အခန်း (၆၁) ဒါ အနီရောင်ချီလင်လက်နက်ပဲ
Vol. 5 Ch. 61
အခန်း (၆၁) ဒါ အနီရောင်ချီလင်လက်နက်ပဲ
သိချင်စိတ်၊ မသေချာမှုများဖြင့် ချန်းရှသည် တရားဝင်ဂိမ်း စတိုးထဲတွင် သမုဒ္ဒရာရဲတိုက်ကို ရှာကြည့်လိုက်သည်။ ထို့နောက် ဒေါင်းလုတ်ဆွဲလိုက်ပြီး အကောင့်စာရင်းသွင်းလိုက်၏။
သူ အံ့အားသင့်သွားရသည်က ဂိမ်း၏ ဖိုင်ဆိုဒ်ဖြစ်သည်။ ဖိုင်ဆိုဒ်က Bullet Hole ထက်ပင် ပိုကြီးမားပြီး Counter Strike ထက် အဆပေါင်းများစွာ ပိုကြီးမား၏။
သို့သော်လည်း ချန်းရှက စိတ်မဝင်စားပေ။ ဘာပဲဖြစ်ဖြစ် စျေးကွက်ထဲတွင် ဖိုင်ဆိုဒ်အလွန်ကြီးပြီး အရည်အသွေး နိမ့်ပါးသည့် ဂိမ်းများ ရှိနေတတ်သည်မဟုတ်ပါလား။
ထိုကဲ့သို့ ဂိမ်းချိန်ညှိမှုဖြင့် ကြုံတွေ့ခဲ့ရပြီး စျေးကွက်ထဲက အကောင်းဆုံး Graphic Card များကပင် ၎င်း၏ဆိုးရွားသော ရုပ်ထွက်ကို မကိုင်တွယ်နိုင်သော ပြည်တွင်း ဂိမ်းတစ်ခုရှိခဲ့၏။ 'Titanfall' ဟု ခေါ်သည်။
ထို့ကြောင့် ဂိမ်း၏ ဖိုင်ဆိုဒ်နှင့် ဟာ့ဒ်ဝဲလိုအပ်ချက်များက ဘာမှမဆိုင်ပေ။ အရေးကြီးတာက ဂိမ်း၏ အကြောင်းအရာ ဖြစ်သည်။
သိပ်မကြာခင် ချန်းရှက ဂိမ်းထဲဝင်ရောက်လိုက်သည်။
ဂိမ်းအပေါ် သူ့ရဲ့ ပထမအမြင်က... အတော်လေး ကောင်းမွန်သည့်ပုံပင်။
ဂိမ်း၏ ရုပ်ထွက်များက ထင်ထားတာထက် ပိုပြီး ကောင်းမွန်နေသည့်ပုံပင်။
အစကတော့ ဒီဂိမ်းမှာ ပေါကြောင်ကြောင် စုတ်ပြတ်ပြတ်ဂိမ်း ဖြစ်လိမ့်မည်ဟု ချန်းရှ ထင်ထားခဲ့၏။ သူ မျှော်လင့်ချက် မထားခဲ့ပေ။ သူ ဂိမ်းကို ဒေါင်းလုတ်ဆွဲခဲ့ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ၈၈၈ယွမ်တန် အံ့ဖွယ်လက်နက်က ဘယ်လိုပုံစံမျိုးလဲဆိုတာ မြင်ချင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း ဂိမ်းကို သူတော်တော်လေး သဘောကျသွား၏။
အဖွင့်ကွန်ပျူတာ ရုပ်ထွက်များ မပါသော်လည်း Log-in မျက်နှာပြင်နှင့် ဂိမ်းထဲက UI တို့မှာ ကြည့်ကောင်းသည်။ Bullet Hole အောက် အဆင့်မနိမ့်နိုင်ပေ။
