အခန်း(၇၂) အခမဲ့ရှော့ပင်းခရီး
Vol. 5 Ch. 72
အခန်း(၇၂) အခမဲ့ရှော့ပင်းခရီး
အကုန်လုံး အနည်းငယ် နေရခက်ကုန်ပါသည်။
ကုမ္ပဏီက အဆင့်မြင့်ကွန်ပျူတာများ ပြင်ဆင်ပေးထားသည်။ အချိန်ပိုလစာများလည်း ပေးသည်။ ပရောဂျက်ဘောနပ်စ်များ၊ မုန့်ပဲသရေစာများကိုပါ ချီးမြှင့်ထားသည်။ ၎င်းတို့၏ သာမန်အသုံးစရိတ်များမှာ လုံလောက်နေပြီ ဖြစ်ပါသည်။
အခုတော့ ဂိမ်းကစားဖို့ ငွေဖြည့်သွင်းဖို့ လိုအပ်လာပါက ကုမ္ပဏီ၏ အသုံးစရိတ်အဖြစ် ထည့်တွက်ရမည်တဲ့လား။
အားလုံး၏ အတွေးကို နားလည်နေသလိုဖြင့် ရှင်းဟိုက်လူက အနည်းငယ်ပြုံးကာ ဆက်ပြောသည်။
"အားလုံးပဲ စိတ်မသက်မသာဖြစ်ဖို့ မလိုပါဘူး။ ဒီနေ့လည်ခင်းကျရင် ဘော့စ်ဖေးက သမုဒ္ဒရာရဲတိုက်ရဲ့ အောင်မြင်မှုကို အောင်ပွဲခံဖို့အတွက် ကျွန်မတို့ အားလုံးကို ရှော့ပင်းမောလ်တစ်ခုဆီ လိုက်ပို့ပေးမှာပါ။"
"အားလုံး အသင့်ပြင်ထားကြပါ။ နေ့လည်ခင်း ၃ နာရီမှာ ကျွန်မတို့ အလုပ်ဆင်းကြမယ်။ အောက်ထပ်မှာ ဘတ်စ်ကားတစ်စီးက စောင့်နေပါလိမ့်မယ်။"
…
ဒီအထူးအသုံးစရိတ်ကို သုံးစွဲဖို့ လူတချို့က နေရခက်နေမည်ကို ဖေးချမ့် ခန့်မှန်းထားပြီးသားဖြစ်သည်။ သူတို့ အထူးအသုံးစရိတ် ၃,၅၀၀ ယွမ်ကို မသုံးစွဲချင်ကြမည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူတို့အားလုံးကို ဒီနေ့ ရှော့ပင်းမောလ်တစ်ခုသို့ လိုက်ပို့ပေးမည်။ ဒါမှ ၎င်းတို့၏ လက်ဆောင်ကတ်ထဲက ပိုက်ဆံအားလုံးနှင့် အထူးအသုံးစရိတ်များကို သုံးစွဲကြလိမ့်မည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဖေးချမ့်က အခု ပိုက်ဆံဖြုန်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပြီဖြစ်သည်။ စနစ်ရန်ပုံငွေက ငွေစာရင်းရှင်းခြင်း လုပ်ငန်းစဥ်ကို စတင်လိုက်တာနဲ့ သူ့ကို ပိုက်ဆံ ပိုပေးမည်ဖြစ်သည်။ အခု ရှိနေသည့် ပိုက်ဆံများကို မသုံးလျှင် နှမြောဖို့ ကောင်းပါသည်။
