အခန်း(၈၄) အင်တာနက်ကဖေးအတွက် နေရာကောင်းရှာခြင်း
Vol. 6 Ch. 84
အခန်း(၈၄) အင်တာနက်ကဖေးအတွက် နေရာကောင်းရှာခြင်း
"ဖွီးးး"
ကျန်းယွမ် ပါးစပ်ထဲက လက်ဖက်ရည်များ ထွေးထုတ်မိတော့မလို ဖြစ်သွားပါသည်။
အလုံး ၅၀ ဟုတ်လား။
ဘော့စ်ဖေး မှားနေပြီ။
အစကတည်းက ကွန်ပျူတာ အလုံး ၅၀ လိုချင်တယ်လို့ ပြောလိုက်ရမှာ။
ခင်ဗျားနဲ့ ရင်းနှီးချင်လို့ ကျွန်တော် ယွမ် ၁,၀၀၀ ထုတ်ပေးချင်တာ။ အခု အလုံး ၅၀ ဆိုရင် ကျွန်တော် ယွမ် ၅၀,၀၀၀ လောက် ထုတ်ပေးရမယ်ဆိုတဲ့သဘော မဟုတ်ဘူးလား။
ကျွန်တော်က ဘားတစ်ခုက အဆိုတော်လေး တစ်ယောက်ပါဗျာ။ ဘယ်လိုလုပ်ပြီး အဲ့ဒီ ယွမ် ၅၀,၀၀၀ ကို ရှာနိုင်မှာလဲ။
ကျန်းယွမ် ကြက်သေ သေသွားပါသည်။
"မဟုတ်သေးဘူး ဘော့စ်ဖေး ကွန်ပျူတာ ဘယ်နှလုံး အတိအကျ လိုချင်တာလဲ။ ကျွန်တော်က ထောက်ပံ့ကြေး ယွမ် ၃,၀၀၀ ယူရမှာ လိပ်ပြာမလုံလို့ ကွန်ပျူတာ အစိတ်အပိုင်းတွေဝယ်ဖို့ ယွမ် ၁,၀၀၀ ထုတ်ပေးချင်တာ။ အခု ကွန်ပျူတာာ အလုံး ၅၀ လိုချင်တယ်ဆိုရင် အဲ့ဒီစျေးနှုန်းအတိုင်း မရတော့ဘူး..."
ဖေးချမ့်က ခေတ္တ ကြောင်သွားပြီး ဒီကောင်က တကယ်ရိုးသားသည်ဟု ထင်သွားပါသည်။ "မဟုတ်တာပဲ။ မင်းက ယွမ် ၃,၀၀၀ နဲ့ ထိုက်တန်ပါတယ်။ ဘာလို့ ငါ့ကိုပြန်ပြောချင်တာလဲ။ အဓိပ္ပာယ်မရှိတာ။"
"ဒါဆို ဒီတပ်ဆင်မှုက ၂၆,၀၀၀ ယွမ် ကုန်ကျတယ်ဆိုတဲ့ သဘောလား" ဖေးချမ့်က မေးလိုက်ပါသည်။
ကျန်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး အနည်းငယ် အရှက်ကွဲသွားပါသည်။ သူက ဘော့စ်ဖေးရှေ့မှာ ဖုံးကွယ်ထားပြီး ရင်းနှီးအောင်လုပ်ချင်ခဲ့သည်။ နောက်ဆုံးမှာတော့ ပေါ်သွားခဲ့ပါသည်။
ဒီကိစ္စ ဘယ်လိုဖြစ်သွားပြီလဲ ကြည့်ပါဦး။
သို့သော်လည်း ဘော့စ်ဖေး ဒီလောက် ကွန်ပျူတာတွေ အများကြီး ဘာကြောင့် လိုရတာလဲဆိုတာကို အနည်းငယ် စိတ်ဝင်စားနေမိပါသည်။ ရုံးက ကွန်ပျူတာတွေ အကုန်လုံးကို လဲချင်လို့လား။
မဖြစ်နိုင်ပါ။
ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "ဒီလိုဆိုရင်ကော ကွန်ပျူတာ တစ်လုံးစီကို ယွမ် ၂၆,၀၀၀ ကုန်တယ်။ မင်းကို ဒါတွေအကုန်လုံးကိုလည်း အလကား လုပ်ခိုင်းလို့ မဖြစ်ဘူး။ ထောက်ပံ့ကြေး ယွမ် ၃,၀၀၀ အပြင် မင်းတပ်ဆင်ပြီးတဲ့ ကွန်ပျူတာ တစ်လုံးစီတိုင်းအတွက် ယွမ် ၂၀၀ ပေးမယ်"
ကျန်းယွမ်က တစ်ခုခုပြောချင်နေသည်။ သို့သော်လည်း ဖေးချမ့်က လက်ကာပြီး တားလိုက်သည်။
"ငြင်းစရာမလိုဘူး။ ဆုံးဖြတ်ချက်ချပြီးသားပါ။"
"တခြားအကြောင်းအရာတစ်ခုခုပြောကြရအောင်"
ကျန်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ အမ်... ဘော့စ်ဖေး ကျွန်တော် မဆိုင်တာ တစ်ခုခုမေးလို့ရမလား။ ဘာလို့ ကွန်ပျူတာတွေ အများကြီး လိုတာလဲဟင်..."
