အခန်း(၆၂) တကယ်ကြီး ဇာတ်ကြောင်းမုဒ်ရှိနေတာလား
Vol. 5 Ch. 62
အခန်း(၆၂) တကယ်ကြီး ဇာတ်ကြောင်းမုဒ်ရှိနေတာလား
ဒီလိုဆို ငါ့ကို အနီရောင်ချီလင်လက်နက်တစ်လက် လက်ဆောင် ပေးနိုင်ဖို့ အကောင်းဆုံးကြိုးစားပေးမယ်လို့ လင်းဝမ်ပြောခဲ့တုန်းက ငါ့ကို ဦးစားပေးခဲ့တာလား။
ဘာပဲဖြစ်ဖြစ် အနီရောင်ချီလင်လက်နက်ရဲ့စျေးက ၈၈၈ ယွမ်တောင်လေ...
သို့သော်လည်း ထိုအဓိပ္ပာယ်မရှိသည့် အတွေးကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီးနောက် ချန်းရှ ခေါင်းခါလိုက်သည်။
အနီရောင်ချီလင်လက်နက်ကဘာလို့ ၈၈၈ ယွမ် တန်ရမှာလဲ။ ဂိမ်းထဲက ကုတ်တချို့ပဲကို။ ဘာလို့ လူတွေက ဝယ်ရမှာလဲ။
ဘယ်သူမှ မဝယ်ရင် အနီရောင်ချီလင်လက်နက်က တန်ဖိုးမဲ့မသွားနိုင်ဘူးလား။
ဟုတ်တယ်။ အနီရောင်ချီလင်လက်နက်ကိုမဝယ်ရင် ကစားသမားအားလုံးအတွက် ဒီဂိမ်းက အရမ်းမျှတသွားလိမ့်မည်။
ချန်းရှက ဒီဂိမ်း၏ ရည်ရွယ်ချက်ကို တကယ် နားမလည်နိုင်ပေ။ Counter Strike လိုမျိုး ဂိမ်းထဲမှာ ဝယ်ယူစရာ ဘာမှမပါဘဲ ဂိမ်းကို ရောင်းချခြင်းဖြင့်သာ အမြတ်ရသော ဂိမ်းကိုလည်းမြင်ဖူးသည်။ အခမဲ့ ဒေါင်းလုတ်ဆွဲနိုင်သော်လည်း ဂိမ်းထဲတွင် ပရီမီယံအဆင့်များသို့ တက်အောင် ကစားသမားများကို ဆွဲဆောင်နိုင်သည့် ပရီမီယံစနစ်များပါဝင်သည့် Bullet Hole လို ဂိမ်းမျိုးကိုလည်း မြင်ဖူးသည်။
သို့သော် သမုဒ္ဒရာရဲတိုက်လို ဂိမ်းမျိုးကိုတော့ သူတစ်ခါမှမတွေ့ခဲ့ဖူးချေ။
စပ်စုလိုစိတ်ဖြင့် ချန်းရှ ဂိမ်းစတိုးထဲက ထွက်လိုက်ပြီး ဂိမ်း၏ တခြား လုပ်ဆောင်ချက်များကို ကြည့်လိုက်သည်။
"ဂိမ်းထဲမှာ တိုက်ခိုက်ရေးမုဒ်တွေအများကြီးပဲ။ တစ္ဆေမုဒ်နဲ့ ဓာတုဇီဝမုဒ်ဟုတ်လား တစ်ခါမှ မကြားဖူးဘူး။"
"ဘာလဲဟ။ ဘာလို့ ဇာတ်ကြောင်းမုဒ်တစ်ခုရှိနေတာလဲ။"
တစ္ဆေမုဒ်နှင့် ဇီဝဓာတုမုဒ်များကို မမြင်သောအခါ ရှန်းရှအံ့အားသင့်မိသည်။ သို့သော်လည်း ထိုဂိမ်းမုဒ်များက သူ့ကို လန့်သွားအောင် မလုပ်နိုင်ခဲ့ပေ။
ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ရေး FPS ဂိမ်းများတွင် ဆန်းသစ်သော ဂိမ်းမုဒ်များပါလာတာ ပုံမှန်ပဲဖြစ်သည်။
သို့သော်လည်း ဇာတ်ကြောင်းမုဒ်ကို မြင်လိုက်ရချိန်တွင် ချန်းရှ ကြက်သေသေသွားရသည်။
Counter Strike ဖြစ်ဖြစ် တခြား ပြည်တွင်း FPS ဂိမ်း ထုတ်လုပ်သူများဖြစ်ဖြစ် ဘယ်သူကမှ ဇာတ်ကြောင်းမုဒ် မလုပ်ဖူးကြပါ။
