← Chapters

အခန်း(၇၃) အနိုင်ကို အရှုံးအဖြစ် သမိုင်းဝင် ပြောင်းလဲခြင်း

Vol. 5 Ch. 73

အခန်း(၇၃) အနိုင်ကို အရှုံးအဖြစ် သမိုင်းဝင် ပြောင်းလဲခြင်း

Vol. 5 Ch. 73

အခန်း(၇၃) အနိုင်ကို အရှုံးအဖြစ် သမိုင်းဝင် ပြောင်းလဲခြင်း

ဖေးချမ့်က ဆိုင်ကို ပတ်ကြည့်လိုက်ပြီး နားကြပ်များ ထားရာနေရာသို့ ရောက်လာခဲ့ပါသည်။

“မာယန် မင်းနားကြပ်တွေက လမ်းဘေးဆိုင်က ယွမ် ၂၀ ကျော်တန်လေးမလား" ဖေးချမ့်က မာယန်ကို ကြည့်လိုက်သည်။

"ကျွတ်... ဘော့စ်ဖေး လမ်းဘေးဆိုင်ကဆိုပေမယ့် တော်တော်လေး အသုံးတည့်ပါတယ်ဗျာ" မာယန်က ချက်ချင်း ပြန်ပြောလိုက်ပါသည်။ သူနဲ့ ဖေးချမ့်တို့၏ ဆက်ဆံရေးကို တခြားသူများရှေ့မှာ ထုတ်မပြချင်ပါ။

"ဘယ်လိုလုပ် ကောင်းမှာလဲဟ။ လမ်းဘေးဆိုင်ကဟာက လမ်းဘေးဆိုင်ကဟာပဲ။ မကောင်းနိုင်ပါဘူးကွာ။ ဒါက နောက်ဆုံးထွက် မော်ဒယ်အသစ် ယွမ် ၂,၉၉၉ ယွမ်တဲ့၊ ဒါက တန်တယ်။ ယူလိုက်ပါလား။ ယွမ် ၁၀,၀၀၀ အောက်နဲ့ ကောင်းကောင်းရတယ်။"

ဖေးချမ့်က ချက်ချင်းပဲ နားကြပ်များကို မာယန်ထံသို့ တွန်းပေးလိုက်ပါသည်။

မာယန်က ကြက်သေသေသွားကာ ပြောလိုက်၏။ "အာ ဘော့စ်ဖေး ဒါပေမယ့် ကျွန်တော့်ရဲ့ လက်ရှိအလုပ်က နားကြပ်နဲ့ ဘာမှမဆိုင်ဘူးလေ။"

မာယန်က ယခု ဒီဇိုင်းအဖွဲ့ထဲတွင် တောက်တိုမယ်ရအလုပ်များ လုပ်နေရသည်။ မကြာခဏ ဖောင်ဖြည့်ခြင်းများ၊ Editing ဆော့ဝဲများ အသုံးပြုခြင်းနှင့် ရင်းမြစ်များ တောင်းခံခြင်း စသည်တို့ကို ပြုလုပ်ရပါသည်။ သူ့အလုပ်က တကယ်ပဲ နားကြပ်နှင့် များများစားစား မသက်ဆိုင်ပါ။

ဖေးချမ့်က စဥ်းစားလိုက်ပြီး ပြန်ပြောလိုက်သည်။ "နောက်လာမယ့် မင်းအလုပ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပေါ့။ ဂီတနဲ့ အသံ Effect တွေနဲ့ ပတ်သက်ပြီး တစ်ဆင့်ခံတွေနဲ့ ဆက်သွယ်ပြီးတော့ တောင်းဆိုချင် တောင်းဆိုလာရနိုင်တယ်လေ။ နားကြပ်ကောင်းကောင်းမရှိရင် သူတို့က ဂီတနဲ့ အသံ effect တွေကို ပေးတဲ့အချိန် မင်းက အရည်အသွေး ကောင်းမကောင်းကိုတောင် မပြောနိုင်ရင် ဘယ်လိုလုပ်မလဲ။"