"သြော် ငါက အင်တာနက်ကဖေးဆိုင်ဖွင့်ဖို့ စီစဥ်နေတာလေ။ မင်းကို ဒီခေါ်လာတဲ့ မာယန်က အင်တာနက်ကဖေးဆိုင်ရဲ့ နေ့စဥ်လုပ်ငန်းတွေအတွက် မန်နေဂျာပဲ။ မင်း ငါတို့ရဲ့ အခြေအနေတွေနဲ့ ကိုက်ညီမယ်ဆိုရင် ကျင်းကျိုးမြို့မှာ အလုပ်လုပ်ချင်လား" ဖေးချမ့်က မေးလိုက်ပါသည်။
ကျိုးယွမ်မျက်လုံးများပြူးကျယ်သွားရပါသည်။
ဒီလိုကိုး...။ ဘော့စ်ကြီးက အင်တာနက်ကဖေးဆိုင်တစ်ခု ရင်းနှီးမြှုပ်နှံချင်တာကိုး။ ဘော့စ်ကြီး ချမ်းသာတာကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဝန်ထမ်းခံစားခွင့်တွေကလည်း ကောင်းလောက်တယ်။
ပြီးတော့ ဘော့စ်ကြီးက ငါ့ကို ဒီမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းနေတာာလား။
ဘော့စ်ကြီးကိုယ်တိုင် ကမ်းလှမ်းတာဆိုရင် ငါ့အလုပ်က သာမန် အင်တာနက်ကဖေး ဝန်ထမ်းတော့ မဟုတ်လောက်ဘူးထင်တယ်။ ငါအနည်းဆုံး မန်နေဂျာရာထူးလောက်တော့ ရလောက်တယ်။
သူ ပိုက်ဆံကို ဘယ်လိုတောင် သုံးလိုက်လဲ ကြည့်ပါဦး...
အင်တာနက်ကဖေးရဲ့ ဝန်ထမ်း အကျိုးခံစားခွင့်တွေက တော်တော်ကောင်းလောက်တယ်။
ကျန်းယွမ်က သူ့ကိုယ်သူ စိတ်လျှော့နိုင်ခဲ့သော်လည်း ထိုစကားကြားသောအခါ ပြန်လည် စိတ်မသက်သာရာရလာပြန်ပါသည်။
"ကျွန်တော် အခြေအနေတွေကို ကိုက်ညီမယ်ဆိုရင် ကျွန်တော်လုပ်ချင်တာပေါ့။"
ဖေးချမ့်က ခေါင်းငြိမ့်ကာ မေးလိုက်ပါသည်။ "ဒါဆို မင်းရဲ့ အရင်အလုပ်အတွေ့အကြုံအကြောင်း ပြောပြလို့ရမလား။"
လခွမ်း...။
ကျန်းယွမ် အသက်ဝဝရှူလိုက်ပါသည်။ ဒီအလုပ်အခွင့်အလမ်းတော့ တဖြည်းဖြည်း ပျောက်ကွယ်နေတာကို ခံစားမိသည်။
ဘော့စ်ဖေးက ငါ့ရဲ့ ခါပါဖိုရမ်က ဖိုရမ်မန်နေဂျာဆိုတဲ့ ရာထူးရယ်၊ ငါ့ရဲ့ ကွန်ပျူတာနဲ့ ဟာ့ဒ်ဝဲ အသိပညာတွေကြောင့် ခေါ်ချင်တာဖြစ်မယ်။
ငါသူ့ကို ဘားမှာသီချင်းဆိုပြီး အချိန်ပိုင်း ဘားထိုင်လုပ်တယ်လို့ အမှန်တိုင်းပြောလိုက်ရင်...
