အခန်း(၉၂) အလိမ်အညာလေးတစ်ခု
Vol. 7 Ch. 92
အခန်း(၉၂) အလိမ်အညာလေးတစ်ခု
ဖေးချမ့်၏ မိသားစုက ကျင်းကျိုးမြို့တော်အနီး ကောင်တီမြို့ငယ်တစ်ခုတွင် နေထိုင်သည်။ အဝေးကြီး မဟုတ်ပါ။ အငှားကားပေါ်က ဆင်းလိုက်ပြီးနောက် ဖေးချမ့်က သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်လိုက်ပြီး ဟာကွက်ရှိနေမလားကြည့်လိုက်ပါသည်။ ဝတ်စုံ၊ သားရေခါးပတ်၊ သားရေရှူးဖိနပ် စသဖြင့် ပုံမှန် ဝတ်နေကျ အရာအားလုံးကို အငှားတိုက်ခန်းမှာသာ ထားခဲ့ပါသည်။ သူ ထိုအရာများကို ယူမလာခဲ့ပါ။
အထူးဖြင့် ရိုးလက်စ်လိုအရာမျိုးကို အိမ်သို့ ဘယ်တော့မှ ယူလာနိုင်မှာမဟုတ်ပေ။
သူသယ်လာသည့် အိတ်ထဲမှာလည်း နေ့စဥ်လိုအပ််သည့် အသုံးအဆောင်ပစ္စည်းများသာ ပါဝင်သည်။ ယွမ် ၁၀,၅၀၀ တန် Alienware ကွန်ပျူတာကိုလည်း အိမ်ကို ယူလာလို့ မဖြစ်ပါ။ ဖေးချမ့်တွင် အခု ရှိနေသည့် Notebook မှာ ကျောင်းမတက်ခင်ကတည်းက ဝယ်ထားခြင်း ဖြစ်ပါသည်။
ဖေးချမ့် သတိထားလွန်နေတာ မဟုတ်ပေ။ အရေးကြီးတာက သူ့မိဘနှစ်ယောက်စလုံးက မဟာစုံထောက်ကြီးများ ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။
သူ့မိဘတွေကို တစ်ခုခု ဖုံးကွယ်ထားနိုင်မယ် ထင်လို့လား။
ဖေးချမ့်က သူ့အဖေနဲ့ ဂိမ်းတွေက စိတ်ကို ပျက်ယွင်းစေသလား ဆိုသည့်အကြောင်း မဆွေးနွေးချင်သလို အသိလည်းမပေးချင်ပါ။
သူ့ကိုယ်သူနဲ့ ပစ္စည်းများကို စစ်ဆေးပြီးနောက် အားလုံးစနစ်တကျရှိနေမှန်း ဖေးချမ့် သေချာသွားသည်။ ထို့နောက် တိုက်ခန်းထဲကို ဝင်သွားပြီး သော့ကို ထုတ်ကာ တံခါးဖွင့်လိုက်သည်။ သူဝင်လိုက်တာနဲ့ ဟင်းမွှေးရနံ့များကို ရလိုက်ပါသည်။
"သားပြန်လာပြီလား။" မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည့် ဖေးချမ့်၏ အမေက တံခါးဖွင့်သံကို ကြားလိုက်ရသည်။
"ခွေးကောင်လေး ပြန်လာပြီလား။ မင်းဦးလေး တကူးတကယူလာတဲ့ လက်ဖက်ရည် လာသောက်ကြည့်စမ်းပါဦး။" အဖေဖေးကတော့ စားပွဲပေါ်မှာလက်ဖက်ရည် ပန်းကန်များအား ပြင်ဆင်နေပါသည်။
မြင်ဖူးနေကျ မြင်ကွင်းအတိုင်းပင်။ ဘာမှ ပြောင်းလဲမသွားပါ။။ သူ လွန်ခဲ့သည့် ၁၀ နှစ်တာတုန်းက အချိန်ကို ပြန်ရောက်သွားသလိုပင်။ ထိုအချိန်တုန်းက သူ့မိဘများမှာ ဆံပင်ဖြူ များများစားစား မရှိသေးမှန်း သတိထားမိပါသည်။
