အခန်း(၆၉) သဲထဲရေသွန်
Vol. 5 Ch. 69
အခန်း(၆၉) သဲထဲရေသွန်
ဖေးချမ့်၏ မျက်လုံးများက အစီရင်ခံစာ၏ ဒုတိယပိုင်းရှိ စာလုံးတိုင်းကို သေသေချာချာ ဆန်းစစ်ဖတ်ရှုနေသည်။
အစီရင်ခံစာကို ဖတ်ရှုလို့ ပြီးသွားတာနဲ့ ဖေးချမ့်တစ်ယောက် ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်မိသည်။ ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ပြီးနောက် အစီရင်ခံစာကို အစကပြန်ဖတ်ကြည့်လိုက်သည်။
အစီရင်ခံစာအရ ဒါတွေအားလုံးရဲ့ တရားခံမှာ... လင်းဝမ် ဖြစ်နေပါသည်။
ကြည့်ရတာ ဟွမ်းစစ်ပေါ်လည်း အပြစ်က လွတ်နိုင်မည့်ပုံမပေါ်ပါ။
သို့သော်လည်း သူတို့ထဲက ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုတာ ပြောဖို့ခက်ခဲပါသည်။
ဟွမ်းစစ်ပေါ်က သမုဒ္ဒရာရဲတိုက်ကို ကြော်ငြာဖို့ကော မားကတ်တင်းဆင်းဖို့ကော အစီအစဥ် မရှိခဲ့ပါ။ သမုဒ္ဒရာရဲတိုက်ကို ထုတ်လုပ်ပြီးတာနဲ့ နောက်ထပ် သုတေသနနဲ့ ဖန်တီးခြင်း အဆင့်ကို ထပ်မံလုပ်ဆောင်ဖို့သာ စိတ်ကူးရှိခဲ့ပါသည်။ ထို့ကြောင့်လည်း ဂိမ်းကို စမ်းသပ်ဖို့ စမ်းသပ်ကြွက်တချို့ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ ဝေဖန်ချက်ကို သူလိုချင်သောကြောင့်ဖြစ်ပါသည်။
နောက်ဆုံးမှာတော့ သမုဒ္ဒရာရဲတိုက်အတွက် ဂိမ်မာအရေအတွက်က နည်းလွန်းနေသဖြင့် ဟွမ်းစစ်ပေါ်လည်း ရွေးချယ်စရာမရှိဘဲ ဒီဇိုင်းအဖွဲ့က လူတစ်ယောက်ကို အကူအညီတောင်းရတော့သည်။
လင်းဝမ်ကတော့ အရင် ဆန်းစထရိုက်ခ်စတူဒီယိုမှာ လုပ်ခဲ့တုန်းက နာမည်ကြီး FPS ဂိမ်မာတချို့နဲ့ ရင်းနှီးခဲ့ပုံရသည်။
ထို့ကြောင့် လင်းဝမ်က သမုဒ္ဒရာရဲတိုက်ကို ထိုလူများအား မိတ်ဆက်ပေးပြီး စမ်းကစားကြည့်ခိုင်းခဲ့သည်။ ၎င်း၏ ကောင်းမွန်သော ဂိမ်းအရည်အသွေးကြောင့် သမုဒ္ဒရာရဲတိုက်မှာ ထိုလူအုပ်စုများအကြား အလွန်အမင်း နာမည်ကြီးလာခဲ့ပါသည်။ အထူးသဖြင့် သမုဒ္ဒရာရဲတိုက်၏ ဇာတ်ကြောင်းမုဒ်က ချီးကျူးခံရဆုံးဖြစ်သည်။
ချန်းရှနှင့် တခြားသူများက ယခင်တုန်းက သဘောမကျခဲ့သည့်အရာများကို အလျှင်အမြန် အသိအမှတ်ပြုခဲ့ကြပါသည်။ ၈၈၈ ယွမ်တန် အနီရောင်ချီလင်လက်နက်အတွက် ဂိမ်းကို တခြားသူများကိုပါ စတင်ကြော်ငြာပေးခဲ့ပါသည်။