ဘော့စ်ဖေးငါ့ကို ခေါ်ချင်ပါဦးမလား။ ငါဘာလုပ်ရမလဲ။။ ညာလိုက်ရမလား။
မဖြစ်နိုင်ဘူး။ ဘော့စ်ဖေးက အရမ်းဗဟုသုတ ကြွယ်ပြီး ကိစ္စတိုင်းမှာ နှံ့စပ်တယ်။ ငါလိမ်တာကို သေချာပေါက် မြင်မှာပဲ။
ကျန်းယွမ် စိတ်ထဲမှာ ရုန်းကန်နေရသည်။ နောက်ဆုံးမှာတော့ အမှန်တိုင်းပြောလိုက်ဖို့သာ ဆုံးဖြတ်လိုက်ပါတော့သည်။ "ဘော့စ်ဖေး ကျွန်တော်က လက်ရှိမှာ ဘားတစ်ခုမှာ သီချင်းဆိုပါတယ်။ ပြီးတော့ ဘားထိုင်အဖြစ် အချိန်ပိုင်း အလုပ်လုပ်ပါတယ်။ ခါပါဖိုရမ်မှာလည်း ဖိုရမ်မန်နေဂျာလေးတစ်ယောက် ဖြစ်ပါတယ်..."
ကျန်းယွမ်စကားပြောလေလေ ပိုပြီး စိတ်မသက်သာ ဖြစ်လာလေလေ ဖြစ်ပါသည်။
ဘော့စ်ဖေး၏ စိတ်ပျက်မှုကို သူကြိုမြင်နိုင်ပါသည်။ သူ့ရှေ့မှာထိုင်နေသည့် ဘော့စ်ဖေး၏ မျက်လုံးများ ဝိုင်းစက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။
"ကောင်းတာပေါ့။ မင်းက ဘက်စုံ ပါရမီပါတာပဲ ဒါဆို အင်တာနက်ကဖေးဆိုင်မှာ မင်းဝိုင်တွေရောဖို့ မီနီဘားလေးတစ်ခု လုပ်ဖို့ စီစဥ်ရမယ်။ မင်းရဲ့လစာကို အဲ့ဒီအတွက်ပါ ၂ ဆ တိုးပေးမယ်။"
"မဟုတ်သေးဘူး။ မင်းက အဆိုတော်လည်း လုပ်လို့ရသေးတယ်ဆိုတော့ လစာကို ၃ ဆ တိုးပေးမယ်။"
ဖေးချမ့် အလွန်ဝမ်းသာသွားပါသည်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ အလုပ်သမားလဲ။
ဘားထိုင်ခြင်းနဲ့ သီချင်းဆိုခြင်းက အင်တာနက်ကဖေးနဲ့ ဘာမှမသက်ဆိုင်ပါ။
ထို့အပြင် သူ့ကို ကြီးကြပ်သူ၊ ဘားထိုင်၊ အဆိုတော် စသည်တို့အတွက် လစာ ၃ ဆ ပေးလိုက်ပါက သူစနစ်ရန်ပုံငွေကို ပိုသုံးနိုင်ပါလိမ့်မည်။
သူနဲ့ မာယန်တို့သာ အတူတူ အလုပ်လုပ်ကြပါက သေချာပေါက် ဒီဟိုမရောက်ဒီမရောက် ဆိုင်ကြီးကို ဗြောင်းဆန်သွားစေပါလိမ့်မည်။
ကျန်းယွမ် နားကြားမှားသွားသလားဟုပင် ထင်သွားမိသည်။
ဘော့စ်ဖေးက အရမ်ကျေနပ်နေပါ့လား။ ငါ့လစာကိုတောင် ၃ ဆတိုးပေးမယ်ဟုတ်လား။ ဒါ... ဒါ...
