← Chapters

ရွှမ်ယုံအုတ်ဂူ

Vol. 25 Ch. 383

ရွှမ်ယုံအုတ်ဂူ

Vol. 25 Ch. 383

မြူခိုးများသည် အလွန် ထူထပ်သိပ်သည်းပြီး တောအုပ်ထဲ ပျံ့လွင့်သွားကာ ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို လွှမ်းခြုံသွားသည်။

ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများဖြင့် ပြည့်နှက်သွားသည်။ မြူခိုးများမှာ ထူထပ်သိပ်သည်းလွန်းလှသည်ဖြစ်၍ ကိုယ့်လက်ကိုပင် မမြင်နိုင်ချေ။ ကောင်းကင်ကြီးပင် မြူခိုးများဖြင့် လွှမ်းခြုံသွားသည်။

ထိုမြူခိုးများသည် ဗြုန်းစားကြီး ပေါ်ပေါက်လာပြီး အေးစိမ့်သည်။ သဘာဝအလျောက် ဖြစ်ပေါ်လာခြင်း မဖြစ်နိုင်ချေ။ မကောင်းဆိုးဝါးတစ်ကောင်ကောင်ကြောင့် ဖြစ်ပေါ်လာနိုင်ချေ များသည်။ ရွှီချင်းသည် မြူခိုးများကို ထိမိသောအခါတွင် ထိုအချက်ကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ မရေမတွက်နိုင်လောက်အောင် များပြားသော ပိုးကောင်လေးများက သူ၏အသားရေပေါ်ရှိ မွေးညင်းပေါက်များမှတစ်ဆင့် တိုးဝင်ရန် ကြိုးစားနေသည့်အလား သူ ခံစားလိုက်ရသည်။

သို့သော်လည်း သက်စောင့်မီးအိမ်အကာအကွယ်နှင့်အတူ ထူးဆန်းသော မြူခိုးများ၏ ကျူးကျော်ခြင်းမှာ အချည်းနှီး ဖြစ်သွားသည်။

“ ရတနာမုဆိုးစခန်းအပြင်ဘက်က တားမြစ်နယ်မြေထဲက မြူခိုးတွေနဲ့ ဆင်တူနေသလိုလို ထင်ရပေမဲ့ ဒါက အများကြီး နိမ့်ကျတယ် ”

ရွှီချင်းက သူ့ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ ခေါင်းဆောင်၏ အရှိန်အဝါကိုလည်း မြူခိုးများက ပိတ်ဆို့လိုက်သည်။ သို့ဖြစ်၍ စောစောက သူ့ဘေးမှာ ခေါင်းဆောင် ရှိနေခဲ့ပါသော်လည်း ယခုတွင် ခေါင်းဆောင်ကို သူ အာရုံမခံရပေ။

သို့သော်လည်း ခေါင်းဆောင်ကို ရွှီချင်း စိတ်မပူပေ။ တားမြစ်နယ်မြေ၌ဖြစ်စေ၊ တားမြစ်ဒေသ၌ ဖြစ်စေ ခေါင်းဆောင်နှင့်ယှဉ်လျှင် ပို၍ ရက်စက်ကြမ်းကြုတ်သော သတ္တဝါမရှိနိုင်ကြောင်း သူ ခံစားမိသည်။

မျိုးတူသတ္တဝါကို စားခဲ့ရသော အရိပ်လေးမှာမူ ထိုဝိညာဉ်မြူခိုးများ ပေါ်လာပြီးနောက် ဆာလောင်ငတ်မွတ်သည့်အရိပ်အယောင်များ ပြသလာသည်။ ထို့နောက် မြူခိုးများကို အူမြူးနေဟန်ဖြင့် စုပ်ယူလိုက်သည်။

ယခုလေးတင် အစာစားပြီးခဲ့သော အရိပ်လေးအား ရုတ်တရက် ရေပေးလိုက်သည့်ပမာ ရွှီချင်း ခံစားလိုက်ရသည်။

