ဟူယွဲ့အာနှင့် ထပ်မံတွေ့ဆုံခြင်း
Vol. 27 Ch. 405
ကျောက်လျန့်ရင် အောက်ထပ်သို့ ဆင်းလာပြီး ရဲ့လင်းချန်ကို မြင်သွားလေသည်။ သူမသည် တစ်ခါမျှ ငိုင်နေပြီးမှ ထပ်မံ၍ နှုတ်ခမ်းစူလာ၏။
*အဲ့လူက နည်းနည်းတော့ ကြည့်ကောင်းသားပဲ*
“ရှပ် ရှပ် ရှပ်”
ထိုစဉ် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် တံခါးဝ၌ အရပ်မြင့်မြင့် အမျိုးသမီးတစ်ဦး ရပ်လာသည်။
“ဝိုး … ရှင်က … ဟူယွဲ့အာ မဟုတ်လား”
ကျောက်လျန့်ရင်သည် ဧည့်သည်ကိုမြင်သောအခါ တအံ့တဩ ရေရွတ်လိုက်မိသည်။
“ကျွန်မပါ၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ရှင်က ကျောက်လျန့်ရင်လား”
ဟူယွဲ့အာက ကျောက်လျန့်ရင်ကို ခေါင်းညိတ်ပြပြီးနောက် ပြုံး၍ ဆက်ပြောလေသည်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မ ရှင့်ရဲ့ ဇာတ်လမ်းတွဲကို အမြဲ ကြည့်ဖြစ်တယ်”
သူမတို့အားလုံးသည် ဖန်သားပြင်ပေါ်မှ နတ်ဘုရားမလေးများ ဖြစ်ကြသည်။ သူမတို့က လူချင်း မရင်းနှီးကြ သော်လည်း အချင်းချင်းအကြောင်း သိကြပါသေးသည်။
“အစ်မယွဲ့အာ၊ ရှင့်ရဲ့ သရုပ်ဆောင် အရည်အချင်းက အံ့ဩစရာပဲ”
ကျောက်လျန့်ရင်က ချက်ချင်း ဟူယွဲ့အာကို မှိုအိမ်လေးထဲ ဝင်စေသည်။
“ဆရာ ဟွမ်လေ့၊ ဆရာဟယ်ကျား၊ ဟူယွဲ့အာ ဒီကို ရောက်လာတယ်”
“ဝိုး … နောက်ထပ် မိန်းမလှလေးတစ်ယောက်ပါလား၊ ဒီနှစ် ဧည့်သည်တွေက တကယ် ကံကောင်းတာပဲ”
“ကြိုဆိုပါတယ်၊ ငါတို့ရဲ့ မိသားစုကြီးကနေ ကြိုဆိုပါတယ်”
ဟယ်ကျားနှင့် ဟွမ်လေ့က သူမတို့ကို အပြုံးကြီးပြုံး၍ နှုတ်ဆက်လေသည်။
“တွေ့ရတာ ဝမ်းသာပါတယ်၊ ခုနက ဖုန်းကိုင်တာ ဘယ်သူလဲ မသိဘူး”
ဟူယွဲ့အာက မိတ်ဆက်စကား ပြောပြီးနောက် ချက်ချင်း လိုရင်းကို တန်းမေးလေသည်။
“ဒါက …”
လူတိုင်း ခေါင်းခြောက်သွားသည်။ သူတို့၏ အကြည့်များက အပြင်ဘက် ရှုခင်းကြည့်သည့် တဲအိမ်လေးသို့ ကျရောက်သွားသည်။
[လာပြီ၊ လာပြီ၊ ပွဲက စတော့မယ်]
[ငါ မစောင့်နိုင်တော့ဘူး၊ နောက်ဆုံးတော့ ဒီလိုနေ့ကို ရောက်လာပြီပဲ]
[ဒါကနေ ဘယ်လို ရန်ပွဲမျိုး ဖြစ်လာမလဲ ငါ သိချင်လိုက်တာ၊ အပိုမပြောတော့ဘူးကွာ၊ လုပ်လိုက်တော့]
[တိုက်ရိုက်ပွဲက စတော့မယ်၊ အားလုံး အသင့်ပြင်ထားကြ]