ဖေးချမ့်သည် အကြမ်းဖျင်း တွက်ချက်ထားပြီးသားဖြစ်၏။ စနစ်ရန်ပုံငွေထဲတွင် ၁,၁၀၀,၀၀၀ ယွမ်လောက် ရှိခဲ့သည်။ ဒီလအတွက် လစာနှင့် ဘောနပ်စ်များက ၄၀၀,၀၀၀ လောက် ကုန်ကျခဲ့ပြီး လက်ဆောင်ကတ်များအတွက် ယွမ် ၃၀,၀၀၀ ကုန်သည်။ အားလုံး အထူးအသုံးစရိတ်များကို သုံးလိုက်ကြသောအခါ နောက်ထပ် ၁၀၀,၀၀၀ ယွမ်လောက် ကုန်ကျသွားမည်ဖြစ်သည်။ ဖေးချမ့်က သူ့အတွက်သူ ပစ္စည်းတချို့ဝယ်ပြီး နောက်ထပ် ၁၀၀,၀၀၀ ယွမ်လောက် ထပ်ဖြုန်းနိုင်သည်။
ဒီလို တရားလွန် ဖြုန်းတီးပြီးသောအခါ အရှုံးပေါ်နိုင်ဖို့ မျှော်လင့်ချက် ရှိလာပါလိမ့်မည်။
ကံမကောင်းစွာဖြင့် ဒီလအစကတည်းက ငှားရမ်းခနှင့် အခြား အသုံးစရိတ်များကို ပေးဆောင်ထားပြီးသားဖြစ်သည်။ နောက်လအတွက်လည်း ကြိုပေးထားလို့မရပါ။
ဖေးချမ့်က တွက်ချက်ကြည့်လေလေ ပိုပျော်လာလေလေဖြစ်သည်။ ရှော့ပင်းမောလ်ထဲတွင် အားလုံးနဲ့အတူ ရှယ်ဖြုန်းတီးတော့မည်ဖြစ်သည်။
(အကုန်လုံး ၃,၅၀၀ ယွမ်ကို အပြောင်သုံးမှဖြစ်မယ်။ တစ်ပြားမှ ချန်ထားလို့မရဘူး။)
...
နေ့လည် ၃ နာရီထိုးသောအခါ အားလုံးက ဘတ်စ်ကားပေါ် တက်ခဲ့ကြပြီး ရှော့ပင်းမောလ်သို့ ရောက်လာခဲ့ကြသည်။
ကားပေါ်က ဆင်းပြီးသောအခါ ဖေးချမ့်က အားလုံး၏ အာရုံစိုက်မှုကို ရဖို့ လက်ခုပ် ခပ်ဖွဖွ တီးလိုက်သည်။
"သမုဒ္ဒရာရဲတိုက်ရဲ့ အောင်မြင်မှုနဲ့ အားလုံးရဲ့ ကြိုးစားမှုတွေကို အောင်ပွဲခံဖို့အတွက် အားလုံးကို အခမဲ့ ရှော့ပင်းခရီးနဲ့ ကျွန်တော် ဆုချချင်ပါတယ်။ ယွမ် ၁,၀၀၀ ရှော့ပင်းလက်ဆောင်ကတ်ကို အသုံးပြုရပါမယ်။ အထူးအသုံးစရိတ်ထဲက ယွမ် ၃,၅၀၀ ကိုလည်း အသုံးပြုရပါမယ်။ အကုန်အစင် မသုံးရသေးသရွေ့ ဘယ်သူ့ကိုမှ ထွက်ခွင့်မပြုဘူးနော်။"
"ဟုတ်ပြီ သွားကြတော့။"
အားလုံး တစ်ယောက်ကိုတစ်ယောက် ခဏကြည့်လိုက်ကြပြီး ချက်ချင်းဆိုသလို ပျော်ရွှင်စွာဖြင့် အော်ဟစ်ကုန်ကြသည်။
"ဟုတ်ပြီကွ။"
"ကျေးဇူးတင်ပါတယ် ဘော့စ်ဖေး"
ငယ်ရွယ်သည့် ဝန်ထမ်းတချို့က ချက်ချင်းဆိုသလိုပဲ ဧည့်ကြိုစားပွဲသို့ ပြေးသွားကြသည်။ အခမဲ့ရှော့ပင်းခရီးက ကောင်းမွန်လွန်းလှသည်။ ဒီလောက်ထိ ရက်ရောသည့် ကုမ္ပဏီမျိုးကို ဘယ်သူမှ တစ်ခါမှ မမြင်ဖူးကြပေ။ ဒီရှော့ပင်းမောလ်ကြီးက အလွန်ကြီးမား၏။ သူတို့ စိတ်ကြိုက် ဝယ်ယူနိုင်ကြသည်။ သူတို့၏ ရှော့ပင်းလက်ဆောင်ကတ်များနှင့် အထူးအသုံးစရိတ်များသာမကဘဲ သူတို့ လစာများကိုလည်း အသုံးပြုနိုင်ပါသည်။