ချန်းရှက ဂိမ်းထဲက စတိုးကို အရင်ရှာလိုက်သည်။
သူ့မျက်လုံးထဲ ပထမဆုံး ဝင်ရောက်လာသည့် အရာက သမိုင်းဝင် အံ့ဖွယ်လက်နက် အနီရောင်ချီလင်လက်နက်ဖြစ်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် AK ရိုင်ဖယ်နှင့် ဆင်တူသည်။ သို့သော်လည်း အပြင်ဘက် အသေးစိတ်နေရာများတွင် ပြောင်းလဲမှုကြီးကြီးမားမား လုပ်ထား၏။ ရိုင်ဖယ်တစ်လက်လုံးက တောက်ပနေသည်။ သေနတ်ပြောင်းကိုလည်း လှပသော ဆေးဖြင့်ခြယ်ပြီး သက်တန့်၏ ရောင်စုံသော လှိုင်းများလို ရိုင်ဖယ်ကိုယ်ထည်ထံသို့ ပျံ့နှံ့သွားသည်။ အလွန်အမင်း မျက်စိကျစရာကောင်းလှသည်။ သေနတ်ပြောင်းအောက်တွင် ဆန်းကြယ်သည့် ပုံစံဖြင့် ရွှေဓားမြှောင်တစ်လက် ရှိနေသည်။ ဂိမ်းစတိုးတွင် ဖော်ပြထားသည့် ဖော်ပြချက်အရ ချီလင်ဓားမြှောင်ဟု ခေါ်သည်။
သေနတ်ပြောင်းနှင့် ရိုင်ဖယ်ကိုယ်ထည်တို့ ဆက်ရာနေရာတွင် ဧရာမ ချီလင်ဦးခေါင်းကြီးတစ်ခု ရှိနေ၏။ အဆိုပါချီလင်၏ပါးစပ်မှာ အကျယ်ကြီး ပွင့်နေပြီး သေနတ်ပြောင်းနှင့် ဓားမြှောင်ကို ဝါးမျိုထားသည့်ပုံစံ ပေါက်နေသည်။ ချီလင်၏ မျက်လုံးများကလည်း သွေးနီရောင် ပေါက်နေ၏။ ချီလင်၏ သားမွေးများတွင် မီးတောက်လို အရောင်နှင့်အဆင်း ရှိပြီး လေထဲတွင် တွန့်သွားတတ်သည်။ ရိုင်ဖယ်ကို လှုပ်ရှားလိုက်သောအခါ ချီလင်၏ မျက်လုံးများထဲတွင် အနီရောင်တောက်ပမှုများ ပေါ်လာလိမ့်မည်။ ချီလင်တစ်ကောင် အသက်ဝင်လာတော့မည့်ပုံစံမျိုး ဖြစ်စေသည်။
ထို့အပြင် အစိတ်အပိုင်းများကို ပြောင်းလဲပြုပြင်ထားမှုများလည်းရှိနေ၏။ ဥပမာအားဖြင့် ရိုင်ဖယ်ကလစ်၊ ပစ္စတိုလက်ကိုင်နှင့် သေနတ်ကိုယ်ထည်တို့ဖြစ်သည်။
သေနတ်က AK ရိုင်ဖယ်များ၏ ဒီဇိုင်းလမ်းကြောင်းကို လိုက်သော်လည်း တချို့ အစိတ်အပိုင်းများ၏ ချဲ့ကားထားသော အရွယ်အစားနှင့် ထူးခြားသည့် အပြင်ဘက် ဒီဇိုင်းပြောင်းလဲမှုများက လူတွေကို သဘောကျသွားစေသည်။
ချန်းရှ ကြက်သေသေသွားရသည်။
ဒါက မိမိုက်လွန်းတယ်မဟုတ်လား။