"ကျွန်တော် အိတ် အရင်သွားထားလိုက်ဦးမယ်။ အိမ်စီးဖိနပ်တွေ ဘယ်မှာလဲ။"
"နင့်အတွက် သိမ်းထားတယ်။ အဖေဖေး ဗီရိုထဲမှာ ရှင့်သားရဲ့ အိမ်စီးဖိနပ်တွေ သွားယူပေးလိုက်။ ကျွန်မ အလုပ်ရှုပ်နေလို့။" အမေက မီးဖိုချောင်ထဲက အော်လိုက်ပါသည်။
အဖေဖေးက စိတ်မပါစွာဖြင့် ဆိုဖာပေါ်က ထလိုက်ပြီး ပြောလိုက်သည်။ "ဘယ်ဗီရိုလဲ။"
"သားရဲ့အခန်းထဲက ဗီရိုအောက်ဆုံးမှာလေ။"
ဖေးချမ့်က အိမ်စီးဖိနပ်များ ပြောင်းစီးလိုက်ပြီး အိတ်ကို ချကာ ဆိုဖာပေါ်တွင် မှီထိုင်လိုက်ပါသည်။
သက်တောင့်သက်သာရှိလိုက်တာ။
ဒီဆိုဖာက စျေးအရမ်းမကြီးသော်လည်း ကုမ္ပဏီ ဧည့်သည်အခန်းထဲက ယွမ် သောင်းချီတန် ဆိုဖာများထက် ပိုပြီးသက်တောင့် သက်သာရှိပါသည်၊။ အိမ်ထမင်းအိမ်ဟင်းများက သူဝန်ထမ်းတွေ့ဆုံပွဲမှာ စားသောက်ခဲ့သည့် ယွမ်ရာကျော်တန် ဘူဖေးများထက် အများကြီး ပိုမွှေးနေပါသည်။
အိမ်က လက်ဖက်ရည်များကတော့...
ဖွီး ဆိုးရွားလိုက်တဲ့ လက်ဘက်ရွက်တွေ...
ဖေးချမ့်က သူ့ဦးလေးအထူးတလည်ယူလာပေးသည့် အထူးလက်ဖက်ရည်ကို တစ်ငုံလောက် သောက်ကြည့်လိုက်ပြီး ပြန်ထွေးမိမလိုပင် ဖြစ်သွားခဲ့ပါသည်။
သောက်ရခက်လိုက်တာကွာ...
နေ့တိုင်း ကုမ္ပဏီမှာ လက်ဖက်ရည်အကောင်းစားများ သောက်ခဲ့ရသဖြင့် သူ့လျှာရသာဖူးများက အလိုလိုက်ခြင်း ခံထားရသည်။ ဒီလိုသာမန်လက်ဖက်ရည်မျိုးကို မသောက်တတ်တော့ပါ။
"ဘယ်လိုလဲ လက်ဖက်ရည်က မဆိုးဘူးမလား။" အဖေဖေးကလည်း လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး ပြုံးကာ မေးလိုက်ပါသည်။
"အင်း မဆိုးပါဘူး။" ဖေးချမ့်က မသိမသာဖြင့် သူ့လက်ဖက်ရည်ခွက်ကို ပြန်တွန်းပေးလိုက်ပါသည်။ ကြည့်ရတာ အဖေဖေးအား မြည်းစမ်းစေဖို့ လက်ဖက်ရည်ကောင်းကောင်း တချို့ ယူလာပေးရမည် ထင်သည်။ ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများဖြစ်သဖြင့် ကုမ္ပဏီကတော့ ယူလာလို့ မရပါ။ ဧည့်သည်များကိုသာ ဧည့်ခံနိုင်ပြီး ကိုယ်ရေးကိုယ်တာအတွက် သုံးလို့ မရနိုင်ပေ။