အားလုံး၏ လစာများ တိုးမြှင့်ခံခဲ့ရပြီး ပရောဂျက်ဘောနပ်စ်များဖြင့် ပေါင်းလိုက်သောအခါ အားလုံးတွင် ငွေတော်တော်များများ ရှိနေပါပြီ။ သူတို့ ဝယ်ချင်သည့် အရာများ သေချာပေါက် ရှိပါလိမ့်မည်။
ဖေးချမ့်က သူ့ဝန်ထမ်းအားလုံး အုပ်စုများဖွဲ့ကာ ထွက်သွားကြသည်ကို မြင်လိုက်ရသည်။ အမြန်ဆုံး ထွက်သွားကြသည့်လူများက ရှော့ပင်းထွက်လိုစိတ်အများဆုံးလူများ ဖြစ်ကြသည်။ သူတို့ပိုက်ဆံ အပြောင်မသုံးမှာကို စိတ်ပူဖို့ မလိုပါ။
အနည်းငယ် တွန့်ဆုတ်ကာ မြင်သည့်ဆိုင်တိုင်းကို ဝင်ကြပြီး အနည်းငယ် သတိရှိနေသူများလည်း ရှိကြ၏။ သူတို့လည်း များများစားစား မကျန်လောက်ပါ။
နောက်ဆုံး အုပ်စုကတော့ အချိန်ဆွဲနေကြပြီး သိပ်ပြီး ရှော့ပင်းထွက်ချင်ကြပုံ မပေါ်ပေ။ ဖေးချမ့်က ဒီတစ်သုတ်ကို သေချာစောင့်ကြည့်ထားဖို့ လိုအပ်သည်ဟု ခံစားလိုက်မိ၏။
ဒီလူတွေက သူတို့ပိုက်ဆံကို အပြောင်မသုံးတာမျိုး ဖြစ်နိုင်သည်။
ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် မသုံးစွဲတတ်သည့် ဒီအကျင့်ကို ပြင်မှ ဖြစ်မည်။ ဟွမ်းစစ်ပေါ်၊ ရှောင်လု၊ လင်းဝမ်နှင့် မာယန်တို့က နောက်ဆုံးအုပ်စုထဲတွင် ပါသည်။ ဖေးချမ့်က ဒီလေးယောက်ကို အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်၏။ လင်းဝမ်ကလွဲပြီး ကျန်သုံးယောက်က ပိုက်ဆံဘယ်လိုသုံးရမလဲ မသိကာ လိုအပ်သည့် ပစ္စည်းများများစားစားလည်း မရှိသည့်ပုံပင်။ ထို့ကြောင့် သူတို့ ရှော့ပင်းထွက်ချင်စိတ် သိပ်မရှိကြပါ။
လင်းဝမ်ကတော့... သူမ လိုအပ်တာ ဘာမှမရှိဘူးဟု ထင်နေခြင်း ဖြစ်သည်။ သူမ တစ်ခုခုသာ လိုအပ်ပါက ဝယ်ခဲ့တာ ကြာပြီဖြစ်ပြီး အခုလိုချိန်ထိ စောင့်နေမည်မဟုတ်ပါ။ သူမအတွက် ပိုက်ဆံသုံးဖို့ထက် ဖေးချမ့်ကို လေ့လာခြင်းက ပိုအရေးကြီးပါသည်။
ဘော့စ်တစ်ယောက်အနေဖြင့် ဖေးချမ့်က တကယ် ထူးခြားလွန်းသည်ဟု လင်းဝမ်ထင်မိသည်။
အားလုံးကို ရှော့ပင်းလက်ဆောင်ကတ်များ၊ အထူးအသုံးစရိတ်များ ပေးခဲ့ရုံသာမကဘဲ အားလုံးကို တက်တက်ကြွကြွနဲ့ ရှော့ပင်းထွက်ဖို့ ခေါ်လာခဲ့တယ်တဲ့လား။
သူက အလွန်စေ့စပ်လွန်းပါသည်။
