← Chapters

အခန်း(၇၁) အထူးအသုံးစရိတ်များ

Vol. 5 Ch. 71

အခန်း(၇၁) အထူးအသုံးစရိတ်များ

Vol. 5 Ch. 71

အခန်း(၇၁) အထူးအသုံးစရိတ်များ

ဖေးချမ့်သည် ရုတ်တရက် နောက်ထပ်အကြံတစ်ခုကို စဥ်းစားလိုက်မိသည်။

"နေဦး။ ကျွန်တော် အကြံ နောက်တစ်ခု ရပြီ။ ကျွန်တော့်ရဲ့ ဝန်ထမ်းတိုင်းကို သုံးစွဲစရိတ် အကန့်အသတ် ပေးမယ်။ သူတို့ အချိန်တစ်ကန့်အတွင်းမှာ ရုံးသုံးပစ္စည်းတွေနဲ့ လိုအပ်တာတွေကို ပမာဏတစ်ခုအထိ သုံးလို့ရမယ်။ အတိအကျကတော့... အမ်..."

"အချိန်အကန့်အသတ်က သုံးလ တစ်ကြိမ်၊ ဝန်ထမ်းတိုင်းက သုံးစွဲစရိတ်အကန့်အသတ် ၃,၅၀၀ ယွမ် ရမယ်။"

ဖေးချမ့်က တကယ်စဥ်းစားနေခြင်း မဟုတ်ဘဲ စနစ်ကို စမ်းသပ်နေခြင်း ဖြစ်ပါသည်။

အချိန်အကန့်အသတ် ၃ လအောက်  နည်းပါးပြီး သုံးစွဲစရိတ်က ယွမ် ၃,၅၀၀ ထက် ပိုပါက စနစ်က ခွင့်ပြုမှာ မဟုတ်ပေ။

ရှင်းဟိုက်လူက ဒီအကြံကို အနည်းငယ် နားမလည်နိုင်ဘဲ ပြောလိုက်ပါသည်။ "ဘော့စ်ဖေး လက်ရှိမှာ ကျွန်မတို့ ဝန်ထမ်းတွေအတွက် သုံးစွဲစရိတ်တွေကို ကန့်သတ်မထားပါဘူး။ အချိန်ပို တက္ကစီခတွေ၊ လုပ်ငန်းခရီးစဥ်တွေ အပါအဝင် သူတို့ကို အပြည့်အဝ ပြန်ပေးထားပါတယ်။ ဒီ ယွမ် ၃,၅၀၀ က ဘယ်အတွက်ကို ရည်ညွှန်းတာလဲ မသိဘူး..."

ဖေးချမ့်က ရှင်းပြလိုက်ပါသည်။ "ဒါကို အထူးအသုံးစရိတ်လို့ခေါ်တယ်။ ဒီပိုက်ဆံတွေကို အလုပ်နဲ့ သက်ဆိုင်တဲ့အရာတွေ ဘာမဆို ဝယ်နိုင်တယ်။"

"ဥပမာ ပေါင်ရှုက ဂိမ်းကစားရတာကို ကြိုက်နှစ်သက်တယ်မဟုတ်လား။ ဒီပိုက်ဆံကို ကတ်တွေ ဒါမှမဟုတ် လက်နက်တွေဝယ်ဖို့ အသုံးပြုလို့ရတယ်။"

"ဒါမှမဟုတ် ဝန်ထမ်းတချို့က နားကြပ်ကောင်းကောင်း ရှိထားပေမယ့် ပိုကောင်းတဲ့ နားကြပ်နဲ့မှ ဂိမ်းရဲ့ အသံအရည်အသွေးကို ပိုကောင်းကောင်းကြားနိုင်ပြီး ဂိမ်းဖန်တီးမှုအတွက် ပိုပြီး အကျိုးကျေးဇူး ရှိစေလိမ့်မယ်လို့ ထင်ရင် အဲ့ဒီပိုက်ဆံနဲ့ ဂိမ်းနားကြပ်တွေ ဝယ်လို့ရတာပေါ့။"

ရှင်းဟိုက်လူက ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကျွန်မနားလည်ပါပြီ ဘော့စ်ဖေး"

ဖေးချမ့်လည်း ဒါကို မကြာသေးခင်ကမှ တွေးမိခြင်း ဖြစ်ပါသည်။

တချို့အရာများကို အသုံးစရိတ်ဟု သတ်မှတ်နိုင်သော်လည်း မတူညီသော အရာများအတွက် စနစ်က မတူညီစွာ ကန့်သတ်ထားသည်။

မူလကုန်ကျစရိတ်များကို ပြန်လည်ပေးဆပ်ခြင်းသည် ဝန်ထမ်းအားလုံးအတွက် တသမတ်တည်း ဆုံးဖြတ်ချက်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် အချိန်ပိုအလုပ်လုပ်သည့် လူတိုင်း သူတို့၏ တက္ကစီခများကို အပြည့်အဝ တောင်းခံနိုင်သည်။ အားလုံးအတွက် အတူတူပဲဖြစ်၏။ လုပ်ငန်းသုံးကွန်ပျူတာအတွက် အားလုံးတွင် စက်ပိုင်းဆိုင်ရာ ကီးဘုတ်များနှင့် မော်နီတာနှစ်လုံး ရှိကြသည်။ အားလုံးကို အကောင်းဆုံးတွေချည်းသာ တပ်ဆင်ထား၏။

သို့သော်လည်း အချို့သော အထူးတောင်းဆိုချက်များအတွက်တော့ စနစ်က အသိအမှတ်ပြုမည် မဟုတ်ပေ။ ဥပမာအားဖြင့် ဂိမ်းတစ်ခုနှင့် ၎င်းဂိမ်း၏ ဂိမ်းကစားပုံကို ခံစားဖို့အတွက် ပေါင်ရှုက ပိုက်ဆံပေးရမည်ဟုဆိုသည်။

စနစ်က ဒီပမာဏကို ပေးမည် မဟုတ်ပါ။

သို့မဟုတ် ဟွမ်းစစ်ပေါ်က ယွမ် ၂,၀၀၀ တန် ကီးဘုတ် သို့မဟုတ် ယွမ် ၃,၀၀၀ တန် ဂိမ်းနားကြပ်များကို လိုချင်သည်ဟု ဆိုပြီး သူဖန်တီးနေသည့်ဂိမ်းများကို ပိုပြီး ခံစားနိုင်စေလိမ့်မည်ဟုဆိုလျှင် စနစ်က ခွင့်ပြုနိုင်မလား။

စနစ်က ခွင့်ပြုမည် မဟုတ်ပါ။ ထိုကဲ့သို့ သဘာဝမကျသော အကြောင်းပြချက်များကို စနစ်က လက်ခံမည် မဟုတ်ပေ။ စနစ်က အားလုံး ၎င်းတို့၏ လုပ်ငန်းကို ပြီးမြောက်ဖို့အတွက် လိုအပ်သည့် လိုအပ်ချက်များကို ခြားနားစွာ စံနှုန်းသတ်မှတ်ထားသည်။

ဖေးချမ့်၏ ဘော့စ်တစ်ယောက်အနေဖြင့် စံနှုန်းများက အလွန်မြင့်မား၏။ အဆင့်မြင့်ဝတ်စုံတစ်ခုကို ဝယ်တာတောင် ခွင့်ပြုပေးထားသည်။ ဒါက ပိုင်ရှင်တစ်ယောက် သို့မဟုတ် ဘော့စ်တစ်ယောက်၏ အထူးခံစားခွင့်တစ်ခု ဖြစ်သည်။ ကန့်သတ်ချက်အနေနဲ့ကတော့ ဘော့စ်တစ်ယောက်က ကိုယ့်ကိုယ်ကို လစာပြန်ပေးလို့မရပါ။

