အခန်း(၆၇) ရှန်ပိန်ကို ဖောက်လိုက်တော့ ဘော့စ်ဖေး
Vol. 5 Ch. 67
အခန်း(၆၇) ရှန်ပိန်ကို ဖောက်လိုက်တော့ ဘော့စ်ဖေး
ဖေးချမ့်က အသက်ဝဝရှူပြီး ကိုယ့်ကိုယ်ကို စိတ်ထိန်းဖို့ ကြိုးစားလိုက်သည်။
တစ်ခုခုတော့ လွဲနေပြီ။
စိတ်အေးအေးထား ငါစိတ်အေးအေးထားမှဖြစ်မယ်။
ယခုတော့ သူတို့သုံးယောက် ဘာလို့ ဒီလိုပုံစံတွေ ဖြစ်နေကြတာလဲ ဖေးချမ့် နားလည်သွားပါပြီ။
ဟွမ်းစစ်ပေါ်က သူ့ခေါင်းထဲမှာမျှော်လင့်ထားခဲ့တာထက် ဂိမ်း၏ ဒေါင်းလုတ်ပမာဏများက များပြားလွန်းနေသောကြောင့် ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်စွာဖြင့် ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ရင်း စက္ကန့်တိုင်း Refresh ပြန်လုပ်နေခြင်းဖြစ်သည်။
ရှောင်လုကလည်း စိတ်လှုပ်ရှားလွန်းနေသဖြင့် ဂနာမငြိမ်ခြင်းဖြစ်သည်။
ပေါင်ရှုကတော့ တကယ်ပဲ သူ့ဖြစ်တည်မှုအကြောင်း စဥ်းစားနေတာဖြစ်သည်။ သို့သော် ဖေးချမ့် ထင်ထားတာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
"ဘော့စ်ဖေး ရှန်ပိန်"
ရှင်းဟိုက်လူကလည်း ပြုံးကာဖြင့် ရှန်ပိန် တစ်ပုလင်းကို ဖေးချမ့်အား ပေးလိုက်သည်။
ဖေးချမ့်က ရှန်ပိန်ကို ကြည့်လိုက်သည်။ အတော်လေး ထူးခြားသည့် ရှန်ပိုင်ပုလင်းဖြစ်၏။ ဝိုင်ပုလင်း၏ အခွံက ပလတ်တီနမ်ဖြင့် ပြုလုပ်ထားပြီး အင်္ဂလိပ်စာလုံးများဖြင့် ဖုံးအုပ်ထားသည်။ ဒီရှန်ပိန်ပုလင်း၏ စျေးနှုန်းကို လျှော့ပေါ့ပြီး ခန့်မှန်းကြည့်ရင်တောင် အနည်းဆုံး ဂဏန်းငါးလုံးရှိလောက်သည်။
ဖေးချမ့်က ဒီရှန်ပိုင်ပုလင်းကို ဖွင့်ဖို့အတွက် လုံးဝ စိတ်မပါလက်မပါဖြစ်နေသည်။
အဘယ့်ကြောင့်ဆိုသော် သမုဒ္ဒရာရဲတိုက် သူ့အတွက်ရှာပေးမည့် ငွေပမာဏမှာ ဒီရှန်ပိုင် ပုလင်း ရာချီပမာဏထက် အများကြီး ပိုနေမှာကို သိသောကြောင့်ဖြစ်သည်။
သို့သော်လည်း အားလုံးက သူ့ကိုစိုက်ကြည့်နေကြသဖြင့် ဖေးချမ့် ဒေါသတကြီးထွက်သွားလို့ မဖြစ်ပါ။
အားလုံးကို စနစ်တည်ရှိမှုအား သံသယဖြစ်ခွင့်ပေး၍ မဖြစ်ပေ။ သူ့တည်ရှိမှုကိုလည်း စိန်ခေါ်ခြင်း သို့မဟုတ် သံသယဖြစ်ခွင့် မပေးနိုင်ပါ။
