အခန်း(၈၉) ဘော့စ်ဖေးရဲ့ သရုပ်ဆောင် ကောင်းမွန်မှု
Vol. 6 Ch. 89
အခန်း(၈၉) ဘော့စ်ဖေးရဲ့ သရုပ်ဆောင် ကောင်းမွန်မှု
ဖေးချမ့်က ရုံးခန်းထဲမှာ ဒေါသထွက်စွာ ဟိုလျှောက်လိုက် ဒီလျှောက်လိုက် လုပ်နေပါသည်။
တစ်ခုခုတော့ လွဲနေပြီ။ တစ်ခုခုတော့ ဆိုးဆိုးရွားရွား လွဲနေပြီ။
အံ့အားသင့်ဖွယ်နှင့် ကျူးယိတန်၏ ပျင်းစရာဘဝတို့ နှစ်ခုစလုံးက ဗီဒီယိုအတိုလောကတွင် ရေပန်းစားကြမှန်း သူ ကောင်းကောင်းသိထားသည်။ နှစ်ခုစလုံးက အလွန်အောင်မြင်ခဲ့သည်။
ကျူးရှောင်စဲ အခု ရိုက်ကူးချင်နေသည့် ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝကလည်း ဒီရှိုးနှစ်ခုစလုံးကို အတွင်းထဲထိ ဆင်တူနေသည်။ ဒီရှိုးလည်း အလွန် ရေပန်းစားလာနိုင်ပါသည်။
သူဘာလုပ်ရမလဲ။
"စနစ် ငါငွေပြန်ရုတ်သိမ်းချင်တယ်။ ဟွမ်းစစ်ပေါ်အတွက် ယွမ် ၁ သန်း မရင်းနှီးချင်တော့ဘူး။ ဖြစ်နိုင်မလား။"
စာသားတစ်ကြောင်းက စနစ်မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့ပါသည်။
[ပြန်လည်ရုတ်သိမ်းဖို့ ဆီလျော်သည့် အကြောင်းပြချက် လိုအပ်ပါသည်။ မဟုတ်ပါက စည်းကမ်းဖောက်ဖျက်မှုအဖြစ် သတ်မှတ်ခံရပါမည်။]
ဖေချမ့် : "..."
ဆီလျော်တဲ့ အကြောင်းပြချက်ဟုတ်လား။
မရှိဘူး။
ဒီပရောဂျက်က ပိုက်ဆံအများကြီး ဝင်လာနိုင်ခြေရှိလို့ ပြန်ရုတ်သိမ်းချင်တာလို့တော့ ပြောလို့မရဘူးမလား။
တခြားအကြောင်းအရင်းတွေရှိသေးလား။
ဟွမ်းစစ်ပေါ်က လာဘ်စားနေပြီး အလုပ်ကို အတည်တကျမလုပ်ဘူးလို့ ပြောလို့ရလား။ ကျူးရှောင်စဲကို မကြိုက်ဘူးလို့ ပြောပြီး ရုပ်ဆိုးလွန်းလို့လို့ ပြောလို့ရတာလား။ ဘာအကြောင်းပြချက်မှမရှိဘဲ ရင်းနှီးမြှုပ်နှံမှုကို မလုပ်ချင်တာသက်သက်ဆိုရင်ကော...။
ဘာမှ လက်မခံဘူးဟ။
ဖေးချမ် ခက်ခက်ခဲခဲ စဥ်းစားနေသည်။
မဖြစ်နိုင်ပါ။ သူ စနစ်ကို ဖျောင်းဖျနိုင်မည့် နည်းလမ်း မရှိပါ။
သူ တခြား တစ်ခုခုကို စဥ်းစားရတော့မည်။
"စိတ်အေးအေးထားစမ်း။ ငွေပြန်ရုတ်သိမ်းတာအပြင် တခြားလွတ်လမ်း တစ်ခုခု ရှိဦးမှာပါ။ ငါရုပ်ရှင်မရိုက်ချင်တော့ဘူး။ အဲ့တာဆို အဆင်ပြေမလား။ ငါ ခေါင်းဆောင်မင်းသား ဖြစ်မလာချင်ဘူး။ သူတို့ ကြိုက်တဲ့လူနဲ့ ရိုက်လို့ရတယ်။"
"အနည်းဆုံးတော့ ဒီပရောဂျက်ကြောင့် ရနိုင်မယ့် အမြတ်ငွေကို လျှော့ချနိုင်တာပေါ့။”
ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။ သူ အလုပ်အရမ်းများနေသည်ဟူသော အကြောင်းပြချက်ဖြင့် ဒီအလုပ်ကို ထွက်လိုက်မည်။