ထုတ်လွှင့်ရေးထဲမှ မှတ်ချက်များသည် ထိန်းမနိုင်သိမ်းမရ ဖြစ်နေလေသည်။ ကြည့်ရှုသူ တော်တော်များများသည် ထိုင်ခုံ၌ နေရာပြင်၍ သူတို့ ဖန်သားပြင်ပေါ်မှ အစီအစဉ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ဟူယွဲ့အာ အချိန်ဆွဲမနေဘဲ ချက်ချင်း ရဲ့လင်းချန်ထံ လျှောက်သွားလေသည်။ သူမသည် ရဲ့လင်းချန်ကို စူးစိုက် ကြည့်နေပြီး ရင်ထဲ၌ ဒေါသများ စုဝေးလာသည်။
*သူကများ ငါ့ကို စနောက်ပြီးတော့ ဘာမှမဖြစ်သလို ထိုင်ပြီး လက်ဘက်ရည် သောက်နေရဲတယ်ပေါ့လေ၊ အဲ့ဒီ လွတ်လပ်ပေါ့ပါးတဲ့ အမူအရာ၊ သေလိုက်ပါတော့လား … ငါ လက်တုံ့မှမပြန်ရရင် ဟူယွဲ့အာဆိုတဲ့ ငါ့နာမည်ကို ပြောင်းပြန် လှန်ပစ်လိုက်မယ်*
မကြာခင်မှာပင် သူမ ရှုခင်းကြည့်သည့် တဲအိမ်လေးသို့ ရောက်သွားလေသည်။ ထိုအခါ သူမ မျက်လုံးပြူး သွားလေသည်။
“ရှင် … ဘာလို့ ရှင် ဖြစ်နေတာလဲ”
ရဲ့လင်းချန်၏ မျက်နှာကို မြင်သောအခါ ဟူယွဲ့အာ အကြီးအကျယ် တုန်လှုပ်သွားသည်။ သူမ ပြင်ဆင်ထားသော စကားလုံးများအားလုံးက လည်ချောင်းမှာပင် တစ်ဆို့သွားပြီး ထုတ်မပြောနိုင်တော့ပါ။
“အာ … မင်းပါလား”
ရဲ့လင်းချန်သည်လည်း အနည်းငယ် အံ့ဩသွားသည်။ ဤမိန်းကလေးသည် သူစိမ်းတစ်ယောက် မဟုတ်ပါ။ အစောပိုင်းက လေယာဉ်ပေါ်၌ သူ တွေ့ခဲ့သည့် သူမကိုယ်သူ ထုတ်ပိုးမတတ် ဝတ်စားထားသည့် အနုပညာရှင် ဖြစ်လေသည်။
“ငါလည်း အနုပညာရှင်ပါလို့ မင်းကို ပြောခဲ့သားပဲ၊ ဘယ်လိုလဲ၊ ငါ လိမ်နေတာ မဟုတ်ဘူးမလား”
“ရှင်တို့က အချင်းချင်း သိနေတာလား”
ကျောက်လျန့်ရင်က သူတို့ နှစ်ယောက်လုံးကို အံ့ဩတကြီး ကြည့်နေသည်။ ဟူယွဲ့အာ၏ အမူအရာအရ သူမတို့ နှစ်ယောက်ကြားထဲ တစ်ခုခု ဖြစ်ခဲ့မှန်း သိသာပေသည်။
“အင်း”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။
“ငါ သူ့ကို ကူညီဖူးတယ်”
“ဖျားတာကို ကုပေးတာ၊ အရင်က ငါ ဖျားနေတာကို သူ ကုပေးဖူးတယ်”
ဟူယွဲ့အာက ချက်ချင်း သူ့စကားကို ဖြတ်ပြောပြီး မသိမသာ ရှက်သွေးဖြာသွားသည်။ သူမက သူ့ကို ဒေါသ ထွက်သော အကြည့်ဖြင့်ကြည့်၍ သတိပေးလေသည်။
“ဖျားတာ၊ ဘယ်လိုဖျားတာလဲ”
ဟွမ်လေ့က စပ်စပ်စုစု မေးလာသည်။
“သာမန် အအေးမိတာလေးပါ”
ဟူယွဲ့အာက ခပ်သွက်သွက် ဆင်ခြေပေးလေသည်။ ထိုကိစ္စများ ထုတ်ပြောသည်ကို သူမ ဘယ်လိုလုပ် ခံနိုင်ပါ မည်နည်း။
[တစ်ခုခုတော့ မှားနေပြီ၊ သူတို့ကြားမှာ သေချာပေါက် တစ်ခုခု ဖြစ်ခဲ့တာပဲ]