သူက Counter Strike မှာ လက်ရွေးစင် ဂိမ်မာ တစ်ယောက်ဖြစ်ပြီး Bullet Hole ကိုလည်း စမ်းသပ်နေစဥ် လေ့လာခဲ့ကြည့်ပြီးဖြစ်သည်။
Counter Strike ကော Bullet Hole ကော ကမ္ဘာကြီးထဲက သေနတ်များကို ပုံတူကူးဖို့ အစွမ်းကုန် ကြိုးစားကြ၏။
ဥပမာအားဖြင့် AK သေနတ်များကို အကြီးမားဆုံး ပြောင်းလဲလိုက်တာဆိုလို့ အရောင်ခြယ်လိုက်တာသာ ရှိသည်။ သေနတ်များ၏ အခြေခံ ပုံစံကို ကြီးကြီးမားမား ပြောင်းလဲမှု မရှိပေ။
သူတို့က စစ်တပ်ဂိမ်း တယူသန်များ ဝေဖန်မှာကို စိုးရိမ်နေကြသောကြောင့်ဖြစ်သည်။
နှိုင်းယှဥ်ကြည့်လျှင် သမုဒ္ဒရာရဲတိုက်ထဲတွင် ဆောင်ရွက်ထားသော ကြီးမားသော ပြောင်းလဲမှုများမှာ အတင့်ရဲလှသည်။
အမှန်ပင်။ တင်းတင်းကြပ်ကြပ် ပြောရလျှင် ဒီအနီရောင်ချီလင်လက်နက်က အလွန်အမင်း တောက်ပလွန်းသည်ဟု သတ်မှတ်နိုင်သည်။
ချဲ့ကားထားသော ဒီဇိုင်း၊ ရဲတင်းသော ပြောင်းလဲမှုများ၊ အသေးစိတ်ကျသော အထူးပြုလုပ်ချက်များ... ထိုအချက် အားလုံးက ချန်းရှ ပထမဆုံးအကြိမ်မြင်သောအခါ အနည်းငယ် စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
ချန်းရှ FPS ဂိမ်းများကို ကစားတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး AK ရိုင်ဖယ်များ၏ ပုံစံကို မြင်သားကျနေပြီ ဖြစ်သည်။ ရိုင်ဖယ်၏ ပုံစံက လက်တွေ့ဆန်သောပုံစံမှ စိတ်ကူးယဥ်ဆန်သော ပုံစံအဖြစ်သို့ ပြောင်းလဲသွားသောအခါ မျက်စိအသားမကျတာ ပုံမှန်ပဲ ဖြစ်သည်။
သို့သော်လည်း ဒီသေနတ်က တကယ်ကြည့်လို့ကောင်းတာ ငြင်းဆန်၍ မရနိုင်ပေ။
သူကြာကြာကြည့်လေလေ ပိုမိုက်လာလေလေ ဖြစ်သည်။
ချန်းရှက အနီရောင်ချီလင်လက်နက်၏ အထူး Effect များကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။ အနီရောင်ချီလင်လက်နက်၏ခေါင်းပေါ်က အနီရောင် သားမွှေးများက လှုပ်ရှားလိုက်တိုင်း လေထဲတွင် တောက်ပနေသော မီးတောက်များလို လွင့်နေသည်။ ရိုင်ဖယ်ကိုယ်ထည်ပေါ်က တောက်ပသော ဆေးရောင်နှင့် ပေါင်းစပ်လိုက်လျှင်...