မာယန်က ခေါင်းကုတ်လိုက်သည်။ "ဒါပေမယ့် ကုမ္ပဏီ ကွန်ပျူတာမှာ ပါတဲ့ နားကြပ်တွေက တော်တော်လေး ကောင်းတယ် မဟုတ်ဘူးလား။"

ဖေးချမ့်၏ မျက်နှာပျက်လာသည်။ "ကုမ္ပဏီက နားကြပ်တွေကို မင်းအိမ်ယူသွားလို့ရမလား။ ရုံးချိန်အလွန်မှာ တစ်ဆင့်ခံတွေနဲ့ဆက်သွယ်ဖို့ အရေးပေါ်လိုအပ်လာရင် မင်းဘယ်လိုလုပ်မလဲ။"

မာယန် ဆွံ့အသွား၏။

ဖေးချမ့်၏စကားက... အဓိပ္ပာယ်ရှိသလိုလို...

မာယန် ခပ်ကျယ်ကျယ် ပြုံးလိုက်ပြီး နားကြပ်ကို ယူကာ ပိုက်ဆံပြေးရှင်းလိုက်သည်။

ရှောင်လုလိုပဲ သူလည်း ဝယ်ချင်နေပါသည်။ သို့သော် သူ့ကိုယ်ပိုင်ပိုက်ဆံကို မသုံးရက်ပါ။ အထူးအသုံးစရိတ်နာမည်ဖြင့် ဝယ်ဖို့လည်း အနည်းငယ် လိပ်ပြာမလုံ ဖြစ်နေခဲ့ပါသည်။

သို့သော်လည်း ဖေးချမ့်ကိုယ်တိုင်က ဒီလိုပြောသဖြင့် သူဘာမှ တောင့်ခံနေစရာ မလိုတော့ပါ။

သူ့နားကြပ်များကို ဆုပ်ကိုင်ထားသည်။ ၎င်းတို့က အလွန်လှပ၏။

အရေးအကြီးဆုံးကတော့ သူ့ကိုယ်ပိုင်ပိုက်ဆံကို တစ်ပြားတစ်ချပ်မှ မသုံးခဲ့ရပါ။ ကုမ္ပဏီက ပေးခြင်းသာ ဖြစ်သည်။ ဒီလောက်ထိ ကောင်းမွန်သည့် အပေးအယူမျိုးကို ဘယ်မှာ ရနိုင်ဦးမည်နည်း။

မကြာမီ ရှောင်လုနှင့် မာယန်တို့ ၎င်းတို့၏ ပိုက်ဆံများကို သုံးပြီးသွားကြပြီ ဖြစ်သည်။

မာယန်က ချက်ချင်းပဲ နားကြပ်များကို စမ်းသုံးကြည့်လိုက်သည်။ သူ အလွန်ကြိုက်ပါသည်။

သူတို့ထဲက တချို့က ရှော့ပင်းမောလ်ထဲတွင် ဆက်ပြီး စျေးဝယ်ကြ၏။ ဖေးချမ့်လည်း ဝယ်ယူနေရင်း သူ့ဝန်ထမ်းများ စိတ်ကြိုက် သုံးမသုံး သေချာအောင် စောင့်ကြည့်နေမိပါသည်။

ဟွမ်းစစ်ပေါ်ကိုလည်း 'အလုပ်စွမ်းရည် တိုးမြှင့်ဖို့’ ဟူသည့် အကြောင်းပြချက်ဖြင့် တက်ဘလတ် ကွန်ပျူတာအသစ်တစ်လုံးကို အတင်းဝယ်ခိုင်းခဲ့သည်။ ဧည့်ကြို ကောင်မလေးနှစ်ယောက်ကိုလည်း ကုမ္ပဏီ၏ ပုံရိပ်အား တိုးမြင့်စေမည်ဟူသည့် အကြောင်းပြချက်ဖြင့် လှပသော ဝတ်စုံတချို့ ဝယ်ယူစေခဲ့ပါသည်။

