အခန်း(၆၄) ဇာတ်လမ်းဇာတ်ကွက် ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားဘူး
Vol. 5 Ch. 64
အခန်း(၆၄) ဇာတ်လမ်းဇာတ်ကွက် ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားဘူး
ခဏကြာသောအခါ ဇာတ်လိုက်က သတိပြန်လည်လာ၏။
ထိုအခန်းထဲမှာပဲ ရှိနေဆဲဖြစ်ပြီး သန္ဓေပြောင်း သတ္တဝါများ၏ အလောင်းဘေးတွင် လဲနေတာကို မြင်လိုက်ရသည်။
သို့သော်လည်း သူ့အသက် အခြေအနေက အများကြီး ပိုတိုးတက်သွားသည်။ ဗိုင်းရပ်စ်ပိုး ကူးစက်ပြီးနောက် သူခံစားခဲ့ရသည့် အဖျားရောဂါလက္ခဏာများလည်း ပျောက်ကွယ်သွားပါပြီ။
ကလေးမလေးတစ်ယောက်က စွန့်ပစ်ဗီရိုတစ်လုံး အနောက်တွင် ပုန်းနေသည်။ သူ့ကို စိတ်ဝင်စားမှု၊ သတိရှိမှုများဖြင့် ကြည့်နေ၏။
ဇာတ်လိုက်က ကလေးမလေးကို ဘာသာစကားမျိုးစုံ သုံးကာ ဆက်သွယ်ဖို့ ကြိုးစားကြည့်သည်။ ကလေးမလေးက တရုတ်စကားနားလည်တာကို သတိထားမိသည်။ သို့သော် ဘာမှမတုံ့ပြန်နိုင်ပေ။။ သူမ၏ ပါးစပ်ကို လက်ညှိုးထိုးပြပြီး လက်ခါပြလိုက်သည်။
"သြော် စကားမပြောနိုင်ဘူးကို။ သူက ဇာတ်လမ်းထဲက ဇာတ်ကောင်တစ်ကောင်လား" ချန််းရှက စဥ်းစားလိုက်သည်။
သည်လိုနှင့် ဇာတ်လမ်းဆက်ခဲ့သည်။
ဇာတ်လိုက်က မတ်တတ်ရပ်လိုက်ပြီး ရင်းနှီးသည့် အပြုအမူမျိုးဖြင့် ကောင်မလေးကို ချဥ်းကပ်လိုက်ကာ သူမကို စကားပြောဖို့ ကြိုးစားကြည့်လိုက်သည်။ ထိုမှတစ်ဆင့် သူ့ကို ကယ်တင်ခဲ့တာ သူမဖြစ်ကြောင်း သိလိုက်ရသည်။
ကလေးမလေးက ဇာတ်လိုက်ကို ထူးဆန်းသည့် ဆေးထိုးအပ်တစ်ချောင်းကို ပြခဲ့သည်။ ဤခံတပ်ထဲက သိပ္ပံပညာရှင်များ ဖန်တီးထားတာ ဖြစ်နိုင်ပြီး ခန္ဓာကိုယ်ထဲမှ သွေးများစု ထုတ်ယူ၊ အရည်များသွင်းနိုင်ဖို့ အသုံးပြုနိုင်သည်။
ဇာတ်လိုက်က သူကူးစက်ခံထားရသည့် ဗိုင်းရပ်စ်ကို ဖိနှိပ်ပြီး သူ့ကို ကုသပေးနိုင်ခဲ့တာ ကောင်မလေး၏ သွေးကြောင့်ဖြစ်ကြောင်း မသဲမကွဲ နားလည်လိုက်သည်။ ထို့ကြောင့်လည်း သူ ဇွန်ဘီအဖြစ် ပြောင်းလဲမသွားခြင်း ဖြစ်သည်။
ကလေးမလေးက ဇာတ်လိုက်ကို အနီးအနားရှိ သုတေသန ဓာတ်ခွဲခန်းတစ်ခုဆီသို့ ခေါ်လာခဲ့သည်။ ဓာတ်ခွဲခန်းက ရှုပ်ပွနေ၏။ ဒီထဲတွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည့်ပုံပင်။ လေထဲတွင်လည်း ခပ်စူးစူး အနံ့တစ်ခုထွက်နေ၏။ ဇာတ်လိုက်က အနီးအနားရှိ အလောင်းတစ်လောင်းထံမှ ဓာတ်ငွေ့ မျက်နှာဖုံးတစ်ခုကို တပ်ဆင်ပြီးမှ ဓာတ်ခွဲခန်းထဲ ဝင်ရဲခဲ့သည်။