FPS ဂိမ်းများထဲတွင် ဇာတ်လမ်းတစ်ခု ဖန်တီးခြင်းက အားအများကြီး စိုက်ထုတ်ရသော်လည်း ကျေနပ်စရာ မကောင်းသည့် ရလဒ်မျိုးသာ ရတတ်တာမျိုးဖြစ်သည်။ ပြည်တွင်းဂိမ်း ထုတ်လုပ်သူအများစုက ဒါမျိုးကို လုပ်မှာမဟုတ်ပေ။
တချို့နာမည်ကျော်ဂိမ်းများတွင် ဇာတ်လမ်းများ ပါတတ်၏။ သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု အများကြီး လိုအပ်သည့် ပရောဂျက်ကြီးများဖြစ်ကြသည်။ ၎င်းတို့က သာမန် FPS ဂိမ်းများနှင့်ယှဥ်လျှင် လုံးဝ ခြားနားသော concept များ ဖြစ်ကြသည်။
ဆန်းစထရိုက်ခ် စတူဒီယိုက အချိန်တွေအများကြီး အကုန်ကျခံကာ Bullet Hole ကို ရှုထောင့်တိုင်းက ပြီးပြည့်စုံသော ဂိမ်းတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့သည်။ သို့သော် သူတို့လည်း ဇာတ်ကြောင်းမုဒ်တစ်ခု မထည့်ခဲ့ပေ။
အကြောင်းပြချက်တစ်ခုကတော့ ကျိုးမူယန်က မလိုအပ်ဘူးဟု ခံစားရသောကြောင့်ဖြစ်သည်။ ဒုတိယတစ်ခုက လုပ်ဖို့ယုံကြည်ချက် မရှိသောကြောင့်ဖြစ်သည်။
ဆန်းစထရိုက်ခ် စတူဒီယိုတောင် Bullet Hole မှာ မလုပ်ရဲခဲ့တာမျိုးကို နာမည်သိပ်မရှိသည့် သမုဒ္ဒရာရဲတိုက်က ဘာကြောင့် ဇာတ်ကြောင်းမုဒ်တစ်ခု ထည့်သွင်းရဲခဲ့သနည်း။
ချန်းရှ စိတ်ဝင်စားလာခဲ့သည်။
သူထင်ထားသလိုမျိုး ဂိမ်းကို မပိတ်ခဲ့ဘဲ ဇာတ်ကြောင်းမုဒ်ကို စမ်းကစားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
သူပျင်းရိပြီး စိတ်ပျက်ဖို့လည်း အသင့်ပြင်ထားလိုက်ပြီဖြစ်သည်။
...
ဇာတ်ကြောင်းမုဒ်ထဲသို့ ဝင်လိုက်သည်။
အနက်ရောင် မျက်နှာပြင်ကြီး။
အနက်ရောင် မျက်နှာပြင်ကြီးက နည်းနည်း ကြာလာသည်။
ဂိမ်းထဲတွင် Bug ရှိနေသည်ဟု ချန်းရှ ထင်မိတော့မလိုဖြစ်သွားသည်။ သို့သော်လည်း သိပ်မကြာခင်တွင် သူ့နားကြပ်များထဲက အသံများကို ကြားလာရသည်။
"သူ သေပြီလား။"
"မသိဘူးလေ။ မသေရုံတမယ် ဖြစ်နေတာနေမှာပေါ့။ ဒါပေမဲ့ G ဗိုင်းရပ်စ်ကူးပြီးတော့ အသက်ရှင်နိုင်စရာ အကြောင်း မရှိဘူး။"
"ဒါဆိုလည်း သူ့ကို ဒီမှာပဲ ပစ်ထားခဲ့တာပေါ့။"
အသံများက အင်္ဂလိပ်အသံဖြစ်ပြီး ဒေသ စကားသံများ ရှိကြသည်။ ကံကောင်းစွာဖြင့် အနက်ရောင် မျက်နှာပြင်တွင် စာတန်းထိုးပါရှိ၏။
မျက်နှာပြင်က အမှောင်ထဲတွင် တုန်ယင်သွားသည်။ ဇာတ်လိုက်ကို တစ်နေရာရာသို့ လွှင့်ပစ်သွားသည်ကို ဖော်ပြနေခြင်းဖြစ်သည်။
ထို့နောက် ခြေသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့သည်။