တချို့အရာများလည်း ဒီဖြုန်းတီးမှုတွင် ပါဝင်ပါသည်။ သူ့ဝန်ထမ်းများက ဝယ်ယူချင်သည့် ဆန္ဒ တစ်စိုးတစ်စင်းလေးလောက် ပြလိုက်တာနဲ့ ဖေးချမ့်က ချက်ချင်း အကြောင်းပြချက် တစ်ခုခု ပေးကာ ဝယ်ယူခိုင်းလိုက်သည်။

တချို့ ထူးခြားသည့် ကိစ္စများတွင်တော့ ဖေးချမ့်လည်း မတတ်နိုင်ပါ။ ဥပမာအားဖြင့် ယောက်ျားလေး ဝန်ထမ်းတစ်ယောက်က သူ့ကောင်မလေးအတွက် လက်ကိုင်အိတ်တစ်လုံး ဝယ်ပေးချင်သည်ဟုဆိုသည်။ သူ ပေးစရာ အကြောင်းပြချက် တစ်ခုခု ရှိလာအောင် ပစ္စည်းပြောင်းခိုင်းလိုက်ရ၏။

ရှော့ပင်းမောလ်ထဲတွင် တစ်ပတ်လောက် လျှောက်ကြည့်ပြီးသွားသောအခါ ဖေးချမ့် အတော်လေး စိတ်ကျေနပ်သွား၏။

အင်း... အားလုံးကတော့ သူတို့ပိုက်ဆံတွေကို သုံးပြီးလောက်ပြီ။

စစ်ဆေးပြီးနောက် လစာများ၊ ဘောနစ်များ၊ ရှော့ပင်းကတ်များ စသည်တို့ပေးခြင်းအားဖြင့် ဖေးချမ့်၏ အကျပ်ကိုင်မှုနှင့် လှည့်စားမှုများအောက်တွင် စနစ်ရန်ပုံငွေထဲက ၅၃၀,၀၀၀ ယွမ် ဒီနေ့ ကုန်ဆုံးသွားခဲ့ပါသည်။ စနစ်ရန်ပုံငွေမှာ အစက ယွမ် ၁,၁၀၀,၀၀၀ ယွမ် ရှိသည်။

အခုတော့ ၅၇၀,၀၀၀ ယွမ်သာ ကျန်ပါတော့သည်။

"အင်း... ကျန်တာကိုတော့ ငါ့ကိုယ်ငါ အားကိုးလို့ ရမယ်ထင်တယ်..."

သူ့ဝန်ထမ်းများ အကောင်းဆုံးကြိုးစားပြီးကြတာကို ဖေးချမ့်သိပါသည်။ နောက်ဆုံးကျန်နေသည့် ယွမ် ၇၀,၀၀၀ ကိုတော့ သူကိုယ်တိုင် သုံးမှ ဖြစ်တော့မည်။

ဒီ ၇၀,၀၀၀ ယွမ်ကိုသုံးပြီးနောက် တစ်ပြားတစ်ချပ်တိုင်းကို ၁ အချိုး ၁ နှုန်းဖြင့် သူ့ကိုယ်ပိုင်စည်းစိမ်ထဲ ထည့်ဝင်နိုင်တော့မည်ဖြစ်သည်။

ဒါက ဒီခရီးလမ်းရှည်ကြီးအတွက် နောက်ဆုံးအဆင့် ဖြစ်ပါသည်။ သူ ဒါကို တစ်ချက်တည်းနဲ့ အပြီးသတ်ရမည်။

ဖေးချမ့်သည် အရင်ဆုံး အဆင့်မြင့် ဝတ်စုံဖက်ရှင် စတိုးဆိုင်တစ်ဆိုင်ကို ရောက်လာပြီး ဤဆိုင်မှ ဂျာစီအင်္ကျီကို တမင်တကာ ရှောင်လာခဲ့ပါသည်။

