← Chapters

ရွှမ်ယုံဂိုဏ်း နောက်တစ်ဂိုဏ်း

Vol. 25 Ch. 384

ရွှမ်ယုံဂိုဏ်း နောက်တစ်ဂိုဏ်း

Vol. 25 Ch. 384

ခေါင်းဆောင်၏ မျက်လုံးများ တဖိတ်ဖိတ်လက်သွားစဉ် ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။

သူတို့နှစ်ယောက်၏ အကြည့်က အုတ်ဂူကြီးပေါ် ကျရောက်သွားသည်။ ထိုအုတ်ဂူကြီးသည် မည်းနက်နေပြီး ချောက်ချားစရာကောင်းသည်။ ထိုအုတ်ဂူကြီးသည် နှစ်ပဋိစ္ဆေဒများစွာ တည်ရှိခဲ့သည့်အလား ထိုအုတ်ဂူကြီးထံမှ ရှေးဟောင်းအငွေ့အသက်များကိုလည်း ခံစားနေရသည်။

အုတ်ဂူကြီးကို ခြုံကြည့်လျှင် ဘေးနှစ်ဖက်တွင် ထောက်ထိုင်များပါသော ဗိမာန်ကြီးတစ်ခုနှင့် ဆင်တူသည်။ ယခင်က အုတ်ဂူကြီးပေါ်တွင် စာသားများ ရှိခဲ့မည် ဖြစ်ပါသော်လည်း အချိန်၏တိုက်စားခြင်းကြောင့် ပျက်ပျယ်သွားခဲ့သည်။

ဗိမာန်ထဲတွင် ကျောက်လူပုလေးတစ်ယောက်က တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေသည်။

ထိုလူပုလေး၏ မျက်နှာတွင် အရေးအကြောင်းများရှိပြီး မျက်နှာမရှိသော လူတစ်ယောက်နှင့် ဆင်တူသည်။ ထိုလူပုလေးကို ကြည့်ရသည်မှာ ထူးဆန်းစွာ ခံစားရသည်။

ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သတိထားနေသောအရိပ်အယောင်များကို မြင်လိုက်ရသည်။ သူတို့သည် အလျဉ်စလို မလှုပ်ရှားသေးဘဲ တဖြည်းဖြည်း နောက်ဆုတ်သွားသည်။ သူတို့က စုံစမ်းစစ်ဆေးမည်မဟုတ်ဘဲ ထိုကိစ္စအား ဂိုဏ်းကို တင်ပြရန် စီစဉ်လိုက်သည်။

ဤအုတ်ဂူသည် ဆန်းကြယ်ပြိး အုတ်ဂူပေါ်ရှိ စကားသုံးလုံးက ချောက်ချားပြီး လျှို့ဝှက်ဆန်းကြယ်သောခံစားချက်မျိုး ခံစားရစေသည် မဟုတ်ပါလား။

ရွှမ်ယုံဂိုဏ်းသည် ရှစ်ဂိုဏ်းမဟာမိတ်ရှိ အထက်ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပါသော်ငြား ဤနေရာတွင် နောက်ထပ်ရွှမ်ယုံဂိုဏ်းတစ်ဂိုဏ်း ရှိနေသည်။

ရွှမ်ယုံဂိုဏ်းအကြောင်း ရွှီချင်း တွေးမိသောအခါ နတ်မိမယ်ကျစ်ရွှမ်၏ အကြည့်ကို အလိုလို ပြန်တွေးမိလိုက်ပြီး အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားရသည်။

သို့သော် သူတို့နှစ်ယောက် ထွက်သွားရန် ပြင်လိုက်သည်နှင့် အုတ်ဂူ၏နောက်ကျောဘက်က ရုတ်တရက် ဝေဝါးသွားသည်။ မြေပြင်မှ အုတ်ဂူကျောက်တိုင်များ မြင့်တက်လာပြီး သင်္ချိုင်းကြိး ဖြစ်သွားသည်။ စုစုပေါင်း အုတ်ဂူကျောက်တိုင် တစ်ရာခန့်ရှိသည်။