မျက်နှာပြင်က မည်းမှောင်နေဆဲဖြစ်သည်။ သို့သော်လည်း ခပ်လှမ်းလှမ်းတွင် အလင်းပေါက်ကလေးများ ပေါ်လာသည့်ပုံပင်။ နေ့ဘက်တွင် သာမန်လူတစ်ယောက် မျက်လုံးမှတ်ထားခြင်းနှင့် တူညီသည်။ မျက်ခွံကို ထိုးနေသည့် အလင်းများကို မျက်လုံးများက မြင်နိုင်သည်။
ချန်းရှ၏ နားကြပ်ထဲသို့ အသံများ ထပ်ဝင်လာသည်။
အသံရှူပြင်းပြင်း၊ ပျော့ပြောင်းသော ညည်းညူသံများ ပေါ်လာသည်။ ဇာတ်လိုက်၏ အသံများ ဖြစ်နိုင်ခြေများသည်။
တစ်ခုခု တွားသွားနေသော သို့မဟုတ် ထော့နဲ့ထော့နဲ့ သွားနေသော အသံများကို မသဲမကွဲ ကြားနေရသည်။
လည်ချောင်း၏ အနောက်ဘက်မှ ထွက်လာသောအသံတချို့ကိုလည်း ကြားရသည်။ ဇွန်ဘီများ၏ ပုံမှန် အသံများဖြစ်သည်။ ဝေးလံသည့် တစ်နေရာမှ ၎င်းတို့၏ မာန်ဖီသံများ ထွက်လာသည့်ပုံဖြစ်သည်။
သိပ်မကြာခင် အဝန်းနှစ်ခုကို ဖန်သားပြင်ပေါ်တွင် မြင်လာရသည်။ အဝန်းနှစ်ခုက ဝိုင်းရံထားသည့် နေရာများတွင် မှုန်ဝါးသော ပုံရိပ်များကို မြင်နိုင်သည်။ ဒါက ဇာတ်လိုက် မျက်လုံးကို ဖွင့်လိုက်သောအခါ မြင်ကွင်းကို နှစ်ထပ် မြင်နေရခြင်းဖြစ်သည်။
ဆက်တိုက် မျက်တောင်ခတ်ကြည့်လိုက်သောအခါ ဇာတ်လိုက်၏ အမြင်အာရုံက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ နောက်ဆုံးတော့ ချန်းရှ ဂိမ်း၏ ရုပ်ထွက်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါပြီ။
သူ့မျက်လုံးရှေ့တွင် ပထမဆုံး ပေါ်လာသည့် အရာက လက်တစ်ဖက်ဖြစ်၏။ လက်က ဖြူဖပ်နေသည်။ ၎င်း၏ သွေးကြောများလည်း ပေါက်ထွက်နေပြီး လူသေတစ်ယောက်၏ လက်ဖြစ်နေသည်။
ဇာတ်လိုက်ကော ချန်းရှပါ ထိတ်လန့်သွားသည်။
ဇာတ်လိုက်က ရုန်းကန်ရင်း မတ်တတ်ရပ်ကြည့်လိုက်သည်။ ထိုသို့ လုပ်ရင်း ပို၍ကြောက်ဖို့ ကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည်။ သူက နူးညံ့သော ခုတင်ပေါ်မှာ အိပ်နေတာ မဟုတ်ဘဲ အလောင်းပုံကြီးတစ်ခုပေါ်တွင် လဲနေခြင်းဖြစ်သည်။
အလောင်းတစ်လောင်းချင်းစီတိုင်းက ခြားနားနေ၏။ ၎င်းတို့ထဲက တချို့ကို ပြင်းပြင်းထန်ထန် ပိုင်းဖြတ်ထားပြီး ကြောက်ဖို့ကောင်းသည်။ စားထားသည့် ညစာကိုပင် ပြန်အန်ထွက်စေနိုင်လောက်သည်။ တချို့ကတော့ သာမန်အလောင်းများ ဖြစ်ကြသည်။ သိသာထင်ရှားသည့် ပြင်ပ ဒဏ်ရာများကို မတွေ့ရပါ။ ၎င်းတို့၏ ပုံမှန်မဟုတ်သော တစ်ခုတည်းသော ဝိသေသလက္ခဏာက ၎င်းတို့၏ ဖြူဖတ်နေသော အသားအရည်နှင့် ထင်းနေသောသွးကြောကြီးများဖြစ်ကြသည်။