သို့သော်လည်း မကြာမီ တိတ်ဆိတ်စွာဖြင့် သူထွက်သွားခဲ့ရသည်။

စနစ်က ဒီဝယ်ယူမှုကို ကန့်ကွက်ခဲ့သည်။ ဖေးချမ့် အရင်တစ်ခေါက်တုန်းက ဝတ်စုံ ဝယ်ယူခဲ့တာ များသွားပုံရသည်။ စနစ်က သူ ဆက်လက် သုံးစွဲနိုင်စွမ်းမရှိဘူးဟု ထင်သွားခြင်းဖြစ်နိုင်သည်။

ထို့နောက် ဖေးချမ့်က Rolex ဆိုင်တစ်ဆိုင်ကို နာရီဝယ်ဖို့ သွားလိုက်သည်။

ဒီတစ်ခေါက်တော့ စနစ်က သူ့ကို တန်းပြီး မကန့်ကွက်ခဲ့ပါ။

သို့သော်လည်း ဖေးချမ့်က စျေးအကြီးဆုံး ယွမ် ၂၀၀,၀၀၀ ကျော်တန် နာရီမှ စတင်ခဲ့ပြီး အောက်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားခဲ့ရသည်။ နောက်ဆုံးမှာတော့ စနစ်က အခြေခံအဆင့်ရှိ ယွမ် ၄၀,၀၀၀ တန် နာရီလေးကိုသာ ဝယ်ခွင့်ပေးခဲ့ပါသည်။

Rolex နာရီဖြစ်သော်လည်း စျေးပေါလွန်းနေပါသည်။

ဖေးချမ့်က အနည်းငယ် နာကျင်သွား၏။ သို့သော်လည်း ယွမ် ၄၀,၀၀၀ ကလည်း ပိုက်ဆံပဲဖြစ်သဖြင့် သူ ဝယ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

'Rolex တစ်လုံးဝတ်ထားလျှင် တာဝန်များလည်း ပိုမြင့်မားလာသည်' ဆိုသည့်စကားအတိုင်းပင်။ ဖေးချမ့်က သူ့ကိုယ်သူ ဘော့စ်တစ်ယောက်ဟု ထင်သွားပြီး သူ့တာဝန်များက လေးလံလွန်းသည်ဟု ထင်သွားပါသည်။ သူ ယွမ် ၂၀၀,၀၀၀ တန်နာရီတစ်လုံးကိုတော့ ဝတ်ဆင်သင့်သည်။

သို့သော်လည်း စနစ်က ကန့်ကွက်ပြီး ဖေးချမ့်ကို ယွမ် ၄၀,၀၀၀ သာ တန်ဖိုးရှိသည်ဟုထင်ခဲ့ပါသည်။

ဖေးချမ့် အလွန်နာကျင်သွား၏။ သူ ဆက်ပြီး ဝယ်ယူခဲ့ပါသည်။

သူက နာရီကောင်းကောင်းတစ်လုံးတောင် ဝယ်လို့ မရခဲ့သဖြင့် သူ့အလုပ်နဲ့ မပတ်သက်သည့် တခြားအရာများကိုလည်း စနစ်က ဝယ်ခွင့်ပေးမှာမဟုတ်ဟု ဆိုလိုလိုက်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် စျေးကြီးသည့် ရေမွှေးများ၊ အမျိုးသား ကျန်းမာရေး အားတိုးဆေးများ စသည်တို့ဖြစ်သည်။

သို့သော်လည်း ဖေးချမ့် စိတ်မပျက်သေးပါ။ ယွမ် ၄၀,၀၀၀ ဝန်းကျင်လောက် သုံးစွဲပြီးသွားပြီဖြစ်သဖြင့် ယခု ယုံကြည်ချက်ပြည့်ဝနေပါပြီ။