ထို့နောက် ကျူးရှောင်စဲနှင့် တခြားသူတွေက သူ့နေရာအစားထိုးဖို့ တခြား သရုပ်ဆောင်ကို ရှာကြလိမ့်မည်။ သူနဲ့ ခံစားချက်ချင်း တူညီသည့် သရုပ်ဆောင်တစ်ယောက်ကို ရှာဖို့တော့ သူတို့အတွက် ခက်ခဲပါလိမ့်မည်။ သူတို့ ဒီလိုလူမျိုး ရှာနိုင်ခဲ့ရင်တောင် အနည်းဆုံး ဗီဒီယို ထုတ်လုပ်မှုများက နှောင့်နှေးသွားပါလိမ့်မည်။
သရုပ်ဆောင်ပြောင်းလဲမှုကြောင့် ဗီဒီယိုတွေက ရေပန်းစားမလာခဲ့ရင်ကော။
ဖေးချမ့် စိတ်ဆုံးဖြတ်ချက်ချလိုက်ပြီး အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ ဖေးချမ့်က ရိုက်ကူးရေးခ ယွမ် ၃၀,၀၀၀ နဲ့ ခွဲခွာရမှာ နာကျင်သော်လည်း ဒီပမာဏနည်းနည်းကို မြင်ပြီး နောက်ကွယ်က ထောင်ချောက်ကြီးကြီးကို မမြင်လို့တော့ မဖြစ်ပါ။
ငွေစာရင်းရှင်းသည့်အခါ သူအရှုံးပေါ်နိုင်သေးသရွေ့ ယွမ် ၆၀၀,၀၀၀ - ၇၀၀,၀၀၀ လောာက် အရှုံးပေါ်နိုင်ရင်တောင် ယွမ် ၃၀၀,၀၀၀ လောက်ရဖို့ စိတ်ပူစရာမလိုပါ။
သူ ဟွမ်းစစ်ပေါ်ကို ဖုန်းဆက်ပြီး အလုပ်ထွက်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူ့ဖုန်းကို ကိုင်လိုက်စဥ်မှာပင် နောက်ထပ် ပြဿနာတစ်ခု ရှိနေသည်ကို မှတ်မိသွားသည်။
သူ စာချုပ်လက်မှတ်ထိုးပြီးသားဖြစ်သည်။
စာချုပ်ထဲတွင် စာချုပ်ချိုးဖောက်ပါက ရိုက်ကူးခ၏ သုံးဆ ပေးလျော်ရမည်ဖြစ်ကြောင်း ဖော်ပြထားပြီးသား ဖြစ်သည်။
ဒါဆို ယွမ် ၉၀,၀၀၀ တောင် ဖြစ်သည်။
တစ်ခုခု လွဲနေမှန်း တွေးမိသောအခါ ဖေးချမ့်၏ လက်များ တုန်ယင်လာသည်။
"စနစ် ငါစနစ်ရန်ပုံငွေကိုသုံးပြီး စာချုပ်ဒဏ်ကြေးကို ပေးဆောင်လို့ရမလား။"
[စာချုပ်ကို ပိုင်ရှင်၏ ကိုယ်ပိုင်စည်းစိမ်ဖြင့် ချုပ်ဆိုထားခြင်းဖြစ်သည်။ စာချုပ်၏ နာမည်ဖြင့် ရလာသော အကျိုးအမြတ်အားလုံးက ပိုင်ရှင်နဲ့သာ သက်ဆိုင်မည်ဖြစ်သည်။ ထို့ကြောင့် စာချုပ်၏ ဒဏ်ကြေးများကိုလည်း ပိုင်ရှင်ကသာ ပေးဆောင်ရမည် ဖြစ်သည်။]
ဖေးချမ့်၏ ဖုန်းကြမ်းပြင်ပေါ်သို့ လွတ်ကျသွားပါသည်။
သွားပြီ။
ငါလျော်ကြေးပေးဖို့ ယွမ် ၉၀,၀၀၀ ဘယ်ကနေ သွားရှာရမှာလဲ။
ငါ ငွေတွေပြန်သိမ်းလို့လည်းမရဘူး။ ဗီဒီယိုတွေထဲမှာလည်း သရုပ်ဆောင်လို့မရဘူး။
သူ့ရင်ထဲ အေးစက်သွားသည်။
ရွေးချယ်စရာမရှိတော့ဘူး။ သရုပ်ဆောင်ရတော့မယ်။
ငါးမိနစ်လောက် ရီဝေစွာ ထိုင်နေပြီးနောက် ဖေးချမ့် နောက်ဆုံးတော့ စိတ်ပြန်တည်ငြိမ်သွားပါသည်။ "စိတ်အေးအေးထားစမ်း။ အကောင်းဘက်က တွေးကြည့်စမ်းပါ။ ဇာတ်လမ်းတိုတွေက အဲ့လောက် ပိုက်ဆံအများကြီး မရနိုင်ပါဘူး..."