အရိပ်လေး စုပ်ယူခြင်းကြောင့် ရွှီချင်းရှေ့ရှိ မြူခိုးများ အနည်းငယ် ပါးလျသွားသည်။ သူက တည်ငြိမ်စွာ ရှေ့လျှောက်သွားသည်။ သူ၏ပစ်မှတ်က ထိုထူးဆန်းသောမြူခိုးများ၏ ရင်းမြစ်ဖြစ်သည်။ သူ့ကို သတ်ဖြတ်ချင်စိတ်ဖြင့် မြူခိုးများဖြင့် တိုက်ခိုက်လာသည့်မကောင်းဆိုးဝါးကို သူ မြင်ချင်သည်။

သူ ဆက်သွားနေစဉ် အရိပ်လေး၏ စုပ်ယူခြင်းအောက်တွင် မြူခိုးများ ပါးလျသည်ထက် ပါးလျလာပြီး သစ်ပင်များ ပေါ်လာသည်။ မြူခိုးများကြောင့် ထိုသစ်ပင်များသည် မိစ္ဆာများ၊ မွန်းစတားများကဲ့သို့ ချောက်ချားဖွယ်ကောင်းလှသည်။ တချိန်တည်းမှာပင် တိတ်ဆိတ်သောတောအုပ်ထဲတွင် သွေးပျက်ခမန်း ရယ်မောသံများ ပဲ့တင်ထပ်နေသည်။

ထိုရယ်မောသံများမှာ ယောကျ်ားသံများလား၊ မိန်းမသံများလား ခွဲခြားရခက်သည်။ ယင်းအပြင် ထိုအသံများသည် ရောယှက်ကာ ရွှီချင်း၏ပတ်လည်တွင် ပဲ့တင်ထပ်နေသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး အရိပ်လေးကို မြူခိုးများအား ဝါးမျိုခြင်းမှ ရပ်တန့်စေလိုက်သည်။ ယခု အရိပ်လေးသာ မြူခိုးများအား ဝါးမျိုလိုက်ပါက ဤနေရာတွင် ရှိနေသော မကောင်းဆိုးဝါးအစစ်အမှန်အား ခြောက်လှန့်လိုက်သကဲ့သို့ ဖြစ်သွားမည်ကို သူ စိတ်ပူသည်။

သူ့ကို ရန်မူချင်လာသည့် ထိုမကောင်းဆိုးဝါးကို သူ သတ်ပစ်ရပေမည်။

ရွှီချင်းသည် အရိပ်လေးကို ထိန်းချုပ်လိုက်ရင်း သူ၏လူသတ်ချင်စိတ်များကို ကွယ်ဝှက်ကာ ရှေ့ဆက်သွားသည်။ တောအုပ်ကို ကျော်ဖြတ်ကာ တောင်ပေါ်သို့ သူ တက်လာခဲ့သည်။ တစ်နာရီကြာပြီးနောက် ရှေ့တူရှုရှိ မြူခိုးများထဲမှ ဝိုးတဝါးအရိပ်တစ်ရိပ် ပေါ်လာသည်။

ထိုအရိပ်မှာ သစ်သားတဲလေးတစ်လုံး ဖြစ်သည်ကို သူ ခပ်ရေးရေး မြင်လိုက်ရသည်။

ထိုတဲလေးသည် အလွန် အိုဟောင်းနေသော တဲလေးဖြစ်သည်။ သစ်သားပြားများ ကျိုးနေပြီဖြစ်ပြီး နေရာအများစုတွင် အပေါက်များ ရှိနေသည်။ ထိုတဲလေးက အချိန်မရွေး ပြိုလဲသွားနိုင်သည့်ပမာပင်။

တံခါးအရှေ့တွင် ယိုယွင်းပျက်စီးနေသော ကျောက်ကုလားထိုင်တစ်လုံး ရှိသည်။

မူလက ခြံဝန်းလေးနှင့် ပန်းဥယျာဉ်လေးတစ်ခု ဖြစ်ခဲ့ပါသော်ငြား ယခုအခါတွင် ခြံဝန်းထဲတွင် ပေါင်းပင်များဖြင့် ပြည့်ကြပ်နေသည်။ ထိုသစ်သားတဲလေး၏ တည်နေရာသည်လည်း ထူးဆန်းသည်။

တဲလေးက တောင်ခါးပန်းတွင် တည်ရှိပြီး ဘေးပတ်လည်တွင် တောအုပ်သာ ရှိသည်။ လေအေးများ တရွှီရွှီ တိုက်ခတ်နေပြီး သစ်ပင်များကြားထဲ တိုးဝှေ့သွားသည်မှာ လူများမရေမတွက်နိုင်လောက်အောင် တီးတိုးရေရွတ်နေကြသည့်ပမာ။