တချို့က စတင်ပြီး ပုပ်သိုးနေလေပြီ။ ပုံမှန်မဟုတ်သည့် အသားများက အလောင်းများပေါ်တွင် စတင်ပေါက်လားပြီး ၎င်းတို့ သန္ဓေပြောင်းလဲနေခြင်းဖြစ်သည်။
သွေးအိုင်များက ခြောက်သွေ့ပြီး ခဲနေပါပြီ။ ထိုအလောင်းများက တစ်ခုနဲ့တစ်ခုချိတ်ဆက် နေကြပြီး ခွာလို့မရတော့သည့်ပုံပင်။
ထိုအချိန်တွင် ဇာတ်လိုက်ကလည်း သူတို့ထဲက တစ်ကောင်ဖြစ်လာလုနီးပါးဖြစ်နေသည်။
ဇာတ်လိုက်က အလောင်းပုံကြီး၏ အစပ်နားတွင် ရှိနေသည်။ သူ့ကို ဒီသယ်လာသည့် လူများက အလောင်းပုံကြီးနား မကပ်ချင်ကြတာ သိသာသည်။ ထို့ကြောင့် သူ့ကိုဒီနားတွင်သာ ပစ်ထားခဲ့ခြင်းဖြစ်၏။
အနည်းငယ် မူးဝေသွားပြီးသောအခါ ဇာတ်လိုက်က အလောင်းပုံကြီးအပေါ်မှ မြေပေါ်သို့ ပြုတ်ကျလာ၏။ သူအနည်းငယ် အနားယူလိုက်ပြီး အားအင်တချို့ပြန်ပြည့်ဝသွားသောအခါ နောက်ဆုံးတော့ မတ်တတ်ရပ်နိုင်ခဲ့သည်။
ထိုအခါ ချန်းရှက ဇာတ်လိုက်ကို ထိန်းချုပ်နိုင်သွားပြီး ဇာတ်လိုက်၏ အမြင်အာရုံနှင့် လှုပ်ရှားမှုများကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။
ရိုးရှင်းသော ညွှန်ကြားချက်တချို့က ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ ချန်းရှက သူ့ဘေးပတ်လည်ကို မောက်စ်ဖြင့် ကြည့်နိုင်သည်။ ဦးတည်ချက်မျိုးစုံသို့ WASD ကီးများကို အသုံးပြုပြီး ရွေ့လျားနိုင်၏။
ဒါက FPS ဂိမ်းများအတွက် ပုံမှန်အခြေခံ PC ကွန်ထရိုးများဖြစ်သည်။ ကစားသမားတချို့က ဒီလိုဂိမ်းမျိုးကို မကစားဖူးမှာကို ထည့်တွက်ပြီး သမုဒ္ဒရာရဲတိုက်က အလွန်အသေးစိတ် ကျသော လမ်းညွှန်မှုကို ထည့်သွင်းထားပေးသည်။ နိုင်ငံခြားက AAA ဂိမ်းတစ်ခုကို ကစားနေရသလိုပင်။
First-Person ရှုထောင့်ဖြင့် ချန်းရှက သူ့ကိုယ်သူ ဂိမ်းထဲက ဇာတ်ကောင်အဖြစ် လုံးဝ သတ်မှတ်လိုက်ပြီဖြစ်သည်။
သူ့ဘေးပတ်လည်က မှောင်မိုက်နေသည်။ သို့သော်လည်း ဇာတ်လိုက်က စစ်တပ်ခံတပ်တစ်ခုနှင့် တူသော အဆောက်အဦတစ်ခုထဲတွင် ရှိနေတာာကို ပြောနိုင်သည်။
ထိုင်ခုံများ၊ ဧရာမ အစည်းအဝေစားပွဲကြီးတစ်လုံးနှင့် စစ်တပ်သုံး ကွန်ပျူတာတချို့လည်း ရှိသည်။ သို့သော်လည်း အားလုံးကို စွန့်ပစ်ထားကာ ဒီနေရာတွင် လွှင့်ပစ်ထားကြသည်။ ပရိဘောဂများပေါ်တွင် ပုံနေသည့် အလောင်းများစွာလည်း ရှိနေသည်။
ချန်းရှ အကြီးမားဆုံး အလောင်းပုံကြီးကို ကြည့်လိုက်သောအခါ သူအမြင်မှားတာလား မသိပေ။ အလောင်းပေါ်ကြီး၏ အောက်ဘက်တွင် မြုပ်နေသည့် လက်တစ်ချောင်းမှာ ရုန်းကန်ပြီး အနည်းငယ် ရွေ့လျားသွားတာကို မြင်လိုက်ရသည်။