[ငါ့မျက်လုံးတွေက ငါ့ကို လှည့်စားနေတာလား၊ ဟူယွဲ့အာ ရှက်နေတာလား]
[ဟူယွဲ့အာက အေးစက်ပြီး မာနကြီးတယ်လို့ နာမည်ကြီးတယ်၊ သူက ရှက်နေတယ်ဆိုတော့ သေချာပေါက် တစ်ခုခု ကြီးကြီးမားမား ဖြစ်ခဲ့တာပဲ]
[သူက သူ့ကို ကူညီဖူးတယ် ဟုတ်လား၊ သူက ဘယ်လိုမျိုးကို ကူညီခဲ့တာလဲဆိုတာ ဘယ်သူ ပြောနိုင်လဲ]
[အပေါ်ကလူတွေ၊ မင်းတို့ အမှန်ကို မသိတာ ပိုကောင်းတယ်လို့ ငါ ထင်တယ်]
…
“ရဲ့နတ်ဘုရားက လူတွေကို ဘယ်လို ကုရမလဲ သိတာလား”
ဟူယွဲ့အာ စကားလမ်းကြောင်း ပြောင်းရန် ကြိုးစားနေသည်ကို မြင်ပြီး နားလည်မှုရှိသော ဟယ်ကျားက သူမအတွက် စကားလမ်းကြောင်း ပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။
“သူ သိတယ်၊ အရင်တုန်းက ကျွန်မ အစာစားချင်စိတ် မရှိတဲ့ ရောဂါကို ခံစားခဲ့ရတယ်၊ သူက ကျွန်မကို အဲ့ရောဂါ ပျောက်သွားအောင် လုပ်ပေးခဲ့တာလေ”
ကျောက်လျန့်ရင်က ဝင်ပြောသည်။
“ဝါး … အံ့ဩစရာပဲ”
ဟွမ်လေ့ အထင်ကြီးသွားသည်။
ကျောက်လျန့်ရင်၏ အစာမစားချင်သော ရောဂါက လျှို့ဝှက်ချက် မဟုတ်ပါ။ အနုပညာလောက အတွင်းရော အပြင်မှာပါ သိထားကြသည်။ ကျောက်လျန့်ရင်သည်လည်း အတော်လေး ကိုယ်အလေးချိန် ကျသွားခဲ့သည်။ ထို့ကြောင့် သူမသည် သူမ၏ စိတ်ဖိစီးမှုကို လျှော့ချနိုင်ရန် မျှော်လင့်ပြီး သူမ ပြန်လည် သက်သာလာခြင်းကို ကူညီနိုင်ရန် ဘဝ၏ ရုန်းကန်ခြင်းတွင် ပူးပေါင်း ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ရဲ့နတ်ဘုရား၊ ငါ့မှာ ဘာရောဂါ ရှိနိုင်လဲဆိုတာကို စစ်ဆေးပေးလို့ ရလား”
“ငါရောပဲ၊ ငါ့ကိုလည်း စစ်ဆေးပေးပါ”
ရဲ့လင်းချန်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဆရာ ဟွမ်လေ့က အစာမကြေရောဂါကို ခံစားနေရတာ၊ ခင်ဗျားရဲ့ အစာအိမ်က ရောင်နေတယ်၊ ခင်ဗျား မကြာခဏ အစာအိမ် နာတာကို ခံစားရလောက်တယ် ဟုတ်တယ်မလား၊ ဆရာဟွမ်လေ့မှာ အတော်လေး ကျန်းမာတဲ့ ခန္ဓာကိုယ် ရှိတယ်၊ ကျွန်တော့်အထင် ပြောရရင် ခင်ဗျား အလေးချိန်လျော့အောင် အစာကို ချင့်ချိန် စားနေတယ် ထင်တယ်”
“အံ့ဩစရာပါလား”
ဟွမ်လေ့က ရဲ့လင်းချန်ကို လက်မထောင်ပြသည်။
“ငါက အချက်အပြုတ်ကို စိတ်ဝင်စားတယ်၊ အဲ့တော့ ငါ့ဘာသာငါ ဟင်းပွဲတွေ လုပ်ပြီး မကြာခဏ အစားအသောက်ကို ချိန်ပြီး လျှော့စားတယ်”