စိတ်ကူးယဥ်ဆန်သော ဒီဇိုင်းများကို အသားကျသွားတာနဲ့ အလွန်အမင်း စွဲမက်စရာကောင်းတယ် မဟုတ်လား။
စျေးကိုလည်း ကြည့်ပါဦး။
တကယ်ပဲ ၈၈၈ ယွမ်သာ ရှိသည်။
ချန်းရှက မထိန်းနိုင်ဘဲ အံ့သြသွားမိသည်။
"မိုက်လိုက်တာ"
ဂိမ်းဒီဇိုင်နာက လက်နက်တစ်ခုကို ဒီလိုစျေးမြင့်မြင့်မျိုး တင်ရောင်းရဲတာ တကယ်မိုက်သည်။ တကယ်သတ္တိကော်ငးသည်။
ပုံမှန်ဆို ကစားသမားများအား စမ်းသပ်ရန်အတွက် ဂိမ်းထဲက စျေးနှုန်းများကို ဖြည်းဖြည်းချင်း တင်တတ်ကြသည်။
ဥပမာအားဖြင့် သုံးပြည်ထောင်ကတ်ဂိမ်းအတွက် Paywall က တော်တော်လေး နည်းပါး၏။ ထို့ကြောင့် ကစားသမားအများစုက ဂိမ်း၏ အမြင့်ဆုံး Paywall သို့ ရောက်ကုန်ကြသည်။ ထို့နောက်မှ သုံးပြည်ထောင်ကတ်ဂိမ်းက ကစားသမားများ ငွေဖြည့်သွင်းကာ ဝယ်နိုင်မည့် ပစ္စည်းအသစ်များကို ထပ်ထည့်လိုက်သည်။ တဖြည်းဖြည်းနှင့် ပရီမီယံ စနစ်အတွက် အမြင့်ဆုံးပမာဏနှင့် ဝယ်နိုင်သည့် ပစ္စည်းအရေအတွက်များက အချိန်နှင့်အမျှ တိုးလာကြသည်။
အစကတည်းက ပစ္စည်းတစ်ခုကို ၈၈၈ ယွမ် သတ်မှတ်ထားသည့် ဂိမ်းတစ်ခုကတော့ ရှားပါးလွန်း၏။ သမုဒ္ဒရာရဲတိုက်လုပ်ခဲ့သည့် ပုံစံမျိုးဖြစ်သည်။
ချန်းရှက ဂိမ်းထဲက စတိုးကို ကြည့်လိုက်ပြီး ပြဿနာတစ်ခုကို သတိထားမိသွား၏။
နောက်ထပ်စာမျက်နှာများရှိကြောင်း ပြသသည့် အမှတ်များလည်း မရှိသလို ဝယ်နိုင်သည့် ပစ္စည်းအကန့်များလည်း မရှိပေ။
အဘယ့်ကြောင့်ဆိုသော် စတိုးတစ်ခုလုံးတွင် ဒီပစ္စည်းတစ်ခုတည်းကိုသာ ရောင်းနေသောကြောင့် ဖြစ်သည်။
တစ်နည်းအားဖြင့် ၈၈၈ ယွမ်တန် အနီရောင်ချီလင်လက်နက်အပြင် သမုဒ္ဒရာရဲတိုက်က ဘာမှမရောင်းပါ။
အမှန်ပင်။ ဂိမ်းထဲတွင် တခြားသေနတ်တွေတော့ရှိပါသေးသည်။ ထိုလက်နက်များကို လက်နက်တိုက်ထဲတွင် မြင်နိုင်၏။
လက်နက်တိုက်တွင် လက်နက်များ၏ အသေးစိတ် အချက်အလက်များနှင့် ရရှိနိုင်မည့်နည်းလမ်းများကို ဖော်ပြထားသညသ်။
ထိုလက်နက်များကို ရနိုင်မည့် နည်းလမ်းမျိုးစုံ ရှိ၏။ တချို့လက်နက်များကို ဂိမ်းထဲက ဇာတ်ကြောင်းမုဒ်ကို ပြီးအောင် ကစားပြီးသောအခါ ရနိုင်သည်။ တချို့က အောင်မြင်မှု တချို့ရပြီးမှရနိုင်ကာ တချို့ကိုတော့ ဂိမ်းထဲက ငွေကြေးဖြင့် ဝယ်ယူနိုင်၏။