ရုတ်တရက် ရွှီချင်း၏အကြည့်က ကျောက်ကုလားထိုင်ပေါ် ရောက်သွားသည်။

ကျောက်ကုလားထိုင်ပေါ်တွင် လူတစ်ယောက်မျှ ထိုင်မနေပါသော်ငြား ကျောက်ကုလားထိုင်က အနည်းငယ် လှုပ်ယမ်းနေသည်။ ထိုသို့လှုပ်ယမ်းပုံမှာ ပြင်းထန်စွာ လှုပ်ယမ်းနေခြင်းမျိုး မဟုတ်ဘဲ လေတဖြူးဖြူးတိုက်ခတ်၍ လှုပ်ယမ်းခြင်းမျိုး သို့မဟုတ် ဘဝနေဝင်ချိန်ရောက်နေသော အဘိုးအိုတစ်ယောက်က ငယ်ရွယ်နုပျိုစဉ်ကာလများကို ပြန်လည်တွေးတောရင်း ကုလားထိုင်အား လှုပ်ယမ်းနေခြင်းမျိုးနှင့် ဆင်တူသည်။

ရွှီချင်းမှာ တည်ငြိမ်နေသည်။ သူ ရောက်လာစဉ်အခါက ကုလားထိုင်က ငြိမ်သက်နေသည်ကို သူ မှတ်မိသည်။ စောစောက သူ မျက်တောင်ခတ်လိုက်သောအခါမှသာ လေတိုက်ခတ်လာပြီး ကုလားထိုင် လှုပ်ယမ်းလာခြင်း ဖြစ်သည်။

ထို့ကြောင့် သူ မျက်တောင်ခတ်လိုက်သည်။

တခဏလေးအတွင်း သစ်သားတဲလေး၏ တံခါးရှေ့တွင် ကြိုးတစ်ချောင်း ပေါ်လာသည်။

ထိုသည်ကို မြင်၍ ရွှီချင်းက ကြိမ်ဖန်များစွာ မျက်တောင်ခတ်လိုက်သည်။ ထိုသို့ဖြင့် ကြိုးက တွန့်လိမ်ရှုံ့တွသွားပြီး အလောင်းတစ်လောင်း ပေါ်လာသည်။

ကြိုးပေါ်တွင် အဘိုးအို၏အလောင်း ချိတ်ဆွဲနေသည်။

ထိုအဘိုးအို သေသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်ဟန်တူသည်။ ထိုအဘိုးအို၏ ခေါင်းမှာ ခြောက်ကပ်ကပ်ဆံဖြူများ အောက်သို့ တွဲလောင်းကျနေသည်။

မျက်နှာတွင် အသားများ ကင်းမဲ့နေခဲ့ပြီ ဖြစ်ပြီး အရိုးများသာ ကျန်တော့သည်။ မျက်လုံးများနေရာတွင် တွင်းနက်ကြီးနှစ်ခုသာ ရှိသည်။ မသေဆုံးခင် အလိုလို အသက်ရှူခဲ့သည့်အလား ပါးစပ်သည်လည်း ဟနေ၏။

ရွှီချင်း မျက်တောင်ခတ်လိုက်ပြန်သည်။

ကုလားထိုင်က မလှုပ်ယမ်းတော့ပေ။ ကုလားထိုင်မှ ဝိုးတဝါးလူရိပ် ထလာပြီး အလောင်းရှေ့သို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ထိုလူရိပ်သည် ကြည်လင်ပြတ်သားလာပြီး ခါးကုန်းအဘွားအိုတစ်ယောက်အသွင် ပြောင်းလဲသွားသည်။

အဘွားအိုသည် သွေးရောင်ယာဂုများ ထည့်ထားသော ကျောက်ပန်းကန်ကို ကိုင်ထားပြီး တွဲလောင်းကျနေသော အလောင်း၏ ဟနေသော ပါးစပ်ထဲသို့ တစ်ဇွန်းချင်း တိုက်လိုက်သည်။