"အင်း... ငါဒီလိုပဲ စဥ်းစားလို့ရတယ်..."
ဖေးချမ့်တစ်ယောက် ဒုက္ခရောက်နေသလို ခံစားရသည်။ သူအခုလုပ်နိုင်တာဆိုလို့ သူ့ကိုယ်သူ နှစ်သိမ့်ရင်း ကိစ္စများက သူထင်ထားသလောက် မဆိုးရွားဘူးဟု ဆက်တိုက် ပြောနေရုံသာရှိသည်။ ဒီလို ထုတ်လုပ်မှုတန်ဖိုးနည်းပါးသည့် ရုပ်ရှင်တွေ ရေပန်းစားလာပြီး ကြော်ညာအခွင့်အလမ်းရခဲ့ရင်တောင် ရင်းနှီးမြှုပ်နှံငွေ တစ်သန်းကို ပြန်ကာမိမှာမဟုတ်ပါ။
သူတို့ အရင်းကို ပြန်ကာမိပြီထားဦး အမြတ်အများကြီး မရနိုင်ပါ။
ငွေစာရင်းရှင်းချိန်ရောက်လာသောအခါ ဂိမ်းပရောဂျက်များနဲ့ ဆိုင်ခန်းပရောဂျက်များက အရှုံးပေါ်လာပါက ဖေးချမ့်မှာ ငွေဆုံးရှုံးနိုင်ချေ ရှိပါသေးသည်။
"ဟူး ကံကောင်းလို့ ငါ သေချာ ပြင်ဆင်ထားတယ်။ ငါ ကိုယ့်သေတွင်းကိုယ် တူးမိဦးမလို့"
"ငါ လုမင်းလျန်နဲ့ စကားပြန်သွားပြောရမယ်။ သူ့ကို နောက်ခံစကားပြောတွေရဲ့ ကြမ်းတမ်းမှုကို ထပ်မြှင့်ဖို့ ပြောရမယ်။ ကစားသမားကို အများကြီး ပိုပြီး လှောင်ပြောင်ရမယ်။"
...နောက်တစ်နေ့...
