အခန်း(၉၃) အဖေဖေးရဲ့ သဘောထားကို ပြောင်းလဲခြင်း
Vol. 7 Ch. 93
အခန်း(၉၃) အဖေဖေးရဲ့ သဘောထားကို ပြောင်းလဲခြင်း
နှစ်သစ်ကူးတွင် ဘာမှ ထူးထူးခြားခြား မဖြစ်ပျက်ခဲ့ပါ။ သူတို့လုပ်ခဲ့တာဆိုလို့ ဆွေမျိုးများထံသို့ သွားလည်ခြင်း သို့မဟုတ် ဆွေးမျိုးများလာလည်တာကို ဧည့်ခံခြင်း ဖြစ်သည်။ လူနာ နှစ်သစ်ကူး တတိယနေ့တွင် ဖေးချမ့် နောက်ဆုံးတော့ အခြေငြိမ်သွားပါပြီ။ ထိုင်ခုံပေါ်မှာထိုင်ရင်း တီဗီကြည့်နေ၏။
"သား နင့်ဗီဒီယိုအတိုတွေ ထွက်လာပြီလား။" ဖေးချမ့်၏ အမေက သူ့ကို အခွံနွှာထားသည့် ပန်းသီးတစ်လုံးပေးလိုက်ပါသည်။
ဖေးချမ့်က လှမ်းယူလိုက်ကာ တစ်ကိုက်စားလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဟင့်အင်း ရိုက်ကူးပြီးပြီးချင်း အဲ့ဒီဗီဒီယိုတွေကို ကြည့်လို့ရတာမျိုး မဟုတ်ဘူးလေ။ နည်းနည်းပြုပြင်ပြီး နောက်ဆုံးအဆင့် အတည်ပြုဖို့ လိုသေးတယ်။ ကျွန်တော့်ကိုမေးတာ ဒီနေ့ ၈ ခါရှိပြီနော်။"
"ဒါရိုက်တာကို သွားမေးကြည့်ပါလား။" ဖေးချမ့်၏ အမေက လက်မလျှော့ဘဲပြောလိုက်ပါသည်။
ဖေးချမ့် စိတ်ရှုပ်သွားသည်။ ရွေးချယ်စရာမရှိတော့ဘဲ ဟွမ်းစစ်ပေါ်ကို မက်ဆေ့တစ်စောင် ပို့လိုက်ပါသည်။
သိပ်မကြာခင် ဟွမ်းစစ်ပေါ်က စာပြန်လာ၏။ "ဘော့စ်ဖေး မနေ့က တင်လိုက်ပြီလေ။ Potato Web ထဲ ဝင်လိုက်တာနဲ့ မြင်လိမ့်မယ်။ 'ဟာသများ' ဆိုတဲ့အောက်မှာ ရှိတယ်။ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ဆိုတဲ့ ခေါင်းစဥ်နဲ့ တင်ထားတယ်။"
တကယ်ထွက်လာပြီ။
အဆင်ပြေလိုက်တာ။
ဖေးချမ့်က သူ့လက်ပ်တော့ကို ယူလိုက်ကာ Potato Web သို့ လော့အင်ဝင်ပြီး ဟာသများ အပိုင်းကို သွားလိုက်ပါသည်။
တကယ်ပဲ ညွှန်းဆိုထားသည့် နေရာတွင် ရှိနေသည်။ မျက်စိကျစရာ အကောင်းဆုံး ရှိုး မဟုတ်သော်လည်း အဆိုးကြီးလည်း မဟုတ်ပါ။
ဒီမတိုင်ခင်က ကျိုးရှောင်စဲက သူ့မှာ Potato Web တွင်အလုပ်လုပ်သည့် စီနီယာတစ်ယောာက်ရှိသည်ဟု ဆိုခဲ့ပြီး ရှိုးကို ညွှန်းဆိုသည့် နေရာသို့ ရောက်အောင် လုပ်ပေးနိုင်သည်ဟု ပြောခဲ့ပါသည်။ သူလုပ်မည်ဟု ပြောခဲ့သည့်အတိုင်း တကယ်လုပ်ခဲ့သည်။
အမှန်ပင် အလကားတော့ မဟုတ်လောက်ပါ။ ကြော်ညာခတော့ ပေးခဲ့ရလောက်ပါသည်။