လေအေးများ ပို၍ပင် အေးစက်လာပြီး ငိုညည်းသံများနှင့် ရယ်မောသံများ နေရာအနှံ့ ပျံ့လွင့်သွားသည်။ ထိုအချိန်၌ ခြံထဲရှိ ပေါင်းပင်များက တညီတညာတည်း လှုပ်ယမ်းလာ၏။ သစ်သားတဲလေးတစ်ခုလုံး ချောက်ချားဖွယ်ရာအတိ ဖြစ်နေသည်။ အဘိုးအိုဖြစ်စေ၊ အဘွားအိုဖြစ်စေ သူတို့မျက်နှာများ ပြာနှမ်းနေပြီး နှုတ်ခမ်းများသာ နီမြန်းနေသည်ကို ရွှီချင်း မြင်နေရသည်။

ရွှီချင်း၏အကြည့်အောက်၌ အဘွားအိုသည် သွေးယာဂုတစ်ဝက်ကို ကျွေးပြီးနောက် ရုတ်တရက် လက်ကိုမြှောက်၍ အဘိုးအို၏ ခေါင်းအား ချိုးပစ်လိုက်သည်။

“ အဘိုးကြီး … ကျုပ်ကို ရှင်ကျွေးရမယ့်အလှည့်ရောက်ပြီ ”

အဘွားအို၏အသံက ကြမ်းရှနေပြီး ကျောက်တုံးများ အချင်းချင်း ပွတ်တိုက်သံများနှင့် ဆင်တူသည်။

အလောင်းမှာ မျောလွင့်နေဆဲပင်။ အလောင်းအထက်တွင် တွဲလောင်းကျနေသော ကြိုးတစ်ချောင်းရှိပြီး အလယ်တွင် ဘာမှမရှိပေ။ အလောင်းမှာ ခေါင်းမရှိတော့သော်လည်း ယခင်အတိုင်း မလှုပ်မယှက်ဖြင့် ငြိမ်သက်နေဆဲပင်။

အဘွားအိုက အဘိုးအို၏ ခေါင်းကို ဘေးတွင် ချထားလိုက်သည်။ ထို့နောက် သူမ၏ခေါင်းကို ချိုးလိုက်ပြီး အဘိုးအို၏ အလောင်းမှာ တပ်လိုက်သည်။

သူမ၏ခန္ဓာကိုယ်က ဘေးရှိ အဘိုးအို၏ခေါင်းကို ကိုင်ကာ လည်ပင်းတွင် တပ်လိုက်သည်။

ခေါင်းချင်း လဲလှယ်ပြီးနောက် အဘိုးအို၏ မျက်လုံးများ ရုတ်တရက် ဝင်းလက်သွားသည်။ သူသည် ပန်းကန်ကို ကောက်ယူလိုက်ပြီးနောက် အဘွားအိုကို ကျွေးလိုက်သည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မြတ်နိုးကြသည့်ပမာပင်။ အဘိုးအိုသည် ယာဂုက သူ့ဇနီးအား နာကျင်သွားစေမည်ကိုပင် စိတ်ပူနေဟန်တူသည်။ သူ့ဇနီးကို ကျွေးသည့်အခါတိုင်း ယာဂုကို မှုတ်ပြီးမှသာ အဘွားအို၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ထိုမြင်ကွင်းသည် အလွန် ထူးဆန်းသည်။

ရွှီချင်းသည် သူတို့ကို မနှောင့်ယှက်ဘဲ တစ်ယောက်နှင့်တစ်ယောက် ယာဂုကျွေးနေကြသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ ခဏအကြာ တစ်ဖက်လူက သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ချက်ရှိဟန်မတူသည်ကို မြင်၍ သူ ပြန်လှည့်ရန် ပြင်လိုက်သည်။

သို့သော် သူ လှည့်ကာ ခြေလှမ်းအနည်းငယ် လှမ်းသွားစဉ် တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်ကြင်နာနေကြသည့် အဘိုးအိုနှင့် သူ့ဇနီးတို့က ခေါင်းများလှည့်ကာ ရွှီချင်းကို စူးစိုက်ကြည့်လိုက်ကြသည်။ တဲအိမ်၏ တည်နေရာပြောင်းလဲသွားပြီး ရွှီချင်းရှေ့တွင် ပြန်ပေါ်လာသည်။