ကျူးရှောင်စဲက နောက်တစ်ခေါက် ထပ်ပေါ်လာပြန်သည်။
"ဘော့စ်ဖေး ကျွန်တော်တို့ ဗီဒီယိုတွေကို မနေ့က တည်းဖြတ်တာ အနည်းနဲ့ အများ ပြီးနေပါပြီ။ ကျွန်တော်တို့ ဘယ်တော့ တင်ရမလဲ စဥ်းစားနေတာပါ။"
"ဗီဒီယိုဝက်ဘ်ဆိုက်နဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေအကြောင်း ဆွေးနွေးပြီး သူတို့ ကျွန်တော်တို့ကို ကြော်ညာ ကောင်းကောင်း ပေးနိုင်မလား ကြည့်ရမယ်။ ကျွန်တော်တို့ ပိုက်ဆံနည်းနည်းလောက် ပိုသုံးရနိုင်ပေမယ့် စျေးညှိလို့တော့ ရပါတယ်။"
"ဒါပေယ့် စိတ်ချပါ Potato Web မှာအလုပ်လုပ်နေတဲ့ ကျွန်တော့် စီနီယာတစ်ယောာက်ရှိတယ်။ ကြော်ညာအတွက် ရင်းမြစ်ကောင်းကောင်းရှာနိုင်မှာ သေချာပါတယ်။"
"ကျွန်တော်တို့အလုပ်ကိုလည်း မနှောင့်နှေးစေရပါဘူး။ ကျွန်တော်တို့ ဒီနေ့ နောက်တစ်ပိုင်း ရိုက်ကြမယ်။ နှစ်အစပိုင်းမှာ အလုပ်များများလုပ်ထားတာ ပိုကောင်းတယ်။ ဒါမှ နှစ်သစ်ကျရင် အချိန်ဇယားနဲ့ ထုတ်လွှင့်နိုင်မှာ။ ကျွန်တော်တို့ ပိုပြီး ထုတ်လုပ်လေလေ လူထုရဲ့ အာရုံစိုက်မှုကို ပိုပြီးခံရလေလေပဲ။”
"ဘော့စ်ဖေး ဒီနေ့မျက်နှာသိပ်မကောင်းသလိုပဲ။ အလုပ်အရမ်းလုပ်ထားလို့လား။"
ဖေးချမ့်၏ မျက်နှာက တကယ်ပဲ အနည်းငယ် မှောင်မိုက်နေပါသည်။ အလုပ်လုပ်တာများလို့တော့ သေချာပေါက် မဟုတ်ပါ။
သူက ကျောင်းသင်ခန်းစာများကိုလည်း မသင်သလောက်ရှိနေပြီ။ သူ့ဆိုဖာပေါ်မှာ လှိမ့်နေတာက လွဲပြီး တစ်နေကုန် ရုံးခန်းထဲမှာပဲ အင်တာနက်သုံးလိုက် ဂိမ်းဆော့လိုက်လုပ်နေသည်။
သူ့အတွက် အလုပ်လုပ်ပေးမည့် ဝန်ထမ်းများရှိသဖြင့် ဘာကြောင့် သူအလုပ်လုပ်ရဦးမည်နည်း။
စိတ်ပင်ပန်းနေခြင်းသာဖြစ်ပါသည်။
"ငါဘာမှမဖြစ်ပါဘူး။ ရိုက်ကူးရေးစလိုက်ပါ။"
ဖေးချမ့်၏ အသံက စိတ်မပါသလိုဖြစ်နေပါသည်။ သူ့ရဲ့ ရင်းနှီးမြှုပ်နှံငွေ ပြန်ရုတ်သိမ်းလို့လည်း မရသလို စာချုပ်လျော်ကြေးလည်း မပေးနိုင်သဖြင့် ဒီ အပိုင်း ၃၀ ကို လိမ်လိမ်မာမာနဲ့ ရိုက်ကူးဖို့သာ ရှိပါသည်။
အမှန်ပင်။ ဖေးချမ့်ကလည်း လက်မလျှော့သေးပါ။ နောက်ထပ် လွတ်လမ်းတစ်ခုခုကို အမြဲတမ်း စဥ်းစားနေခဲ့သည်။
အလွန်လျှင်မြန်စွာဖြင့် ဝန်ထမ်းများက ၎င်းတို့၏ သက်ဆိုင်ရာ နေရာများကို ယူလိုက်ကြသည်။
ဒုတိယပိုင်း၏ အမည်က 'အလုပ်ကြိုးစားသော ဝန်ထမ်းများကို တစ်ခါတည်းနဲ့ ဘောနပ်စ် ကိုးမျိုးပေးခြင်း' ဖြစ်သည်။
နာမည်ကိုဖတ်လိုက်တာနဲ့ ဖေးချမ့်ထိတ်လန့်သွားသည်။ အမှန်ပင်။ အရင်ဇာတ်ညွှန်းက တိုက်ဆိုင်တာ မဟုတ်ပေ။