မဟုတ်မှလွဲရော သူက သမိုင်းဝင် ဟာသဉာဏ်ရွှင်၊ နွေးထွေးပြီး သဘောကောင်းကာ စေ့စပ်တိကျလွန်းသည့် ဘော့စ်တစ်ယောက်များ ဖြစ်နေမလား။
တချို့က ရှော့ပင်းမောလ်ထဲမှာ လျှောက်ကြည့်ကြရင်း ရှန်းဟွာဒစ်ဂျစ်တယ်အထူးဆိုင်တစ်ဆိုင်သို့ ရောက်လာခဲ့သည်။ နိုင်ငံတော်ထဲက အကြီးမားဆုံး တယ်လီကွန်မြူနီကေးရှင်းနှင့် ဟာ့ဒ်ဝဲထုတ်လုပ်ရေးအဖြစ် ရှန်းဟွာကော်ပိုရေးရှင်းမှာ အိမ်ရာမြေနှင့် နည်းပညာလုပ်ငန်းများကို လုပ်ကိုင်သော်လည်း ရှန်းဟွာ၏ အဓိက စီးပွားရေးမှာ ကွန်ပျူတာ၊ ဆဲလ်ဖုန်း၊ နားကြပ် အစရှိသည့် ဒစ်ဂျစ်တယ်ပစ္စည်းများဖြစ်သည်။
ရှောင်လုက နောက်ဆုံးထွက် ဖုန်းမော်ဒယ်ကို ကိုင်မြှောက်ကြည့်လိုက်ပြီး ချက်ချင်း သဘောကျသွားပါသည်။ အရင်ဘဝတုန်းက ဒီလိုနှစ်က ဖုန်းမော်ဒယ်များနှင့် ယှဥ်လျှင် ဒီဘဝက ဖုန်း၏ ပုံသဏ္ဌာန်များက တော်တော်လေး ကောင်းမွန်လှပါသည်။
အရင်ဘဝတုန်းက ၂၀၀၉ ၊ ၂၀၁၀ တွင် စမတ်ဖုန်းများက ရေပန်းသိပ်မစားသေးပါ။ စျေးကွက်ထဲတွင် ဖုန်းမျိုးစုံရှိသည်။ အများစုကတော့ အခြေခံကီးဘုတ်များ၊ နံပါတ်ခလုတ်များ ပါဝင်သည်။ တချို့က ကီးဘုတ်အပြည့်အစုံပင် ပါသေးသည်။
ဒီကမ္ဘာမှာတော့ စမတ်ဖုန်းခေတ်က စောစော ရောက်လာခဲ့ပြီး ဒီနေရာတွင် ပြသထားသည့် ဖုန်းအများစုက Touchscreen ဖုန်းများ ဖြစ်ကြသည်။ အရင်ဘဝထက် ၂ နှစ် ၃ နှစ်လောက် ပိုစောနေသည်။ ရှောင်းမီ၏ စမ်းသပ်ကာလများနှင့် ဆင်တူပါသည်။
ရှောင်လုက အခု ရှန်းဟွာ G9 မော်ဒယ်ကို ကိုင်ထားခြင်း ဖြစ်သည်။ ၎င်းမှာ ယခုစျေးကွက်ထဲတွင် မိုဘိုင်းဂိမ်းမင်းအတွက် အနည်းငယ် ပိုပြီး တိမ်းညွှတ်ထားသော ဖုန်းတစ်လုံးဖြစ်ကာ ၃,၉၉၉ ယွမ် ဖြစ်ပါသည်။
အကြာကြီး ခက်ခက်ခဲခဲကြည့်ပြီးခါမှ ရှောင်လု တိတ်ဆိတ်စွာဖြင့် ဖုန်းကို ပြန်ချထားလိုက်ပါသည်။
ဖေးချမ့် မပျော်တော့ပါ။
"ဘာဖြစ်လို့လဲ မင်းမကြိုက်ဘူးလား" ဖေးချမ့်က မေးလိုက်၏။
ရှောင်လုက အမြန်ပြန်ဖြေလိုက်ပါသည်။ "အာ မဟုတ်ပါဘူး။ ကျွန်တော် လက်ရှိကိုင်နေတဲ့ဖုန်းက တစ်နှစ်လောက် သုံးလို့ရသေးတယ်လို့ ထင်လို့ပါ။ ပြီးတော့... ဒီဖုန်းက နည်းနည်း စျေးကြီးနေလို့..."
