အခန်း(၈၃) ကွန်ပျူတာ အလုံး ၅၀ အရင် ဆင်မယ်
Vol. 6 Ch. 83
အခန်း(၈၃) ကွန်ပျူတာ အလုံး ၅၀ အရင် ဆင်မယ်
"လာပါ ထိုင်ပါဦး"
ဖေးချမ့်က အလွန်ယဥ်ကျေးပါသည်။ ကျန်းယွမ်ကို သူ့ဘေးက ဆိုဖာမှာ ထိုင်ဖို့ ဖိတ်လိုက်ပါသည်။ လက်ထောက်ရှင်းက လက်ဖက်ရည် တည်ခင်းပေးပြီးနောက် ဧည့်သည်အခန်းထဲမှ ထွက်သွားလေသည်။ မာယန်လည်း ထွက်သွားပါသည်။ ဖေးချမ့်နဲ့ ကျန်းယွမ်တို့ နှစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။
ကျန်းယွမ်က မျက်လုံးထောင့်မှ သူ့ပတ်ဝန်းကျင်ကို စစ်ကြည့်နေပါသည်။
အခန်းထဲက အရာအားလုံးကို အဖိုးတန်အရာများဖြင့် စီခြယ်ထားသလိုပင်။ ဘော့စ်၏ ဝတ်စုံနဲ့ ကုမ္ပဏီ၏ အတွင်းဘက်ဒီဇိုင်းကို ကြည့်ခြင်းအားဖြင့် ကျန်းယွမ်က သူမြင်သမျှ ပစ္စည်းတိုင်းမှာ စျေးနှုန်းကတ် သတ်မှတ်လို့မရတော့ကြောင်း နားလည်လိုက်ရပါသည်။ အားလုံးက အလွန်စျေးကြီးလိမ့်မည်ဟု ခံစားနေရပါသည်။
ဖေးချမ့်က ဖော်ရွေစွာ ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "အရမ်းနေရမခက်ပါနဲ့။ ကိုယ့်အိမ်ကိုယ့်ရာလိုပဲ သဘောထားပါ။ ကျေးဇူးပြုပြီး အရမ်းအားမနာပါနဲ့။ လက်ဖက်ရည် သောက်ပါဦး။"
ကျန်းယွမ်က စိတ်မလှုပ်ရှားသည့်ပုံပေါ်အောင် အကောင်းဆုံးကြိုးစားပါသည်။ သို့သော်လည်း သူ့၏ ပုံမကျပန်းမကျထိုင်နေပုံက သူ့ကိုသစ္စာဖောက်သွားသည်။ ဖေးချမ့်က စကားဘယ်လိုစရမလဲ စဥ်းစားနေ၏။
အရှေ့မြောက် တရုတ်စကားသံနဲ့ မျက်နှာလေးထောင့် အားအင်တက်ကြွပြီး သူ့ရှေ့မှာ ထိုင်နေသည့်လူက ဒစ်ဂျစ်တယ်ထုတ်ကုန်အားလုံးနဲ့ ကွန်ပျူတာဟာ့ဒ်ဝဲအပိုင်းမှာ ကျွမ်းကျင်သည်ဟု မာယန်ထံမှ ကြားပြီးသား ဖြစ်ပါသည်။
ဒါကလွဲပြီး ဒီလူ့အကြောင်း သူဘာမှမသိပါ။
ဖေးချမ့်က ဒီလူ့မှာ ကွန်ပျူတာ တပ်ဆင်သည့် အသိပညာကလွဲပြီး တခြား ပါရမီရှိသေးသလားဆိုတာ နားလည်မှ ဖြစ်မည်။ ဥပမာအားဖြင့် သူက မားကတ်တင်းဆင်းတဲ့နေရာမှာ ကျွမ်းကျင်ပြီး စီးပွားရေးလုပ်တတ်သူလား။ ဒါဆို ဖေးချမ့် သူ့ကို လုံးဝ လက်ခံမှာ မဟုတ်ပါ။
ဧကန္တ သူ ကွန်ပျူတာ တပ်ဆင်ရာမှ စတင်သင့်သည်ဟု ထင်ပါသည်။
ဖေးချမ့် ခဏလောက်စဥ်းစားပြီးမှ မေးလိုက်ပါသည်။ "လက်ရှိ စျေးကွက်ထဲမှာ ရှိနေတဲ့ဂိမ်းကြီးတွေကို ကွန်ပျူတာတစ်လုံးက ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ဆိုရင် မင်းရဲ့ စံတပ်ဆင်မှုတွေက ဘယ်လိုလဲ။ ဘယ်လောက်ဆို သင့်တော်တဲ့ စျေးနှုန်းလို့ထင်လဲ။"
ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး ထပ်မေးလိုက်ပါသည််။ "အဓိက ရည်ရွယ်ချက်ကတော့ ဂိမ်းကို ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ပဲ။ အပြင်ဘက် ဒီဇိုင်း တွေလည်း ထည့်ပေါင်းလို့ရတယ်။ ဒါပေမယ့် အလွန်အကြူးတော့ လှပနေစရာမလိုဘူး။”
DIY စနစ်များ ယွမ် ၆၀,၀၀၀ - ၇၀,၀၀၀ လောက် ကုန်ကျတာ ပုံမှန်ပဲ ဖြစ်ပါသည်။ သို့သော်လည်း စနစ်၏ ရှုပ်ထွေးမှုကို ထည့်တွက်ပြီး ထိုကွန်ပျူတာအမျိုးအစာများက သာမန် ဂိမ်းကွန်ပျူတာများ၏ လိုအပ်ချက်ကိုကျော်လွန်ကာ အင်တာနက်ကဖေးများတွင် အသုံးပြုပါက စည်းမျဥ်းကို ချိုးဖောက်ရာကျပါလိမ့်မည်။
ဖေးချမ့် သူ့ဝန်ထမ်းများကို ပေးအပ်ထားသည့် အလုပ်နေရာမှာ အဆင့်မြင့် စားပွဲများ၊ အဆင့်မြင့် ဂိမ်းထိုင်ခုံများ၊ အဆင့်မြင့် ကွန်ပျူတာ စနစ်ယူနစ်များ၊ Refresh Rate မြင့်မားသည့် မော်ဒီတာနှစ်လုံး၊ ကီးဘုတ် အကောင်းစားများပါဝင်သည်။ ဒီတစ်စုံလုံးကို စုစုပေါင်း ယွမ် ၂၀,၀၀၀ လောက်ကုန်ပါသည်။
စနစ်က လိုအပ်တာထက် ပိုသည့်ပမာဏများကို လက်ခံမှာမဟုတ်ပေ။
တကယ်တော့ ဖေးချမ့်က ရုံးသုံးကွန်ပျူတာများ၏ စံနှုန်းကို အင်တာနက်ကဖေးများတွင် အသုံးချနိုင်ပါသည်။
သို့သော်လည်း လက်ထောက်ရှင်း ဝယ်ထားသည့် ရုံးသုံးကွန်ပျူတာများက ရုံးတွင်အသုံးပြုဖို့ ဒီဇိုင်းဆွဲထားသည့် အဆင့်မြင့် လုပ်ငန်းမော်ဒယ်များဖြစ်ကြသည်။ အပြင်ပိုင်းက အတော်လေး ရိုးပြီး အင်တာနက်ကဖေးများမှာ အသုံးချဖို့ မသင့်တော်လှပါ။ ထို့အပြင် အသုံးပြုသူများ၏ လိုအပ်ချက်များနဲ့ မကိုက်ညီနိုင်ပါ။
ထို့ကြောင့် ဖေးချမ့်က ကျန်းယွမ်၏ အမြင်ကို ကြားချင်ခြင်း ဖြစ်ပါသည်။
ကျန်းယွမ်က သူကွန်ပျူတာ တစ်လုံးဆင်ချင်နေတာ ဆိုတာကို နားလည်သွားပါသည်။ ကြည့်ရတာ ခါပါဖိုရမ်၏ ဖိုရမ်မန်နေဂျာဆိုသည့် ရာထူးမှာ တကယ်ပဲ အကျိုးကျေးဇူးရှိသည့်ပုံပင်။ ကျန်းယွမ်က ခေတ္တ တွက်ချက်ကြည့်လိုက်ပါသည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ သူ့ရှေ့က ဘော့စ်ဖေးက ငွေရေးကြေးရေး ခေသူ မဟုတ်မှန်း သိနိုင်ပါသည်။
သူ့အလုပ်စားပွဲပေါ်မှာ တင်ထားသည့် လက်ပ်တော့က အဆင့်မြင့် ဂိမ်းကွန်ပျူတာ Alienware ဖြစ်ပုံရသည်။ ၎င်း၏ စျေးကွက် စျေးနှုန်းက ၁၀,၀၀၀ ယွမ်ကျော် ရှိလောက်သည်။
ဒါဆို...