ဒီဒါရိုက်တာ ကျူးရှောင်စဲက တကယ် တစ်ခုခု ဖြစ်သည်။ သူက အလွန်ပါရမီပါလွန်း၏။ ဘာမှ အမှားအယွင်း မရှိပါက ဒီအပိုင်း အနည်းဆုံး View တစ်သောင်းလောက် ရလိမ့်မည်ဟု ခန့်မှန်းမိပါသည်။
သူ တတ်နိုင်ပါက ရိုက်ကူးရေးကို အခုချက်ချင်း ရပ်တန့်လိုက်ချင်ပါသည်။
သူ အခု ဘာလုပ်ရမည်နည်း။
ဖေးချမ့် စတင်ပြီး စိတ်ပူပန်လာသည်။
သူတို့ တိုးတက်နေသည့် နှုန်းအတိုင်းသာဆို နှစ်ရက်တိုင်း ဗီဒီယိုတစ်ပုဒ်ကို တင်နိုင်ပါလိမ့်မည်။ အတွဲ ၃တွဲစလုံး ဒီအတိုင်းသာ ဆက်သွားပါက ဖေးချမ့် ဘာလုပ်ရမည်နည်း။
မဖြစ်နိုင်ပါ။ သူ ဒီအခြေအနေကို ဖျက်ဆီးရမည်။
ရုတ်တရက် ဖေးချမ့်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ အကြံကောင်းတစ်ခုကို စဥ်းစားလိုက်မိသောကြောင့် ဖြစ်ပါသည်။
သူ ငပျင်း လုပ်ရမည်။
ဆိုးဆိုးရွားရွား သရုပ်ဆောင်ပြီး ဒီဗီဒီယိုအတိုများ၏ နာမည်ကိုဖျက်ဆီးရမည်။ ဒီအကြံကောင်းကို စဥ်းစားမိလိုက်သောအချိန်တွင် အတွေ့အကြုံမရှိသည့် ခန္ဓာကိုယ်တစ်ခုလုံးက ဝင်ပူးကပ်ခံရသလိုပုံစံ ဖြစ်သွားသည်။
ဖေးချမ့် စိတ်ဝင်စားဖို့ကောင်းသည့် သရုပ်ဆောင်စွမ်းရည်တိုင်းကို ပြန်စဥ်းစားကြည့်ဖို့ ကြိုးစားသည်။
သရုပ်ဆောင် အဖွဲ့မျိုးစုံကို ပြန်စဥ်းစားကြည့်လိုက်၏။ ကျောက်ရုပ်လိုအကြည့်မျိုးနဲ့အဖွဲ့၊ နှုတ်ခမ်းစူတဲ့အဖွဲ့၊ မျက်နှာသေနဲ့ အဖွဲ့၊ ရယ်တာလား ငိုတာလားမသိတဲ့အဖွဲ့၊ ကိုယ့်ကိုယ်ကို အားပေးတဲ့အဖွဲ့နဲ့ တခြားအဖွဲ့များကို ပြန်စဥ်းစားကြည့်လိုက်ပါသည်။
ဟုတ်ပြီ။ ဒီအတွဲအတွက် သူ ဆိုးဆိုးရွားရွား သရုပ်ဆောင်မည်။
ဒီဗီဒီယိုများကို တတ်နိုင်သမျှ အမြတ်များများမရအောင်လုပ်ဖို့က ခက်ခဲနိုင်သော်လည်း ဖေးချမ့်က သူတို့ရမည့်အမြတ်ကို လျှော့ချပစ်ပါမည်။
ဖေးချမ့်က သူ့မျက်နှာထားများကို ရွှေ့ဖို့ ကြိုးစားပြီး ဒါရိုက်တာ ကျူးရှောင်စဲကို ကောင်းကောင်းကြီး စိတ်ဒုက္ခပေးဖို့ ပြင်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူက ကျွမ်းကျင် သရုပ်ဆောင်မှ မဟုတ်ဘဲ။ သူ ဆိုးဆိုးရွားရွား သရုပ်ဆောင်ရင်တောင် ကျူးရှောင်စဲက သူ့ကို အပြစ်တင်မှာ မဟုတ်ပေ။
အစီအစဥ်က ရုပ်လုံးပေါ်လာပါပြီ။
ကျူးရှောင်စဲက DSLR ကို ချိန်ညှိလိုက်ပြီး တရားဝင်ရိုက်ကူးရေး စတင်လိုက်ပါသည်။