တခြား ဝန်ထမ်းများအတွက်ကတော့ ၎င်းတို့၏ အလုပ်အတွက် လိုအပ်သည့် အရာများကိုသာ တောင်းဆိုနိုင်သည်။

ဒါကလည်း အလွန်အဓိပ္ပာယ်ရှိပါသည်။ စနစ်ကသာ 'ဂိမ်းတစ်ခုထဲ ငွေဖြည့်သွင်းရန်' သို့မဟုတ် 'ဂိမ်းကစားပုံကို ပိုကောင်းကောင်း ခံစားနိုင်ရန်အတွက် အဆင့်မြင့် နားကြပ်များ ဝယ်ယူရန်' စသည့် အသုံးစရိတ်များကိုသာ ခွင့်ပြုပေးလိုက်ပါက ဖေးချမ့် သူ့ဝန်ထမ်းအားလုံးကို Paywalls များရှိသည့် ပြည်တွင်းဂိမ်းများကို ကစားခိုင်းကာ ငွေများ ပစ်ပေးခြင်းဖြင့် အလွယ်တကူ ပိုက်ဆံဖြုန်းနိုင်ပါ့လိမ့်မည်။

စနစ်က ဒီလောက် မတုံးအပါ။

သို့သော်လည်း ဖေးချမ့်က ၎င်း၏ ကန့်သတ်ချက်များကို ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့သည်။ စနစ်က 'မလိုအပ်သည့် အသုံးစရိတ်များ' အတွက်လည်း အကန့်အသတ်တစ်ခု ထားရှိကြောင်း သူနားလည်ခဲ့၏။ လိုအပ်ချက်ကတော့ အကန့်အသတ်မဲ့ မဖြစ်ရဘဲ ကန့်သတ်ချက်တစ်ခုတော့ ထားရမည်။ ထို့ကြောင့် အားလုံးကို တိကျသည့် ကန့်သတ်ချက်တစ်ခုအရ ပေးခြင်းဖြင့် ၎င်းတို့၏ ကုမ္ပဏီနှင့် အလုပ်နာမည်ကိုသုံးပြီး စနစ်ရန်ပုံငွေကို ပေါ်တင်သုံးစွဲနိုင်ပါသည်။

ဖေးချမ့်သည် သူ့လက်ချောင်းများကို သုံးပြီး ရေတွက်ကြည့်လိုက်သည်။

ကြည့်ရသလောက်တော့ ထို'အထူးအသုံးစရိတ်' ဆိုသည့် အကြောင်းပြချက်ဖြင့် နောက်ထပ် ၃၀,၀၀၀ မှ ၄၀,၀၀၀ ယွမ်လောက် ထပ်တိုးနိုင်သေးသည်။ ထို့အပြင် ထိုပိုက်ဆံများက ထုတ်လုပ်ရေးနဲ့ သက်ဆိုင်မှာ မဟုတ်ပေ။ ဒါက ဝန်ထမ်းများကို ကုမ္ပဏီတစ်ခုက စည်းကမ်းများနဲ့အညီ ပေးအပ်သော အကျိုးခံစားခွင့်သာဖြစ်သည်။

ဆိုလိုရင်းက ငွေစာရင်းရှင်းမည့်နေ့ကို ရွှေ့ဆိုင်းခံရမည် မဟုတ်ပေ။

ဖေးချမ့်သည် စိတ်ထဲမှာ ပျော်သွားမိသည်။ သူ့ကိုယ်သူ ဉာဏ်ကောင်းလွန်းသည့်အတွက် ချီးကျူးမိပါသည်။

...ရုံးတွင်...