ပတ်ဝန်းကျင်တစ်ခုလုံး ပို၍ ချောက်ချားစရာကောင်းလာသည်ဖြစ်၍ ရွှီချင်းနှင့် ခေါင်းဆောင်တို့ ချက်ချင်း နောက်ဆုတ်လိုက်သည်။ ထိုအချိန်၌ ဗိမာန်ထဲမှ ဝုန်းခနဲ မြည်ဟည်းသွားပြီး ဗိမာန်နောက်ရှိ အုတ်ဂူ ပွင့်ထွက်သွားသည်။ ထိုအုတ်ဂူထဲမှ ပိုးဖဲထည်အဝတ်အစားများနှင့် လူငယ်လေးတစ်ယောက် ထွက်လာသည်။

ထိုလူငယ်၏ အသားအရေသည် ဖြူဖျော့ကာ မျက်ခုံးမွေးနှစ်ခုကြားတွင် အနီရောင်အစက်တစ်စက် ရှိသည်။ သူ၏အဝတ်အစားများအရ သူသည် ရှေးခေတ်မှ လာခဲ့ဟန်တူသည်။ သူသည် အပြင်ထွက်လာပြီးနောက် ရွှီချင်းနှင့် ခေါင်းဆောင်တို့ကို အရိုအသေပေးလိုက်ပြီး ခပ်ပြတ်ပြတ်လေသံဖြင့် ပြောလိုက်သည်။

“ သိပ်မကြောက်ပါနဲ့ဗျ။ ကျုပ်ဆရာသခင်က ဒီက တာအိုဆရာနှစ်ပါးကို ဖိတ်ခိုင်းလိုက်လို့ ”

ရွှီချင်းနှင့် ခေါင်းဆောင်တို့ သဘောတူသည်ကို စောင့်မနေဘဲ လူငယ်လေး၏အသံ ထွက်ပေါ်လာပြီးနောက် လောကကြီးတစ်ခုလုံး ချက်ချင်း ပြောင်းလဲသွားသည်။ မြင်ကွင်းများ ချက်ချင်း ဝေဝါးသွားပြီး ပြန်လည်ကြည်လင်လာသည်။ သို့သော်လည်း သူတို့သည် အုတ်ဂူအပြင်ဘက်ရှိ တောအုပ်ထဲတွင် ရှိမနေတော့ဘဲ မည်းနက်တောက်ပြောင်သော ခန်းမဆောင်တစ်ခုထဲသို့ ရောက်သည်။

ထိုခန်းမဆောင်၏ အသားက မည်းနက်တောက်ပြောင်သည်။ ခန်းမဆောင်ထဲတွင် မီးတိုင်များ ရှိပါသော်ငြား မှိန်ဖျော့နေသည်ဖြစ်၍ ခန်းမဆောင်တစ်ခုလုံး ချောက်ချားဖွယ်ရာအတိ ဖြစ်နေသည်။ တချိန်တည်းမှာပင် လေးဘက်လေးတန်မှ ဖိအားများ သက်ရောက်လာသည်။

ထိုဖိအားများ၏ ဇစ်မြစ်သည် ခန်းမဆောင်ရှေ့ပိုင်းတွင် တင်ပျဉ်ခွေထိုင်နေသော အမှောင်ထုထဲရှိ လူရိပ်ဖြစ်သည်။ အပြင်လူများအနေဖြင့် ဝိုးတဝါးသာ မြင်နိုင်ပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ခေါင်းဆောင်သည်လည်း အတူတပင်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်သည့်အရိပ်အယောင်များ ပေါ်လာသည်။

“ တည်နေရာရွှေ့ပြောင်းခြင်းလား၊ လေဟာနယ်ကို ဖောက်ထွင်းပြီး သွားနိုင်တာလား။ မြေလျှိုးလိုက်တာလား ”