သူတို့က ပါးစပ်ကြီးများကို ဟ၍ ရယ်မောလိုက်ရာ စူးရှချွန်ထက်သော သွားများ ပေါ်လာသည်။ ထို့နောက် သွေးပျက်ချောက်ချားဖွယ်အသံတစ်သံ လွင့်ပျံလာသည်။

“ သားပြန်လာပြီ။ သား ယာဂု သောက်ချင်လား ”

ထိုစကားကို ရွှီချင်း ကြားသောအခါ သူ့ရှေ့ရှိ မကောင်းဆိုးဝါးများကို တည်ငြိမ်စွာ ကြည့်ကာ သူတို့ထံ လျှောက်သွားသည်။ တချိန်တည်းမှာပင် သူ့ခြေထောက်အောက်မှ တံတွေးမျိုချသံများ ပေါ်လာသည်။

အရိပ်လေးထံမှ စေးကပ်ကပ်အရည်များလည်း ပျံ့လွင့်လာ၏။ ထိုစေးကပ်ကပ်အရည်များနှင့် ထိတွေ့သည့်နေရာတိုင်း လျင်မြန်စွာ တိုက်စားခံလိုက်ရသည်။ ထိုစေးကပ်ကပ်အရည်များ ထိန်းချုပ်၍ မရနိုင်သောကြောင့် စီးကျလာသော အရိပ်လေး၏ သားရည်များ ဖြစ်သည်။

အရိပ်လေးမှာ ၎င်းကိုယ်၎င်း အတတ်နိုင်ဆုံး ထိန်းချုပ်နေရသည်မှာ သိသာသည်။

ထိုမြင်ကွင်းသည် တဲအိမ်လေးရှေ့ရှိ အဘိုးအိုနှင့် အဘွားအိုတို့ကို မျက်နှာပျက်သွားစေသည်။

“ သူတို့ကို စားလိုက် ”

ရွှီချင်းက တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

သူ့စကားဆုံးသည်နှင့် ချုပ်တည်းနေရသည်မှာ ကြာပြီဖြစ်သော အရိပ်လေးသည် ရွှီချင်း၏နောက်တွင် မတ်တတ်ရပ်လာပြီး ဧရာမသစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားသည်။

ထိုအရိပ်သစ်ပင်ကြီးပေါ်တွင် မျက်လုံးများတစ်ထောင်နှင့်အထက် ပြွတ်သိပ်၍ ပေါ်လာပြီး တစ်ပြိုင်နက်တည်း မျက်လုံးများဖွင့်ကာ အဘိုးအိုနှင့် အဘွားအိုတို့နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။ တချို့မျက်လုံးများထဲတွင် ပါးစပ်များပေါ်လာပြီး အေးစိမ့်စိမ့်လေများ မှုတ်ထုတ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် အဘိုးအိုနှင့် အဘွားအိုတို့နှစ်ယောက်မှာ တုန်ရီသွားပြီး မျက်လုံးများထဲ အကြောက်တရားများ ထင်ဟပ်လာသည်။ တခဏလေးအတွင်း သစ်သားတဲလေး ဝေဝါးသွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်ပါသော်ငြား နောက်ကျသွားခဲ့လေပြီ။

အရိပ်လေးက ခုန်အုပ်လိုက်ပြီး အနီးအနားပတ်ဝန်းကျင်တစ်ခုလုံး အရိပ်နယ်မြေ ဖြစ်သွားသည်။ အရာအားလုံး ဖုံးလွှမ်းခံလိုက်ရပြီး တဂျွမ်းဂျွမ်းဝါးစားသံများနှင့် စူးစူးဝါးဝါး အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ခဏအကြာ အရိပ်နယ်မြေ ကျုံ့သွားပြီး ရွှီချင်း၏ ခြေထောက်အောက်ရှိ အရိပ်လေးအဖြစ် ပြောင်းလဲသွားသည်။ အရိပ်လေးက ကျေနပ်အားရသည့်အမူအရာများ ထုတ်လွှတ်လိုက်သည်။

“ အရသာ … ရှိ ”

ထိုမကောင်းဆိုးဝါးစုံတွဲ သေဆုံးသွားခြင်းကြောင့် ပတ်ဝန်းကျင်ရှိ မြူများသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အသက်ရှူချိန်အနည်းငယ် ကြာပြီးနောက် မြူများ ပေါ်လာခဲ့သည့်လက္ခဏာဟူ၍ မရှိတော့ပေ။ ရွှီချင်းသည် ရှေ့ဆက်သွားလိုက်ပြီး မကြာခင်မှာပင် လမ်းလျှောက်သွားနေသော ခေါင်းဆောင်ကို မြင်လိုက်သည်။