ဇာတ်လိုက်က ဓာတ်ခွဲခန်းထဲတွင် ကျန်ခဲ့သည့် စာရွက်စာတမ်းများနှင့် ဒီနေရာကြီး၏ အခြေအနေကို ကြည့်ရင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ခန့်မှန်းမိသည်။
ကလေးမလေး၏ ခန္ဓာကိုယ်တွင် ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်သည့် ပဋိပစ္စည်းတစ်မျိုးရှိသည်။ သူမ၏ သွေးက ဗိုင်းရပ်စ်ကို ကုသပေးနိုင်သည်။ ခံတပ်ထဲတွင် ဗိုင်းရပ်စ်ပိုး လည်ပတ်သွားသောအခါ ကြေးစားအဖွဲ့တစ်ဖွဲ့အား ကလေးမလေးကို ဓာတ်ခွဲခန်းမှ ခေါ်ထုတ်လာဖို့ တာဝန်ပေးခံခဲ့ရသည်။ သို့သော်လည်း ထိုသို့ ခေါ်ထုတ်လာရင်း ဇွန်ဘီတိုက်ခိုက်ခံရမှုနှင့် ကြုံခဲ့ရသည်။ ပြင်းထန်းသည့် တိုက်ပွဲအကြားတွင် အဖွဲ့က ဇွန်ဘီများကို သတ်ဖို့အတွက် အထူး အဆိပ်ဓာတ်ငွေ့တစ်မျိုးကို ထုတ်ခဲ့သည်။ ကံဆိုးသည်မှာ ဇွန်ဘီအရေအတွက်က သူတို့အဖွဲ့တိုက်ခိုက်ဖို့အတွက် များလွန်းနေဆဲ ဖြစ်ကာ နောက်ဆုံးမှာတော့ သူတို့အားလုံး စတေးခဲ့ရသည်။
ထိုအချိန်တွင် ခံတပ်ထဲတွင် နဂိုကတည်းက ရှိနေခဲ့သော ဇွန်ဘီများနှင့် ဇွန်ဘီအဖြစ် ပြောင်းလဲသွားသော အဖွဲ့ဝင်များမှာ အဆိပ်ဓာတ်ငွေ့ကြောင့် အားလုံးသေဆုံးသွားခဲ့ကြသည်။
လက်နက်ကိရိယာများလည်း ပျက်စီး ချို့ယွင်းကုန်ကြသည်။ ကလေးမလေးကတော့ လွတ်မြောက်လာခဲ့၏။ သူမခန္ဓာကိုယ်ထဲက ပဋိပစ္စည်းများမှာ ဇီဝဓာတု ဗိုင်းရပ်စ်နှင့် အဆိပ်ဓာတ်ငွေ့များကို ခံနိုင်ရည်ရှိသည်။ ထို့အပြင် သူမ၏ သွေးကလည်း ကူးစပ်ခံထားရသော လူများကို ကုသပေးနိုင်သည်။
သို့သော် သွေးထုတ်ယူရာတွင် အထူးကိရိယာတစ်ခုကို အသုံးပြုရသည်။ ကလေးမလေး ခုနက ကိုင်ထားသည့် အထူးဆေးထိုးအပ်မျိုးဖြစ်သည်။ အသုံးပြုပြီးတာနှင့် စွန့်ပစ်ရသည်။
ထို့ကြောင့် ဇာတ်လိုက်က ကလေးမလေးကို ခေါ်ရင်း ခံတပ်မှ ထွက်ပေါက်ကို ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေရင်း ချန်းရှ အတားအဆီးများနှင့် ထပ်တွေ့ခဲ့ရသည်။
မြေပုံက ပိုပိုပြီး ရှုပ်ထွေးလာခဲ့သည်။ တစ်ခါတစ်ရံ ချန်းရှက ဆက်ရွေ့လျားနိုင်ဖို့အတွက် ရိုးရှင်းသည့် ပဟေဠိများကိုပင် ဖြေရှင်းရတတ်သည်။
ထိုသတ္တဝါများကို တိုက်ခိုက်ရသည့် ခက်ခဲမှုကလည်း ပိုမိုပြင်းထန်လာခဲ့သည်။ ဇွန်ဘီတချို့တွင် လျင်မြန်ခြင်း၊ အလွန်ရှည်လျားသော အသက်ဘားများ၊ ကိုယ်တစ်ဝက်ပျောက်အောင် လုပ်နိုင်စွမ်း အစရှိသော သန္ဓေပြောင်းစွမ်းရည်တချို့ ပါဝင်လာခဲ့သည်။ ကြေးစားများ၏ လက်နက်ကလည်း ပိုပိုပြီး အဆင့်မြင့်လာ၏။ လူဦးရေလည်း တိုးလာခဲ့သည်။