အစကတော့ ချန်းရှက အနီရောင်ချီလင်လက်နက်ကို စိတ်မဝင်စားခဲ့ပါ။ သူဌေးဂိမ်မာများ၏ စိတ်ဝင်စားမှုကိုသာ ခံရလောက်မည့် မလိုအပ်သည့် ပစ္စည်းဟုသာ ထင်ထားခဲ့သည်။ သူက အချိန်ပြည့် ကစားနေသည့် လက်ရွေးစင် ဂိမ်မာတစ်ယောက်ဖြစ်သဖြင့် ဒီလက်နက်ကို လုံးဝ မလိုအပ်ပါ။
သို့သော်လည်း သူ အဆိုပါလက်နက်ကို ရလိုက်တာနဲ့ တစ်ချိန်လုံး သူဘာတွေလွဲနေခဲ့သလဲ နားလည်သွားခဲ့ပါသည်။ ဒါက ပြိုင်ဘက်ကင်းလက်နက်တစ်ခုဖြစ်ပြီး Stats များနဲ့ ဘာမှမဆိုင်ဘဲ ဂုဏ်ပုဒ်နှင့်သာ အားလုံး သက်ဆိုင်နေပါသည်။ အခန်းတစ်ခန်းထဲတွင် လူအများကြီးရှိနေကာ သူ့ အနီရောင်ချီလင်လက်နက်ကို ထုတ်လိုက်တာနဲ့ ထိုလူများစွာက သူ့ကို ဝန်းရံကြပြီး ချီးကျူးကြပါသည်။
ထို့အပြင် အနီရောင်ချီလင်လက်နက်က သူ့ဘေးနားက လူများကို Exp ပိုရအောင် ကူညီပေးနိုင်သည်။ ထို့ကြောင့်လည်း အနီရောင်ချီလင်လက်နက်များ ကိုင်ဆောင်ထားသည့် လူများက အထူးရေပန်းစားကြခြင်း ဖြစ်ပါသည်။
ချန်းရှက အနီရောင်ချီလင်လက်နက်ကို ရလိုက်တာနဲ့ သူ ဘယ်ကိုပဲသွားသွား အာရုံစိုက်ခံရမှု ဗဟိုဖြစ်လာခဲ့သည်။ ထိုခံစားချက်ကို... သူ တကယ်ပဲ သဘောကျလာမိပါသည်။
ထို့အပြင် အနီရောင်ချီလင်လက်နက်ကို ရနိုင်အောင် လူအများက တခြားလူများအား ဂိမ်းကို ဆက်လက်ကြော်ငြာပေးခဲ့သည်။ ဒါက အစီအစဥ်မရှိဘဲ သမုဒ္ဒရာရဲတိုက်ဆီသို့ ဂိမ်မာများစွာအား ခေါ်ယူမိခဲ့ပါသည်။
အလွန်လျှင်မြန်စွာဖြင့် သမုဒ္ဒရာရဲတိုက်မှာ FPS ဂိမ်းဂရုမျိုးစုံထဲတွင် ပျံ့နှံ့သွားကာ ဝါရင့်ဂိမ်မာများ၏ ပထမအသုတ်ကို အနိုင်ရခဲ့ပါသည်။
နောက်တော့ သမုဒ္ဒရာရဲတိုက်၏ ကိန်းဂဏန်းများက အချိန်တိုအတွင်း အလွန်လျှင်မြန်စွာ တက်လာခဲ့သည်။ ထို့ကြောင့် တရားဝင် ဂိမ်းပလက်ဖောင်းများကိုလည်း ညွှန်းဆိုစေခဲ့ပါသည်။
သို့သော်လည်း ဒီလောက်နဲ့ သမုဒ္ဒရာရဲတိုက် ဒီလောက်ထိ ရေပန်းစားမလာနိုင်ပါ။
တိုက်တိုက်ဆိုင်ဆိုင် Bullet Hole ကိုလည်း တစ်ချိန်တည်းမှာပဲ ဖြန့်ချိခဲ့ကြသည်။
ဖြန့်ချီလိုက်တာနဲ့ Bullet Hole က ကြော်ငြာဖို့အတွက် ပိုက်ဆံများစွာ သုံးခဲ့ပါသည်။ မားကတ်တင်း နည်းလမ်းများစွာကို အသုံးပြုခဲ့ပြီး ဗီဒီယိုဖန်တီးသူများကို အလုပ်ပေးခဲ့ကြသည်။ ရလဒ်အနေဖြင့် Bullet Hole က သာမန်ဂိမ်မာများ၏ ဘဝထဲ အတင်းဝင်ရောက်လာခဲ့ပါသည်။
ပုံမှန်ဆို ဂိမ်မာတစ်သုတ်က Bullet Hole ကို စမ်းကစားကြည့်ကြပြီးနောက် တစ်စိတ်တစ်ပိုင်းက ထွက်သွားကြပြီး တစ်စိတ်တစ်ပိုင်းကတော့ ဆက်ကစားကြသည်။ သို့သော်လည်း သမုဒ္ဒရာရဲတိုက်ကို ကစားပြီးကြသည့် ဂိမ်မာများကတော့ Bullet Hole ကို အမှိုက်ဟုသာ ထင်သွားကြပါသည်။
ဘာလို့ လက်တိကျမှုက ဒီလောက် စုတ်ပြတ်နေရတာလဲ။
ဘာလို့ PvP Mode ထဲမှာ မျိုးစုံမရှိရတာလဲ။
ဘာလို့ ဇာတ်ကြောင်းမုဒ် မရှိရတာလဲ။
Bullet Hole ရဲ့စျေးတွေက သမုဒ္ဒရာရဲတိုက်ထက်ပင် အများကြီး ပိုများနေသေးသည်။ ထို့အပြင် Bullet Hole များ ပိုက်ဆံသုံးရင်တောင် အနီရောင်ချီလင်လက်နက်လောက် မိမိုက်သည့် လက်နက်များ မရနိုင်ပါ။ Bullet Hole က အလွန် လက်တွေ့ဆန်သည်။
စျေးကြီးသည့် လက်နက်များက ဂိမ်းကို အနည်းငယ်သာ ပြုပြင်ပြောင်းလဲပေးနိုင်သည်။ ဆန်းကြယ်လက်နက်ဖြစ်သော အနီရောင်ချီလင်လက်နက်နှင့် အများကြီး ကွဲပြားခြားနားပါသည်။
ထို့ကြောင့် လူများစွာက Bullet Hole ၏ ကောမန့်အပိုင်းကို တမင်သက်သက် သွားရောက်ခဲ့ပြီး ဝေဖန်ချက်များကို ရေးခဲ့ကြပါသည်။
"အမှိုက်သရိုက်ဂိမ်းပဲ၊ သမုဒ္ဒရာရဲတိုက်ရဲ့ အပြတ်အသတ် အနိုင်ယူတာကို ခံလိုက်ရပြီ။"
"ပြည်တွင်းထုတ် FPS ဂိမ်းတွေရဲ့ အရှင်သခင် ဟုတ်လား။ စိတ်မကောင်းပါဘူး။ အဲ့ဒီဘွဲ့က သမုဒ္ဒရာရဲတိုက်ကို ပေးရမှာကွ။"
"ဒီဂိမ်းထဲမှာ Paywalls တွေအများကြီးပဲ။ ပြီးတော့ အရုပ်လည်း အရမ်းဆိုးတယ်။ သမုဒ္ဒရာရဲတိုက်ဆီက သင်ယူသင့််တယ်"
ထိုကဲ့သို့ ကောမန့်များက Bullet Hole ၏ ကောမန့်အပိုင်းတွင် ပြည့်နှက်နေကြသည်။ တချို့က နှစ်နှစ်ကာကာ ဝေဖန်ခြင်းဖြစ်ပြီး တချို့ကတော့ စနောက်ရုံသာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးတွင် အများကြီး လိုအပ်နေပြီး အားလပ်နေသည့် လူတွေသာ အများကြီး ရှိနေကြသည်။
ပထမတော့ ဒီလိုကောမန့်မျိုး သိပ်ပြီးမများခဲ့ပါ။
သို့သော်လည်း Bullet Hole ကစားသမားများကလည်း ဒီတိုင်းငြိမ်နေနိုင်ပါ့မလား။ အမှန်ပင်။ သူတို့လည်း ပြန်တိုက်ခိုက်ကြသည်။ နှစ်ဖက်စလုံးက တစ်ယောက်ကို တစ်ယောက် ကြမ်းတမ်းစွာ ဝေဖန်ကာ အပြစ်ရှာကြရင်း ဆဲဆိုနေကြသည်။
အနှစ်ချုပ်အားဖြင့် လူတွေက ဂိမ်းကို ပိုပြီး ချီးကျူး၊ ဝေဖန်လေလေ ပိုပြီးဆူပူလာလေလေဖြစ်ပြီး လူတွေပိုပြီးရောက်လာကြလေလေဖြစ်သည်။
လူများစွာက ပဋိပက္ခကို စောင့်ကြည့်နေကြရုံသာရှိသည်။ သို့သော်လည်း ဘယ်ဘက်မှ မရှုံးမနိုင်ဖြစ်နေကြသောအခါ သူတို့ပါ ဝင်ပါတော့သည်၊။ ရလဒ်အနေဖြင့် အားလုံး ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့ပါသည်။
Bullet Hole ကို ကြော်ငြာများကြောင့် ရောက်လာသော ဂိမ်မာများစွာကလည်း စပ်စုချင်စိတ်ဖြင့် သမုဒ္ဒရာရဲတိုက်ကို စမ်းကစားကြည့်ကြသည်။ ချက်ချင်းဆိုသလိုပဲ သူတို့ ပြန်မလှည့်နိုင်ကြတော့ပါ။
ဂိမ်းနှစ်ခုစလုံးက အဆင့်ပင်မတူကြပေ။
ဇာတ်ကွက်က ကောင်းလွန်းသည်။ လက်တိကျမှုက ကောင်းလွန်းသည်။ ထို့အပြင် သမုဒ္ဒရာရဲတိုက်က အခမဲ့လည်းဖြစ်သည်။ Bullet Hole ထက် အများကြီး ပိုကောင်းပါသည်။
ထို့ကြောင့် Bullet Hole က ယာယီသာ ဖြစ်လာခဲ့သည်။ ၎င်းတို့၏ ကြော်ငြာများကြောင့် ရောက်လာကြသည့် ဂိမ်မာများကတောင် သမုဒ္ဒရာရဲတိုက်ဘက်သို့ ခုန်ကူးကုန်ကြပါသည်။ ဒီလိုအဖြစ်အပျက်ပေါင်းများစွာ ဖြစ်ပြီးသွားသောအခါ သမုဒ္ဒရာရဲတိုက်၏ ဒေတာများက မိုးထိုးသွားခဲ့ပါသည်။
FPS ဂိမ်းများကို သဘောကျကြသည့် လူတွေ အများကြီး ရောက်လာကြရုံသာမကဘဲ FPS ဂိမ်းများကို တစ်သက်လုံး တစ်ခါမှမကစားဖူးကြသည့် လူများတောင် စမ်းကစားလာကြပါသည်။
ပြောရမည်ဆိုလျှင် Counter Strike ကလည်း နာမည်ကြီးနေပါသေးသည်။ ထိုဂိမ်းအပေါ် သစ္စာရှိနေဆဲဖြစ်သည့် ဝါရင့်ကစားသမားများစွာလည်း ရှိပါသေးသည်။ သို့သော်လည်း ရောက်လာကြသည့် ဂိမ်မာအသစ်များနဲ့တင် သမုဒ္ဒရာရဲတိုက်အား အမြတ်များစွာ ရရှိစေခဲ့ပါသည်။
ဒါက အစပထမသာ ရှိသေးသည်။
Counter Strike က ကောင်းမွန်ပါသည်။ သို့သော် နောက်ဆုံးကျတော့လည်း တစ်ကိုယ်တည်းဂိမ်းသာ ဖြစ်သည်။ မိတ်ဆွေများက တစ်ဖက်တည်း မကစားနိုင်ကြပေ။
သမုဒ္ဒရာရဲတိုက်က အွန်လိုင်းဂိမ်းတစ်ခုဖြစ်ပြီး အတော်လေး ပျော်ဖို့ကောင်းပါသည်။ ရေရှည်တွင် Counter Strike မှ သစ္စာရှိ ဂိမ်မာများကိုပါ ဆွဲခေါ်နိုင်လောက်ပါသည်။
အနီရောင်ချီလင်လက်နက်ကလွဲပြီး သမုဒ္ဒရာရဲတိုက်မှာ အခမဲ့ဂိမ်းတစ်ခု ဖြစ်ပါသည်။ သမုဒ္ဒရာရဲတိုက်သာ တခြားဂိမ်းများထံမှ ဂိမ်မာများကို ဆွဲဆောင်နိုင်ပါက ၎င်း၏ အနာဂတ် အောင်မြင်မှုမှ စိတ်ကူးဖြင့်မှန်းဆ၍ မရနိုင်လောက်အောင် ရှိလာပါလိမ့်မည်။
...