မကြာသေးခင်ကမှ ရုံးတစ်ခုလုံး ရူးသွပ်လောက်အောင် ပျော်ရွှင်နေကြပါသည်။

ဒီဇိုင်းအဖွဲ့က သမုဒ္ဒရာရဲတိုက်မှာ နာမည်ကြီးလာပြီး Bullet Hole ကိုကျော်လွန်သွားပြီဆိုတာကို မြင်လိုက်ရသောကြောင့် နေ့တိုင်းလိုလို လန်းဆန်းတက်ကြွနေကြပါသည်။ အားလုံးက Bullet Hole ၏ အချက်အလက် အတိအကျများကို မမြင်ရသော်လည်း တရားဝင်ဂိမ်းပလက်ဖောင်းနှင့် နောက်ဆက်တွဲ ညွှန်းဆိုချက်များကြောင့် ဒီတစ်ခေါက် Bullet Hole မှာဆိုးဆိုးရွားရွား ကျရှုံးနေပါသည်။

နေ့တိုင်း ပိုပိုဆိုးလာခဲ့၏။

Bullet Hole ၏ ငွေသုံးစွဲမှု ပုံစံက သမုဒ္ဒရာရဲတိုက်ထက် ပိုပြီး အဓိပ္ပာယ်ရှိသော်လည်း မည်သည့်သက်ရောက်မှုမှ မရှိပါ။

ဂိမ်းတစ်ခုသည် ငွေရှာနိုင်ရန်အတွက် ၎င်း၏ ငွေသုံးစွဲမှုပုံစံအပေါ် မမူတည်ပါ။ ဂိမ်မာအရေအတွက်ပေါ်တွင်သာ မူတည်သည်။ ဂိမ်းတစ်ခု၏ ငွေသုံးစွဲမှုပုံစံက အဓိပ္ပာယ်အရှိဆုံး ဖြစ်နေရင်တောင် ဂိမ်မာများက မကစားတော့ဘဲ ထွက်ပြေးသွားကြပါက ဘာအသုံးဝင်တော့မည်နည်း။

သမုဒ္ဒရာရဲတိုက်၏ အရည်အသွေးက Bullet Hole ကို အနိုင်ယူနိုင်ခဲ့သည်။ ထို့ကြောင့် သမုဒ္ဒရာရဲတိုက်က ဖိအားမျိုးစုံကိုပေးပြီး Bullet Hole ထံမှ ဂိမ်မာများကို ဆွဲဆောင်နိုင်ခဲ့သည်။  ကစားသမားများက ငွေသုံးပိုနည်းလာပြီး သမုဒ္ဒရာရဲတိုက်က ငွေပိုရလာလေလေ ထိခိုက်သည့်သူက Bullet Hole သာ ဖြစ်ပါသည်။

ဟွမ်းစစ်ပေါ်က ရင်ဖိုစွာ သက်ပြင်းချလိုက်ပါသည်။ ဘော့စ်ဖေးရဲ့ အမြော်အမြင်က တကယ်နက်နဲခဲ့တာပဲ။

ဧကန္တ ဆန်းစထရိုက်ခ်စတူဒီယိုမှာ သူ သွားလေ့လာပြီးကတည်းက ဒီလိုဖြစ်လာမှာကို ကြိုသိနေခဲ့တာလား။

သူ တမင်သက်သက် သမုဒ္ဒရာရဲတိုက်ကို Bullet Hole နဲ့ တစ်ချိန်တည်းမှာပဲ ဖြန့်ချီခဲ့သည်။ ဒါမှ သမုဒ္ဒရာရဲတိုက်အတွက် Bullet Hole က ကြော်ငြာပေးသလို ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ဒါက ရက်စက်သောလှုပ်ရှားမှုဖြစ်ခဲ့ပြီး Bullet Hole ကို နင်းခြေနိုင်ခဲ့သည်။

