← Chapters

အခန်း(၇၆) အိပ်မက်ရန်ပုံငွေ

Vol. 6 Ch. 76

အခန်း(၇၆) အိပ်မက်ရန်ပုံငွေ

Vol. 6 Ch. 76

အခန်း(၇၆) အိပ်မက်ရန်ပုံငွေ

အတော်ဆုံး ဝန်ထမ်း ဟုတ်လား။ လျှို့ဝှက်ဆု ဟုတ်လား။ ဘော့စ်ဖေးက အရည်အချင်းပေါ် မူတည်ပြီး ဆုချတော့မှာလား။

အားလုံးချက်ချင်းပဲ ၎င်းတို့၏ မောက်စ်များကို နှိပ်ကာ သူတို့အတော်ဆုံးဟုထင်သည့် လူကို ရွေးချယ်ကြသည်။ မကြာမီ အားလုံးမဲပေးပြီးသွားပါပြီ။

ဖေးချမ့်က ရလဒ်များကိုကြည့်လိုက်သည်။ ဟွမ်းစစ်ပေါ်က ၁၄ မဲနဲ့ ပထမနေရာဖြစ်ပြီး ပေါင်ရှုက ၁၀မဲနဲ့ ဒုတိယနေရာဖြစ်သည်။ လင်းဝမ်က ၃ မဲ ရခဲ့၏။ ဘယ်သူက သူမကို မဲပေးခဲ့သလဲ ဖေးချမ့် မသိတော့ပါ။

ဖေးချမ့် လက်ထောက်ရှင်းကို ကြည့်လိုက်သည်။ ရှင်းဟိုက်လူက ချက်ချင်းပဲ ပြင်ဆင်ထားခဲ့တာ ကြာပြီဖြစ်သည့် စိတ်ကြိုက်ပြုလုပ်ထားသည့် ဆုဖလားကို ထုတ်ကာ ဖေးချမ့်အား ပေးလိုက်ပါသည်။ ဖေးချမ့်က ဟွမ်းစစ်ပေါ်ဆီ လျှောက်လာပြီး ဆုဖလားကို ချီးမြှင့်လိုက်ပါသည်။ "ဂုဏ်ယူပါတယ်"

ဟွမ်းစစ်ပေါ်က ထိတ်လန့်သွား၏။ သူခေတ္တကြက်သေသေသွားပြီး အမြန်မတ်တပ်ရပ်ကာ ဆုကို လက်ခံလိုက်ပါသည်။ ရုံးထဲက လူအားလုံး ချက်ချင်း လက်ခုပ်သြဘာများ နွေးထွေးစွာ ချီးမြှင့်လိုက်ကြသည်။ သူတို့ထဲက အများစုက ဟွမ်းစစ်ပေါ်မှာ အတော်ဆုံးဝန်ထမ်းဟု ထင်ကြပါသည်။

ဂိမ်းဖန်တီးမှုကို ထပ်ခါတလဲလဲ တွန်းအားပေးခဲ့တာဘယ်သူလဲ။ ဘာမှ အထွန့်မတက်ဘဲ အလုပ်ကို ကြိုးစားခဲ့တာဘယ်သူလဲ။ အမြဲတမ်း အချိန်ပိုလုပ်ခဲ့တာ ဘယ်သူလဲ။

သမုဒ္ဒရာရဲတိုက်၏ ကြီးမားသောအောင်မြင်မှုက ဂိမ်းဖန်တီးမှုအဖွဲ့ကို ကျေးဇူးတင်ရမည်ဖြစ်ပြီး ဟွမ်းစစ်ပေါ်က ဖန်တီးမှုအဖွဲ့၏ အစီအစဥ်ဆွဲသူချုပ်ဖြစ်သဖြင့် အများဆုံး အားထုတ်ခဲ့ရပါသည်။