ဖေးချမ့် ကြက်သေ သေနေသည်။
ကံကြမ္မာကြီးက ငါ့ကို လာပြောင်နေတာလား။
ဘာလို့ ဒီလိုကိစ္စမျိုး ဖြစ်လာရတာလဲ
ဘာမှ အသုံးမကျသည့်ပုံစံမျိုးဖြင့် လင်းဝမ်မှာ ဒီလိုမျိုးလုပ်နိုင်လိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့ဖူးပါ။
အမှန်ပင်။ တိတိကျကျပြောရလျှင် အားလုံးက သူမ၏ ကျေးဇူးကြောင့်ပဲမဟုတ်ပါ။ သူမက အရင်အလုပ်ကြောင့် FPS ဂိမ်းဂရု၏ ပိုင်ရှင်တချို့နှင့် ရင်းနှီးထားရုံသာရှိသည်။ ထို ပိုင်ရှင်တချို့ကလည်း FPS ဂိမ်းလောကထဲက နာမည်ကြီးဂိမ်မာတချို့ကို သိနေရုံသာရှိသည်။
ထို့အပြင် ထိုလူအားလုံးကလည်း ဆန်းစထရိုက်ခ်စတူဒီယိုတွင် Bullet Hole နဲ့ပတ်သက်ပြီး အလုပ်အတူတူ လုပ်ခဲ့ကြသောကြောင့် ရင်းနှီးလာခဲ့ကြခြင်းဖြစ်ပါသည်။
နောက်ဆုံးမှာတော့ Bullet Hole ကို မီးရှို့ရမည့် လူအုပ်စုကြောင့်ဖြစ်ပေါ်လာသည့် မီးစမှာ တောတစ်တောလုံးကို ပြာကျသွားစေခဲ့ပါသည်။
ဒီကျရှုံးမှုနောက်ကွယ်က အကြောင်းအရင်းများကို ဆန်းစစ်ချင်ခဲ့သည့် ဖေးချမ့်တစ်ယောက် ရုတ်တရက်ကြီး ဇဝေဇဝါဖြစ်သွားခဲ့ပါသည်။
ဘယ်သူ့ကို အပြစ်တင်ရမလဲ။
ပေါင်ရှုလား၊ ဟွမ်းစစ်ပေါ်လား။
သူတို့ကလည်း ငါညွှန်ကြားထားတဲ့အတိုင်းပဲ ဂိမ်းကို ဖန်တီးထာားတာပါပဲ။
လင်းဝမ်လား။
သူကလည်း ဟွမ်းစစ်ပေါ် ညွှန်ကြားထားသလိုပဲ ဂိမ်းကို စမ်းသပ်ဖို့ စမ်းသပ်ကြွက်တချို့ကို ရှာခဲ့ရုံပါပဲ။
ဆန်းစထရိုက်ခ်စတူဒီယိုနှင့် Bullet Hole တို့ကလည်း တစ်ဖက်တစ်လမ်းမှ အကူအညီဖြစ်ခဲ့သည်။ တစ်ဖက်တွင် FPS ဂိမ်မာများစွာကို စုစည်းနိုင်ခဲ့သည်။ နောက်တစ်ဖက်မှာတော့ ၎င်းတို့၏ ရူးချင်စရာ မားကတ်တင်း ဗျူဟာများကြောင့် သမုဒ္ဒရာရဲတိုက်ကိုပါ သွယ်ဝိုက်သောနည်းဖြင့် ကြော်ငြာပေးပြီးသား ဖြစ်သွားခဲ့ပါသည်။
ဒါပေမယ့်.... ကြည့်ရတာ Bullet Hole နဲ့ တစ်ချိန််တည်းမှာပဲ သမုဒ္ဒရာရဲတိုက်ကို ဖြန့်ချိခွင့်ပြုခဲ့တဲ့ ငါ့ဆုံးဖြတ်ချက်ကြောင့်ထင်တယ်...
မဟုတ်မှလွဲရော... ငါ့အပြစ်လား။
တစ်ခုတော့ မှားနေပြီ...
ဖေးချမ့် သူ့ကိုယ်သူပိုပြီး သံသယဖြစ်လာမိပါသည်။
သူ့ ဆုဖလား လက်တစ်ကမ်း အလိုရောက်နေပြီဟု ခံစားခဲ့ရသော်လည်း နောက်ဆုံးစက္ကန့်ပိုင်းကျမှ လုယူခံလိုက်ရသည်။
သူ့နှလုံးသား အေးစက်သွားသည်။
၃ လစလုံး သဲထဲရေသွန်ဖြစ်သွားပြီ။
"စိတ်အေးအေးထားစမ်း။ ငါ့ကိုယ်ငါ ကယ်မှ ဖြစ်တော့မယ်။"