ဂိမ်းကွန်ပျူတစ်လုံးလောက်နဲ့တော့ ဘော့စ်ဖေး၏ လိုအပ်ချက်ကို ပြည့်မှီနိုင်မှာ မဟုတ်ပေ။ သူက စျေးကြီးသည့် ကွန်ပျူတာတစ်လုံးကို အဆင့်မြင့် ပြုပြင်ပြောင်းလဲမှုများဖြင့် တပ်ဆင်ဖို့ စီစဥ်လိုက်ပါသည်။
သို့သော်လည်း သူက ကွန်ပျူတာ ဆင်ခြင်းအကြောင်း နားမလည်ဘဲ လျှပ်စစ်ပစ္စည်းရှော့ပင်းမောလ်က လူတွေလိမ်တာခံရမှာကိုလည်း စိုးရိမ်နေသည်။
ထို့ကြောင့် သူ့ကို ခါပါဖိုရမ်မှာတွေ့ပြီး သူ့ကွန်ပျူတာ ဆင်ပေးဖို့အတွက် ယွမ် ၃,၀၀၀ ပေးခဲ့တာ ဖြစ်နိုင်ပါသည်။
ဟုတ်တယ်။ အဲ့လိုပဲဖြစ်မှာပါ။
သူ့ပထမဦးစားပေးက သူ့ရဲ့ ဂိမ်းလိုအပ်ချက်တွေကို ပြည့်ဝစေဖို့ ဖြစ်ပါသည်။ လုပ်ဆောင်ချက်ထက် အလှအပကို မပိုစေလိုပါ။
ကျန်းယွှမ်က ထိုအချက်အလက်ကို အမြန် မှတ်ထားလိုက်ပါသည်။
စိတ်ကူးယဥ် တပ်ဆင်ခြင်း စာရင်း။ သူ့အတွက်တော့ မခက်ခဲပါ။ သူက ချက်ချင်း စာရင်းချရေးနိုင်ပြီ အစိတ်အပိုင်းများ၏ စျေးအတိအကျကိုလည်း သိထားပါသည်။ သို့သော်လည်း ကျန်းယွမ် တခြားစဥ်းစားစရာများ ရှိပါသေးသည်။
သူ့ရှေ့က ဘော့စ်ကြီးကို ကျေနပ်အောင် လုပ်ပေးဖို့ လိုမလား မသိပါ။ ကျန်းယွမ်က တခြားသူမျာားကို လိမ်ညာဖို့ တစ်ခါမှ မစဥ်းစားဖူးပေ။ သူ တပ်ဆင်မှုစာရင်းကို ပြင်ဆင်ပြီးတာနဲ့ ဒီဘော့စ်ကြီးက တစ်ယောက်ယောက်ကို စစ်ကြည့်ခိုင်းလိမ့်မည်။ ဘော့စ်ကြီးကို လိမ်ညာလိုက်ပါက အဆင်ပြေမှာ မဟုတ်ပါ။
ထို့ကြောင့် ကွန်ပျူတာတစ်လုံးကို မှင်သက်စရာ ပြုပြင်ပြောင်းလဲမှုများနဲ့ တပ်ဆင်ပြီး တစ်ချိန်တည်းမှာပဲ စျေးနှုန်းကိုလည်း သင့်တော်အောင် လုပ်ပေးရပါမည်။ ဘော့စ်ကြီးကို ယွမ် ၃,၀၀၀ အလကားဖြစ်သွားသည်ဟု ခံစားသွားစေလို့မဖြစ်ပါ။
ကျန်းယွမ်က ကွန်ပျူတာလေး တစ်လုံးဆင်ဖို့အတွက်နဲ့ ဘော့စ်ကြီးထံမှ ထောက်ပံ့ငွေ ယွမ် ၃,၀၀၀ ယူထားတာကို အနည်းငယ် လိပ်ပြာမလုံသလို ဖြစ်နေသည်။
ဆိုရိုးစကားအတိုင်းပင်။ သူငယ်ချင်း မိတ်ဆွေများများ ရလာလေလေ၊ ဘဝမှာ အမြင်တွေ ပိုကျယ်လာလေလေ ဖြစ်သည်။