အမှန်ပင်။ ပေါင်ရှု၏ ဖန်တီးနိုင်စွမ်းကလည်း အလွန်အရေးပါသည်ဟု တချို့လူများက ထင်ကြပါသည်။ ထို့ကြောင့် ပေါင်ရှုလည်း ၁၀ မဲတောင်ရခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဘော့စ်ဖေးကိုလည်း ဖန်တီးနိုင်စွမ်းအတွက် ချီးကျူးရမည်။ ဘာပဲဖြစ်ဖြစ် တောင်းဆိုချက်သုံးခုကို ထုတ်ပြန်ခဲ့တာ ဘော့စ်ဖေးပဲဖြစ်သည်။ ပေါင်ရှုက ထိုအချက်သုံးချက်အပေါ်မူတည်ပြီးမှ အကြံပေါ်လာခြင်းဖြစ်၏။ အဖြေမှန်မရခင် သူလမ်းညွှန်မှု တချို့နှင့် အရိပ်အမြွက်များကို ရခဲ့ပါသည်။

ထို့အပြင် ဟွမ်းစစ်ပေါ်က ဂိမ်း၏ ဖန်တီးမှုကို တာဝန်ယူရင်း အလုပ်ရှုပ်နေခဲ့သဖြင့် သူ့တည်ရှိမှုက အားအကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် မဲအများဆုံး ရရှိခဲ့ခြင်းဖြစ်ပါသည်။

ဟွမ်းစစ်ပေါ်က လက်နှစ်ဖက်ဖြင့် ဆုဖလားကို ကိုင်ထားပြီး စိတ်ခံစားချက် ပြင်းပြလွန်းနေသဖြင့် စကားပင် မပြောနိုင်တော့ပါ။ ဒီဆုဖလားက ထူးခြားပြီး စိတ်ကြိုက်ပြုလုပ်ထားမှန်း သိသာပါသည်။ သာမန် ယွမ် ဆယ်ကျော်တန် စျေးပေါပေါ ဆုဖလားများနဲ့ ခြားနား၏။ ထို့အပြင် တန်ဖိုးတစ်ခုတည်းပင် မဟုတ်ပေ။

ဆုဖလားတစ်ခုက ဂုဏ်ပမာဏတစ်ခုကိုလည်း ယူဆောင်လာပေးသည်။

ဆုဖလားတွင် 'ထန်းတာ့နက်ခ်ဝါ့ဒ် နည်းပညာကုမ္ပဏီလိမိတက်၏ အထူးချွန်ဆုံးဝန်ထမ်း' ဟူသည့် စာလုံးများ ရေးထွင်းထားပါသည်။ ဒါက သူ့အလုပ်ကြိုးစားမှုအတွက် အကြီးမားဆုံး ချီးကျူးဂုဏ်ပြုမှု ဖြစ်ပါသည်။ ပိုက်ဆံဖြင့် ပေးဝယ်နိုင်သောအရာမျိုး မဟုတ်ပါ။

အားလုံး လက်ခုပ်တီးနေကြစဥ် ဟွမ်းစစ်ပေါ်က တစ်ခုခု ပြောသင့်သည်ဟု ခံစားမိပါသည်။

သူ့လည်ချောင်းကို ရှင်းလိုက်ပြီး ပြောလိုက်၏။ "ဘော့စ်ဖေးရဲ့ ယုံကြည်မှုနဲ့ ပျိုးထောင်ပေးမှုတို့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးရဲ့ ထောက်ပံ့ပေးမှုနဲ့ ကူညီပေးမှုတို့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ သမုဒ္ဒရာရဲတိုက်ရဲ့ အောင်မြင်မှုက ဘော့စ်ဖေး ကျွန်တော်တို့ကို မှန်ကန်တဲ့ လမ်းကြောင်းကို ပြသပေးခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ ညီအစ်ကိုပေါင်နဲ့ ကျွန်တော်တို့က အဲ့ဒီလမ်းကြောင်းမှာပဲ ဆက်ပြီး လျှောက်ခဲ့ကြရုံပါ။"