ခေါင်းဆောင် ခန့်မှန်းနေစဉ် ပင်မထိုင်ခုံကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လူရိပ်ထံမှ ခပ်အက်အက်အသံ လွင့်ပျံလာသည်။

“ မိတ်ဆွေလေးတို့က အင်မော်တယ်အားတိုးမြစ်ရေ ခွဲယူခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီကို ရောက်လာကြတာလား ”

ရွှီချင်းသည် ဘာမှမပြောပေ။ သူ၏တည်နေရာကို အတည်ပြုရန် သူ့အာရုံကို ဖြန့်ကျက်လိုက်ပြီး ဘေးပတ်ဝန်းကျင်တွင်လည်း တည်နေရာရွှေ့ပြောင်းခြင်းကို ပိတ်ဆို့ထားသည့် အစီအရင်များ၊ နတ်စွမ်းအားများ ရှိနေသလားဆိုသည်ကို စစ်ဆေးကြည့်လိုက်သည်။ မည်သည့်အချုပ်အနှောင်မျှ ရှိမနေကြောင်း အာရုံခံမိလိုက်ပြီးနောက် သူသည် စိတ်ထဲမှ ကြိတ်၍ သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူ အလွန် သတိထားနေသေးသည်။

ခေါင်းဆောင်သည် ပျာပျာသလဲလဲ ဖြစ်မသွားပေ။ အထူးလုံခြုံရေးဌာနဂိုဏ်းသားများကို အသံလွှင့်ကြည့်လိုက်ရင်း မခိုးမခန့်ရယ်မောကာ ပြောလိုက်သည်။

“ ဆရာကြီးကို ကျုပ်တို့ မလိမ်ဝံ့ပါဘူး။ ရှစ်ဂိုဏ်းမဟာမိတ်ဂိုဏ်းသားတွေအနေနဲ့ အဲဒီကိစ္စကြောင့် ဒီနေရာကို ကျုပ်တို့ ရောက်လာခဲ့ရတာပါ။ ဆရာကြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ ”

ခန်းမဆောင်ကြီးတစ်ခုလုံး ငြိမ်သက်သွားသည်။ တရိပ်ရိပ်တိုးလာသော ဖိအားများကြားတွင် အမှောင်ထုထဲ တင်ပျဉ်ခွေထိုင်နေသော လူက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ရွှမ်မင်ဆေးလုံးတွေ ငါ ဖော်စပ်နေတာ။ အဲဒီဆေးလုံးတွေကို မြစ်ရေနဲ့ ဆေးကြောသန့်စင်ပေးဖို့ လိုတယ်။ အဲဒီဆေးလုံးတွေ ဖော်စပ်ပြီးစီးဖို့ဆိုရင် အလွန်ဆုံး ခြောက်နှစ်လောက် ကြာမယ်။ အဲဒီအချိန်ရောက်ရင် ဒီရေမြောင်းကို ငါ ဖယ်လိုက်မှာပါ ”

“ ဆရာကြီးရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ကိစ္စမရှိပါဘူးဗျ။ ဒီကိစ္စကို ရှစ်ဂိုဏ်းမဟာမိတ်ကို ကျုပ်တို့ တင်ပြမှာ မဟုတ်ဘူး။ ဆရာကြီး အဆင်ပြေတဲ့အခါမှပဲ ဖယ်နိုင်ပါတယ် ”

ခေါင်းဆောင်က ရယ်မောလိုက်သည်။ သူ့ပုံစံက လေးစားနေဟန်ပေါက်နေသော်လည်း သူ့မျက်လုံးများ ကြိမ်ဖန်များစွာ ခတ်ကာ အမှောင်ထုထဲ လှမ်းကြည့်နေသည်။ တချိန်တည်းမှာပင် ညာလက်ကို ကျောနက်တွင် ထား၍ ရွှီချင်းအား လက်ဟန်ပြလိုက်သည်။

