အခန်း(၉၈) ပေါင်ရှုပြန်လာပြီ
Vol. 7 Ch. 98
အခန်း(၉၈) ပေါင်ရှုပြန်လာပြီ
လင်းဝမ်က ယုံကြည်ချက် ပြည့်ဝစွာ ပြုံးလိုက်သည်။ "ရှင်က အရေးကြီးတဲ့ မေးခွန်းကို မေးလိုက်တာပဲ။ ကျွန်မအမြင်မှာတော့ ဒါက ဂိမ်းရဲ့ အဓိကအချက်ပဲ။ ဒါက... တစ်ခုခုကို မှားမှန်းသိရုံနဲ့လည်း မအောင်မြင်နိုင်သေးဘူးလို ဆိုလိုတာပဲ။"
"ကိုယ့်ရဲ့ ရင်ထဲက လောဘကို တောင့်ခံပြီး ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို မှီခိုရင် ကိုယ့်အိပ်မက်အတိုင်းပဲ ကိုယ်ဖန်တီးရင် ဂိမ်းကောင်းတစ်ခု ထုတ်လုပ်နိုင်ပြီလား။ မဟုတ်ဘူး။"
"ဇာတ်သိမ်းတစ်ခုက ဒီလိုမျိုး။ ထုတ်လုပ်သူတွေက သူတို့ရဲ့ စစ်မှန်မှုအတိုင်း တောက်လျှောက်လုပ်ခဲ့တယ်။ ဂိမ်းရဲ့ အမြတ်အကြောင်းကိုလည်း မစဥ်းစားခဲ့ဘူး။ နောက်ဆုံးတော့ ကစားသမားတွေများစွာက ဘာမှ ပေးစရာမလိုဘဲ ဂိမ်းကို ပျော်ပျော်ကြီး ကစားနိုင်ခဲ့တယ်။ ဂိမ်းက Rating ကောင်းပေမယ့် ထုတ်လုပ်သူတွေက သူတို့ရဲ့အရင်းကိုတောင် ပြန်မရခဲ့ဘူး။ ကစားသမားတချို့က ထောက်ပံ့ပေးရင်တောင် ကုန်ကျစရိတ်ကို ကာမိဖို့ ခက်ပြီး ဂိမ်းလောကထဲက ရာသက်ပန် ထွက်သွားရလိမ့်မယ်။”
"ဒါက ဂိမ်းလောကဆိုတာ စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့ အောင်မြင်နိုင်တဲ့ လောကမဟုတ်ဘူးလို့ ပြောလိုက်တာပဲ။ စိတ်အားထက်သန်မှုရှိပြီး ရိုးရိုးသားသား ဖန်တီးရင်တောင် မအောင်မြင်နိုင်သေးဘူး။ ဒါက ရက်စက်ပေမယ့်... ဂိမ်းလောကထဲမှာ အမှန်တရားတစ်ခုပဲ။"
လင်းဝမ်လည်း အနည်းငယ် အတွေးများနေပါသည်။ "စဥ်းစားကြည့်မှ ကျွန်မလည်း အရင်တုန်းက အရမ်း မရင့်ကျက်ခဲ့မိဘူး။ နာမည်ကော ဝင်ငွေကော ရဖို့ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ဘူး။ ကျွန်မတို့ရဲ့ ပုံသေ အောင်မြင်မှုတွေက... ဘော့စ်ဖေး ကျွန်မတို့ကို လမ်းပြပေးခဲ့တာတွေကြောင့်ပဲ။"
လင်းဝမ်က အားလုံးကို တိတ်ဆိတ်သွားစေခဲ့ပါသည်။
ဟုတ်တယ်။
ထန်းတာ့တွင် အလုပ်လုပ်ခဲ့ရသော အချိန်များအတွင် သူတို့ ပုံရိပ်ယောင်တစ်ခုကို မြင်ခဲ့ရသည်။ သူတို့အောင်မြင်သည့် အရာတိုင်းက အောင်မြင်ထိုက်သောကြောင့်ဖြစ်သည်ဟု ထင်ရသည်။ သို့သော်လည်း တခြားဂိမ်းကုမ္ပဏီများကို ကြည့်ပါဦး။ သူတို့ရဲ့ ယခင် အလုပ်အတွေ့အကြုံများကို ပြန်စဥ်းစားကြည့်ပါဦး။
သူတို့ ဖိအားကို မခံစားရသည့် အကြောင်းအရင်းမှာ ထိုဖိအားများကို သူတို့ကိုယ်စား ခံပေးမည့် လူတစ်ယောက် ရှိနေသောကြောင့် ဖြစ်သည်။
ထိုလူက ဘော့စ်ဖေးဖြစ်ပါသည်။
လုပ်ငန်းစဥ်တစ်ခုလုံးကို ပြန်စဥ်းစားကြည့်ပါက ဒီဂိမ်းတစ်ခုလုံးမှာ ဒီဇိုင်းပိုင်းