချာပေါက် လူသတ်ရန် ကြံစည်မှုပဲကွ]

[မင်း စားချင်တာ မဟုတ်ဘူး၊ ငါတို့ တည်ခင်းတာပဲ ရမယ် ဟုတ်လား၊ ဒီလို အတွေးကြီးကကွာ၊ ရဲ့နတ်ဘုရားရဲ့ ယုံကြည်ချက်ရှိရှိ မဟုတ်တမ်းတရား‌ ပြောပုံကို ငါ သဘောကျတယ်]

[ငါ ရယ်ရလွန်းလို့ မျက်ရည်တောင် ထွက်တယ်၊ ငါ ဧည့်သည်ကို တစ်စက္ကန့်လောက် သနားမိသွားတယ်]

[ရဲ့နတ်ဘုရား၊ မင်းက တကယ် ဆိုးတာပဲ၊ ငါ သဘောကျတယ်]

[ငါ့လူတို့ အဲ့ဒီ အထူးဧည့်သည်ရဲ့ ထုတ်လွှင့်ရေး ချန်နယ်ကို သွားကြည့်ကြ၊ အဲ့ဒါ နတ်ဘုရားမလေး ဟူယွဲ့အာကွ]

…

ထိုစဉ် SUV ကားတစ်စီးက လီတောင်တန်းဆီသို့ လာနေသည်။ ကားထဲမှ မိန်းမပျိုလေးသည် မျက်နှာ နီရဲနေပြီး မျက်လုံးတွင် ဒေါသမီးလျှံတို့ဖြင့် ပြည့်နေသည်။

သူမက ကင်မရာကို တည့်တည့်ကြည့်၍ သူမ၏ ကြည့်ရှုသူများအား လက်သီးလက်မောင်းတန်း၍ ကြိမ်းမောင်း ပြသည်။

“ကျွန်မ ရှင်တို့ သိအောင် ပြောလိုက်မယ်၊ ဟူယွဲ့အာဆိုတဲ့ ကျွန်မက လက်စားပြန်ချေပြမယ်၊ ရက်ရက်စက်စက် လက်တုံ့ပြန်ပြမှာ”

[လူသတ်ချင်တဲ့ အငွေ့အသက်၊ ငါ လူသတ်ချင်တဲ့ အငွေ့အသက်ကို ခံစားမိနေတယ်]

[ဟူယွဲ့အာက မွန်ဂိုလီးယားသွေးပါတယ်လို့ ကြားဖူးတယ်၊ သူ သေချာပေါက် လက်တုံ့ပြန်မှာ]

[ဟားဟားဟား …. မိန်းမလှလေး တစ်ယောက်နဲ့ ချောမောတဲ့ ယောက်ျားလေး တစ်ယောက်ကြားက တိုက်ပွဲ ပါလား၊ မင်း ဘယ်မှာ လက်စားချေမှာလဲဆိုတာကို ငါ သိချင်လိုက်တာ၊ ခုတင်ပေါ်မှာလား]

[အတွေ့အကြုံရင့်တဲ့ အပေါ်က လူက ဦးဆောင်ပြီး ပြောနေပြီ၊ အားလုံး အသင့်ပြင်၊ ခုတင်ပေါ်မှာ ဖြစ်ခဲ့မယ်ဆိုရင် ငါ လေ့လာသူ တစ်ယောက် ဖြစ်ချင်တယ်]

[လေ့လာသူ +တစ်]

[လေ့လာသူ +နှစ်]

[လေ့လာသူ +၁၀၀၈၆]

[ငါ့ကို ဒီက ထွက်သွားခွင့်ပေးပါ၊ ဒါ နေ့ကလေးထိန်းကျောင်းဆီ သွားတဲ့ ကား မဟုတ်ဘူး …]

…

ရဲ့လင်းချန်သည် မှိုအိမ်လေးထဲမှ ထွက်လာပြီး အပြင်ဘက်မှ ရှုခင်းကြည့်ရန် ပြုလုပ်ထားသည့် တဲအိမ်လေးဆီသို့ လျှောက်သွားလိုက်သည်။ သူက လက်ဘက်ရည်ဖျော်၍ ထိုနေရာ၌ သာသာယာယာ နေနေသည်။

မှိုအိမ်သည် အမြင့်နေရာ၌ တည်ရှိသည်။ ၎င်းသည် မြက်စိမ်းရွာ၌ အမြင့်ဆုံး အဆောက်အအုံ ဖြစ်သည်။ ရှုခင်းကြည့်သည့် တဲအိမ်လေးသည် တောင်ထိပ်ဘေး၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုနေရာမှနေ၍ တစ်ချက် ကြည့်လိုက်ရုံနှင့် မြက်စိမ်းရွာကို မြင်နိုင်ပေသည်။ တောင်ကို တိမ်များက လွှမ်းခြုံထားသဖြင့် ရင်သက်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေလေသည်။

ရဲ့လင်းချန်က လက်ဘက်ရည်ခွက်ကို လက်ထဲ၌ ကိုင်ထားသည်။ ရှုခင်းကို ခံစားနေသော သူ့ပုံစံက လှပသော တောတောင်ရေမြေ၌ အမြင်လှနေ၏။

ဤနေရာသည် မြို့ကြီးများမှ မိုးမျှော်တိုက်များထက် ပိုကောင်းသည်။ ဤနေရာတွင် လောကကို အမှန်တကယ် မြင်နိုင်ပေသည်။ ရဲ့လင်းချန် အတွေးထဲ မျောနေစဉ်မှာပင် သူ၏ ချီသန့်စင်မှု အရှိန်က ပုံမှန်ထက် ပိုမြန်နေသည်ကို ခံစားမိနေ၏။

[ဝါး … သူက တကယ် ကြည့်လို့ကောင်းတာပဲ]

[ရဲ့နတ်ဘုရားရဲ့ ပုံစံက ဉာဏ်အလင်းပေါက်သွားတဲ့ ပညာရှိ ယောက်ျားတစ်ယောက်လိုပဲ၊ ဒီလို ကျက်သရေမျိုးက လူတော်တော်များများမှာ ရှာလို့ မတွေ့နိုင်ဘူး]

[ရဲ့နတ်ဘုရားရဲ့ လက်ဘက်ရည် ဖျော်တုန်းက ပုံစံကို မင်းတို့ သတိထားမိကြလား၊ လုံးဝကို တိကျတာနော်၊ သူက သေချာပေါက် ထူးကဲတဲ့ အရသာကို သဘောကျတဲ့လူပဲ]

[ဒါကို screenshot လိုက်ပြီ၊ ငါ့ဖုန်း wallpaper အဖြစ် ထားရမယ်၊ အခုကစပြီး ငါ့ဖုန်းမျက်နှာပြင်ကို နေ့တိုင်း လျက်မိတော့မှာပဲ]

[ရုတ်တရက်ကြီး ရဲ့နတ်ဘုရားက တော်တော် ချစ်ဖို့ကောင်းတယ်လို့ ငါ သိလိုက်ရတယ်၊ ဒီပတ်ဝန်းကျင်က သူ့ကို အနှောင့်အယှက် ပေးဖို့တောင် ဝန်လေးစေတယ်]

…

ရဲ့လင်းချန်၏ မတူညီသော ပြုမူပြောဆိုပုံများက အွန်လိုင်း ကြည့်ရှုသူ အရေအတွက်အား နှစ်သိန်း ကျော်သွားစေပြီး သူ့ပရိသတ်အားကလည်း တိုးလာလေသည်။

All Chapters