ဖေးချမ့် နှိပ်ကြည့်လိုက်သောအခါ ရင်ထဲ နင့်သွားရ၏။
ဗီဒီယိုတင်တာ ၁ ရက်သာ ရှိသေးသော်လည်း ကြည့်ရှုသူ ၂,၀၀၀ တောင်ရှိနေပါပြီ။
ဒါတောင် အကောင့်အသစ် ဖြစ်သည်။
ဖေးချမ့် အောက်က ကောမန့်များကို ဖတ်ကြည့်လိုက်ပါသည်။
အသက်ဝင်လိုက်တာ။
သေသေချာချာ ဆန်းစစ်ကြည့်ပြီးနောက် ဖျော်ဖြေရေးအပိုင်းက အင်တာနက်အသုံးပြုသူများက အလွန် စည်ကားနေကြသည်ကို မြင်လိုက်ရပါသည်။ ကောမန့်နဲ့တင် စာမျက်နှာ ဆယ်ချီပြီး ရှိနေပါပြီ။
သွားပြီ။ သူ စိုးရိမ်နေခဲ့တာ တကယ်ဖြစ်လာပြီ။
ဖေးချမ့်က သူ့မိဘများ သတိမထားမိအောင် သူ့စိတ်ခံစားချက်များကို ထိန်းဖို့ ကြိုးစားလိုက်ပါသည်။ ထို့နောက် ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး လက်ပ်တော့ကို ပေးလိုက်ပါသည်။ "ဒီမှာလေ။"
သူ့မိဘများက လက်ပ်တော့ကို ကော်ဖီစားပွဲပေါ်တင်လိုက်ပြီး တစ်ပြိုင်တည်း ကြည့်လိုက်ကြသည်။
"ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ ဟုတ်လား။" အဖေဖေးက ဖေးချမ့်ကို သံသယဖြစ်စွာ ကြည့်လိုက်ပါသည်။
"ဟီးဟီးအဲ့တာ ဗီဒီယိုအတိုလေးတွေ ပေါင်းထားတဲ့ စီးရီးရဲ့ နာမည်ပါ။ ကျွန်တော်က အဲ့ရှိုးထဲမှာ ကုမ္ပဏီဘော့စ်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတာလေ။" ဖေးချမ့်က ရှင်းပြလိုက်ပါသည်။
ထို့နောက် ဗီဒီယို စတင်ခဲ့၏။
"ကျွန်တော့် ရိုးလက်စ်နာရီကို ကြည့်လိုက်တယ်။ အချိန်ကို သိရဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ကို ကျွန်တော်က သူဌေးဆိုတာ အသိပေးဖို့ပါ။”
"ဒီနေ့ ကျွန်တော် စိတ်ကူးတစ်ခုရခဲ့တယ်။ ဂိမ်းအသစ်တစ်ခု ဖန်တီးဖို့။ ကစားသမားတွေကို ကစာားချင်သလောက် ကစားစေနိုင်မယ့် ဂိမ်းတစ်ခုပေါ့။”
စိတ်ဝင်စားဖို့ မကောင်းသည့် နောက်ခံတီးလုံးနဲ့ ငြီးငွေ့ဖွယ်ကောင်းသည့် နောက်ခံစကားပြောက ဒီဗီဒီယိုကို အထူးတလည် လက်ရာမြောက်စေခဲ့သည်။
ဗီဒီယိုထဲတွင် ဖေးချမ့်က ဝတ်စုံတစ်ခုဝတ်ထားပြီး ရိုးလက်စ်နာရီတစ်လုံး ပတ်ထားသည်။ ရုံး၏ ဧည့်သည်အခန်းက ဆိုဖာတွင် ထိုင်နေ၏။ သူ့ဘေးက ကော်ဖီစားပွဲပေါ်မှာလည်း အဆင့်မြင့် လက်ဖက်ရည်ပန်းကန်များနဲ့ အဆင့်မြင့် လက်ဖက်ရည်များ ရှိနေသည်။ အားလုံးက သဘာဝကျလှပါသည်။