ထိုရန်သူများကို တိုက်ခိုက်ခြင်းအပြင် ချန်းရှက မြေပုံထဲရှိ ရင်းမြစ်များကိုလည်းရှာဖွေရကာ မဖြုန်းတီးမိအောင် ကျည်ဆန်ကိုလည်း တွက်ချက်ရသေး၏။
ကျည်ဆန်နှင့် ဆေးအကူပစ္စည်းများအပြင် ဇာတ်လိုက်က ဆေးထိုးအပ် ရင်းမြစ်များကိုလည်း ရှာဖွေရသေးသည်။
ကလေးမလေး၏ သွေးက သူ့ကို ဇွန်ဘီဗိုင်းရပ်စ်ပိုး ရာသက်ပန်ခံနိုင်အောင် လုပ်ဆောင်မပေးနိုင်ပေ။ ဇာတ်လိုက် အကိုက်ခံလိုက်ရပါက ဗိုင်းရပ်စ် ထပ်ကူးစက်နိုင်သေးသည်။ ထိုအခါ ကလေးမလေးထံမှ သွေးကို ထိုးသွင်းဖို့ လိုအပ်သည်။
ဆေးထိုးအပ်များ မရှိလျှင် ကလေးမလေးက ဇာတ်လိုက်ကို သွေးထိုးသွင်းပေးနိုင်မည် မဟုတ်ပေ။
ထို့အပြင် နယ်မြေတချို့၌ ကလေးမလေး၏ အကူအညီကို လိုအပ်သည်။
သူမတွင် တိုက်ခိုက်စွမ်းရည်မြင့်မြင့်မားမား မရှိသော်လည်း တခြား ကဏ္ဍများစွာတွင် ကူညီပေးနိုင်သည်။ ဥပမာအားဖြင့် တချို့ အဟန့်အတားများအတွက် ပဟေဠိများကို ဖြေရှင်းရာတွင် ချန်းရှ ကလေးမလေးနှင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သည်။ သူမက သေးငယ်၊ သွက်လက်ပြီး အဆိပ်ဓာတ်ငွေ့နှင့် ဗိုင်းရပ်စ်ပိုးများကို ခံနိုင်ရည်ရှိသည်။ သူမ၏ သွေးကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာသော အားနည်းမှုများကို ဖယ်ရှားနိုင်ပြီး ဇာတ်လိုက်၏ အသက်ဘားကို ပြန်ဖြည့်နိုင်သည်။
တိုက်ပွဲပြင်ပတွင် ကလေးမလေးက ကွယ်ပျောက်နေသည့် ပစ္စည်းများကို ကူညီပြီး ရှာဖွေပေးလိမ့်မည်။
ကလေးမလေးက အနီးအနားတွင်ရှိနေသော ဇွန်ဘီများကို အာရုံခံနိုင်စွမ်းရှိ၏။ သူတို့ လမ််းလျှောက်နေစဥ် ကလေးမလေးက ရုတ်တရက်ကြီး ပုန်းခိုဖို့ နေရာရှာပါက တိုက်ပွဲစတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ကလေးမလေးကြောင့် သူ့စိတ်ခံစားချက် လွှမ်းမိုးမှုရှိနိုင်သည်ကို ချန်းရှ ခံစားမိသည်။
ကလေးမလေးနှင့်အတူတူ အဟန့်အတားတစ်ခုကို ကျော်ဖြတ်ပြီးသောအခါ အလွန်ဂုဏ်ယူမိ၏။
ကလေးမလေးအား ဇွန်ဘီများ ဝိုင်းရံထားတာကို မြင်လျှင် အလွန်ထိတ်လန့်ပြီး ထိုနေရာသို့ ချက်ချင်း ရောက်သွားချင်မိသည်။
သွေးထုတ်ယူပြီးသောအခါ ကလေးမလေး အားနည်းသွားတာကိုမြင်ပြီး စိတ်ဓာတ်ကျမိပါသေးသည်။ သူ့ကိုယ်သူ ညံ့လွန်းသည်ဟု အပြစ်တင်ကာ တိုက်ပွဲအတွင်း ဒဏ်ရာမရလျှင်ကောင်းမည်ဟု တွေးမိသည်။
...