ဂရုတစိုက် စဥ်းစားပြီးနောက် ကျန်းယွမ်က ထောက်ပံ့ကြေး ယွမ် ၃,၀၀၀ ထဲမှ ယွမ် ၁,၀၀၀ လောက်ယူပြီး ကွန်ပျူတာ အစိတ်အပိုင်းများ တပ်ဆင်ဖို့ သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒီလိုသာဆို ဘော့စ်ကြီးနဲ့လည်း ရင်းနှီးပြီး သူ့အားစိုက်ထုတ်မှုအတွက်လည်း ယွမ် ၂,၀၀၀ ရနိုင်သည်။
နှစ်ဦးနှစ်ဖက် အကျိုးရှိခြင်းဖြစ်သဖြင့် ဘယ်လောက်တောင် ကောင်းလိုက်သလဲ။
အချိန်ယူစဥ်းစားပြီးနောက် ကျန်းယွမ်က သူ့အမြင်မျာကို စတင်မျှဝေပေးပါသည်။ CPU, Graphics card နဲ့ ဟာ့ဒ်ဝဲမျိုးစုံ၊ အောက်ခံပုံးနဲ့ အောက်ခံပုံးမှာ တပ်ဆင်မည့် ပစ္စည်းများကိုပါ ထည့်ပြောလိုက်ပါသည်။
ဥပမာအားဖြင့် မျက်လုံးတစ်လုံးပေါင်းထည့်လိုက်ခြင်းက ကွန်ပျူတာ၏ ဆွဲဆောင်မှုကို တိုးမြင့်သွားစေပြီး RGB အလင်းရောင်များကို တပ်ဆင်လိုက်ပါက ၎င်း၏ ချောမွေ့မှုကို အများကြီး တိုးမြင့်သွားစေပါမည်။ Graphics Card, ကီးဘုတ်၊ ဂိမ်းနားကြပ်များ၊ တခြား အစိတ်အပိုင်းများကတော့ သူ့အတွက် အေးအေးဆေးဆေးပဲ ဖြစ်သည်။
နောက်ဆုံးတော့ ကျန်းယွမ် စျေးနှုန်းတစ်ခုကို ပြောလိုက်ပါသည်။
"ဒီတစ်စုံလုံးကို ယွမ် ၁၅,၀၀၀ ဝန်းကျင်လောက်နဲ့ တပ်ဆင်လို့ ရနိုင်ပါတယ်။"
သူပြောလိုက်သည့် စျေးနှုန်းက ၁၅,၀၀၀ ယွမ် ဖြစ်သော်လည်း တကယ့် အစိတ်အပိုင်းများ ကုန်ကျစရိတ်က ၁၆,၀၀၀ ယွမ် ဖြစ်ပါသည်။ သူတိ့သာ လျှပ်စစ်ပစ္စည်း ရှော့ပင်းမောလ်လ်များမှ လူများကို သွားတပ်ဆင်ခိုင်းလိုက်ပါက စျေးနှုန်းများ ၂၀,၀၀၀ ယွမ်ဝန်းကျင် ဖြစ်သွားနိုင်ပါသည်။
ဖေးချမ့်၏ မျက်ခုံးများ အနည်းငယ် ကြုံ့သွားသည်။ သူ စျေးနှုန်းကို အားမရပါ။
ဘာလို့ DIY ကွန်ပျူတာတစ်လုံးက သူ့ရဲ့ ရုံးသုံးကွန်ပျူတာတွေထက် ပိုစျေးနည်းနေရတာလဲ။
ဘော့စ်ဖေး၏ မျက်နှာကို မြင်သောအခါ ကျန်းယွမ် နှလုံးခုန်နှုန်းရပ်တန့်သွားခဲ့ပါသည်။ သူ့မျက်နှာထားက 'ငါ့ကိုအထင်သေးနေတာလား' ဆိုသည့်ပုံစံမျိုးပင်။