သို့သော်လည်း ဖေးချမ့်က မမွဲတော့ပါ။ အဖေဖေးအတွက် လက်ဘက်ရွက်တစ်ဗူးလောက် ဝယ်ပေးဖို့ သူ့ကိုယ်ပိုင်စည်းစိမ် ယွမ်သောင်းကျော်ကို သုံးနိုင်သည်။ သူ့အိမ် အခြေအနေကို စဥ်းစားပြီး ကိုယ်ပိုင်စည်းစိမ်ကို ပိုပြီးမြှင့်တင်ချင်သည့် ဖေးချမ့်၏ ဆန္ဒက ပိုပြီး ပြင်းထန်လာပါသည်။
သူ့မိသားစုက သာမန် အိပ်ခန်းနှစ်ခန်းပါသည့် တိုက်ခန်းတစ်ခုတွင် နေထိုင်သည်။ အိမ်အကျယ်အဝန်းက ၁၀၀ စတုရန်းမီတာခန့်သာ ကျယ်၏။ ထို့အပြင် ဒါက မကြာသေးခင်ကမှ ဝယ်ထားခြင်း ဖြစ်သဖြင့် သူ့မိဘများက ငွေချေနေရဆဲဖြစ်ပါသည်။
သူ့အမေက တောက်ပြောင်အောင် သန့်ရှင်းရေး လုပ်ထားသော်လည်း ပရိဘောဂများဖြစ်ဖြစ်၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများဖြစ်ဖြစ်၊ အားလုံးက အနည်းငယ် ဟောင်းနွမ်းနေပါသည်။ သူ့မိဘများက သာမန် အလုပ်သမားများ ဖြစ်ကြသည်။ ငွေရေးကြေးရေး အခက်အခဲမရှိသော်လည်း သူ့မိဘများက ခြိုးခြံချွေတာတတ်ပါသည်။
ဖေးချမ့်က အိမ်က တီဗီကို ကြည့်လိုက်ပါသည်။
"အဖေ အိမ်က တီဗီကို လဲကြမလား။ တော်တော် သေးနေတယ်။"
အဖေဖေးက ဝေ့ကြည့်လိုက်သည်။ "ဘာလို့ လဲမှာလဲ။ သုံးလို့ရသေးတာပဲ။ ပြီးတော့လည်း မင်းအမေနဲ့ ငါတို့က ပုံမှန်ဆို တီဗီမှ မကြည့်ကြတာ။"
"အဝတ်လျှော်စက်ဆိုရင်ကော လှည့်ခွက်ပါတဲ့ တစ်ခုဝယ်ကြမလား။" ဖေးချမ့်က ထပ်မေးလိုက်ပါသည်။
အဖေဖေးက ခေါင်းခါလိုက်သည်။ "လှည့်ခွက်ပါတဲ့ဟာဟုတ်လား။ ဘယ်လောက်တောင် စျေးကြီးလိုက်မလဲ။ ပြီးတော့လည်း ဒီတစ်ခုကို ကောင်းကောင်း သုံးထားတာပဲ။။ အသစ်ပြောင်းလိုက်ရင် ဒီတစ်လုံးကို ဘယ်မှာ သွားထားမလဲ။"
"ကျွန်တော်တို့ သန့်စင်ခန်း ကြမ်းပြင်ကလည်း အပြား မဟုတ်ဘူး။ ဒီအဝတ်လျှော်စက်ပြီး လှုပ်တိုင်း ပြိုကျတော့မလိုပဲ။ တော်တော် အနှောင့်အယှက်ဖြစ်ရတယ်။" ဖေးချမ့်က ပြောလိုက်သည်။ "အဖေတို့ စိတ်ပူစရာမလိုပါဘူး။ သုံးတဲ့အခါ ဆူညံသံမထွက်အောင် ကျွန်တော် ထောက်ခွက်တွေလည်း ဝယ်ပါ့မယ်။"
"ထောက်ခွက်ဟုတ်လား။"
"အဲ့တာတွေက အဝတ်လျှော်စက်ရဲ့ ခြေလေးဖက် အမြင့်အတိုင်း ညှိလို့ရတယ်လေ။ အဲ့ကျရင် အဝတ်လျှော်စက်ကို အံကျအောင် ထားလိုက်ရင် ထိန်းမရအောင် လှုပ်နေမှာ မဟုတ်တော့ဘူး။" ဖေးချမ့်က ရှင်းပြလိုက်ပါသည်။