ခေါင်းဆောင်သည် လမ်းလျှောက်သွားနေရင်း အနက်ရောင်ပန်းသီးတစ်လုံးကို စားနေသည်။

ထိုပန်းသီးထဲတွင် မကောင်းဆိုးဝါးတစ်ကောင်ကို ချုပ်နှောင်ထားသည်။ ထိုမကောင်းဆိုးဝါး၏ အသွင်အပြင်က အဘိုးအို၊ အဘွားအိုတို့နှင့် ဆင်တူသည်။ ထိုအချိန်၌ ထိုမကောင်းဆိုးဝါးသည် တစ်ကိုက်ချင်း ကိုက်စားခံနေရသည်ဖြစ်၍ စူးစူးဝါးဝါး အော်ဟစ်မြည်တမ်းနေသည်။

ရွှီချင်းကို မြင်သောအခါ ခေါင်းဆောင်က လက်ဝှေ့ယမ်းပြလိုက်သည်။ သူတို့နှစ်ယောက် နီးကပ်သွားကြသောအခါ ခေါင်းဆောင်က ပန်းသီးကို စားပြီးသွားပြီ ဖြစ်သည်။ သူသည် လျှာဖြင့် နှုတ်ခမ်းများကို သပ်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။

“ ငါ မဝသေးဘူး။ ငါတို့ ဆက်ရှာကြမယ်လေ ”

ခေါင်းဆောင်၏စကားများကို ကြား၍ အရိပ်လေးက ရွှီချင်းကို ၎င်း၏ဆန္ဒအား အလျင်အမြန် ပို့လွှတ်လိုက်သည်။ ထိုတောင်းဆိုချက်တွင် တောင်းပန်တိုးလျှိုးသည့်အရိပ်အငွေ့များအပြင် ချစ်စဖွယ်ကောင်းသည့် အရိပ်အယောင်များပါ ရောယှက်နေသည်။ အရိပ်လေးသည် မဝသေးဘဲ အနည်းငယ် ဆာနေပေသည်။

ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။

ထိုမြင်ကွင်းကြောင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ခေါင်းနပန်းကြီးသွားရသည်။ အရိပ်လေး၏ ကပ်ဖားရပ်ဖားလုပ်သည့်အရည်အချင်းများ တိုးတက်လာခဲ့သည်ကို သူ သတိထားမိလိုက်ပြီး အန္တရာယ်အငွေ့အသက်များကို သူ ခံစားလိုက်ရသည်။

‘ မင်းက ချစ်စဖွယ်ကောင်းအောင် လုပ်ပြတတ်နေတယ်ပေါ့လေ။ ဒါ သိပ်တရားလွန်သွားပြီ ရွံ့စရာကောင်ရဲ့ ’

ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး စိုးရိမ်ကြောင့်ကြနေစဉ် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် တောအုပ်ထဲ ဆက်သွားကာ မကောင်းဆိုးဝါးများကို ရှာဖွေလိုက်သည်။ မကောင်းဆိုးဝါးများဆိုသည်မှာ မျှော်လင့်မထားလျှင် ပေါ်လာတတ်ပါသော်ငြား ယခု ရွှီချင်းနှင့် ခေါင်းဆောင်တို့ အမှန်တကယ် ရှာဖွေသောအခါတွင် စုပ်စမြုပ်စပျောက်နေတော့သည်။

သတို့နှစ်ယောက်သည် မကောင်းဆိုးဝါးများ ရှာမတွေ့ပါသော်ငြား အတန်ငယ် လျှောက်လာပြီးနောက် ဓာတ်နှောများဖြင့် ပြည့်နှက်နေသော ခြောက်သယောင်းနေသည့်မြေသားပေါ်တွင် ဝိညာဉ်မြက်ပင်တစ်ခင်းကို သူတို့ တွေ့လိုက်ရသည်။

“ ဒီမှာ ဝိညာဉ်မြက်ပင်တွေ ရှိနေတာပဲဟ ”