ဖေးချမ့်က အသက်ဝဝရှူလိုက်ပြီး ရှန်ပိန်ပုလင်းကို ယူလိုက်သည်။ ဖောက်ခနဲအသံ ကြားလိုက်ရပြီးနောက် ပုလင်းပွင့်သွားသည်။
ရွှေရောင်ဖျော့ဖျော့ အရည်များက ပုလင်းထဲမှ ပြိုင်ဘက်ကင်း ရနံ့တစ်ခုနှင့်အတူ ပန်းထွက်လာသည်။ ရုံးခန်းထဲက အခြေအနေမှာ ချက်ချင်းဆိုသလိုအများကြီး ပိုပျော်ဖို့ကောင်းသွားပြီး တက်ကြွလာကြသည်။
အားလုံးက အောင်ပွဲခံနေကြ၏။ ဧည့်ကြိုနေရာမှ ကောင်မလေးနှစ်ယောက်ကလည်း ကြိုတင်ပြင်ဆင်ထားပြီးသား confetti များကို ထုတ်လိုက်ပြီး ရုံးခန်းထဲတွင် ရွှေမိုးများ ကြဲပေးလိုက်သည်။ ရှောင်လုက ကြမ်းပြင်ပေါ်တွင် ဒူးထောက်ပြီးတောင် လျှောတိုက်ချင်နေသဖြင့် ဟွမ်းစစ်ပေါ်က တားလိုက်ရသည်။
အားလုံးက ဒီလောက်ထိ အောင်ပွဲခံနေကြသော်လည်း ဖေးချမ့်ကတော့ ပြုံးနိုင်အောင်ပင် မနည်းကြိုးစားနေရသည်။ "အားလုံးပဲ တော်ကြပါတယ်။ ဆက်ကြိုးစားကြပါ။"
ဖေးချမ့်က မျက်နှာပေါ်တွင် အပြုံးတစ်ခုဆောင်ကာ သူ့ကိုယ်ပိုင်ရုံးခန်းထဲဝင်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။
ဟွမ်းစစ်ပေါ်က ဖေးချမ့်၏ နောက်ကျောကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ဟုတ်တာပေါ့။ အားလုံးက ဘော့စ်ဖေးရဲ့ အစီအစဥ်တွေပဲ။ ဒါတွေအကုန်လုံးဖြစ်လာမယ်လို့ သူမျှော်လင့်ထားပြီးသား။ အဲတာကြောင့် သူ မအံ့သြတာ။ ဘော့စ်ဖေးအတွက်တော့ ဒါက လုံးဝ သာမန်ပဲ။"
"ဟုတ်တယ် ဘော့စ်ဖေးနဲ့ယှဥ်ရင် ငါတို့တွေက ကမ္ဘာအစစ်ကို တစ်ခါမှ မမြင်ဖူးကြတဲ့ကလေးတွေလိုပဲ။ ဒီလောက်လေး အောင်မြင်တာကို အရမ်းစိတ်တက်ကြွနေကြတယ်။"
"ဘော့စ်ဖေးလို ငါဘယ်တော့ ဖြစ်လာနိုင်မလဲ...."
ဟွမ်းစစ်ပေါ်က စိတ်မကောင်းစွာ သက်ပြင်းချရင်း ပလက်ဖောင်းကို refresh လုပ်နေသည်။
သမုဒ္ဒရာရဲတိုက်မှာ မိုးပေါ် ထောင်တက်သွားခဲ့လေပြီ။
အမှန်ပင်။ ဒီရလဒ်က ပုံမှန်ပဲဟု ဟွမ်းစစ်ပေါ် ထင်မိသည်။ ဘော့စ်ဖေးကိုယ်တိုင် ဒီဂိမ်းအတွက် လမ်းကြောင်းများကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ဒီလိုဖြစ်လာမှာ မလွဲဧကန်ပင်။ ဘာမှ စိတ်လှုပ်ရှားဖို့ မလိုအပ်ပေ။