"ဒုတိယအနေနဲ့ ညီအစ်ကိုပေါင်နဲ့ သူ့ရဲ့ ရဲတင်းတဲ့ အမြင်နဲ့ စိတ်အားထက်သန်မှုတွေအတွက်လည်း ဂုဏ်ပြုသင့်ပါတယ်။ သူသာ ဒီလို ထူးချွန်တဲ့  ဇာတ်ကြောင်းမုဒ်နဲ့ ဒီလို ဆန်းသစ်တဲ့ PvP mode တွေကို ဂိမ်းထဲထည့်ဖို့သာ စိတ်ကူးမရခဲ့ရင် လက်ရှိအောင်မြင်မှုမျိုးကို ရရှိနိုင်ဖို့က ခက်ခဲပါလိမ့်မယ်။"

"ပြီးတော့ အားလုံးရဲ့ကြိုးစားမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်။ ဒီတစ်ချိန်လုံး ဒီဇိုင်းအဖွဲ့က ကျွန်တော်နဲ့အတူ အချိန်ပိုလုပ်ခဲ့ကြပြီး အစီအစဥ်အတိုင်း တစ်ဆင့်ခြင်း ဆောင်ရွက်ခဲ့ကြတယ်။ ကျန်တဲ့သူတွေအားလုံးကလည်း အကောင်းဆုံးကြိုးစားပြီးတော့ ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။ ဒီကြီးမားတဲ့အောင်မြင်မှုက အားလုံးရဲ့ ပူးပေါင်းအားထုတ်မှုကြောင့်ပါပဲ။"

"ဒီဆုဖလားကို အားလုံး ပိုင်ဆိုင်တယ်လို့ ထင်ပါတယ်။"

ဟွမ်းစစ်ပေါ် ပြောပြီးသွာသောအခါ နောက်တစ်ခေါက် နွေးထွေးသော လက်ခုပ်သြဘာ အသံများထွက်လာကြပြန်သသည်။ လင်းဝမ်၏ မျက်လုံးထဲတွင် မျက်ရည်များပင် ပြည့်နေကာ ကြည်နူးနေပါသည်။

စေတနာကောင်းတဲ့ ကုမ္ပဏီဆိုတာ ဒီလိုပဲဖြစ်သင့်တာမဟုတ်လား။

ဟုတ်တယ်၊ ငါရွေးတာမမှားဘူး။ ထန်းတာ့ကို လာခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။

လက်ခုပ်သြဘာသံများ တဖြည်ဖြည်း တိတ်ဆိတ်သွားခဲ့ပါသည်။

ဖေးချမ့်က ဆက်ပြော၏။ "အခု အတော်ဆုံးဝန်ထမ်းအတွက် အထူးဆုကို ချီးမြှင့်ပေးပါ့မယ်။ ဟွမ်းစစ်ပေါ် ဒီနေ့ကစပြီး မင်းက ဒီဇိုင်းအဖွဲ့ကလူ မဟုတ်တော့ဘူး။ အစီအစဥ်ဆွဲသူချုပ်ရာထူးကို လုမင်းလျန်ကို ခန့်အပ်လိုက်ပြီ။"

ရှောင်လု မျက်လုံးပြူးသွားသည်။ ဟွမ်းစစ်ပေါ်က မှင်သက်သွား၏။ ဒါ ဘာသဘောလဲ။

ငါ အခုလေးတင် အတော်ဆုံးဝန်ထမ်းဆုကို ရလိုက်တာ မဟုတ်ဘူးလား။

ဘာတွေဖြစ်နေတာလဲ။ ငါ အခု အလုပ်ဖြုတ်ခံလိုက်ရတာလား။

အားလုံးလည်း ထိုနည်းလည်းကောင်း ကြက်သေ သေသွားကြပါသည်။ ဘော့စ်ဖေး၏ ရည်ရွယ်ချက်က ဘာလဲသူတို့မသိကြသေးပါ။ ဟွမ်းစစ်ပေါ်က အစီအစဥ်ဆွဲသူချုပ်တစ်ယောက်အဖြစ် အလွန်ထူးချွန်စွာ ဆောင်ရွက်ခဲ့ပြီး ရလဒ်များကလည်း သက်သေပြနေသည်။ အားလုံးက ဒါကို ရှင်းရှင်းလင်းလင်း သိထားပါသည်။