ဖေးချမ့်၏ ခံစားချက်မဲ့နေသော မျက်နှာကပင် သဘာဝကျလှပါသည်။
ဘော့စ်ဖေး၏ နေ့စဥ်ဘဝ စတိုင်က ကျူးယိထန်၏ ပျင်းစရာဘဝနဲ့ တော်တော်လေး ဆင်တူပါသည်။
ဒီဗီဒီယိုကိုကြည့်ရင်း ပရိတ်သတ်ပထမဆုံး ခံစားမိတာက သူဌေးတစ်ယောက်၏ ဘဝမှာ တကယ်ပဲ အလွန်ပျင်းဖို့ကောင်း၊ အဓိပ္ပာယ်မဲ့၊ စိတ်ဝင်စားဖို့မကောင်းဘဲ နေလို့တောင် မကောင်းလှပါ။
သို့သော်လည်း သူတို့ ပိုပြီးကြည့်လေလေ ဒီခံစားချက်နဲ့ ပိုပြီးအသားကျလာလေလေဖြစ်ပါသည်။
ဗီဒီယို၏ စတိုင်တွင် အားသာချက်နှစ်ချက်ရှိသည်။
တစ်ခုက ထင်ရှားသည်။ နောက်တစ်ခုက တင်စားမှု လှပသည်။
ပိုပြီးကြာကြာကြည့်လေလေ မှန်သားပြင်ပေါ်က အဖြစ်အပျက်များ၏ နောက်ကွယ်က နက်ရှိုင်းသော အဓိပ္ပာယ်ကို ပိုပြီးနားလည်လာနိုင်လေလေဖြစ်ပါသည်။ ထောင့်များမှ ရိုက်ကူးထားသော ပုံရိပ်များကစပြီး မပြောင်းလဲသည့် နောက်ခံတီးလုံးများနဲ့ ရည်ရွယ်ချက်ရှိရှိ ပျင်းဖို့ကောင်းအောင် လုပ်ထားသည့် နောက်ခံစကားပြော အားလုံးက အလွန်အမှတ်ရစရာကောင်းလှပါသည်။
တင်စားမှုများကတော့....
လူတွေက အများကြီး တွေးခေါ်နိုင်ကြသည်ဟု မစဥ်းစားမိဘဲ ဒါရိုက်တာက ဗီဒီယိုထဲမှာ ပါးနပ်သော မက်ဆေ့များစွာ ထည့်ထာားသည့် ပုံပင်။ ဒီလို မှောင်မိုက်သည့်ဟာသမျိုးက ဗီဒီယိုကို သာမန်ထက် ပိုကောင်းပြီး အနောက်တိုင်း ဟာသများနဲ့ ဆင်တူစေသည်။
ဖေးချမ့်က သူ့မိဘများ နောက်ဘက်မှာ မတ်တပ်ရပ်ပြီး ဖန်သားပြင်ပေါ်က သူ့ကိုယ်သူ ကြည့်နေပါသည်။ သူ မနေနိုင်ဘဲ ပြုံးမိသည်။
ဘာလို့ ကင်မရာပေါ်မှာ ငါအရမ်းချောနေရတာလဲ။ သရုပ်ဆောင်တာလည်း တကယ်တော်တယ်။
အဲ့တာကြောင့်လဲ ဒါရိုက်တာကျူးရှောင်စဲက ကတ်လို့ အော်စရာမလိုခဲ့တာကိုး။ ငါက သူ့ဘော့စ်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူဖြစ်လို့ မဟုတ်ဘူး။ ငါ့သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းလွန်းနေလို့ပဲ။
ဖေးချမ့်က သူ့ကိုယ်သူ အလွန်ဂုဏ်ယူလာမိပါသည်။
တစ်မိနစ်ကြာ ဗီဒီယိုထဲမှာ လှည့်ကွက်များစွာရှိပြီး ဇာတ်ညွှန်းထဲမှာလည်း ဟာသများစွာ ပါဝင်သည်။ အဆုံးသတ်သွားသောအခါ ထပ်ပြီး ကြည့်ချင်စိတ်လေးဖြစ်ပေါ်စေ၏။
"ဒါပဲလား။ ကြည့်လို့မဝသေးဘူး။"
"သား မင်းဗီဒီယိုက အရမ်းမတိုလွန်းဘူးလား။"