သူအားတင်းထားရမည်။ ဒါက ငွေသုံးစွဲသည့် နောက်ဆုံးအဆင့်ကို ကျော်ဖြတ်ဖို့ နောက်ဆုံး အခွင့်အရေးဖြစ်ပါသည်။

လင်းဝမ်၊ ဟွမ်းစစ်ပေါ်နှင့် တခြားသူတွေကလည်း ၎င်းတို့၏ ဝယ်ယူရမည့် အကန့်အသတ်ကို ရောက်ရှိသွားကြပြီဖြစ်သည်။ သူတို့ဖေးချမ့်နောက်ကို လိုက်လာပြီး ပစ္စည်းများကိုလိုက်ကြည့်ရင် သူတို့ ဘော့စ်ဖေးကိုလည်း တိုးတိတ်စွာ လေ့လာနေကြပါသည်။

အထူးသဖြင့် ဘော့စ်ဖေး ဘာဝယ်မလဲ အလွန်စိတ်ဝင်စားနေသည့် လင်းဝမ် ဖြစ်သည်။

သို့သော်လည်း ခဏလောက် လေ့လာပြီးသောအခါ ဘော့စ်ဖေးအပေါ် သူမ မြင်ခဲ့သည့် ခုနက အမြင်မှာ မှားယွင်းသွားကြောင်း သိခဲ့ရသည်။ ဘော့စ်ဖေးက သူ့ကိုယ်ရေးကိုယ်တာဘဝနဲ့ ပတ်သက်လာလျှင် အလွန် ခြိုးခြံချွေတာသောလူဖြစ်ပုံရသည်။ ဖေးချမ့်က ပစ္စည်းတချို့ ဝယ်ယူချင်နေတာကို သူမ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

ဥပမာအားဖြင့် G ဖြင့် စသည့် ထိုနာမည်ကျော် တန်ဖိုးကြီး ရေမွှေးဗူးမှာ ယွမ် ၁,၀၀၀ ကျော် တန်ဖိုးရှိပြီး ဘော့စ်ဖေးက ၎င်းကို သေသေချာချာလေး စိုက်ကြည့်နေသည်။ သို့သော်လည်း ကြည့်ပြီးသွားသောအခါ ပြန်ချလိုက်ပြန်သည်။

ထို့အပြင် စိတ်ကြိုက်ချုပ်လုပ်ထားသည့် ဝတ်စုံတစ်ခုကိုလည်း ဘော့စ်ဖေးက ခဏလောက် စမ်းဝတ်ကြည့်သေးသည်။ ဘော့စ်ဖေးနှင့် အလွန်လိုက်ဖက်ပြီး လှပပါသည်။ ယွမ် ၁၀,၀၀၀ ကျော်လေးသာရှိသော်လည်း သူ မဝယ်ခဲ့ပါ။

Rolex နာရီလည်း ထိုနည်းလည်းကောင်းဖြစ်သည်။ ဘော့စ်ဖေးက ယွမ် ၂၀၀,၀၀၀ တန် လက်ပတ်နာရီများမှ စတင်ခဲ့ပြီး နောက်ဆုံးတော့ စျေးအပေါဆုံး အခြေခံအဆင့် ယွမ် ၄၀,၀၀၀ ဝန်းကျင်သာ တန်ကြေးရှိသည့် နာရီကို ဝယ်ယူခဲ့ပါသည်။

ဘော့စ်ဖေးလို အောင်မြင်နေသည့် ဘော့စ်တစ်ယောက်က အခြေခံအဆင့် Rolex တစ်လုံးကိုပဲ ပတ်နိုင်တာလား။

လင်းဝမ် တကယ်ပဲ ကြက်သေသေနေမိပါသည်။

ဖေးချမ့်က ဆက်လက်ရှော့ပင်းထွက်ကာ ဟိုနေရာ ဒီနေရာက ပစ္စည်းများကို ဝယ်ယူနေသည်။ စနစ်က သူ့ကို မဝယ်ယူဖို့ တားမြစ်သည့်အရာတိုင်းကို သူရွေးချယ်စရာမရှိတော့ဘဲ လက်လျှော့ရသည်။ စနစ်က ခွင့်ပြုသည့် အရာတိုင်းကိုလည်း အကုန်ဝယ်ယူ၏။