ဘော့စ်ဖေး၏ ဒီဇိုင်းနှင့် ရည်ရွယ်ချက်များကို လေ့လာပြီးသောအခါ ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့နှစ်ယောက်စလုံး ဒီဂိမ်းကိုအောင်မြင်နိုင်ခြေရှိသည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း အခုလောက်ထိ ရေပန်းစားလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။ ဆန်းစထရိုက်ခ် စတူဒီယို၏ Bullet Hole ကိုပင် ဒီဂိမ်းက အလဲထိုးနိုင်ခဲဲ့သည်။
ဟွမ်းစစ်ပေါ် ပိုပြီးအံ့သြသွားခဲ့ရသည်က ဘော့စ်ဖေးက တစ်ခုခုဆန်းသစ်တာကို စဥ်းစားမိခဲ့ခြင်းပင်။
ဘော့စ်ဖေးက တစ္ဆေစစ်သူကြီးလို ဂိမ်းတစ်ခုတွင် စျေးအနိမ့်ဆုံးပေးပြီး အကောင်းဆုံး မားကတ်တင်းအာနိသင်ကို ရနိုင်ကြောင်းပြသပြီးသားဖြစ်သည်။
ထိုအချိန်တုန်းက ဘော့စ်ဖေးမှာ ပန်းချီအသိုင်းအဝိုင်းတွင် ထူးခြားသည့် မားကတ်တင်း နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။ နောက်ဆုံးမှာတော့ သာမန် ပန်းချီဆရာများထံသို့ အောင်မြင်စွာ ကြော်ငြာနိုင်ခဲ့သည်။
ဒီတစ်ခေါက်လည်း ဟွမ်းစစ်ပေါ်က ဘော့စ်ဖေး ဘယ်သူမှ မလုပ်ဖူးသည့် ဘယ်လိုနည်းလမ်းမျိုးနှင့် ဂိမ်းကို အောင်မြင်မှုကြီးကြီးမားမားရအောင် မားကတ်တင်းဆင်းမလဲဆိုတာကို မြင်ချင်ခဲ့သည်။
ကုန်ကျစရိတ်သက်သာစေမည့် မားကတ်တင်း နည်းလမ်းများစွာကိုတောင် စဥ်းစားမိသည်။
သို့သော်လည်း ကြည့်ရတာတော့ သူထင်ထားတာ လုံးဝ မှားယွင်းနေခဲ့သည့်ပုံပင်။
ဘော့စ်ဖေးက ဂိမ်းကို မားကတ်တင်းဆင်းဖို့ လုံးဝ ရည်ရွယ်ချက်မရှိပေ။ ဒီဂိမ်းက မားကတ်တင်း မဆင်းလျှင်တောင် အောင်မြင်နိုင်မှန်း ဘော့စ်ဖေးသိထားသည်။ ဂိမ်မာမား၏ တစ်ဆင့်စကားနှင့်တင် ၎င်းတို့၏ ဂိမ်းကို အာရုံစိုက်လာအောင် စွဲဆောင်နိုင်သည်။ တရားဝင်နှင့် အလိုလျောက် ညွှန်းဆိုမှုများက လုံလောက်တာထက်ပိုသည်။
ဘယ်လောက်ထိ ပြတ်သားပြီး ယုံကြည်ချက်ပြည့်ဝလိုက်သလဲ။
အောင်မြင်မှုကို တွေ့ကြုံပြီး စျေးကွက်ကို တိတိကျကျ ခန့်မှန်းနိုင်မှသာ ဒီလိုမျိုးအောင်မြင်မှုကို ရရှိနိုင်မည်။
ဘော့စ်ဖေး ရှန်ပိန်ပုလင်းကို ဖောက်နေစဥ်တုန််းကတောင် တည်တည်ငြိမ်ငြိမ် ယုံကြည်ချက်ရှိရှိ ပုံစံဖြစ်သည်။ ဒီအောင်မြင်မှုငသေးသေးလေးက သူ့အတွက် ဘာမှမဟုတ်သည့်အတိုင်းပင်။
ဟွမ်းစစ်ပေါ် သူ့ကို တကယ်လေးစွားသွားသည်။
ဖေးချမ့်၏ ရုံးခန်းထဲတွင်....