ရွှီချင်းသည် ရည်ရွယ်ချက်မရှိလေဟန်ဖြင့် ထိုလက်ဟန်အမူအရာကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူ့ခြေထောက်အောက်ရှိ အရိပ်လေးကို ကြည့်လိုက်သည်။

အရိပ်လေးက ရုပ်ပုံတစ်ခုပုံစံ ပေါ်လာသည်။ ထိုရုပ်ပုံသည် ပိုးကောင်များကို စားနေသော အဘိုးအိုတစ်ယောက်ပုံ ဖြစ်သည်။ အရိပ်လေး၏ စွမ်းရည်သည် သိသိသာသာ တိုးတက်လာခဲ့ပြီး အဘိုးအို၏ရုပ်ပုံမှာ အလွန်ရှင်းလင်းနေသည်။ အဘိုးအို၏ မျက်နှာပေါ်မှ ကြောက်လန့်သည့်အရိပ်အယောင်များပင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။

သူ စားနေသည့် ပိုးကောင်များသည် လက်သည်းခွံအရွယ်ရှိသည်။ သူ ပို၍ စိုးရိမ်ထိတ်လန့်လာလေ သူ ပိုစားလေပင်။

သူသည် ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေ၏။ ပိုးကောင်များကို သူ စားလိုက်စဉ် ကျောက်တုံးကြီးက ပြောင်းလဲသွားဟန်တူသည်။ ကျောက်တုံးကြီးထဲမှ ပူဖောင်းများ ထွက်ပေါ်လာသည်။ ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် အဘိုးအို၏ရှေ့ရှိ မြေကွက်လပ်တွင် ရပ်နေပြီး သူတို့ကို ပူဖောင်းများက ဝန်းရံထားသည်။

တချိန်တည်းမှာပင် အရိပ်လေးမှ ဖြစ်ပေါ်လာသော ပုံရိပ်ထဲတွင် ဘေးပတ်ဝန်းကျင်၌ လူရိပ်ခုနစ်ရိပ်၊ ရှစ်ရိပ် ရှိသည်။ သူတို့အားလုံး ပူဖောင်းများအပြင်ဘက်တွင် ရှိနေကြပြီး စိုးရိမ်ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။

ရွှီချင်း၏မျက်လုံးများ ပြူးကျယ်သွားသည်။ သူ ပို၍ အနီးကပ်ကြည့်နေပြီးနောက် ခေါင်းမော့၍ အမှောင်ထုထဲရှိ ကြောက်မက်ဖွယ်ဖိအားများ ထုတ်လွှတ်နေသော လူရိပ်ကို အဓိပ္ပာယ်ရှိစွာဖြင့် ကြည့်လိုက်သည်။ ထိုလူရိပ်ထံမှ မြင့်မြတ်သောတန်ခိုးရှင်တစ်ပါး၏အသံအလား တည်ငြိမ်အေးချမ်းစွာ လွင့်ပျံလာသည်။

“ ကောင်းတယ်။ သိပ်ကြောက်မနေပါနဲ့။ မဟာမိတ်က ရွှမ်ယုံဂိုဏ်းကို ထောက်ပြီး မင်းတို့ကို အခက်တွေ့အောင် ငါ မလုပ်ဘူး။ နောက်လှည့်ပြီး ရှေ့ဆက်သွားတော့။ ခြေလှမ်းတစ်ရာပြည့်ရင် မင်းတို့ အပြင်ဘက်ရောက်သွားမယ်။ သတိထားရမှာက နောက်လှည့်မကြည့်ဖို့ပဲ။ ငါ တောင့်မခံနိုင်တော့ဘဲ မင်းတို့နှစ်ယောက်ကို စားမိသွားနိုင်တယ်နော် ”

တင်ပျဉ်ခွေထိုင်နေသော လူရိပ်၏ အသံ မှိန်ဖျော့လာပြီး သွေးပျက်ချောက်ချားစရာ ကောင်းလောက်အောင် ခံစားရစေသည်။ အထူးသဖြင့် နောက်ဆုံးစကားများပင်။ ထိုစကားများကို ပြောသည့်အခါ ဝါးစားချင်နေသည့််လေသံပေါက်နေပေရာ ဆံပင်များကို ထောင်ထသွားစေသည်။