ဘော့စ်ဖေးက ထင်သည့်အတိုင်း သူ့ပါးစပ်ကို ဟလာပါသည။ "ငါမင်းကို အိပ်မက် တပ်ဆင်ခြင်း လုပ်ခိုင်းနေတာလေ။ မင်ပြောလိုက်တဲ့ အစုံတွေက ဘယ်လိုပြောရမလဲ နည်းနည်းလောက် ပိုအဆင့်မြင့်ပြီး 'အိပ်မက်' ဆိုတဲ့ စာလုံးနဲ့ နည်းနည်းလောက်ပိုပြီး ကိုက်ညီရင် ပိုကောင်းမယ်။ ငါဆိုလိုတာကို နားလည်လား။"
ကျန်းယွမ်က ခေတ္တတွန့်ဆုတ်သွားပြီး ပြောလိုက်ပါသည်။ "ဒါပေမယ့် ဘော့စ်ဖေး ခုနက ပြောတော့ ထိပ်တန်းဦးစားပေးက ဂိမ်းရသလိုအပ်ချက်ကို ပြည့်ဝစေဖို့ဆို။ ဒီတပ်ဆင်မှုနဲ့ဆို အခုလက်ရှိ စျေးကွက်ထဲက နာမည်ကြီး ဂိမ်းတော်တော်များများကို ကစားနိုင်ပါတယ်။"
ဖေးချမ့် ခေတ္တ ဆွံ့အသွားပါသည်။ သူပြောတာလည်း... မှန်သလိုလိုပင်။
ဒီတပ်ဆင်မှုကို တိုးမြှင့်ရဦးမည်ဆိုပါက ကုန်ကျစရိတ်နဲ့ ကိုက်ညီမှာ မဟုတ်တော့ပါ။ ဒီတပ်ဆင်မှုက အခု လက်ရှိ ဂိမ်းများ၏ လိုအပ်ချက်ထက်ပင် အများကြီး ပိုကောင်းနေပါပြီ။ ကျန်းယွမ်က ဂိမ်းကြီးအားလုံးကို ချောမွေ့စွာ ကစားနိုင်ပြီး သူ့သတ်မှတ်ချက်နဲ့လည်း ကိုက်ညီသည့် အရည်အသွေးမြင့် တပ်ဆင်မှုတစ်ခုကို ကမ်းလှမ်းခဲ့သည်။
သို့သော်လည်း သုံးစွဲရမည့် ပမာဏကိုတော့ သူတိုးမြှင့်ရပါဦးမည်။
ဖေးချမ့်က ချောင်းနှစ်ခါလောက်ဆိုးလိုက်ပါသည်။ "မင်းပြောတာ ဟုတ်တော့ဟုတ်တယ်။ စျေးကွက်ထဲက ဂိမ်းအများစုကို ကစားနိုင်မှာပါ။ ဒါပေမယ့် မင်းစဥ်းစားကြည့်လိုက်ပါဦး။ ဒီ့ထက်ပိုကောင်းတဲ့ တပ်ဆင်မှုတွေကို လိုအပ်တဲ့ ဂိမ်းတွေ အနာဂတ်မှာ ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ အနာဂတ်ကို လှမ်းမြင်ကြည့်တတ်ရမယ်။ နောက်ကို ဘာဆက်ဖြစ်မလဲဆိုတာကိုပဲ ကြည့်ရမယ်။ နားလည်လား။"
"ဒီလိုဆိုရင်ကော။ လက်ရှိ ဘက်ဂျက်ထက် ယွမ် ၁၀,၀၀၀ လောက် ထပ်ပေါင်းလိုက်မယ်။ မင်းအဆင်ပြေမလား။"
"..." ကျန်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "အမ်... ဟုတ်ကဲ့"
ခင်ဗျားပိုက်ဆံတွေပဲကို။ ကျွန်တော် ပိုက်ဆံ ထုတ်ရတာမှ မဟုတ်တာ ဘာလို့ အဆင်မပြေရမှာလဲ။