ဘာတွေဖြစ်နေသလဲ သူမသိသော်လည်း ဘော့စ်ဖေး၏ မျက်နှာကို ကြည့်ခြင်းအားဖြင့် တကယ်ပြောနေတာဆိုတာကို သိနိုင်ပါသည်။ ကျန်းယွမ် မနေနိုင်ဘဲ ဘော့စ်ဖေးမှာ တကယ်ပဲ ပါရမီရှင်တွေကို မြင်နိုင်သည့် မျက်လုံးရှိနေတာလားဟု တွေးမိပါသည်။
ငါ့ပါရမီကို ဒီတိုင်းပဲ ပြောနိုင်တယ်လား။
ဖေးချမ့်က မေးခွန်းတချို့ ဆက်မေးသည်။ ဖေးချမ့်က ဆက်ပြီးမေးလေလေ ပိုပြီးအားရလာလေလေဖြစ်သည်။
"ကောင်းလိုက်တာ ခဏလောက်နေဦး။ ငါ စာချုပ်သွားယူလိုက်မယ်" ဖေးချမ့်က ဧည့်သည်အခန်းထဲမှ ထွက်သွားပါသည်။ သိပ်မကြာလိုက်ဘဲ လက်ထဲမှာ စာချုပ်တစ်ခုဖြင့် ပြန်လာခဲ့သည်။ "မင်းရဲ့အဓိက အလုပ်ကတော့ အင်တာနက်ကဖေး စီမံကြီးကြပ်သူပေါ့။ အချိန်ပိုင်း ဘားထိုင်နဲ့ အဆိုတော် အဖြစ်လည်း လုပ်ကိုင်ရမယ်။ အလုပ် ၃ ခုလို့ သတ်မှတ်လိုက်ရင် မင်းရဲ့ စုစုပေါင်းလစာက တစ်လကို ၁၄,၀၀၀ ယွမ်ပဲ။"
"မာယန်က မင်းရဲ့ ကြီးကြပ်သူဖြစ်လိမ့်မယ်။ မင်း ပြဿနာ တစ်ခုခု ဖြစ်လာရင် သူ့ကိုပြောလို့ရတယ်။ သူ မဖြေရှင်းနိုင်ရင် ငါ့ကိုလာတွေ့လို့ရတယ်။ အင်တာနက်ကဖေးကို မင်းလုပ်ချင်တာ လုပ်လို့ရတယ်။ ငါမင်းကို ထောက်ပံ့ပေးမှာပါ။”
"လာပါ။ ပြဿနာမရှိရင် လက်မှတ်ထိုးလိုက်တော့။"
ကျန်းယွမ် လုံးဝ ရီဝေနေပါသည်။ ယွမ် ၁၄,၀၀၀ ဟုတ်လား။
ကျန်းယွမ် သူ့ရှေ့က ဖောင်တိန်ကိုတောင် မကိုင်ရဲတော့ပါ။
ဒီလိုအခွင့်အရေးမျိုး တကယ်ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းယွမ် တွန့်ဆုတ်နေတာကို မြင်သောအခါ ဖေးချမ့်က မေးခွန်းနည်းနည်းလောက် မေးလိုက်ပါသည်။ "အမ်... မင်းအခု တခြားစာချုပ်တွေ ချုပ်ထားတာ ရှိလို့လား။ အရင်အလုပ်ကကော ထွက်ပြီးပြီလား။"
ကျန်းယွမ်က ခေါင်းခါကာ ပြန်ပြောလိုက်ပါသည်။ "ကျွန်တော် အရင်လုပ်တဲ့ ဘားမှာ စာချုပ်ချုပ်ထားတာ မရှိပါဘူး။ လူလိုရင် ဒီတိုင်း ဝင်လုပ်လိုက်တာပဲ။"
"ကောင်းတာပေါ့။ ဒါဆို စာချုပ်ချုပ်လိုက်လေ။ မင်းစဥ်းစားချင်သေးလို့လာား။ ရပါတယ်။ အချိန်ယူပြီး သေချာစဥ်းစားပါ။ မင်းဆုံးဖြတ်ချက်ချပြီးရင် လက်ထောက်ရှင်းကို သွားတွေ့လို့ရတယ်။"