သို့သော်လည်း ဒီလိုဆိုရင်တောင် ဖေးချမ့်က များများစားစား မဝယ်ယူနိုင်ခဲ့ပါ။

စနစ်၏ ကန့်သတ်ချက်များက များလွန်းနေပါသည်။

ယွမ် ၇,၀၀၀ ဝန်းကျင်တန်သည့် ဘေဘီလုံဖောင်တိန်တစ်ချောင်း၊ ၃,၀၀၀ တန်သည့် G ဘရန်း ရွှေခါးပတ်တစ်ခု၊ ၂,၀၀၀ တန်သည့် စီးပွားရေးလုပ်ငန်း လက်ကိုင်အိတ်တစ်လုံး....

တချို့က စျေးကြီးသည်။ တချို့က အလယ်အလတ်သာရှိ၏။ သူ့ဝယ်ယူမှုအားလုံးကို စနစ်၏ ကန့်သတ်ချက်များက ကန့်သတ်လိုက်ပါသည်။ ဖေးချမ့်၏ တာဝန်ကတော့ ထိုကန့်သတ်ချက်များအတွင်းမှ အကောင်းဆုံးကို ဝယ်ယူနိုင်ဖို့ ဖြစ်ပါသည်။

ခဏလောက်ကြာကြာ ရှော့ပင်းထွက်ပြီးသွားသောအခါ ဖေးချမ့်တစ်ယောက် ဘာမှ ဝယ်စရာမရှိတော့တာကို သတိထားမိသွားပါသည်။ ဖေးချမ့် သူဝယ်ယူထားသည့် ပစ္စည်းများ များပြားလွန်းသည်ဟု ခံစားခဲ့ရသော်လည်း တကယ်တမ်း သူ့လက်ထဲမှာ အိတ်များများစားစား မရှိပါ။

အားလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ်က ၇၃,၀၀၀ ယွမ် ဖြစ်ပါသည်။

ဖေးချမ့်သည် အောင်မြင်စွာဖြင့် ယွမ် ၃,၀၀၀ ဝန်းကျင်ကို ဖြုန်းနိုင်ခဲ့ပါပြီ။

ဖေးချမ့် ပီတိဖြာသွား၏။ ဒါက သမိုင်းဝင်မည့် ခြေလှမ်းတစ်ခုဖြစ်သည်။

'ငါအကောင်းဆုံးမလိုချင်ဘူး စျေးအကြီးဆုံး လိုချင်တာ' ဟူသည့် အောင်မြင်သော ဥပဒေသနဲ့အညီ ဖြုန်းတီးခဲ့ခြင်း၏ ရလဒ်ဖြစ်ပါသည်။

နောက်ပိုင်း သုံးစွဲသမျှက သူ့ကိုယ်ပိုင်စည်းစိမ်ထဲ အလိုလို ရောက်လာတော့မည်။

ဖေးချမ့် ပြုံးလိုက်၏။ သို့သော်လည်း သူ့ဝန်ထမ်းများ၏ အမြင်မှာတော့ သူ့ကိုမြင်သည့်ပုံစံက မတူလှပါ။

လင်းဝမ်က အလွန်စိတ်ခံစားချက်ပြင်းပြနေသည်။

သမုဒ္ဒရာရဲတိုက်က အလွန်အောင်မြင်နေသည်။ လျှော့တွက်ကြည့်ရင်တောင် တစ်လကို ဘော့စ်ဖေးက ယွမ် ၂ သန်းကျော်လောက် ဝင်ငွေရနိုင်၏။

ဒါတောင် သူက အလွန်ခြိုးခြံချွေတာနေပါလား။

All Chapters