သူ့ထိုင်ခုံပေါ်တွင် ကုန်းကုန်းကွကွလုပ်ရင်း အချိန်အတော်ကြာသည်အထိ မထိုင်နိုင်ခဲ့ပါ။
ဘာတွေဖြစ်နေတာလဲ။ အစီအစဥ်တွေ အကုန် မှားယွင်းသွားတာလား...။
ဘာလို့လဲ။
ငါ ဘာမှမကြော်ငြာဘဲနဲ့ ဒီဂိမ်းက ဘာလို့ နာမည်ကြီးလာရတာလဲ။
ဒီနိုင်ငံမှာ ဥပဒေဆိုတာ ရှိသေးလား။
နိယာမဆိုတာ ရှိသေလား။
ဘာတစ်ခုမှ ယုတ္တိမရှိတော့ဘူး။
ဒီတစ်ခေါက် ရွမ်ကွမ်းကျန့်က ငါ့အတွက် ဂိမ်းကို မားကတ်တင်း ဆင်းပေးတာလည်း မဟုတ်ဘူး။ ဘယ်နေရာမှာ မှားသွားတာလဲ။
ဖေးချမ့်က ကွန်ပျူတာကို ဖွင့်ပြီး ဘယ်နေရာ မှားသွားသလဲဆိုတာကို သိရဖို့ကြိုးစားရင်း စိတ်ကို လျှော့နေသည်။
သူဒီအကြောင်းကို စေ့စေ့စပ်စပ် မသိရပါက အေးအေးချမ်းချမ်း သေနိုင်မှာ မဟုတ်ပေ။
တရားဝင်ဂိမ်းပလက်ဖောင်းကို သူ Log-in ဝင်ပြီးသောအခါ သမုဒ္ဒရာရဲတိုက်၏ တိကျသော ဒေတာများကို မြင်လိုက်ရသည်။
သူ မနေနိုင်ဘဲ ဆဲလိုက်မိသည်။
လွန်ခဲ့သော တစ်ပတ်လောက်ကမှ တင်ခဲ့ရုံရှိသေးတာကို ဂိမ်းထဲတွင် လက်ရှိ အွန်လိုင်းဖြစ်နေသူ ပမာဏက ၁၀၀,၀၀၀ လောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် ဒါက အများဆုံး မဟုတ်သေးပါ။
စုစုပေါင်း ကစားသမား ၁၀၀,၀၀၀ သာရှိသဖြင့် အွန်လိုင်းပေါ်မှာ ၁၀၀,၀၀၀ ပဲရှိတာ မဟုတ်ပေ။ သမုဒ္ဒရာရဲတိုက်က ငှားထားသည့် Cloud Server မှာ လူဒီလောက်ပဲဆံ့သဖြင့် အပြင်ဘက်တွင် ကစားဖို့ စောင့်စားနေကြသည့် ကစားသမားများလည်း ရှိနေပါသေးသည်။
ယုတ္တိရှိစွာ ပြောရလျှင် Server တစ်ခု၏ ကုန်ကျစရိတ်က အွန်လိုင်းဂိမ်းများကို ထိန်းသိမ်းခြင်းနှင့် ပတ်သက်သည့် အသုံးစရိတ်များနှင့် ယှဥ်လျှင် များပြားသည်ဟု မသတ်မှတ်နိုင်ပါ။ အမှန်ပင်။ World of Warcraft သို့မဟုတ် League of Legends လိုဂိမ်းတွေကတော့ မတူပါ။
တစ်ချိန်တည်းတွင် active ဖြစ်သည့် ကစားသမား ၃,၀၀၀ လောက်ကိုသာ စုစည်းဖို့ လိုအပ်သည့် ယေဘုယျ မိုဘိုင်းဂိမ်းများအတွက် သင့်တော်သည့် cloud server များကို ငှားရမ်းသည့်အခါ ကုန်ကျစရိတ်က ယွမ်ရာကျော် အနည်းငယ်သာရှိသည်။
Bandwidth လိုအပ်ချက်များကြောင့် တချို့က စျေးပိုကြီးရခြင်းဖြစ်သည်။ server တစ်ခုတွင် active ဖြစ်နေသည့် ကစားသမားများကို ပိုပြီး စုဆောင်းရလေလေ bandwidth လိုအပ်ချက် ပိုမြင့်လေလေဖြစ်ပြီး server ကပိုစျေးကြီးလေလေဖြစ်သည်။
တစ္ဆေစစ်သူကြီးလိုမျိုး မိုဘိုးကတ်ဂိမ်းများအတွက် server ကုန်ကျစရိတ်က များများစားစား မဟုတ်ပါ။
သမုဒ္ဒရာရဲတိုက်ကလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ PvPမုဒ်ပါသည့် ဂိမ်းတစ်ခု ဖြစ်သောကြောင့် လူများစွာက မိမိတို့နေရာကပင် ကစားချင်ကြသည်။