ဒါတောင် ဒီလိုမျိုး အလုပ်ဖြုတ်ခံလိုက်ရတာလား။

သူက အစီအစဥ်ဆွဲသူချုပ်မဟုတ်တော့ရုံတင်မကဘဲ ဒီဇိုင်းအဖွဲ့က ချက်ချင်း ထွက်သွားရတော့မှာလား။

ဖေးချမ့်က ပြုံးကာ ဆက်ပြောပါသည်။ "အတော်ဆုံး ဝန်ထမ်းဖြစ်လို့ မင်းကို အိပ်မက်ရန်ပုံငွေ ယွမ် ၁သန်း ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီငွေတွေကို မင်းရဲ့ အိပ်မက်တွေကို ဖြည့်ဆည်းဖို့ သုံးလို့ရတယ်။”

"မင်းက ထန်းတာ့ရဲ့ ဝန်ထမ်းအဖြစ် ဆက်ရှိနေဦးမှာပါ။ ဒါပေမယ့် ဂိမ်းဖန်တီးမှုအပိုင်းမှာ မဟုတ်တော့ဘူး။ မင်းစိတ်ဝင်စားတဲ့လောကကို ရွေးချယ်ပြီး ယွမ် ၁ သန်း ရင်းနှီးမြှုပ်နှံလို့ရတယ်။ မင်းအောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကုမ္ပဏီက ကုန်ကျစရိတ်ကို ကျခံသွားမှာပါ။"

အလွန်ကြောက်ရွံ့နေခဲ့သည့် ဟွမ်းစစ်ပေါ်တစ်ယောက် ခြေဖျားလက်ဖျားများ အေးစက်သွားကာ စိတ်ထဲမှ ၁၈၀ ဒီဂရီ ကျွမ်းထိုးလိုက်ပါသည်။

ကောင်းလိုက်တာ။ ဘော့စ်ဖေးက ငါ့ကို အလုပ်မဖြုတ်ဘူးပဲ။

အဲ့ဒီအပြင် ငါ့အိပ်မက်တွေကို ဖြည့်ဆည်းဖို့ အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းတောင် ချီးမြှင့်လိုက်သေးတယ်။

ဟွမ်းစစ်ပေါ် အိပ်မက်မက်နေသလို ခံစားရပါသည်။ ဒါတွေ တကယ်ဖြစ်နေတာဆိုတာကို မယုံကြည်နိုင်ခဲ့ပါ။ အားလုံးကလည်း မျက်လုံးများပြူးကျယ်စွာဖြင့် ကြည့်နေကြပြီး သူတို့မျက်လုံးများထဲတွင် မနာလိုမှုများဖြင့် ပြည့်နှက်သွားကြသည်။ ဒါ အတော်ဆုံးဝန်ထမ်းရတဲ့ အကျိုးခံစားခွင့်လား။

ဒါ... နည်းနည်း အဓိပ္ပာယ်မရှိလွန်းဘူးလား။

ကိုယ်ပိုင်လွတ်လပ်ခွင့် မြင့်မြင့်နဲ့ ရင်းနှီးမြှုပ်နှံငွေ ယွမ် ၁ သန်း...

အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ကုမ္ပဏီက အကုန်အကျခံသွားမယ်...