ဖေးချမ့်က တံခါးကို ဖွင့်ထွက်သွားပြီး ဧည့်သည်အခန်းထဲမှာ ကျန်းယွမ်ကို တစ်ယောက်တည်း ထားခဲ့ပါသည်။
ကျန်းယွမ်က စာချုပ်တစ်ခုလုံးကို အမြန် ဖတ်ကြည့်လိုက်ပါသည်။ ပြဿနာဘာမှမရှိပါ။ သာမန် ဝန်ထမ်းစာချုပ်တစ်ခုပဲဖြစ်သည်။ ထောင်ချောက်မရှိသလို လျှို့ဝှက် အချက်အလက်များလည်း မရှိပါ။ ၁၄,၀၀၀ ယွမ် လစာကို စာချုပ်ထဲတွင် ရှင်းရှင်းလင်းလင်းကို ရေးသားထာားပါသည်။
ကျန်းယွမ် တုန်ယင်နေသောလက်များဖြင့် သူ့နာမည်ကို ရေးထိုးလိုက်သည်။
"နောက်ဆုံးတော့ ငါဆင်းရဲမွဲတေမှုကနေ လွတ်မြောက်တော့မယ်။ နောက်ဆုံးတော့ ငါ့အတွက်ငါ နာမည်တစ်ခု ဖန်တီးနိုင်တော့မယ်ကွ။ "
... မိနစ်အနည်းငယ် ကြာသောအခါ ဧည့်သည်အခန်းထဲတွင်....
"ယောက်ဖချမ့် ဘယ်လိုနေလဲ။ သူက ပညာရှင်ပါလို့ ငါပြောသားပဲ။ သူက အားကိုးရတယ် မဟုတ်လား။”
ကျန်းယွမ် ကုမ္ပဏီနဲ့ တရားဝင် စာချုပ်တစ်ခု ချုပ်လိုက်ကြောင်းကို ကြားလိုက်ရသောအခါ မာယန် အလွန်ပျော်ရွှင်သွားပါသည်။ သူ့မှာ ပါရမီရှင် ရှာဖွေသည့် မျက်လုံးမျိုး တကယ်ရှိပြီး ဖေးချမ့်၏ အသိအမှတ်ပြုမှုကို ရခဲ့ပါသည်။
ဖေးချမ့်က သူ့ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်လေသည်။ "တော်တယ်ကွာ။ ဒီတစ်ခေါက် မင်းကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ"
ထိုအခါမှ ကျန်းယွမ်မှာ သူ့ကိုခေါ်လာခဲ့သည့် မျက်နှာရှည်ရှည်နဲ့ တုံးအသည့်ပုံစံနဲ့လူမှာ သာမန်လူမဟုတ်ကြောင်း သိလိုက်ရပါသည်။
သူက ဘော့စ်ဖေးနဲ့ တကယ်နီးစပ်ပုံရသည်။ ပိုကောင်းတာက ညီအစ်ကိုမာကော ဘော့စ်ဖေးကော သူ့ကို အသိအမှတ်ပြုကြပါသည်။
မာယန်က လက်ပ်တော့ကို ဖွင့်လိုက်ပြီး တချို့ အချက်အလက်များကို ပြလိုက်ပါသည်။ "ယောက်ဖချမ့် ငါအင်တာနက်ကဖေးအတွက် နေရာတွေရှာထားပြီးပြီ။ ဒီနားပတ်လည်နားမှာပဲ။ နှစ်ထပ် လုံးချင်း အဆောက်အဦးတစ်လုံးပဲ။ အသေးစိတ်က ဒီမှာ။ ကြည့်လိုက်ပါဦး။"
ဖေးချမ့်နဲ့ ကျန်းယွမ်တို့ မာယန်ပြင်ထားသည့် အချက်အလက်များကို ကြည့်လိုက်ပါသည်။ ထိုနေရာက ဟန်တုံး တက္ကသိုလ်ပတ်လည်မှာ မဟုတ်ဘဲ ကျန်းကျိုးမြို့တော်၏ အစည်ကားဆုံး စီးပွားရေးနယ်ပယ်နဲ့ ဝေးကွာပါသည်။