“ မြန်မြန်ထွက်သွားတော့ ”

ခန်းမဆောင်ထဲရှိ မှိန်ပျပျအလင်းက ချက်ချင်း လှုပ်ယမ်းသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ချောက်ချားဖွယ်ရာအတိ ဖြစ်နေတော့သည်။ ခေါင်းဆောင်သည် မျက်တောင်များကို မြန်ဆန်သည်ထက် မြန်ဆန်စွာ ခတ်လိုက်ပြီး မှောင်ရိပ်ထဲတွင် ပုန်းခိုနေသော လူရိပ်ကို စူးစိုက်ကြည့်လိုက်သည်။ တဖြည်းဖြည်းနှင့် သူ၏မျက်လုံးများ အေးစက်စက်ဝင်းလက်သွားသည်။

“ မင်းတို့ကောင်တွေ ထွက်မသွားကြသေးဘူးလားကွ ”

အမှောင်ထုထဲရှိ လူရိပ်၏လေသံ ပြောင်းလဲသွားသည်။

“ ချီးပဲ။ ခင်ဗျားဟန်ဆောင်တာ သိပ်တော်တာပဲ။ ကျုပ်တောင် လှည့်စားခံလိုက်ရတော့မလို့ ”

ခေါင်းဆောင်က ရုတ်တရက် ပြောလိုက်သည်။ သူ ရှေ့သို့ လှစ်ခနဲ ပြေးထွက်သွားပြီး အမှောင်ထုထဲ ဝင်ရောက်သွားသည်။ အမှောင်ထုထဲရှိ လူရိပ်မှာ အလန့်တကြား အော်ဟစ်လိုက်စဉ် ခေါင်းဆောင်က အနီးကပ်သွားပြီး ထိုလူရိပ်ကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်းသည်လည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။ မိစ္ဆာမီးတောက်များ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။ တခဏလေးအတွင်း ပတ်ဝန်းကျင်တစ်ခုလုံး တဝုန်းဝုန်း မြည်ဟည်းကာ ခန်းမဆောင်ကြီး ပျောက်ကွယ်သွားပြီး အုတ်ဂူလည်း ပျောက်သွားသည်။

သူတို့သည် ထိုက်စီကြမ္မာဆိုးတောင်ထဲရှိ တောအုပ်ထဲမှာပင် ရှိနေသေးသည်။ အုတ်ဂူလွင့်ပျောက်သွားသည်နှင့် ဂိုဏ်းလေးတစ်ဂိုဏ်း ပေါ်လာသည်။

ဂိုဏ်းထဲတွင် သစ်သားတဲလေးခုနစ်လုံး၊ ရှစ်လုံး ရှိသည်။ ဂိုဏ်းအပြင်ဘက်တွင် အပျက်အစီးများ ရှိနေသည်။ မကြာသေးခင်က ရွှီချင်းနှင့် ခေါင်းဆောင်တို့ မြင်ခဲ့ရသည်နှင့် လုံးလုံးလျားလျား ကွဲပြားသည်။

သူတို့နှစ်ယောက် ထင်ယောင်ထင်မှား ဖြစ်သွားသည်မှာ သိသာသည်။ မကွဲပြားသည့်တစ်ခုတည်းသောအရာမှာ ဂိုဏ်းအပြင်ဘက်ရှိ ကျောက်ပြားဖြစ်သည်။ ကျောက်ပြားပေါ်တွင် ‘ ရွှမ်ယုံဂိုဏ်း ’ ဆိုသည့်စကားများ အမှန်ပင် ရေးထွင်းထား၏။