ထိုမြင်ကွင်းကြောင့် ချန်းရှ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားရသည်။ ထွက်ပေါက် တစ်ပေါက်ကို စတင်ရှာဖွေလိုက်သည်။
စုစုပေါင်း ထွက်ပေါက် သုံးပေါက်ရှိပြီး အပေါ်တွင် အလင်းရောင် မီးအလင်းများ လင်းနေကြသည်။ အလင်းတစ်ခုတွင် ထွက်ပေါက်ဟု ရေးထားသည်။ အခန်းထဲက မီးများကတော့ ပွင့်မနေပါ။ ဇာတ်လိုက်က ထွက်ပေါက်မှ မီးအလင်းများကို အားကိုးပြီး အခန်းထဲက အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ချန်းရှက ဇာတ်လိုက်ကို ထိန်းချုပ်ရင်း အနီးဆုံးရှိ တံခါးထံသို့ လျှောက်သွားလိုက်သည်။
ဇာတ်လိုက်က ဖြည်းညှင်းစွာ လမ်းလျှောက်နေသည်။ မကြာခဏဆိုသလို သူ့အမြင်အာရုံက ဝေဝါးသွားတတ်သည်။ သူ့ညာလက်က လှုပ်ရှားမှုနှင့်အတူ လှုပ်ယမ်းနေသည်။ သို့သော်လည်း သူ့ဘယ်လက်ကိုတော့ သူ့ဗိုက်ပေါ်မှာ တင်ထားသည်။ သူနေထိုင်မကောင်းတာ သိသာသည်။
ပထမတံခါးကို ရောက်သွားတော့ ကြိုးစားပြီး တွန်းဖွင့်ကြည့်လိုက်၏။ သို့သော် မအောင်မြင်။ ကြည့်ရတာ တံခါး လော့ကျနေသည်။ သို့မဟုတ် ဟိုဘက်မှ တံခါးကိုတစ်ခုခုဖြင့် ကာထားသည့်ပုံ ပေါက်နေသည်။
ထို့နောက် ဒုတိယတံခါးထံသို့လာခဲ့သည်။ ထိုတံခါးတွင် ဒစ်ဂျစ်တယ်လော့ တစ်ခုရှိ၏။ တံခါးဖွင့်ဖို့အတွက် ဖြတ်သန်းခွင့်ကတ်တစ်ကတ် ရှိရန် လိုအပ်သည်။
ထို့နောက် ချန်းရှက ဇာတ်လိုက်ကို ထပ်ပြီး ထိန်းချုပ်လိုက်သည်။ လေးလံသော ခြေလှမ်းများနဲ့အတူ ဇာတ်လိုက်က အလောင်းပုံကြီးထံသို့ ထပ်ချဥ်းကပ်လာပြီး တံခါးသုံးချပ်အကြားတွင် အဝေးဆုံးဖြစ်သော တတိယတံခါးထံသို့ လျှောက်သွားလိုက်သည်။
အဝေးကကြည့်လိုက်လျှင် တံခါးကို အနည်းငယ် ဟထားသည့်ပုံပေါက်ပြီး ဝင်နိုင်မည်ထင်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသည်။ ဇာတ်လိုက်၏ အသက်ရှူသံနှင့် ခြေသံများကိုသာ ကြားရတော့သည်။
ထိုအချိန်တွင် အလောင်းတစ်ခုက အလောင်းပုံကြီး၏ အလယ်မှ ရုတ်တရက်ကြီး ဆတ်ခနဲ လှုပ်ရှားကာ ဇာတ်လိုက်၏ ညာဘက်ခြေထောက်ကို ဆွဲကိုင်လိုက်သည်။ ၎င်း၏ ပါးစပ်ကို အကျယ်ကြီးဟကာ ခြေထောက်ကို ကိုက်လိုက်၏။
ဇာတ်လိုက်က နာကျင်မှုဖြင့် အော်ဟစ်လိုက်သည်။ မျက်နှာပြင် ဘေးဘက်များက အနီရောင် ပြောင်းသွားသည်။ ဇာတ်လိုက် တိုက်ခိုက်ခံရတာကို ဖော်ပြနေခြင်းဖြစ်သည်။