ပတ်ဝန်းကျင်က စီးပွားရေးနယ်ပယ်အသေးစားလေးဟု သတ်မှတ်နိုင်ပြီး အနီးအနားတွင် ရှော့ပင်းမောလ်လ်တစ်ခုရှိသည်။ သို့သော်လည်း ဒီနေရာကို ကြွယ်ဝပြီး လူနေထူထပ်သည်ဟု ပြောလို့တော့ မရပါ။ ထို့အပြင် ရှော့ပင်းမောလ်လ်နဲ့ လမ်းတစ်လမ်းခြားသည်။ အတူတူရှိနေတာမဟုတ်ပေ။
လူစည်ကားသော နယ်မြေတွင် တည်နေရာ ရွေးချယ်ရမည်ဟူသည့် စနစ်၏ လိုအပ်ချက်ကို ပြည့်မှီရုံလောက်သာ ရှိပါသည်။
လုံးချင်း နှစ်ထပ်အဆောက်အဦးတစ်ခုဖြစ်ပြီး အတော်လည်း သစ်လွင်သည့်ပုံပေါ်သည်။ လွန်ခဲ့သည့် ၁ နှစ် ၂ နှစ် လောက်ကမှ တည်ဆောာက်ထားသည့်ပုံပင်။ အတွင်းဘက်က မြင်နိုင်သည့် ဖန်နံရံများစွာ ရှိသည်။ ထို့အပြင် လှပသည့် အတွင်းဘက် ဒီဇိုင်းလည်းရှိပါသည်။ ပုံထဲက အတွင်းဒီဇိုင်းများကို ကြည့်ခြင်းအားဖြင့် စားသောက်ဆိုင်တစ်ခု ဖြစ်ပုံပေါ်သည်။ သို့သော်လည်း ရောင်းမကောင်းသဖြင့် လုပ်ငန်းကို ရပ်တန့်တော့မည့်ပုံပင်။
လုပ်ငန်းဧရိယာက ၃,၀၀၀ စတုရန်းမီတာလောက် ကျယ်ဝန်းပြီး ငှားရမ်းခက တစ်လကို ၃၁၅,၀၀၀ ယွမ်ဖြစ်ပါသည်။ ဆိုလိုတာက တစ်ရက်ကို တစ်စတုရန်းမီတာာလျှင် ၃.၅ ယွမ် ကုန်ကျသည့်သဘော ဖြစ်သည်။
မာယန်က ပြောလိုက်၏။ "ယောက်ဖချမ့် အဲ့ဒီနေရာကို ငါစုံစမ်းပြီးပြီ။ ပတ်ဝန်းကျင်ကော အတွင်းဘက် ဒီဇိုင်းကော တော်တော်လေး ကောင်းတယ်။ အဆောက်အဦးကလည်း တော်တော်လေး သစ်လွင်တယ်။"
"အစကတော့ အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ထားတာပဲ။ ဒါပေမယ့် လုပ်ငန်းမကောင်းလို့ ပိတ်ရတော့မှာ။ ငှားရမ်းခကလည်း အဆင်ပြေတယ်။ ငါတော့ ဒီနေရာကို တော်တော်ကောင်းတယ်လို့ ထင်တယ်။ ပြီးတော့လည်း လုံးချင်းအဆောက်အဦးဖြစ်နေတယ်။ ဘယ်လိုသဘောရလဲ။”
ဖေးချမ့် ဘာမှမပြောပါ။ ကျန်းယွမ်ကတော့ မျက်မှောင်ကြုတ်သွားသည်။
ဒီနေရာက... စိတ်ချရတဲ့ပုံလည်း မပေါ်ဘူး။
စားသောက်ဆိုင်ပိတ်လိုက်ရတဲ့ အကြောင်းအရင်းကို ဒီမျက်နှာရှည်က ဘာလို့မစဥ်းစားမိတာလဲ။