ထိုအချိန်၌ ရွှီချင်းနှင့် ခေါင်းဆောင်တို့နှစ်ယောက်သည် ထိုဂိုဏ်းငယ်လေးအပြင်ဘက်တွင် ရပ်နေကြသည်။ သူတို့ရှေ့တွင် ကျောက်တုံးပမာ ပိုးကောင်များကို ဆုပ်ထားသည့် ရှုပ်ပွနေသော ဆံပင်များနှင့် အဘိုးအိုတစ်ယောက်ရှိသည်။ ထိုအဘိုးအိုသည် ကြောက်လန့်တုန်ရီနေသောမျက်နှာဖြင့် အလျင်အမြန် ဆုတ်ခွာသွားသည်။

ဘေးပတ်လည်တွင် ထိုဂိုဏ်းလေးမှ ဂိုဏ်းသားခုနစ်ယောက်၊ ရှစ်ယောက်ခန့် ရှိသည်။ ထိုဂိုဏ်းသားအားလုံး ဝါကျင့်ကျင့်ဖြစ်ပြီး ပိန်ချုံးနေသည်။ သူတို့သည်လည်း အလန့်တကြားဖြင့် လူစုကွဲသွားသည်။

ခေါင်းဆောင်၏ ရက်စက်ကြမ်းကြုတ်သောအကြည့်ကို နောက်ဆုတ်နေသောအဘိုးအို မြင်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

“ အစ်ကိုလေးတို့ခင်ဗျား၊ သက်ညှာပေးပါ။ ကျနော်မျိုးတို့အားလုံး လူသားတွေဖြစ်တာကို ထောက်ထားပြီး သက်ညှာပေးပါ ”

ခေါင်းဆောင်သည် အဘိုးအို၏ တောင်းပန်သံကို ဂရုမစိုက်ပေ။ သူ ချက်ချင်း ပြေးထွက်သွားပြီး အဘိုးအိုထံ ဝင်ရောက်သွားသည်။ ရွှီချင်းမှာမူ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ထိုဂိုဏ်းသားများ၏ ဝါကျင့်ကျင့်အသားအရေနှင့် ပိန်ချုံးနေသောရုပ်သွင်က အတုအယောင်မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ တစ်ဆက်တည်း ယင်းသည် ထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်ကြောင်း အရိပ်လေးထံမှလည်း သူ သိလိုက်ရသည်။

သူ အဓိက ကြည့်နေသည်မှာ မကြာသေးခင်က အဘိုးအို ထိုင်နေခဲ့သည့်နေရာရှိ ကျောက်တုံးကြီး ဖြစ်သည်။

ထိုကျောက်တုံးကြီးသည် အစိမ်းရောင်ဖြစ်ပြီး မည်သို့မျှ မထူးခြားဟန်တူသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး ကျောက်တုံးကြီးကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ ယင်းနောက် ခေါင်းဆောင်၏ မြေပြင်ပေါ် ပစ်ပေါက်ခြင်းခံလိုက်ရ၍ သွေးရူးသွေးတန်း ဖြစ်နေသော အဘိုးအိုကို သူ ကြည့်လိုက်သည်။

ထိုအဘိုးအို၏ကျင့်ကြံခြင်းအဆင့်သည် မမြင့်မားလှဘဲ သက်စောင့်မီးလုံးတစ်လုံးသာ ရှိဟန်တူသည်။

ခေါင်းဆောင်သည် အဘိုးအို၏ ဒန်တျန်ကို တက်နင်းကာ သွေးအေးသောအပြုံးဖြင့် ပြုံးလိုက်သည်။

“ အဘိုးကြီး၊ ကျုပ်ကို လှည့်စားဝံ့တယ်ပေါ့လေ။ ကျုပ်ကို ခင်ဗျားက စားချင်နေတာမလား။ ခင်ဗျားကို စားပစ်လိုက်ရ ”

“ သခင်လေး စိတ်ထိန်းပါခင်ဗျ။ ကျနော်တို့မှာ ရွေးစရာမရှိလို့ပါ။ ကျနော်တို့အားလုံး လူသားတွေဖြစ်တယ်ဆိုတဲ့အချက်ကို ထည့်တွက်ပေးပါ။ ဆရာ့မှာ အဲဒီလိုလုပ်ရုံကလွဲပြီး တခြားရွေးစရာမရှိပါဘူး ”