မနာလိုလိုက်တာ။ တော်တော် မနာလိုလိုက်တာ။

ဟွမ်းစစ်ပေါ်၏ လက်များ တုန်ယင်နေပါသည်။ ဆုဖလားကိုပင် သေချာ မကိုင်ထားနိုင်တော့ပါ။ "ဘော့စ်ဖေး။ ကျွန်တော်က ဒီတာဝန်ကို ယူနိုင်လောက်တဲ့အထိ မတော်ဘူးထင်ပါတယ်..."

ဖေးချမ့်က ခေါင်းခါကာ ဟွမ်းစစ်ပေါ်ကို ဆက်မပြောဖို့ ပြောလိုက်ပါသည်။ "အတော်ဆုံးဝန်ထမ်းတစ်ယောက်အနေနဲ့ မင်းရဲ့ အစွမ်းအစတွေကို မင်းသက်သေပြပြီးသားလေ။ ငါမင်းကို ယုံကြည်တယ်ဆိုတော့ မင်းလည်း မင်းကိုယ်မင်း ယုံကြည်လိုက်စမ်းပါ။"

ဖေးချမ့်က စိတ်ပါလက်ပါ ပြောလိုက်ခြင်း ဖြစ်သည်။

ဟွမ်းစစ်ပေါ်၏ မျက်လုံးများတွင် မျက်ရည်များရှိနေပြီး နှုတ်ခမ်းများကလည်း တုန်ယင်နေ၏။ သူခံစားနေရသည့် ခံစားချက်များကို စကားလုံးများဖြင့် ဖော်မပြနိုင်တော့သဖြင့် သူလေးလေးနက်နက် ဦးညွှတ်ကာ ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး ကျွန်တော် သေချာပေါက် အကောင်းဆုံး ကြိုးစားပါ့မယ်။"

ဖေးချမ့်က စိတ်အေးသွားပြီး တိုးတိုးတိတ်တိတ် ဝမ်းသာသွားပါသည်။

အောင်ပြီကွ။

ပထမနေရာကို ရှင်းပစ်လိုက်နိုင်ပြီ။

ဒါက ဖေးချမ့်တစ်ယောက် ဦးနှောက်အလွန်စားခဲ့ရပြီးနောက် ထွက်လာသော အစီအစ ဥ်ဖြစ်ပါသည်။

သမုဒ္ဒရာရဲတိုက်၏ အောင်မြင်မှုက ဒီဝန်ထမ်းတစ်သုတ်မှာ ငတုံးများ မဟုတ်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် ဟွမ်းစစ်ပေါ်တို့လို လူတွေက ဂိမ်းလောကထဲတွင် ပုန်းကွယ်နေသော ပါရမီရှိပုံရသည်။ သူဘာကြောင့် ဒီလောက်ထိ ကံဆိုးပြီး သူတို့လို ပုန်းကွယ်နေသည့် ပါရမီရှင်များနှင့် အမြဲတမ်းဆုံနေရသလဲ ညည်းတွားဖို့ ဖေးချမ့်တွင် အချိန်မရှိပေ။ သူ့ပထမ ဦးစားပေးက ဒီပြဿနာကို ဖြေရှင်းဖို့သာ ဖြစ်သည်။

မဟုတ်ပါက ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့သာ ဦးစီးဦးဆောင်ပြီး နောက်ထပ် ငွေဝင်သည့် ဂိမ်းတစ်ခု ဖန်တီးလိုက်ပါက သူပြဿနာမတက်နိုင်ဘူးလား။

ထို့ကြောင့် ဖေးချမ့်က သူ့ရဲ့ 'ပထမနေရာထုတ်ပယ်ခြင်းစနစ်' ကို အသုံးချလိုက်ရပါသည်။

သို့သော်လည်း ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို အလုပ်လည်း ထုတ်လို့မရသလို ရာထူးလည်း လျှော့လိုက်လို့ မဖြစ်ပါ။ ယုတ္တိရှိရှိပြောရလျှင် သံသယဖြစ်လာနိုင်ချေရှိပြီး စနစ်ကလည်း ခွင့်ပြုမှာ မဟုတ်ပေ။