တကယ်တော့ အခုဆို ဆန်းစထရိုက်ခ်စတူဒီယိုမှာ ဘယ်လိုတွေဖြစ်နေမလဲ အားလုံး သိချင်နေကြပါသည်။ သို့သော်လည်း ဘယ်သူမှ မမေးရဲကြပါ။ အခုအချိန် မေးလိုက်ခြင်းက ကြွားဝါကဲ့ရဲ့ခြင်းလို ဖြစ်သွားပါလိမ့်မည်။ အမုန်းတရားများ ပေါ်လာကာ ချက်ချင်းဆိုသလို ရန်သူများ ဖြစ်သွားနိုင်ပါသည်။

သို့သော်လည်း နောက်ထပ် ရှုထောင့်တစ်ခုက စဥ်းစားကြည့်ပါက သူတို့ မေးမကြည့်ရင်တောင် အခုဆို ဆန်းစထရိုက်ခ်စတူဒီယိုက သူတို့အပေါ်ထားသည့် အမုန်းတရားမှာ တော်တော်လေး ကြီးမားနေလောက်ပါပြီ။

ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။

ပိုက်ဆံလည်း ရထားပြီးပြီဆိုတော့ ထိုအကြောင်းတွေကို စဥ်းစားဖို့ မလိုတော့ပါ။

ဟွမ်းစစ်ပေါ်က ထိုအကြောင်း စဥ်းစားနေတုန်း သူ့ဖုန်းသံမြည်လာခဲ့သည်။

သူကြည့်လိုက်သောအခါ သူ့လစာနှင့် ပတ်သက်သည့် မက်ဆေ့ချ်တစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရပါသည်။

"...ဘာ ဘာလို့ ဒီလောက်များနေရတာလဲ" ဟွမ်းစစ်ပေါ် ကြောင်သွားပါသည်။

ဒီလထဲ သူအချိန်ပိုမလုပ်ခဲ့ပါ။ ထို့ကြောင့် အချိန်ပိုလစာလည်း များများစားစား မရသင့်ပါ။

သို့သော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ကိန်းဂဏန်းများက သူ့ကို လန့်သွားစေသည်။

သူ့အခြေခံလစာက ယွမ် ၄,၀၀၀ ဖြစ်သည်။ ၆၀ ရာခိုင်နှုန်း တိုးပေးလိုက်သောအခါ အခုတော့ ယွမ် ၆,၄၀၀ ဖြစ်နေပါပြီ။

ပရောဂျက်ဘောနပ်စ်က သမုဒ္ဒရာရဲတိုက် အမြတ်ငွေ၏ ၁၅ ရာခိုင်နှုန်း ဖြစ်သောကြောင့် နှစ်ပတ်တာအတွက် ယွမ် ၁၃၀,၀၀၀ ဖြစ်ခဲ့သည်။ ပရောဂျက်အတွက် အစီအစဥ်ဆွဲသူချုပ် ဖြစ်သောကြောင့် ဟွမ်စစ်ပေါ်က တခြားသူများထက် အနည်းငယ်ပိုရပြီး ယွမ် ၈,၀၀၀ ဝန်းကျင်လောက် ရရှိခဲ့သည်။

ထို့ကြောင့် ဒီလအတွက် သူ့လစာက ၁၅,၀၀၀ ယွမ်အထိ ရောက်သွားခဲ့ပါသည်။

အမှန်ပင်။ အိမ်စရိတ်နှင့် အာာမခံစရိတ်များ၊ အခွန်များအတွက်တော့ လျှော့ချရဦးမည်ဖြစ်သည်။ ဒီလိုဆိုရင်တောင် ၂၀၁၀ ခုနှစ်အတွက် သူ့လစာက ယွမ် ၁၀,၀၀၀ ကျော်နေသဖြင့် သူအပြင်ထွက်ပြီး အေးအေးဆေးဆေး သုံးဖြုန်းနိုင်သော ပမာဏမျိုး ဖြစ်နေပါသည်။