အဖေဖေးက ဗီဒီယိုအတိုတစ်ပုဒ်မှာ အနည်းဆုံး တစ်ပိုင်း ၁၀ မိနစ်လောက် ကြာလိမ့်မည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း ဒီ တစ်ပုဒ်က ပိုဆိုးသည်။ တစ်ပုဒ်ကို ၁ မိနစ်သာ ကြာ၏။
ဖေးချမ့်က ရှင်းပြလိုက်သည်။ "ဒီလိုတိုတဲ့ ဗီဒီယိုတွေက ဒီခေတ်မှာ ပိုရေပန်းစားတယ်လေ။"
သူ့အမေက ဗီဒီယိုကို ထပ်ကာထပ်ကာ ဖွင့်ကြည့်နေပါသည်။ "ကျွန်မသားမှာ သရုပ်ဆောင်ပါရမီ ပါတယ်ထင်တယ်။ ဘော့စ်တစ်ယောက်လို သရုပ်ဆောင်တာ ဘယ်လောက် ကောင်းလဲ ကြည့်ပါဦး။ သဘာဝ ကျလိုက်တာ။ ဒီကုမ္ပဏီကို သူထောင်ထားတဲ့အတိုင်းပဲ။"
အဖေဖေးကလည်း ခေါင်းငြိမ့်လိုက်သည်။ "တကယ်လည်း မဆိုးပါဘူး။ ဒါပေမယ့် ငါတို့သားက အရမ်းငယ်လွန်းနေသေးတယ်။ ဒီလို အသက်ငယ်ငယ်နဲ့ ဘော့စ်တစ်ယောက်လို သရုပ်ဆောင်တာက သိပ်ပြီး ယုံချင်စရာမကောင်းဘူး ဟုတ်တယ်မလား။ ... ဘာလို့ ဒါရိုက်တာက မင်းအတွက် နှုတ်ခမ်းမွှေးတွေ ဘာတွေ တပ်မပေးတာလဲ။ ပြီးတော့ အဲ့ဒီ အသံကြီးက..."
ဖေးချမ့်က အမြန်ဖြတ်ပြောလိုက်သည်။ "အဲ့တာ သူများအသံပါ။"
အဖေဖေးက ခေါင်းငြိမ့်လိုက်သည်။ "ငါသိပါတယ်။ ဒါပေမယ့် သာမန် ဘော့စ်ကြီးတစ်ယောက်နဲ့ မတူဘူး။"
ဖေးချမ့်၏ အမေက အဖေဖေးကို သဘောမတူစွာ ကြည့်လိုက်သည်။ "ရှင်က ဘော့စ်ကြီးတွေ အများကြီးနဲ့ တွေ့ဖူးတဲ့ပုံစံနဲ့ လာပြောနေတာပဲ။"
အဖေဖေးက ချက်ချင်း တိတ်ဆိတ်သွားပါသည်။ ထိုသို့ ငါးစက္ကန့်လောက်ထိ ငြိမ်ကျသွားပြီးမှ ပြန်ပြောလိုက်သည်။ "အေး မင်းလည်း မမြင်ဖူးဘူးမဟုတ်လား။"
"မမြင်ဖူးဘူး ဒါပေမယ့် ကျွန်မက ရှင့်ထက် ရုပ်ရှင်တွေ ပိုကြည့်ဖူးတယ်။ ဒါက ရုပ်ရှင်ထဲက ဘော့စ်ကြီးတွေ သရုပ်ဆောင်တဲ့အတိုင်းပဲ။ ကျွန်မတို့သားက သရုပ်ဆောင်တာ တော်တော်ကောင်းတယ်လို့ ထင်တယ်။ အဲ့တာ ဘာဖြစ်လဲ။" အမေက တဖြည်းဖြည်းနဲ့ အစွန်းရောက်လာပါသည်။
"အေးပါ အေးပါ အေးပါ... ဘာပဲဖြစ်ဖြစ် ဒီခွေးကောင်က အခုရုပ်ရှင်ရိုက်ပြီး ပိုက်ဆံရနေပြီ။ အရွယ်လည်းရောက်လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်နေပြီ။ အဲ့တာ ကောင်းတာပဲ။" အဖေဖေးက ပြောလိုက်ပါသည်။
အဖေဖေး စိတ်ကောင်းဝင်နေတာကို မြင်ပြီး ဖေးချမ့်က ချက်ချင်း အခွင့်ကောင်းဝင်ယူလိုက်ပါသည်။ "အဖေ ဒီဗီဒီယိုအတိုလေးတွကို ဂိမ်းလောကကို ဟာသလုပ်ဖို့အတွက် ဖန်တီးထားတာလေ။"