ဖေးချမ့်က သူ့ကိုယ်သူ အသင့်ပြင်လိုက်ပါသည်။ ကမ္ဘာကြီး၏ အဆိုးရွားဆုံး သရုပ်ဆောင်စွမ်းရည်များကို ထုတ်ပြရမည့် အရေးကြီးဆုံးအချိန်ကို စောင့်ဆိုင်းနေ၏။ ကျူးရှောင်စဲကတော့ ဖေးချမ့်၏ အစီအစဥ်ကို သတိမထားမိဘဲ ဇာတ်ဝင်ခန်းများကို မနေ့ကအတိုင်းပဲ ရိုက်ကူးနေပါသည်။
"ကောင်းတယ် ဘော့စ်ဖေး ခံစားချက်မဲ့နေတဲ့ မျက်နှာမျိုးလုပ်ပါ။"
"နောက်ထပ် ခံစားချက်မဲ့နေတဲ့မျက်နှာမျိုး"
"ပြုံးတယ်လို့မထင်ရတဲ့ အပြုံးမျိုး ခံစားချက်မဲ့နေတဲ့မျက်နှာပေါ်မှာ ပေါ်လာအောင် လုပ်လိုက်မယ်။"
"နည်းနည်း သံသယဖြစ်ပြီး ခံစားချက်မဲ့နေတဲ့ မျက်နှာမျိုးလုပ်ပြပါ။"
"သူ့ပုခုံးကို ခံစားချက်မဲ့စွာနဲ့ ပုတ်လိုက်ပါ။"
"သူ့ကို ခံစားချက်မဲ့စွာနဲ့ နာမည်ကတ်ပေးလိုက်ပါ။"
"ခံစားချက်မဲ့စွာနဲ့..."
သူတို့ အစမှ အဆုံးအထိ အနားမယူဘဲ အကုန်လုံး ရိုက်ကူးကြသည်။
ဖေးချမ့်က သူ့ဆိုးရွားသော သရုပ်ဆောင်စွမ်းရည်များကို ထုတ်ပြနိုင်ဖို့ စောင့်နေသည်။ သို့သော်လည်း သူ မသိလိုက်ခင်မှာပဲ ရိုက်ကူးရေး ဒီနေ့အတွက် ပြီးသွားပါပြီ။
ကျူးရှောင်စဲက သူ့ကိရိယာများကို သိမ်းလိုက်ပြီး ဖေးချမ့်ကို လက်မထောင်ပြလိုက်ပါသည်။ "ဘော့စ်ဖေး ခင်ဗျားရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တကယ်ကောင်းတာပဲ။ တကယ် ကိုယ့်စတိုင်နဲ့ကိုယ် သရုပ်ဆောင်နေတာ။ မနေ့က သရုပ်ဆောင်တာနဲ့ ယှဥ်ရင် တိုးတက်လာတယ်။"
"ခံစားချက်မဲ့တဲ့မျက်နှာရှိပေမယ့် ရင်ထဲမှာ ခံစားနေရတဲ့ ခံစားချက်တွေကို ထုတ်ပြနိုင်တာ တကယ်ကျွမ်းကျင်သွားပြီ။ ကျွန်တော့်ကို လုံးဝ အံ့အားသင့်စေခဲ့တာပဲ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်ပေါ်က အပေါက်လေးတွေကအစ သရုပ်ဆောင်မှုထဲမှာ မြှုပ်နှံထားသလိုပဲ။"
"ကျွန်တော်ပြန်နှင့်တော့မယ် ဘော့စ်ဖေး။ မနက်ဖြန်ကျရင် ကျွန်တော်တို့ နှစ်သစ်ကူးမတိုင်ခင် နောက်ဆုံးပိုင်း ရိုက်နိုင်မယ်။ ဘော့စ်ဖေးရဲ့ အရမ်းကောင်းတဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ဆို ဒီဗီဒီယိုတွေက အရမ်းရေပန်းစားလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။"
ကျူးရှောင်စဲက ပျော်ရွှင်စွာ ပြန်သွားပါသည်။ သို့သော် မပြန်ခင် ဖေးချမ့်ကို ကျေးဇူးတင်ဖို့ မမေ့ခဲ့ပေ။
ဖေးချမ့်က အခန်းထဲမှာ ကျန်ခဲ့သည့် တစ်ယောက်တည်းသောလူဖြစ်သည်။ သူ့ဘဝကို တိုးတိတ်စွာဖြင့် ပြန်တွေးမိ၏။
ငါ... ဘာသရုပ်ဆောင်စွမ်းရည် ပြမိလို့လဲ။
တစ်ခုခုအရမ်းလွဲနေပြီလို့... ဘာလို့ခံစားနေမိပါလိမ့်။