PvPမုဒ်ကို မတူညီသော အခန်းများတွင် ဖန်တီးသဖြင့် တစ်ချိန်တည်း တိုက်ခိုက်နေကြသော ကစားသမားရာနှင့်ချီပြီး မရှိနိုင်ပါ။
မတူညီသော အခန်းများအဖြစ် ခွဲပြီးသောအခါ server bandwidth အပေါ်ဖိအားက MMORPG ဂိမ်းများနှင့် ယှဥ်လျှင် အများကြီး ပိုနည််းနိုင်သည်။ ထိုဂိမ်းများတွင် လူများစွာက တည်နေရာတစ်ခုတည်းတွင် တစ်ချိန်တည်း ရှိနေတတ်ကြသည်။
ထို့အပြင်ဖေးချမ့်က သမုဒ္ဒရာရဲတိုက်ကို လုံးဝ အပြီးအပြတ် ကျရှုံးလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထို့ကြောင့်လည်း ဂိမ်းအတွက် bandwidth ပိုကျယ်သည့် server များကို မပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။
ရက်ပိုင်းလောက်သာ ကြာသေးသော်လည်း သမုဒ္ဒရာရဲတိုက်က active ကစားသမား ၁၀၀,၀၀၀ တောင်ရှိသွားပါပြီ။ ဂိမ်းထဲဝင်နိုင်ဖို့ စောင့်နေကြသည့် လူများစွာပင်ရှိနေပါသေးသည်။
ထို့အပြင် ရက်ပိုင်းအတွင်းမှာပဲ အနီရောင်ချီလင်လက်နက်တစ်ထောင်ကျော်ကို ရောင်းထွက်ခဲ့သည်။ ဒီတစ်ချက်တည်းနဲ့တင် ယွမ် ၄၀၀,၀၀၀ ကျော်ရရှိခဲ့ပါပြီ။
ဖေးချမ့်၏ ခန္ဓာကိုယ် ထိုင်ခုံပေါ်တွင် နုံးချိသွားသည်။
ယွမ် ၄၀၀,၀၀၀ ကိုဖြုန်းတီးဖို့က သူ့အတွက် မခက်ခဲပေ။
ပြဿနာက တစ္ဆေစစ်သူကြီး၏ အတွေ့အကြုံအရ ဒါက အစသာရှိသေးသည်။
သမုဒ္ဒရာရဲတိုက် ပိုပြီးနာမည်ရလာသောအခါ လာမည့်အပတ်မှာ သူတို့ရမည့် ဝင်ငွေမှာ ၄၀၀,၀၀၀ ထက် အများကြီး ကျော်လွန်သွားလိမ့်မည်။
ထို့အပြင် လူများစွာက ဂိမ်းကို ပိုပိုပြီး ကစားကြလေလေ အနီရောင်ချီလင်လက်နက်များကို ပိုပိုပြီး ရောင်းရလေလေ ဖြစ်သည်။ သူ့တွက်ချက်မှုများအရ ဒီတစ်လတည်းနှင့် ယွမ် ၃ သန်းကျော်ကို ရနိုင်လောက်သည်။
ဂိမ်းကို အလွန်အမင်း ဒစ်စကောင့်ချထားခြင်း၏ သက်ရောက်မှုပဲဖြစ်သည်။
ဖေးချမ့်၏ စျေးနှုန်းဗျူဟာကြောင့် သမုဒ္ဒရာရဲတိုက်မှာ အခမဲ့ဂိမ်းတစ်ခုဖြစ်သည်။ ဒေါင်းလုတ်ဆွဲဖို့ ဘာမှမကုန်ပါ။ အနီရောင်ချီလင်လက်နက်မှအပ ဂိမ်းထဲမှာလည်း ဘာမှမရောင်းပါ။
တစ်နည်းအားဖြင့် လူနည်းစုဖြစ်သည့် ငကြောင်များသာ Red ချီလင်s များကို ဝယ်ယူကြလိမ့်မည်။ ကစားသမားအများစုကတော့ ဂိမ်းအတွက် တစ်ပြားတစ်ချပ်မှသုံးမှာမဟုတ်ပေ။
ဖေးချမ့်သာ တခြား Paywall နှင့်ဂိမ်းများကို အတုခိုးပြီး လက်ဆောက် packs များနှင့် ကမ်းလှမ်းချက်များကို ထည့်ခဲ့ပါက ၎င်းတို့၏ ဝင်ငွေမှာ နှစ်ဆ သုံးဆလောက် တက်သွားနိုင်သည်။
စျေးနှုန်းဗျူဟာတစ်ခုကို တမင်သက်သက် အသုံးချပြီး ကစားသမားများကို ပိုက်ဆံမသုံးအောင် တားဆီးခဲ့သော်လည်း တစ်ပတ်တည်းဖြင့် ယွမ် ၄၀၀,၀၀၀ ကျော်ကို ရရှိခဲ့ဆဲဖြစ်သည်။
ဘာလို့ ဒီလိုဖြစ်နေရတာလဲ။
ဖေးချမ့် မစဥ်းစားတတ်တော့ပေ။