“ဆရာဟွမ်လေ့၊ ခင်ဗျားက ကိုယ့်ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို တကယ် သိနေတာပဲ”
ဟယ်ကျားက ရဲ့လင်းချန်ကို တလေးတစား ပြောပြီးနောက် မေးမြန်းလေသည်။
“ရဲ့နတ်ဘုရား၊ ငါ့ရောဂါကို ကုနိုင်မယ့် နည်းလမ်း တစ်ခုခုများ ရှိသလား၊ ငါ ဆေးရုံပေါင်းစုံကို သွားခဲ့ပြီးပြီ၊ သူတို့က အချိန် အတိုင်းအတာ တစ်ခုလောက်အထိပဲ ထိန်းချုပ်နိုင်အောင် လုပ်ပေးနိုင်တယ်၊ ပြီးရင် အဲ့ဒါက ပြန်ဖြစ်လာရော၊ အဲ့ဒါက ငါ့ကို နှိပ်စက်နေတာ”
“ဒါအတွက် ခင်ဗျား အနောက်တိုင်း ဆေးကိုပဲ အားကိုးနေမယ်ဆိုရင် ခင်ဗျား မခွဲစိတ်သရွေ့ အပြည့်အဝ ကောင်းနိုင်မှာ မဟုတ်ဘူး၊ အကောင်းဆုံးနည်းက တရုတ်ဆေးပညာကို သုံးတာပဲ၊ အစားကို ချိန်ပြီး လျော့စားတာကလည်း တရုတ်ဆေးပညာရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ခင်ဗျား ဆရာဟွမ်လေ့နဲ့ တိုင်ပင်ပြီး သူ့ကို နေ့တိုင်း ကောင်းမွန်တဲ့ အစားအသောက် လုပ်ခိုင်းလို့ ရပါတယ်၊ ဒါဆို အရသာရှိတဲ့ အစားအသောက်ကို စားရင်း ရောဂါကိုလည်း ကုလို့ရတာပေါ့”
ရဲ့လင်းချန်က ပြုံး၍ ရှင်းပြသည်။
“ရောင်းရင်းကြီးဟွမ်၊ အခု မင်းကိုပဲ အားကိုးရတော့မယ်”
ဟယ်ကျားက ဟွမ်လေ့ကို အသနားခံသော မျက်လုံးနှင့် ကြည့်လိုက်သည်။
“ကိစ္စမရှိဘူး၊ ငါ့တာဝန် ထားလိုက်၊ မင်းအခြေအနေနဲ့ ပတ်သတ်ပြီး ငါ့ကို စောစော ပြောခဲ့သင့်တာ၊ အဲ့ဒါဆို ငါ မင်းအတွက် လုပ်ပေးပြီးတာ ကြာလောက်ပြီ”
ဟွမ်လေ့နှင့် ဟယ်ကျားသည် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ နှစ်ယောက်လုံးက လူလတ်ပိုင်းအရွယ် အမျိုးသားများ ဖြစ်ကြပြီး အချင်းချင်း အမြဲတမ်း ပံ့ပိုးတတ်ကြလေသည်။
[သောက်ကျိုးနည်း၊ စောက်ရမ်း မိုက်တယ်ကွ၊ ရိုက်ကူးရေး ဝန်ထမ်းတွေ လန်ကြုတ် လုပ်ထားတာတော့ မဟုတ်ဘူးမလား၊ ဘယ်လိုလုပ် တစ်ချက်ကြည့်ရုံနဲ့ သူက လူတစ်ယောက်ရဲ့ အခြေအနေကို ပြောနိုင်တာလဲ]
[တရုတ် ဆေးပညာ၊ ဒါ သေချာပေါက် တရုတ်နိုင်ငံရဲ့ ဆေးပညာ နည်းလမ်းပဲ၊ အပေါ်ကလူ၊ မင်းက ဒီအတိုင်း မသိလို့ကွ၊ တရုတ်ဆေးပညာမှာ ရောဂါကို စမ်းသပ်တဲ့ နည်းလမ်း လေးမျိုး ရှိတယ်၊ ရဲ့နတ်ဘုရားက အံ့ဩဖို့ ကောင်းလွန်းတယ်ကွာ အား …]