ချန်းရှသည် အမှတ်တမဲ့ ဂိမ်းကို စွဲလမ်းသွားခဲ့သည်။
ပြောရမည်ဆိုလျှင် သမုဒ္ဒရာရဲတိုက်မှာ ရှုထောင့်မျိုးစုံတွင် နိုင်ငံခြားက AAA ဂိမ်းများနှင့် နှိုင်းယှဥ်လို့ မရသေးပေ။ ဥပမာအားဖြင့် ၎င်း၏ ဂိမ်းအရည်အသွေး (ရုပ်ထွက်၊ ဇာတ်ကောင်မော်ဒယ်၊ အက်ရှင်၊ အသေးစိတ် စသည်) နှင့် ဇာတ်ကွက်၏ လှည့်ကွက်များဖြစ်သည်။
သို့သော်လည်း ချန်းရှက ဒီဂိမ်းကိုစွဲလမ်းမိသည်။ တခြား နိုင်ငံခြားက AAA ဂိမ်းများဖြင့် ခြားနားသည်ဟု ခံစားမိသည်။
ဇာတ်လိုက်က သာမန်နိုင်ငံသားတစ်ဦးဖြစ်သည်။ အခြေမဲ့အဖွဲ့အစည်းတစ်ခု၏ လျှို့ဝှက်ခံတပ်ထဲသို့ အမှန်တရားကို လာရောက်ရှာဖွေသော အထူးတပ်ဖွဲ့နှင့် ပါလာခဲ့သည်။ သူက ဘာသာစကားများစွာ တတ်ထားသော်လည်း အနားယူနေစဥ် ကိုယ့်ကိုယ်ကိုယ် စကားပြောသည့်အခါ တရုတ်စကားကို သုံးခဲ့သည်။ ကလေးမလေးကိုလည်း တရုတ်စကားသုံးကာ ပြောတတ်၏။ ထို့ကြောင့် ဂိမ်းမှာ အလွန်အမင်း နစ်မျောသွားစေသည်။
ဇာတ်လိုက်က သာမန်နိုင်ငံသားတစ်ဦးဖြစ်သည့်အခါ ကစားသမားများ ဂိမ်းကို ဆွဲဆောင်မှုရှိသည်ဟု ထင်တာ ပုံမှန်ပဲဖြစ်သည်။ ထို့အပြင် ပြောရမည်ဆိုလျှင် ပြည်တွင်းထုတ် ဂိမ်းတစ်ခု ဒီလိုအထင်ကြီးစရာ ကောင်းသည့် ဇာတ်ကြောင်းမုဒ်တစ်ခုကို ထုတ်လုပ်နိုင်တာ အံ့သြဖို့ ကောင်းလှသည်။
Counter Strike နဲ့ Bullet Hole လို ဂိမ်းတွေကတောင် ဇာတ်ကြောင်းမုဒ်ကို မထည့်ရဲကြပေ။
သမုဒ္ဒရာရဲတိုက်၏ ဇာတ်ကြောင်းမုဒ်က ရင်းမြစ် လိုအပ်ချက်ကြောင့် တချို့ နိုင်ငံခြား AAA ဂိမ်းများထက် နိမ့်ကျသော်လည်း အရည်အသွေးက သိပ်ပြီး မကွာလှပါ။ တခြား ပြည်တွင်းထုတ်ဂိမ်းများနဲ့ ယှဥ်ကြည့်လျှင် ထိပ်တန်းအဆင့်ရှိသည်ဟု ပြောနိုင်သည်။ ထုတ်လုပ်သူများကို သူတို့လုပ်နိုင်ခဲ့သည့် အရာအတွက် အမှတ်ပြည့်ပေးသင့်သည်။
ထို့အပြင် ဂိမ်း၏ ဇာတ်ကြောင်းမုဒ်မှာအတော်လေး ရိုးရှင်းသော်လည်း လိုအပ်တာတွေတော့ ပါနေတာကို သိထားရပါမည်။