ခင်ဗျားလိုချင်ရင် ယွမ် ၉.၈ ဘီလီယံလောက် တန်တဲ့ စနစ်ယူနစ်ကိုတောင် ကမ်းလှမ်းပေးလို့ရတယ်။
ကျန်းယွမ်က အမြန်တွေးလိုက်ပြီး ကွန်ဗျူတာ တပ်ဆင်မှုများကို နောက်တစ်ဆင့်အထိ ထပ်တက်လိုက်ပါသည်။
ဒီတစ်ခေါက် ယွမ် ၂၅,၀၀၀ ဝန်းကျင် ကုန်ကျသည့် DIY ကွန်ပျူတာတစ်လုံးကို တည်ဆောက်ဖို့ စီစဥ်လိုက်ပါသည်။
ကျန်းယွမ်ရဲ့ အမြင်မှာတော့ ကွန်ပျူတာရဲ့ တချို့ လုပ်ဆောင်ချက်တွေက လုံးဝ မလိုအပ်ပါ။ လက်ရှိ ကွန်ပျူတာမှာ ရုပ်ထွက်များကို အမြင့်ဆုံးအထိ တိုးလိုက်ရင်တောင် စျေးကွက်ထဲက ဂိမ်းအားလုံးနီးပါးကို ကစားနိုင်ပါသည်။ ထို့အပြင် ဒီတပ်ဆင်မှုက နောက်ထပ် နှစ်ပေါင်းများစွာအထိတိုင်အောင် ဒိတ်အောက်မှာလည်း မဟုတ်ပေ။ ထို့အပြင် ၎င်း၏ အပြင်ပိုင်းဒီဇိုင်းက ထိပ်တန်းအဆင့်မှီသည်။ သေချာပေါက် ဂိမ်းရသကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်ပါလိမ့်မည်။
အမှန်ပင်။ ကျန်းယွမ်က ဖေးချမ့်ကို တပ်ဆင်ခ ၂၅,၀၀၀ ယွမ်ဟု ပြောခဲ့သော်လည်း တကယ့်ကုန်ကျစရိတ်က ၂၆,၀၀၀ ယွမ်ဝန်းကျင် ဖြစ်ပါသည်။ ကျန်းယွမ်က ဘော့စ်ဖေးနဲ့ မိတ်ဆွေဖွဲ့ချင်သဖြင့် သူရထားသည့် ယွမ် ၃,၀၀၀ ထဲမှ ယွမ် ၁,၀၀၀ ကို ထုတ်သုံးဖို့ ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
ဖေးချမ့်က ထိုအကြောင်းကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။ ဒီလိုမှပေါ့။
အင်တာနက်ကဖေး၏ လိုအပ်ချက်များကို တွက်ကြည့်လိုက်သောာအခါ စနစ်၏ သတိပေးချက်ကို မခံရဘဲ ရန်ပုံငွေအများစုကို ဖြုန်းနိုင်ပါလိမ့်မည်။
"တပ်ဆင်မှု ကောင်းသားပဲ" ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။
ကျန်းယွမ်က အလွန်အမင်း ပျော်ရွှင်သွားပါသည်။ "ဘော့စ်ဖေး သဘောကျရင် ရပါပြီ" သူ ပြန်ပြောလိုက်သည်။
ဘော့စ်ဖေးနဲ့ ရင်းနှီးရဖို့ ယွမ် ၁,၀၀၀ သုံးခဲ့သည်။ ဒါက သူ့အတွက် စျေးဆစ်ခြင်း ဖြစ်သည်။
"ဒါဆိုရင် အရင်ဆုံး အလုံး ၅၀ လောက် တပ်ဆင်ကြတာပေါ့" ဖေးချမ့်က လက်ဖက်ရည်သောက်ရင်း တည်ငြိမ်စွာ ပြောလိုက်ပါသည်။