ထို့အပြင် သမုဒ္ဒရာရဲတိုက်က ပိုမိုရေပန်းစားလာပြီး ဂိမ်း၏ ဝင်ငွေပိုပို တိုးလာတာနဲ့ ဟွမ်းစစ်ပေါ်၏ ဘောနပ်စ်လည်း ပိုများလာမည်ဖြစ်သည်။ ဒီတိုင်း တွက်ချက်ကြည့်လျှင် နောက်လအတွက် သူ့လစာက ပိုမြင့်မားလာဖို့သာ ရှိပါသည်။

သူ တာဝန်ယူသည့် ပရောဂျက်က အဆင်ပြေခဲ့ပြီး ဘော့စ်ဖေးကလည်း ဘောနပ်စ်များကို ရက်ရက်ရောရော ပေးနေပါသည်။

နှစ်ထပ်ကွမ်း ပျော်ရွှင်စရာ ဖြစ်ပါသည်။ သို့သော်လည်း ဒါအကုန် မဟုတ်သေးပါ။

ရှင်းဟိုက်လူက ရုံးထဲဝင်လာပြီး ရှော့ပင်းလက်ဆောင်ကတ်များကို စတင်ဝေပေးလေသည်။ အားလုံးတွင် ရွှေရောင်ဖျော့ဖျော့ ရှော့ပင်းလက်ဆောင်ကတ်လေးများရှိကာ ကျင်းကျိုးမြို့၏ အကြီးဆုံးရှော့ပင်းအဆောက်အဦး၏ တံဆိပ်လည်း ပါရှိသည်။ အားလုံးကို ဝေပေးပြီးသွားသောအခခါ ရှင်းဟိုက်လူက ရုံးခန်း၏ အလယ်ကိုလာကာ ခပ်ဖွဖွပြုံးလျက် ပြောလိုက်ပါသည်။

"လူတိုင်း ကိုယ့်လက်ထဲက လက်ဆောင်ကတ်တွေကို မပျောက်ပါစေနဲ့။ လတိုင်း အဲ့ဒီကတ်တွေထဲကို ယွမ် ၁,၀၀၀ စီ ဖြည့်ပေးသွားမှာပါ။ အဲ့ဒီရှော့ပင်းအဆောက်အအုံဆီသွားပြီး လိုအပ်တာတွေ ဝယ်ယူလို့ ရပါတယ်။"

"အဲ့ဒီအပြင် ဒီနေ့ကစပြီး ဘော့စ်ဖေးက 'အထူးအသုံးစရိတ်' စနစ်တစ်ခုကို သတ်မှတ်လိုက်တယ်။ ၃လတိုင်းမှာ ကုမ္ပဏီက အဲ့ဒီအထူးအသုံးစရိတ်တွေအတွက် ယွမ် ၃,၅၀၀ အထိ ခွင့်ပြုပေးသွားမှာပါ။ ပါဝင်တာတွေကတော့..."

လက်ထောက်ရှင်းက 'အထူးအသုံးစရိတ်'ဆိုတာ ဘာလဲ၊ ကန့်သတ်ချက်တွေ ဘယ်လိုရှိလဲ အားလုံး ရှင်းပြပေးလိုက်ပါသည်။ ဥပမာအာားဖြင့်... ဂိမ်းတစ်ဂိမ်းကစားဖို့ ငွေဖြည့်သွင်းတာကိုလည်း ထည့်တွက်ထားပါသည်။

အားလုံး သူမ၏ စကားကိုကြားကာ ကြက်သေ သေသွားကြသည်။ အထူးသဖြင့် ပေါင်ရှုဖြစ်၏။ အားလုံး မှင်သက်နေကြပါသည်။

ဒီလောက် ကောင်းတာမျိုး တကယ်ရှိတယ်လား။။

ဒါဆို အခုချိန်ကစပြီး ပေါင်ရှုဂိမ်းကစားတိုင်း သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ငွေဖြည့်သွင်းစရာ မလိုတော့ဘူးဆိုတဲ့သဘောလား။

All Chapters