"နည်းနည်းစျေးကြီးနေတယ်ဟုတ်လား။ မင်းရဲ့ အထူးအသုံးစရိတ်ကို သုံးလေ။" ဖေးချမ့်က ပြောလိုက်ပါသည်။
"အမ် ဘော့စ်ဖေး ဒါကို အထူးအသုံးစရိတ်အနေနဲ့ ဝယ်လို့ရတယ်လား" ရှောင်လု အနည်းငယ် မှင်သက်သွားပါသည်။ "ဒီဖုန်းကို ဝယ်တာက အလုပ်နဲ့ ဘာဆိုင်လို့လဲ..."
ဖေးချမ့်က ခေါင်းခါလိုက်သည်။ "ဘာလို့ မဆိုင်ရမှာလဲ။ ငါတို့ နောက်ပိုင်း မိုဘိုင်းဂိမ်းတွေ မဖန်တီးနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ငါတို့ တစ္ဆေစစ်သူကြီးအတွက် New Edition ကိုတောင် ဖန်တီးနိုင်တယ်လေ၊ ဟုတ်တယ်မလား။ ဂိမ်းမင်းဆဲလ်ဖုန်းတစ်ခုကို စမ်းဝယ်ကြည့်တာက ဘာဖြစ်လို့လဲ။"
"အာ..." ရှောင်လု ပြောစရာစကားမဲ့နေပါသည်။
"အထူးအသုံးစရိတ် အကန့်အသတ်က ယွမ် ၃,၅၀၀၊ ရှော့ပင်းလက်ဆောင်ကတ်ထဲက ၄၉၉ ယွမ်ကို သုံးလိုက်ရင် အဆင်ပြေတာပဲ မဟုတ်ဘူးလား။"
ရှောင်လုက မျက်တောင်ခတ်လိုက်ပါသည်။ "ဒါပေမယ့်..."
"ဘာတွေ တွန့်ဆုတ်စရာလိုလို့လဲကွ။ မင်းမလိုချင်ဘူးလား။ မင်းရဲ့ လက်ရှိ G6 က လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မော်ဒယ် မဟုတ်လား။ စုတ်တောင် စုတ်တော့မယ်မလား။ အဲ့ဒီဖုန်းကို ဆက်သုံးနေတာက မင်းရဲ့အလုပ်လုပ်နိုင်စွမ်းကို နိမ့်ကျစေတယ်လို့ ငါတော့ထင်တယ်။"
"နောက်တစ်ခေါက် ငါမင်းကို တစ်ခုခုလုပ်ဖို့ ခေါ်ရင်း မင်းရဲ့ဖုန်းက ဟန်းနေရင် ငါတို့အလုပ်ကို အဟန့်အတား မဖြစ်စေဘူးလား။ မင်းရဲ့ အလုပ်အတွက် လဲလိုက်စမ်းပါကွာ။" ဖေးချမ့်က ခက်ထန်စွာ ပြောလိုက်ပါသည်။
ရှောင်လုက ခေါင်းသာငြိမ့်နိုင်ပြီး ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး"
စားပွဲပေါ်က မဖောက်ရသေးသည့် နောက်ဆု့းပေါ် ဖုန်းအသစ်တစ်လုံးကို ယူပြီး ငွေရှင်းလိုက်သောအခါ သူ အနည်းငယ် စိတ်ခံစားချက်ပြင်းပြနေပါသည်။