"အေး ထောက်ခွက်တွေတော့ ဝယ်လို့ရမယ်ထင်တယ်။ ဒါပေမယ့် မင်းပိုက်ဆံကို သုံးစရာမလိုပါဘူး။ ခွေးကောင်လေး နေပါဦး။ တစ်ခုခုတော့ မှားနေပြီ။"
အဖေဖေးက စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "မင်းဖာသာမင်းဘာလို့ အဝတ်လျှော်စက်ဝယ်ဖို့ စဥ်းစားနေတာလဲ။ မင်းပိုက်ဆံတွေ ဘယ်ကရနေလို့လဲ။"
အဖေဖေးက ဒါမျိုးမေးလာမှာကို သိပြီးသားဖြစ်သည်။ ဖေးချမ့် ပြန်ပြောလိုက်၏။ "ဒီလိုပါ။ ကျွန်တော် ရှိုးအသေးစားတစ်ခုမှာ သရုပ်ဆောင်တစ်ယောက် လုပ်ရတယ်။ ဒါရိုက်တာက ကျွန်တော့်ကို ရိုက်ကူးရေးကြေး ယွမ် ၃,၀၀၀ ပေးတယ်လေ။”
"ဘယ်လောက်... ယွမ် ၃,၀၀၀ ဟုတ်လား" အဖေဖေးက ဆက်ပြောလိုက်သည်။ "ငါ့ကို လာမလိမ်နဲ့။ မင်းလိုကောင်က ရှိုးပွဲထဲပါလို့ရမှာတဲ့လား။ ရိုက်ကူးရေးကြေးကလည်း ၃,၀၀၀ တဲ့လား။ ရှိုးပွဲထဲပါဖို့ မင်းကမှ သူတို့ကို ယွမ် ၃,၀၀၀ ပေးရမှာ။"
"အဖေ ပြောရက်လိုက်တာဗျာ။ အဖေ့သားလို လူမျိုးအတွက် ယွမ် ၃,၀၀၀ နဲ့ မတန်ဘူးလို့ ထင်နေတာလား။" ဖေးချမ့်က မပျော်ရွှင်စွာ ပြန်ပြောလိုက်ပါသည်။
"လာမစမ်းနဲ့ ဟေ့ကောင်၊ မင်းကို ငါမယုံဘူး။" အဖေဖေး ပျော်နေတာ သိသာသော်လည်း အပြတ်ပြောလိုက်ပါသည်။ "ငါ့ကို အဲ့ဒီဗီဒီယိုပြမှ ယုံမယ်။"
"ဗီဒီယိုဟုတ်လား၊ အဲ့တာ မထွက်သေးဘူးလေ။ ကျွန်တော်အခု ကိုယ့်ပိုက်ဆံကိုယ်ရှာနိုင်နေပြီလို့ အဖေတို့ကို ပြောပြတာပါ။ ကျွန်တော့်ကို မုန့်ဖိုးပေးစရာ မလိုတော့ဘူး။" ဖေးချမ့်က ပြောလိုက်သည်။
အဖေဖေးက ခေါင်းခါလိုက်သည်။ “ငါတို့ မင်းမုန့်ဖိုးကိုတော့ ပုံမှန်အတိုင်းပေးဦးမှာပါ။ မင်းကိုယ်ပိုင်ဝင်ငွေရနေတာလည်း ကောင်းပါတယ်။ ဒါပေမယ့် မင်းအပေါ်မင်း ငွေရေးကြေးရေး ဖိအားအရမ်းမပေးနဲ့။ စာသင်ဖို့က အရေးအကြီးဆုံးပဲ နားလည်လား။”
သူတို့နှစ်ယောက် စကားပြောနေတုန်း အမေက မီးဖိုချောင်ထဲမှ လှမ်းအော်သည်။ "စားလို့ရပြီ။"
ဖေးချမ့်နဲ့ အဖေဖေးတို့ အမြန်လက်ဆေးလိုက်ကြပြီး ပန်းကန်ပြားများကို ထုတ်လိုက်ပါသည်။
ညစာစားပွဲဝိုင်းတွင် ပုံမှန်ဆို မသောက်တတ်သည့် ဖေးချမ့်က ချွင်းချက်ထားပြီး အဖေဖေးနဲ့အတူ အများအပြားဝယ်ယူထားသည့် ပိုင်ကျူ နှစ်ခွက် သောက်ခဲ့ပါသည်။ ပုံမှန်ထက်လည်း အများကြီး ပိုစားခဲ့သည်။