ဘေးပတ်လည်ရှိ ထိတ်လန့်နေသော ဂိုဏ်းသားများအားလုံး၌ ခါးသီးသောအမူအရာများ ရှိနေကြသည်။ သူတို့ထဲမှ တစ်ယောက်က ထပ်ခါထပ်ခါ ဒူးထောက်ကန်တော့နေသည်။

ရွှီချင်းသည် တည်ငြိမ်စွာဖြင့် သတိထားနေသည်။ သူ၏ရန်သူများကို သနားစိတ် သူ့မှာ မရှိပေ။ သူတို့မှာ ရက်စက်ကြမ်းကြုတ်သောစိတ် ရှိလား၊ မရှိလား သူ မပြောနိုင်ပါသော်လည်း သူ သနားစိတ်မဖြစ်မိပေ။

“ အစ်ကိုလေး၊ ကျနော်မျိုးတို့ကို ချမ်းသာပေးပါ။ ဒီအစီအစဉ် လုပ်လိုက်ရတာက အထက်ဂိုဏ်းတွေရဲ့ အင်အားကို ကြောက်လို့ပါ။ အစ်ကိုလေးတို့ကို အန္တရာယ်ဖြစ်စေဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အစ်ကိုလေးတို့ ကြောက်လန့်ပြီး အဝေးကို ထွက်ပြေးသွားစေချင်ခဲ့တာပါ ”

အဘိုးအိုက ခေါင်းဆောင်ကို ကြောက်လန့်တကြား ကြည့်ကာ တုန်ရီနေသောအသံဖြင့် ပြောလိုက်သည်။

“ စောစောက ထင်ယောင်ထင်မှားဖြစ်အောင် ခင်ဗျား ဘယ်လိုလုပ်လိုက်တာတုံး ”

ရွှီချင်းက ရုတ်တရက် မေးမြန်းလိုက်သည်။

“ အစ်ကိုလေး၊ ကျွန်တော်မျိုးတို့ဂိုဏ်းမှာ ထူးခြားတဲ့နည်းလမ်းတစ်မျိုး သုံးလိုက်ရင် ထင်ယောင်ထင်မှား ဖြစ်သွားစေတဲ့ ရတနာတစ်ပါး ရှိပါတယ်။ ဒါပေမဲ့ အဲဒီရတနာက ဒီနေရာမှာပဲ သုံးလို့ရပြီး အပြင်ကို ယူသွားလို့ မရပါဘူး။ အဲဒါကြောင့် ဂိုဏ်းကို ဒီနေရာ ရွှေ့လာခဲ့ရတာပါ ”

အဘိုးအိုသည် မည်သည့်အရာမျှ ကွယ်ဝှက်မထားဝံ့ဘဲ အလျင်အမြန် ဖြေလိုက်သည်။ သူ့စကားဆုံးပြီးနောက် သူက မနီးမဝေးရှိ ကျောက်တုံးကြီးကို ညွှန်ပြလိုက်သည်။

“ ကျနော်မျိုးတို့ဂိုဏ်းက အသက်ရှင်ရပ်တည်နိုင်ဖို့ပဲ ကြိုးစားနေတာပါ။ အသက်ရှင်နိုင်ဖို့ဆိုရင် မြစ်ရေကို မြောင်းဖောက်ယူရုံကလွဲပြီး ကျွန်တော်မျိုးတို့မှာ ရွေးချယ်စရာ မရှိပါဘူး။ အစ်ကိုလေးတို့ ကျေးဇူးပြုပြီး ဒေါသကို ထိန်းချုပ်ပေးပါ ”