ဂိမ်းထဲက ငွေကြေးကို နေ့စဥ်တာဝန်များနှင့် တိုက်ပွဲများကို ဆင်နွှဲပြီး ရနိုင်၏။ ရနိုင်သည့် ပမာဏမှာ အကန့်အသတ် ရှိသော်လည်း ရနိုင်ရန် မခက်ခဲပေ။
ချန်းရှ အံ့အားသင့်သွားရသည်က အနီရောင်ချီလင်လက်နက်အပြင် လက်နက်တိုက်ထဲတွင် ငွေဖြည့်သွင်းခြင်းဖြင့် ဝယ်နိုင်သော လက်နက် တစ်ခုတစ်လေတောင် ရှိမနေခြင်းဖြစ်သည်။
ချန်းရှက သူ့နောက်စေ့ကိုသူကုတ်လိုက်သည်။ ဒီဂိမ်း၏ ရောင်းချမှုများကို သူတော်တော်လေး ဇဝေဇဝါ ဖြစ်နေသည်။
အနီရောင်ချီလင်လက်နက်က တကယ်ပဲ ၈၈၈ ယွမ် သတ်မှတ်ရလောက်တဲ့အထိ ရောင်းဖို့သင့်တော်လို့လား။
အနီရောင်ချီလင်လက်နက်၏ဖော်ပြချက်ကို သူ အသေးစိတ် ဖတ်ကြည့်လိုက်သည်။
ဂိမ်းထဲက သေနတ်များကို အဆင့်လေးဆင့် ခွဲထား၏။ သာမန်၊ လက်ရွေးစင်၊ ဟီးရိုးနှင့် အံ့ဖွယ်တို့ ဖြစ်ကြသည်။
အံ့ဖွယ်အဆင့် လက်နက်များအောက် တစ်ဆင့် နိမ့်သော ဟီးရိုးအဆင့်လက်နက်များနှင့် ယှဥ်ကြည့်လျှင် ၎င်းတို့၏ တစ်ခုတည်းသော ခြားနားချက်က အံ့ဖွယ် လက်နက်များ၏ Stats မှာ ဟီးရိုးအဆင့် လက်နက်များထက် အနည်းငယ်မြင့်နေခြင်းဖြစ်သည်။
သေသေချာချာ ယှဥ်မကြည့်လျှင် အံ့ဖွယ် အဆင့် အနီရောင်ချီလင်လက်နက်နှင့် ဟီးရိုးအဆင့် AK ရိုင်ဖယ်များတို့အကြား ခြားနားချက်ကို ချန်းရှသတိထားမိနိုင်မည်မဟုတ်ပေ။
တခြားအဆင့် လက်နက်များလည်း ထိုနည်းတူစွာဖြစ်သည်။ တချို့လက်နက်များအတွက် အဆင့်တစ်ခုချင်းစီက Stas အနည်းငယ် တိုးမြင့်မှုသာ ရှိသည်။ သို့သော်လည်း ထိုတိုးမြင့်မှုများက သိပ်ပင် မသိသာပေ။
ထို့အပြင် အံ့ဖွယ် အဆင့်လက်နက်များတွင် အထူးဂုဏ်သတ္တိတချို့လည်းရှိသည်။
ကစားသမားရနိုင်သည့် XP ကို ၂၀၀ ရာခိုင်နှုန်း တိုးမြှင့်ပေး၏။ (XP ဆိုသည်မှာ အတွေ့အကြုံအမှတ်၏ အတိုခေါက်ဖြစ်သည်။ ကစားသမား Level တက်ဖို့ လိုအပ်သည်။ သို့သော်လည်း ကစားသမား၏ Level တက်သွားလည်း ဘာမှ များများစားစား အသုံးမဝင်ပါ။ Level တက်သွားသောအခါ ဂိမ်းထဲက ငွေကြေးတချို့ကိုသာ ရလိမ့်မည်။ ဒါ့အပြင် ကစားသမား၏ Level က ဂိမ်းထဲက လုပ်ဆောင်ချက် တချို့ကို ကန့်သတ်မှုရှိနိုင်သည်။)
တစ်ခန်းထဲက ကစားသမားများရနိုင်သည့် XP မှာ ၅၀ ရာခိုင်နှုန်းတိုးမြင့်သွားမည်။
တစ်ခန်းထဲက ကစားသမားများ ရနိုင်သည့် ဂိမ်းထဲကငွေကြေးမှာလည်း ၃၀ ရာခိုင်နှုန်း တိုးမြင့်သွားလိမ့်မည်။