အိမ်က အကောင်းဆုံး ဖြစ်ပါသည်။
အဖေဖေးက ပုံမှန်ထက် နည်းနည်းပိုလျှော့သောက်ပြီး ဖေးချမ့်ကို ဆုံးမကာ ဖေးချမ့်၏ အမေကို သူ့သား ရှိုးတစ်ခုမှာ ပါဝင်ရိုက်ကူးရသည့် အကြောင်းကို ကြွားလိုက်သည်။ သူ့မျိုးရိုးဗီဇကြောင့်ဟု ဆို၏။ အမေကလည်း သူ့ကို မျက်စောင်းထိုးကာ ဒီနေ့ည ပန်းကန်ဆေးရမည်ဟု ပြန်ပြောခဲ့ပါသည်။
စားသောက်ပြီးနောက် ည ၉ နာရီပင်ထိုးတော့မည်။ ဖေးချမ့်က ပန်းကန်ဆေးချင်သော်လည်း ခရီးပန်းလာစာာ စောစောနားဖို့ အဖေဖေးက အခန်းထဲ အတင်းတွန်းပို့ခဲ့ပါသည်။
မနက်ဖြန်ကျမှ အိမ်မှုကိစ္စ စလုပ်လည်း နောက်မကျလောက်ပါ။
ဖေးချမ့်က အဖေဖေးနဲ့ အငြင်းမပွားတော့ဘဲ အခန်းထဲပြန်သွားကာ အင်တာနက် စသုံးလိုက်သည်။
ဖေးချမ့်က သူ့မိဘများကို ကုမ္ပဏီအကြောင်း ဆက်ပြီး ဖုံးကွယ်ထားနိုင်မည်ဟု မထင်ပါ။ အနှေးနဲ့အမြန် ပေါ်လာလိမ့်မည်။
ထိုသို့ဖြစ်မလာခင် သူ အရင်ဆုံး ပြင်ဆင်ထားရမည်။
ဖေးချမ့်၏ ကိုယ်ပိုင်စည်းစိမ်ထဲတွင် ယွမ် ၅၀,၀၀၀ ကျော် ရှိသည်။ အိမ်က လျှပ်စစ်ပစ္စည်းများကို လဲလှယ်နိုင်စွမ်း ရှိပါသည်။ သို့သော်လည်း သူ့ပိုက်ဆံတွေကို ဘယ်ကရသလဲဟု ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရမည်။
ဂိမ်းများက ရတာဟု ပြောလိုက်ပါက အဖေဖေး သောင်းကျန်းလိမ့်မည်။ ထို့ကြောင့် ဖေးချမ့်က စဥ်းစားပြီး အခြေတည်စေရန် အရင်ဆုံး အဖေဖေးကို ဗီဒီယိုအတိုလေးများအကြောင်း အသိပေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ အဖေဖေး သူ့ဝင်ငွေဘယ်ကရသလဲ ဆက်တိုက်မေးမနေဖို့အတွက် သူ့ကိုယ်ပိုင်ဝင်ငွေရှိနေပြီဆိုသည့်အကြောင်း အသိပေးဖို့ လိုအပ်သည်။
ထို့နောက် ဖေးချမ့်က အဖေဖေး၏ အတွေးအခေါ်ကို ဖြည်းဖြည်းချင်း ပြောင်းလဲပေးမည်။ ဂိမ်းများကို အရမ်းကြီး မမုန်းတီးဖို့ဖြစ်ပါသည်။ ထို့နောက် အဖေဖေးကို အမှန်အတိုင်း ပြောပြလိုက်မည်။ သူ့ကိုယ်ပိုင်ဂိမ်းကုမ္ပဏီကိုတည်ထောင်းထားသည့်အကြောင်း ပြောပြလိုက်မည်။
အင်တာနက် ခဏသုံးပြီးနောက် ဖေးချမ့်အလွန် အိပ်ငိုက်လာသဖြင့် ကိုယ်လက်သန့်စင်ကာ စောစောအိပ်ယာဝင်ခဲ့ပါသည်။