ခေါင်းဆောင်သည် ကျောက်တုံးကြီးကို ကြည့်၍ သူ့မျက်လုံးများ ဝင်းလက်သွားသည်။ ရွှီချင်းသည် ကျောက်တုံးကြီးဆီ လျှောက်သွားပြီး စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် အဘိုးအိုကို လှည့်ကြည့်လိုက်သည်။

“ ဘာလို့ ခင်ဗျားတို့ဂိုဏ်းကို ရွှမ်ယုံဂိုဏ်းလို့ ခေါ်တာတုံး ”

အဘိုးအို ဆွံ့အသွားပြီး ဘေးပတ်လည်ရှိ ဂိုဏ်းသားများသည်လည်း ဇဝေဇဝါ ဖြစ်သွားကြသည်။

“ အစ်ကို … အစ်ကိုလေး၊ ကျနော်မျိုးတို့ဂိုဏ်းက ရွှမ်ယုံဂိုဏ်းလေ။ သြော် … သြော် ကျွန်တော်မျိုါ် နားလည်ပါပြီ။ အစ်ကိုလေးတို့က အခုမှ ဝမ်ကူးဒေသကြီးကို ရောက်လာခဲ့တာမလား။ မဟာမိတ်ထဲက ချီရွှဲ့ထုံဂိုဏ်းက ဖြစ်မယ် ”

အဘိုးအိုသည် မဟာမိတ်ထဲရှိ အပြောင်းအလဲအသစ်ကို ကောင်းစွာ သိထားသည်။ ထိုအချိန်၌ သူ မှင်သက်နေပါသော်လည်း ခေါင်းဆောင်က သူ့အပေါ်သို့ အတင်းအကြပ် တက်နင်းလိုက်သည်။

“ စကားကို ကောင်းကောင်းပြော ”

အဘိုးအိုမှာ ချက်ချင်း တုန်ရီသွားပြီး ပို၍ပင် လေးစားလာသည်။

“ ဒီလိုမျိုးပါ အစ်ကိုလေးတို့။ ဝမ်ကူးဒေသကြီးထဲမှာ ရွှမ်ယုံဂိုဏ်းတွေ ထောင်ချီပြီး ရှိပါတယ်။ ရှေးဘုရင်ရွှမ်ယုံနဲ့ တစ်နည်းနည်း ဆက်နွှယ်နေတဲ့ အင်အားစုတွေတိုင်းက ရွှမ်ယုံဂိုဏ်းဆိုပြီး သတ်မှတ်ကြပါတယ်။ အဲဒီရွှမ်ယုံဂိုဏ်းတွေက ရှေးဂိုဏ်းတွေလို့ လူတွေအားလုံး ပြောကြပါတယ် ”

ထိုအဖြေကြောင့် ရွှီချင်း အနည်းငယ် အံ့အားသင့်သွားရသည်။ ခေါင်းဆောင်မှာမူ သူအာရုံစိုက်နေသည်မှာ နာမည်မဟုတ်ဘဲ တခြားတစ်ခုသာ ဖြစ်သည်။

“ ရှေးဘုရင်ရွှမ်ယုံနဲ့ ခင်ဗျားတို့က ဘယ်လိုဆက်စပ်နေတာတုံး။ ကျင့်ကြံခြင်းအတတ်လား၊ ရတနာတွေလား၊ အမွေအနှစ်တွေလား ”

ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားပြီး တံတွေးကို သူ မျိုချလိုက်သည်။ သူသည် ထိုအဘိုးအိုကို မစားမိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေရဟန်တူသည်။

အဘိုးအိုမှာ ခေါင်းဆောင်၏ ဝင်းလက်တောက်ပသောအကြည့်ကြောင့် ကြောက်ဒူးတုန်သွားရသည်။ သူက ဘေးပတ်လည်ရှိ ဂိုဏ်းသားများကို အလျင်အမြန် အော်ဟစ်လိုက်သည်။

“ ဂိုဏ်းရဲ့ အထွတ်အထိပ်ရတနာကို မြန်မြန်ယူခဲ့ကြ ”

All Chapters