ခေါင်းဆောင်က တအံ့တသြဖြင့် ဆိုလိုက်သည်။

ဝိညာဉ်မြက်ပင်များသည် အခြေခံအားဖြင့် ထိုက်စီကြမ္မာဆိုးတောင်တန်း၏ ပတ်ဝန်းကျင်တွင် မရှင်သန်နိုင်ပေ။ ထိုဝိညာဉ်မြက်ပင်များသည် ဓာတ်နှောများမရှိသည့်နေရာများ၌သာ ပေါက်ရောက်တတ်ကြသည်။ များသောအားဖြင့် အင်အားစုအသီးသီးက နေရာတစ်ခု သတ်မှတ်ကာ ဓာတ်နှောများကို မန္တန်အစီအရင်များဖြင့် ဖယ်ရှားပြီးသောအခါမှသာ ဝိညာဉ်မြက်ပင်များကို စိုက်ပျိုးကြသည်။

ထို့ကြောင့် ဤနေရာတွင် ဝိညာဉ်မြက်ပင်များ ရှိနေခြင်းသည် ပုံမှန်မဟုတ်ပေ။ ဝိညာဉ်မြက်ပင်များ၏ သေးငယ်သောအရွက်လေးများအရ ထိုမြက်ပင်များမှာ လုံလောက်သောအာဟာရဓာတ်မရရှိခဲ့ကြောင်း သိသာသည်။ ယင်းသည် လက်သင့်ခံနိုင်လောက်ပေသည်။ သို့သော် ပို၍ ထူးဆန်းနေသည်မှာ ဝိညာဉ်မြက်ပင်များ ပေါက်ရောက်နေသည့်နေရာက ရှည်လျားသော နယ်နိမိတ်စည်းမျဉ်းတစ်ကြောင်းကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။ မျဉ်း၏ အစွန်းတစ်ဖက်က တောင်အတွင်းပိုင်းသို့ ဆန့််ထွက်သွားပြီး တခြားတစ်ဖက်က အင်မော်တယ်အားတိုးမြစ်ဘက်သို့ သွားလေသည်။

ရွှီချင်းသည် ဆောင့်ကြောင့်ထိုင်ကာ ဝိညာဉ်မြက်ပင်များကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဝိညာဉ်မြက်ပင်များ ပေါက်ရောက်နေသည့်မြေသားကို ကိုင်ကြည့်လိုက်သည်။ ထို့နောက် အင်မော်တယ်အားတိုးမြစ်ကို သူ ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

“ အောက်မှာ မြေအောက်ရေစီးကြောင်း ရှိတယ် ”

ခေါင်းဆောင်၏ မျက်လုံးများ မှေးသွားပြီး မြေပြင်ကို ကြည့်လိုက်သည်။ မကြာခင် မြေသားကို ဖောက်ထွင်း၍ အောက်ခြေကို မြင်နေရသည့်အလား သူ့မျက်လုံးများ ဝင်းလက်သွားသည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူ ရယ်မောလိုက်သည်။

“ သတ္တိရှိလှချည်လား။ ဒါ အင်မော်တယ်အားတိုးမြစ်ကနေ မြေအောက်ရေမြောင်းတစ်ခုကို တူးထုတ်ထားတာပဲ ”

ရွှီချင်းသည် တောင်နက်ထဲသို့ ဆန့်ထွက်သွားသော နယ်နိမိတ်စည်းမျဉ်းအဆုံးကို ကြည့်လိုက်သည်။ သူ ချက်ချင်း ထိုမျဉ်းအတိုင်း လိုက်သွားသည်။

ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ ဤနေရာသည် မလုံခြုံကြောင်း သူ ခံစားနေရပါသော်လည်း ခေါင်းဆောင် သွားသည်ကို မြင်၍ သူ နောက်မှ လိုက်သွားသည်။ မကြာခင် ထိုမြေအောက်ရေစီးကြောင်း၏ အဆုံးသတ်ကို သူတို့ မြင်သွားသည်။

ထိုနေရာ၌ အုတ်ဂူကြီးတစ်ဂူ ရှိနေသည်။

ထိုအုတ်ဂူကြီးပေါ်တွင် ချောက်ချားစရာကောင်းသော သွေးစကားလုံးသုံးလုံး ရေးထွင်းထားသည်။

‘ ရွှမ်ယုံဂိုဏ်း ’

All Chapters