"ကြည့်ပါဦး။ ဘော့စ်က လေ့လာမှုနဲ့ ဖန်တီးမှုအတွက် ယွမ် ၂၀၀,၀၀၀ သတ်မှတ်ပေးထားတယ်။ ဒါပေမယ့် တစ်ဆင့်ချင်း ဆင်းသွားတိုင်း လူတိုင်းက ငွေကို ဖြတ်ခုတ်သွားကြတယ်။ နောက်ဆုံး တကယ်အလုပ်လုပ်ရမယ့် လူဆီရောက်သွားတော့ ယွမ် ၅၀,၀၀၀ ပဲ ကျန်တော့တယ်။ ဒါက ဂိမ်းကုမ္ပဏီများစွာမှာ အခုဖြစ်ပျက်နေတဲ့ အတွင်းပိုင်း စီမံရေးပြဿနာတစ်ခုပဲ။"
"သူတို့တွေက ယွမ် ၅၀,၀၀၀ နဲ့ အဓိပ္ပာယ်မရှိတဲ့ ဂိမ်းတွေကို ဖန်တီးကြတယ်။ ဒါတောင် ကစားသမားတွေက ဝယ်ကြတုန်းပဲ။ ဒါက ဂိမ်းစျေးကွက်ရဲ့ ရှုပ်ထွေးမှုတွေပဲ။"
"ဒါက အမှောင်ဟာသမျိုးပဲ။ သရော်ပြီး လိပ်ပြာမလုံစေတဲ့ သက်ရောက်မှုမျိုး ရအောင် လုပ်ထားတာ။ အစကတည်းက ဒါရိုက်တာက ဒီလို စီစဥ်ထားခဲ့တာလေ။"
အဖေဖေး၏ မျက်နှာထားက တောင့်တင်းနေရာမှ စိတ်ဝင်စားသော မျက်နှာထားအဖြစ် ပြောင်းလဲသွားပါသည်။ ထို့နောက် နားလည်သွားသော မျက်နှာထားအဖြစ်သို့...။
"သြော်... ဒီလိုကိုး။"
ဖေးချမ့် နောက်ဆုံးတော့ အဖေဖေး၏ စိတ်ဝင်စားမှုကို ရခဲ့ပြီဟု ခံစားမိပါသည်။ သူအမြန်ဆုံး အဖေဖေး၏ ခံယူချက်ကို ချိုးဖျက်ဖို့ ကြိုးစားပါသည်။
"ပြီးတော့ ဒီဇာတ်ကွက်က အတော်လေး နက်ရှိုင်းတယ်။ ဒါရိုက်တာကျိုးက ဂိမ်းကုမ္ပဏီတစ်ခုကို တာဝန်ယူထားတဲ့ စိတ်ကောင်းရှိတဲ့ ဘော့စ်တစ်ယောက်ကို ပုံဖော်ချင်တာ။ ဒါက ဒီကုမ္ပဏီနဲ့ သာမန် ဂိမ်းကုမ္ပဏီတွေကြားက ခြားနားမှုကို ဖန်တီးတယ်။"
"သြော် သူ အဲ့တာကို ဘယ်လိုဖန်တီးတာလဲ။" အဖေဖေးက စိတ်ဝင်စားနေပါပြီ။
အဖေဖေးက မျိုးဆက်ဟောင်းများမှ သာမန် လူကြီးမျိုးဖြစ်ပါသည်။ ဂိမ်းတွေအပေါ်ထားသည့် သူ့ခံယူချက်မှာ သူ့အပြစ်တော့မဟုတ်ပါ။ ကြော်ငြာများကြောင့် ဖြစ်ပါသည်။ ဂိမ်းများက ရေပန်းစားလာသည့် အရာဟု သတ်မှတ်နိုင်သည်။ အဖေဖေးလို လူမျိုးက ဘယ်လိုလုပ် လိုက်မှီနိုင်မည်နည်း။ သူ ဂိမ်းများအကြောင်း သိထားခြင်းက တီဗီမှ မြင်ဖူးခြင်း သို့မဟုတ် တခြားမိဘများထံမှ ကြားဖူးခြင်းသာဖြစ်နိုင်သည်။