ကစားသမား သေသွားသောအခါ ကျလာသည့် လက်နက်က သာမန် AK ရိုင်ဖယ်အဖြစ် ပြောင်းလဲသွားလိမ့်မည်။ ကစားသမားက လက်နက်ကို ရည်ရွယ်ချက်ရှိရှိ လွှင့်ပစ်လိုက်ပါက အနီရောင်ချီလင်လက်နက်အတိုင်း ဆက်ရှိနေမည်ဖြစ်သည်။
အနီရောင်ချီလင်လက်နက်၏ ကျည်ကတ်ဖြည့် အမြန်နှုန်းနှင့် လက်နက်ပြောင်းလဲမှုနှုန်းတို့မှာ ပိုမြန်သည်။ ကျည်ကတ် ဝင်ဆံ့မှုကလည်း ပိုများ၏။
ဒါတွေအပြင် ဘာမှ မရှိတော့ပါ။
အနီရောင်ချီလင်လက်နက်တွင် အားသာချက်တချို့ရှိ၏။ သို့သော် အလွန်မသိသာပါ။ တခြားလက်နက်များထက် သိသိသာသာကြီး ပိုသာလွန်နေတာမဟုတ်ပေ။
ဒါက FPS ဂိမ်းတစ်ခုဖြစ်သည်။ အနီရောင်ချီလင်လက်နက်ဖြင့် ခေါင်းကိုထိအောင်ပစ်နိုင်လျှင် ချက်ချင်း သေသွားလိမ့်မည်။ သာမန် အဆင့် AK ရိုင်ဖယ်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ဘာမှ မခြားနားပေ။
အနီရောင်ချီလင်လက်နက်တွင် ပိုမြန်သည့် ကျည်ဖြည့်အမြန်နှုန်းနှင့် လက်နက်ပြောင်းလဲမှုနှုန်းတို့ရှိသော်လည်း စင်တီစက္ကန့်လောက် ပိုမြန်ခြင်း ဖြစ်သည်။
နံရံများကို ပစ်ရာတွင် သို့မဟုတ် ခြေထောက်များကို ပစ်ရာတွင် အနီရောင်ချီလင်လက်နက်၏ Damage က သာမန် အဆင့် AK ရိုင်ဖယ်ထက် ပိုမြင့်ကောင်းမြင့်နိုင်သည်။
အနီရောင်ချီလင်လက်နက်တွင် တခြားလက်နက်များနှင့် ယှဥ်လျှင် အားသာချက် နည်းနည်းလေး ရှိသော်လည်း ၈၈၈ ယွမ်စျေးနှင့် မတန်ဘူးဟု ချန်းရှခံစားမိသည်။
ချန်းရှက ဒီဂိမ်းကို ဘယ်လို သတ်မှတ်ရမလဲ စိတ်ရှုပ်နေသည်။
ဖန်တီးသူတွေက ၎င်းတို့၏ အသိစိတ်ဖြင့် ဖန်တီးထားသည့်ပုံပေါက်သည်။ သို့သော် လက်နက်တစ်ခုကို ၈၈၈ ယွမ်သတ်မှတ်သည့် လုပ်ရပ်က ဘာမှ အဓိပ္ပာယ်မရှိပါ။
သို့သော်လည်း ဂိမ်းက စုတ်ပြတ်နေသည်ဟု ပြောလို့လည်းမရပေ။ အနီရောင်ချီလင်လက်နက်ကလွဲပြီး ဂိမ်းက လုံးဝ အခမဲ့ကစားနိုင်သည့် ဂိမ်းမျိုးဖြ်စသည်။ ထို့အပြင် ၈၈၈ ယွမ်တန် အနီရောင်ချီလင်လက်နက်တွင် သိသိသာသာ ပိုကောင်းသည့် Stats များလည်းမရှိပါ။
ဒီရောင်းချမှုအပိုင်းက ဒီဇိုင်းနာကို တစ်မူ ထူးခြားသော လုပ်ရပ်မျိုးကြောင့် ပြတိုက်ထဲ ထည့်ထားလို့ရသည်ဟု ချန်းရှခံစားမိသည်။
သို့သော်လည်း တော်တော့်ကို နက်ရှိုင်းလှသည်။