အဟန့်အတားများ၏ ဒီဇိုင်းကလည်း ကျိုးကြောင်းသင့်လျော်မှုရှိသည်။ သတ္တဝါများနှင့် သေနတ်များ မျိုးစုံရှိသည်။ အဟန့်အတားများ၏ ခက်ခဲမှုအဆင့်ကလည်း လုံလောက်မှုရှိသည်။
အထင်ကြီးစရာအကောင်းဆုံးက ကလေးမလေး၏ ဒီဇိုင်းဖြစ်သည်။ ဇာတ်လမ်းတစ်ပုဒ်လုံးကို အသက်ဝင်သွားစေသည်။
ကလေးမလေးသာ မပါလျှင် ဇာတ်ကြောင်းမုဒ်ဟုပင် မခေါ်နိုင်ဘဲ 'Infinite Mode' ဟု ခေါ်နိုင်သွားပါလိမ့်မည်။ ဘာပဲဖြစ်ဖြစ် အဟန့်အတားများ၊ ဇွန်ဘီများ၊ ကြေးစားများနဲ့သာ တိုက်ခိုက်နေရလျှင် ဇာတ်လမ်းက ဘယ်မှာလဲ။
သို့သော်လည်း ကလေးမလေးကို ထည့်လိုက်သောအခါ ဇာတ်ကြောင်းမုဒ်တစ်ခုလုံး အသက်ဝင်လာခဲ့သည်။
ပျင်းစရာကောင်းသည့် သေနတ်တိုက်ပွဲများတွင် ဝိညာဥ်တစ်ခု ပါလာသည်။ အဘယ့်ကြောင့်ဆိုသော် ကစားသမားများက ၎င်းတို့၏ စိတ်ခံစားချက်အစစ်အမှန်များကို ဂိမ်းထဲတွင် မြှုပ်နှံထားကြသောကြောင့် ဖြစ်သည်။
ကစားသမားများနှင့် ဆက်သွယ်နိုင်စွမ်းရှိသည့် ဂိမ်းများကိုသာ ဇာတ်လမ်းဇာတ်ကွက် ကောင်းမွန်သည်ဟု ဆိုနိုင်သည်။
ဂိမ်း၏ အဆုံးသတ်တွင် ဇာတ်လိုက်က အခက်အခဲအားလုံးကို ရဲရင့်စွာ ကျော်ဖြတ်ပြီး သမုဒ္ဒရာရဲတိုက်ကြီး၏ အမြင့်ဆုံးအထပ်ကို ရောက်ရှိသွားခဲ့သည်။ နောက်ဆုံး သန္ဓေပြောင်း ဘော့စ်ကြီးကို အနိုင်ယူကာ ထိုနေရာမှ ရဟတ်ယာဥ်တစ်စီးဖြင့် ထွက်ခွာနိုင်ခဲ့သည်။
ရဟတ်ယာဥ်ပေါ်တွင် ရှိနေစဥ် ဇာတ်လိုက်က ဗုံးခွဲခလုတ်ကို နှိပ်ခဲ့သည်။ သမုဒ္ဒရာရဲတိုက်၏ အပေါ်မှ ကြီးမားသည့် ဧရာမ မှိုပွင့်တိမ်တိုက်ကြီးတစ်ခု မြင့်တက်လာသည်။ မိစ္ဆာဆန်သည့် ဗိုင်းရပ်စ်စမ်းသပ်ချက်များ၊ ကြောက်စရာကောင်းသည့် သန္ဓေပြောင်း သတ္တဝါများ၊ ငွေမက်သည့် ကြေးစားများနှင့် တရားမဝင်အဖွဲ့အစည်း၏ အာဏာပိုင်များအကုန်လုံး ပင်လယ်အောက်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ဇာတ်လိုက်က ရဟယ်ယာဥ်ထဲတွင် ပျံသန်းနေစဥ် ကင်မရာက ကလေးမလေးကို ဦးတည်ပြသ၏။