နေ့တိုင်း သတင်းများ ကြည့်ပြီး ကျောင်းသားတစ်ယောက် အင်တာနက်ကဖေးသွားဖို့ ကျောင်းလစ်သည့်အကြောင်း ဖတ်မိပြန်သည်။ ရလဒ်အနေဖြင့် ကျောင်းသား၏ အဆင့်များ ထိခိုက်လာပြီး မိဘများ၏ ကြိုးစားပမ်းစားရှာထားသော ပိုက်ဆံလည်း ဂိမ်းထဲက ငွေကြေးကို ဝယ်ယူဖို့ ဖြုန်းခံရပြီး သဲထဲရေသွန် ဖြစ်သွားပါသည်။
အမှန်ပင်။ သူ ဂိမ်းတွေကို လုံးဝသဘောမကျပါ။
ထို့ကြောင့် မသမာသော စျေးသည်များနဲ့ မီဒီယာများကိုသာ အပြစ်တင်ရပါမည်။
ယခုဖေးချမ့်က ကြိုးစားပြီး အဖေဖေး ဂိမ်းလောကအပေါ်ထားသည့် ခံယူချက်ကို ပြောင်းလဲပေးရမည်။
"ဒါရိုက်တာကျူးက ဒီလိုစီစဥ်ခဲ့တာလေ။"
"ဂိမ်းကုမ္ပဏီရဲ့ ဒီဘော့စ်ရဲ့ တခြားတစ်ဖက်ကို ပြသချင်နေတာ။ အားလုံးအတွက် အပြုသဘောဆောင်တဲ့ အားအင်တွေ ယူဆောင်လာပေးပြီး လူတွေကို အားပေးပြီးတော့ ဂိမ်းဖန်တီးစေတဲ့လူမျိုးကိုလေ။"
"ဥပမာအားဖြင့် ကားသူခိုးတစ်ယောက်ကို ဖမ်းဖို့ ကြိုးစားရင်း ကျောင်းသားတစ်ယောက်က ဂန်းစတားတစ်ယောာက် တိုက်ခိုက်တာကို ခံရတယ်။ ကံမကောင်းစွာနဲ့ သူက နောက်ဆုံးတော့ သေသွားတယ်။ ဒီဇိုင်နာက သူ့ဂိမ်းထဲက ကျောင်းသားအဖြစ်ကနေ ဝင်ခံစားကြည့်တယ်။ ဒါမှ ကစားသမားတွေက သူ့ကိုအမှတ်ရနိုင်မှာပေါ့။”
"နောက်ဆုံးတော့ ဘာဖြစ်လာလဲသိလား။ သူ့ဂိမ်းတွေက တော်တော်လေးကို ရေပန်းစားလာတယ်။"
အဖေဖေးက ဒီအရာများကိုတစ်ခါမှ မကြားဖူးပါ။ အခုတော့ သူစိတ်ဝင်စားလာပါပြီ။ "မင်းသရုပ်ဆောင်နေတာ အဲ့လိုဇာတ်ကောင်မျိုးလား။"
ဖေးချမ့်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်တယ်။"
"မဆိုးပါဘူး။" အဖေဖေးကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။
ဖေးချမ့်က ဆက်ပြော၏။ "ရိုးရိုးသားသား ပြောရရင် ဂိမ်းလောကက တကယ်ပဲ ပျက်စီးနေပြီ။ ဒါပေမယ့် ဂိမ်းဆိုတာ ဖျော်ဖြေရေး အမျိုးအစားတစ်ခုပဲ။ အရေးအကြီးဆုံးက ဂိမ်းဖန်တီးတဲ့လူက ဘယ်လိုမျိုးလဲဆိုတာပဲ။"
"ဂိမ်းဖန်တီးသူက အမြတ်ရဖို့ကြီးပဲ ကြိုးစားနေတဲ့လူဆိုရင် သေချာပေါက် ကလေးတွေကို မိဘတွေဆီက ပိုက်ဆံခိုးပြီး ဂိမ်းထဲက ငွေကြေးကို ပြန်ဖြည့်ဖို့ ဆွဲဆောင်မှာပဲ။ ဆန့်ကျင်ဘက်အနေနဲ့ ဂိမ်းဖန်တီးသူရဲ့ ပန်းတိုင်က ကစားသမားတွေကို ပျော်စေချင်ရုံသက်သက်ဆိုရင်ကော ဘယ်လိုမျိုးလဲ။"