ထို့ကြောင့် ဖေးချမ့်က ဒီလို ပြီးပြည့်စုံသည့် နည်းလမ်းကို စဥ်းစားမိသွားခြင်း ဖြစ်သည်။

ဟွမ်းစစ်ပေါ်ကို တစ်နေရာရာမှာ အလုပ်ခန့်လိုက်လို့ ရတာပဲမဟုတ်လား။ ဟွမ်းစစ်ပေါ်က ဂိမ်းဖန်တီးမှုမှာ တကယ်ပဲ အနည်းငယ် ပါရမီပါသည်။ ဒီလိုဆိုတော့လည်း ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို ဂိမ်းဖန်တီးဖို့ ဆက်လုပ်ခိုင်းတော့မှာ မဟုတ်ပေ။

ဖေးချမ့်က ဟွမ်းစစ်ပေါ်ကို ယွမ် ၁ သန်းပေးပြီး တခြားလောက တစ်ခုခုတွင် ကြိုက်တာ လုပ်ခိုင်းလိုက်သည်။ ဖြစ်နိုင်ချေများတာကတော့ သူကျရှုံးပါလိမ့်မည်။ ထိုအချိန်ကျလျှင် ဟွမ်းစစ်ပေါ် မရှိပါက ဂိမ်းက အရှုံးစပေါ်နိုင်ပြီး ဟွမ်းစစ်ပေါ်ကလည်း မစီမံနိုင်မှုကြောင့် နောက်ထပ် ယွမ် ၁သန်းကို ဆုံးရှုံးသွားနိုင်သည်။

ဒါနှစ်ဦးနှစ်ဖက် အဆင်ပြေတာပဲမဟုတ်လား။

ဟားဟား... ငါက တကယ့်ဉာဏ်ကြီးရှင်ပဲ။ ဒီလောက်ပြီးပြည့်စုံတဲ့ အစီအစဥ်ကို စဥ်းစားမိတယ်။

ဖေးချမ့်က သူ့ကိုသူ အလွန်ကျေနပ်နေပါသည်။ သို့သော်လည်း စဥ်းစားကြည့်မှ...

ပေါင်ရှုကလည်း သူ့အတွက် နောက်ထပ် ဆူးတစ်ချောင်း ဖြစ်သည်။

သမုဒ္ဒရာရဲတိုက်၏ အောင်မြင်မှုက ပေါင်ရှု၏ ဖန်တီးနိုင်စွမ်းကြောင့်လည်း ပါဝင်သည်။ ပေါင်ရှု၏ ကြွယ်ဝသည့် ဂိမ်းအတွေ့အကြုံများက သူ့ကို အမြင်ရှိစေခဲ့တာဖြစ်နိုင်သည်။

ဖေးချမ့်က ပေါင်ရှုကို ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒီတစ်ခေါက် ပေါင်ရှုက ဒုတိယ မဲအများဆုံး နေရာကို ရခဲ့တယ်။။ သူလည်း ကုမ္ပဏီအတွက် အများကြီး လုပ်ပေးခဲ့ပါတယ်။”

"ဒုတိယနေရာက နှမြောစရာကောင်းပေမယ့် ကုမ္ပဏီက မင်းရဲ့ အားထုတ်မှုတွေကို မမေ့ပါဘူး။"

"ဒုတိယ အတော်ဆုံး ဝန်ထမ်းအနေနဲ့ မင်းကို တစ်လတိတိ လစာခံစားခွင့်နဲ့ နားခွင့်ပေးမယ်။ မနက်ဖြန်ကစပြီး မင်းအလုပ်လာစရာမလိုဘူး။ မင်းခရီးတွေသွားပြီး အပန်းဖြေရင်း ကမ္ဘာကြီးကို လေ့လာကြည့်ပေါ့။ အဲ့တာ နောက်ပိုင်း မင်းရဲ့အလုပ်အတွက်လည်း အကျိုးရှိစေမှာပါ။"

All Chapters