ကလေးမလေးက ဇာတ်လိုက်၏ ဂျာကင်အောက်တွင် တိတ်ဆိတ်စွာ အိပ်ပျော်နေခဲ့သည်။
နေဝင်ဆည်းဆာအလယ်၊ ပေါက်ကွဲမှုကြောင့် ရိုက်ခတ်နေသည့် လှိုင်းလုံးများအက်တွင် ဇာတ်လိုက်က ကလေးမလေးနှင့်အတူ ပျံသန်းသွားခဲ့တော့သည်။ ဇာတ်ကြောင်းမုဒ် ပြီးဆုံးသွားသည်။
ဖန်တီးသူများ၏ နာမည် ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ချန်းရှ အံ့သြသွားရလောက်အောင် စုစုပေါင်း ဖန်တီးမှုအဖွဲ့တွင် လူ ၆၀ ကျော်ကျော်လေးသာ ပါဝင်သည်။
၆၀ ဝန်းကျင်နာမည်များထဲတွင် ၂၀ ဝန်းကျင်လောက်ကသာ ထန်းတာ့မှ သုတေသနနှင့် ဒီဇိုင်းဝန်ထမ်းများ ဖြစ်ကြသည်။ ကျန်တာက ဒီဂိမ်းအတွက် ထန်းတာ့ ငှားရမ်းထားသည့် ကျန်ကုမ္ပဏီများမှ ဝန်ထမ်းများ ဖြစ်ကြသည်။ ဇာတ်ကောင် မော်ဒယ် ဒီဇိုင်နာများ၊ ဂိမ်းလုပ်ဆောင်ချက် ဒီဇိုင်နာများ၊ အသံသရုပ်ဆောင်များ၊ ဂီတနှင့် အသံ effect ဒီဇိုင်နာများ စသည်တို့ပါဝင်သည်။
ဘာပဲဖြစ်ဖြစ် ချန်းရှ ထိတ်လန့်မိဆဲဖြစ်သည်။ ဒီလောက်လူနည်းနည်းလေးနှင့် ဒီလောက်အမှတ်ရစရာ ကောင်းသည့် ဇာတ်လမ်းကို ဖန်တီးနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
တကယ်တော့ သေသေချာချာ ပြန်စဥ်းစားကြည့်ရလျှင် ရင်းမြစ်များစွာကို ဇာတ်ကြောင်းမုဒ်ထဲ ထည့်ပြီး သုံးမထားသည့်ပုံပင်။ အမှတ်ရစရာကောင်းသည့် တစ်ယောက်တည်းသော ဇာတ်ကောင်က ကလေးမလေးသာ ဖြစ်သည်။
သို့သော် သမုဒ္ဒရာရဲတိုက်ဂိမ်းထဲက ဇာတ်ကြောင်းမုဒ်မှာ မေ့မရနိုင်စရာပင် ဖြစ်သည်။ ဒီဇိုင်နာများ၏ အစွမ်းအစကို သက်သေပြပြီးသားဖြစ်သွားသည်။
ချန်းရှ လုံးဝ မှင်တက်သွားမိသည်။ ထိတ်လန့်မှုမှ ပြန်ပြီးအသိဝင်လာဖို့ အချိန်အတော်ယူလိုက်ရသည်။
အစကတော့ သူတို့ဖန်တီးထားသည့် ဇာတ်ကြောင်းမုဒ်ကြောင့် သူတို့ကိုယ်သူတို့ အရှက်ရစေလိမ့်မည်ဟု ချန်းရှ ထင်ထားခဲ့သည်။ သို့သော်လည်း ကုမ္ပဏီက ဒီလောက်ထိ ကျွမ်းကျင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။