"အလုပ်သမားတွေလည်း တစ်နေကုန် အလုပ်မှာ ပင်ပန်းလာပြီး ဂိမ်း ကစားနိုင်တယ်။ ရုပ်ရှင်သွားကြည့်တာ၊ စာအုပ်ဖတ်တာနဲ့ အတူတူပဲ။ သူတို့အတွက် စိတ်ဖိစီးမှု လျှော့ကျစေပြီး အပန်းပြေစေတဲ့ နည်းလမ်းတစ်ခုပဲ။ အဲ့တာ မကောင်းဘူးလား။”
"အဲ့တာကြောင့် ဒီပြဿနာကို သာမန်အတိုင်း ဖြေရှင်းလို့မဖြစ်ဘူး။ ကျွန်တော်တို့ အားလုံးအတွက် လမ်းညွှန်ပေးဖို့ အကောင်းဆုံး ကြိုးစားရမယ်။ ဒါမှ သူတို့ ဂိမ်းကစားတဲ့အခါ စွဲမသွားဘဲ ပျော်ပြီး အပန်းပြေစေမှာ။ အဲ့တာ လမ်းမှန်လို့ ကျွန်တော်ထင်တယ်။”
"အဲ့ဒါ ဒီဗီဒီယိုအတိုလေးတွေကနေတဆင့် ဒါရိုက်တာကျူးပေးဖို့ ကြိုးစားနေတဲ့ မက်ဆေ့ပဲ။ အဲ့တာ ဗီဒီယိုထဲက ကျွန်တော့်ဇာတ်ကောင်ရဲ့ ရည်ရွယ်ချက်လည်း ဟုတ်တယ်။"
အဖေဖေးက နားထောင်ရင်း ခေါင်းငြိမ့်နေပါသည်။
ထိုစကားလုံးများက ဒါရိုက်တာကျူးပြောခဲ့တုန်းကထက် ပိုပြီး ယုံချင်စရာကောင်းနေပါသည်။ အဖေဖေး ဂိမ်းတွေအပေါ်ထားသည့် သဘောထား အများကြီး ပိုနူးညံ့သွားတာကို ဖေးချမ့် မြင်နိုင်ပါသည်။
"ဒါရိုက်တာက ဘယ်ဆိုးလို့လဲ။ သူဦးတည်ချက် ရှင်းရှင်းလင်းလင်းရှိတာပဲ။ သူ့နာမည်က ဘာတဲ့လဲ။"
ဖေးချမ့်က ပြန်ပြောလိုက်သည်။ "ကျူးရှောင်စဲတဲ့။"
"ဒါရိုက်တာကျူးက အသက်ဘယ်လောက်ရှိပြီလဲ။"
"တက္ကသိုလ်နောက်ဆုံးနှစ်ရောက်နေပါပြီ။"
"ငယ်ပြီး အလားအလာရှိတဲ့ ကလေးပဲ" အဖေဖေးက လေးစားစွာ ပြောလိုက်ပါသည်။ "အရမ်းငယ်တာတောင် အဓိပ္ပာယ်ရှိတာတွေ အများကြီး ပြောနိုင်တယ်။ သူသာ ဂိမ်းကုမ္ပဏီတစ်ခုရဲ့ ဘော့စ် ဖြစ်လာနိုင်ရင် တကယ်ကောင်းမှာပဲ။"
ဖေးချမ့်က အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။ "မဖြစ်လာနိုင်ဘူးလို့ ဘယ်သူပြောလဲ။"
သူ့အမေက လက်ပ်တော့ကို ကိုင်ကာ ဗီဒီယိုကို ကြည့်နေဆဲဖြစ်ပါသည်။ "သားသရုပ်ဆောင်တာက အရမ်းကောင်းတာပဲ။ နည်းနည်းလောက် ထပ်ကြည့်ချင်သေးတယ်။ သား ငါတို့ အိမ်က ကွန်ပျူတာထဲ ကော်ပီကူးပေးစမ်းပါ။”
ဖေးချမ့် အထက်တန်းကျောင်းတုန်းက ဝယ်ထားသည့် Desktopဟောင်းတစ်လုံး အိမ်မှာ ရှိသည်။ အခုတော့ အတော်လေး နှေးနေပါပြီ။
ဖေးချမ့်က ဗီဒီယိုကို Desktop ထဲသို့ ကူးပေးလိုက်သည်။ အမေက ချက်ချင်းပဲပျော်ရွှင်စွာ ဖက်လိုက်ပါသည်။ ဗီဒီယီုကို ထပ်ခါထပ်ခါ ပြန်ကြည့်နေ၏။ သူမ ကြည့်နေရင်း ငြီးငွေ့ဖွယ် နောက်ခံတီးလုံးကလည်း မရပ်မနား ထွက်ပေါ်နေပါသည်။