[ရဲ့နတ်ဘုရား ပြောတာ မှန်တယ္၊ အစာကို ချိန်ပြီး လျော့စားတဲ့ ကုထုံးက လူနာကို မလိုလားအပ်တဲ့ ဝေဒနာတွေကနေ ကယ်ပေးတဲ့ အကောင်းဆုံး နည်းလမ်းပဲ၊ ရောဂါက ပါးစပ်ကနေ ခန္ဓာကိုယ်ထဲကို ဝင်တယ်ဆိုတဲ့ စကားလိုပဲပေါ့၊ ဒါပေမဲ့ ကုသမှုအတွက်ကလည်း အတူတူပဲ၊ စားသောက်ခြင်းက ရောဂါကို ကုသနိုင်တဲ့ အကောင်းဆုံး နည်းလမ်းပဲ]
[အနောက်တိုင်း ဆေးပညာက ခွဲစိတ်မှုအပေါ် မူတည်တယ်၊ တရုတ်ဆေးပညာက အကောင်းဆုံး ဖြစ်နေတုန်းပဲ]
ဟယ်ကျားနှင့် ဟွမ်လေ့သည် အစားအသောက် ပြင်ဆင်ရန် မီးဖိုချောင်ထဲ ခပ်သုတ်သုတ် ဝင်သွားလေသည်။ တစ်ဖက်တွင်မူ ဟူယွဲ့အာသည် သူမ ခရီးဆောင်အိတ်ကို သယ်၍ အခန်းထဲ ဝင်သွားသည်။ ရှုခင်းကြည့်သော တဲအိမ်လေး၌ ရဲ့လင်းချန်နှင့် ကျောက်လျန့်ရင်သာ ကျန်ခဲ့လေသည်။
အချိန်ကား နောက်ကျနေလေပြီ။ တောင်ပေါ်၌ ညတာက လျင်မြန်စွာ ကျရောက်လာ၏။ ရှုခင်းသည် နေရောင်ခြည် လွင့်ပြယ်သွားသည်နှင့်အမျှ လှပလာပြီး ညလေညင်းက တိုက်ခတ်နေကာ သူတို့အား သက်တောင့် သက်သာ ရှိသော အေးမြမှုကို ပေးစွမ်းနေသည်။
ရဲ့လင်းချန်သည် ရှုခင်းကြည့်သော တဲအိမ်လေးထဲမှ ထွက်လာပြီး တောင်ကမ်းပါး၌ သွားရပ်ကာ ကောင်းကင်နှင့် မြေကြီး၏ အလှကို ခံစားနေသည်။
လူတစ်ယောက်က တောင်ထိပ်အလယ်၌ ရပ်လိုက်လျင် ကိုယ့်ကိုယ်ကိုယ် ဘာမှမဟုတ်တော့သလို ခံစားလာရသည်။ သူ့တစ်ကိုယ်လုံးအား သဘာဝက လွှမ်းခြုံလာသည်ကို ခံစားရပြီး စိတ်ထဲရှိ တင်းကြပ် ချုပ်နှောင်မှုများမှ လွတ်မြောက်သွားစေသည်။
ကျောက်လျန့်ရင်သည် ရှုခင်းကြည့်သော တဲအိမ်လေးထဲ၌ ထိုင်နေပြီး သူမ၏ အဖြူရောင် စကပ်လေးက လေတိုက်ခြင်းကြောင့် တလွင့်လွင့် ဖြစ်နေကာ စိတ်ထဲ၌ သက်တောင့်သက်သာ ရှိသလို ခံစားနေရသည်။
သူမသည် ရဲ့လင်းချန်၏ ကျောပြင်ကို ကြည့်ပြီး ရုတ်တရက် သူ့အား စနောက်ချင်စိတ် ဝင်လာသည်။ သူမ ရဲ့လင်းချန်ထံသို့ တိတ်တိတ်လေး လျှောက်သွားသည်။
*ဒီလူက အမြဲ မိမိုက်သလို ပြုမူပြီးတော့ ငါ့ကို မသိချင်ယောင်ဆောင်နေတာ၊ ငါက သူ့အတွက် မလှလို့လား၊ ငါ့စိတ်ထဲက မကျေနပ်ချက်တွေကို ဖွင့်ထုတ်ဖို့အတွက် နင့်ကို စကို စနောက်ပစ်ဦးမှာ*
ရဲ့လင်းချန်က တောင်ကမ်းပါး အစွန်း၌ ရပ်နေခြင်း ဖြစ်သည်။ သူမက ရဲ့လင်းချန်ကို အနောက်မှ လှမ်းဖက်၍ ထိတ်လန့်အောင် လုပ်ပစ်မည်ဟု စိတ်ကူးထားသည်။
*အဲ့လို ဖြစ်သွားရင် သူ သေချာပေါက် ကြောက်လန့်သွားမှာပဲ*
ထိုသို့ တွေးရုံနှင့်တင် ကျောက်လျန့်ရင်အား ကျယ်လောင်စွာ ထရယ်လုမတတ် ဖြစ်သွားစေသည်။