"မှတ်ထားနော်။ မင်းရဲ့ အကြွေးဝယ်ကတ်ထဲက ယွမ် ၃,၅၀၀ နဲ့ ရှော့ပင်းလက်ဆောင်ကတ်ထဲက ၄၉၉ ယွမ်ကိုပဲ သုံး။ ငွေအမ်းလွှာကို လက်ထောက်ရှင်းကို ပေးလိုက်။ သူက အသုံးစရိတ်အဖြစ် သတ်မှတ်ပေးလိမ့်မယ်။"
"ကိုယ့်လစာနဲ့ကိုယ် မသုံးနဲ့နော်။"
ရှောင်လု ငွေစာရင်းရှင်းဖို့ ထွက်သွားတာကို မြင်သောအခါ ဖေးချမ့် အနည်းငယ် စိတ်မကျေနပ်သေးပါ။ ဟွမ်းစစ်ပေါ်ကိုကြည့်ကာ မေးလိုက်သည်။ "မင်းရဲ့ဖုန်းကိုလည်း ပြောင်းဖို့ အချိန်ကျပြီထင်တယ်နော်။"
ဟွမ်းစစ်ပေါ်က အမြန်လက်ခါကာ ပြောလိုက်ပါသည်။ "မဟုတ်ပါဘူး ဘော့စ်ဖေး ကျွန်တော် လွန်ခဲ့တဲ့ ၂ လလောက်ကမှ ပြောင်းထားတာပါ..."
"ဒါပေမယ့် မင်းရဲ့ဖုန်းက Lite ဗားရှင်းကြီးကွ။ ဒစ်ဂျစ်တယ် အမှိုက်သရိုက်လိုပဲ သိလား" ဖေးချမ့်က ကြည့်လိုက်ပြီး ချက်ချင်း ဘာမော်ဒယ်လဲ မြင်သွားပါသည်။
"တကယ်မလိုပါဘူး ဘော့စ်ဖေးရယ်။ ကျွန်တော်ဝယ်ချင်တဲ့ တခြားပစ္စည်းတွေ ရှိပါတယ်။" ဟွမ်းစစ်ပေါ်က နောက်တစ်ခေါက် ထပ်ငြင်းလိုက်ပါသည်။
ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ ဟွမ်းစစ်ပေါ်က ဝယ်စရာတခြားပစ္စည်းများ ရှိသည်ဆိုသဖြင့် ဖေးချမ့် စောင့်ကြည့်ပါဦးမည်။ လင်းဝမ်ကို သူကြည့်လိုက်၏။ သို့သော်လည်း လင်းဝမ်က သူမဘယ်ဘက်လက်ကို မြှောက်ကာ သူမလက်ထဲက ရှန်းဟွာ M10 မော်ဒယ်ကို မြှောက်ပြလိုက်သည်။
ထိုဖုန်းက နောက်ဆုံးထွက် ကော်မာရှယ် flagship ဆဲလ်ဖုန်းတစ်လုံး ဖြစ်သည်။ စျေးအပေါဆုံးမော်ဒယ်ကတောင် ယွမ် ၅,၀၀၀ ကျော် ကုန်ကျ၏။ ထို့အပြင် လင်းဝမ်၏ လက်ရှိဆဲလ်ဖုန်းကလည်း ထူးခြားသည့်ပုံပေါ်သည်။ spec မြင့်သည့်ဖုန်း ဖြစ်နိုင်သည်။ လင်းဝမ်က ပြောလိုက်၏။ "ကျွန်မမှာ ဒီဆိုင်ထဲက ပစ္စည်းအကုန်လုံးရှိပါတယ် ဘော့စ်ဖေး"
ဖေးချမ့် : "..."
ဟူး... ဒုတိယမျိုးဆက်သူဌေးတွေကတော့ သူတို့ လုပ်ချင်တာ လုပ်လို့ရတာပဲ။ လင်းဝမ်ကတော့ တကယ် ထူးခြားပါသည်။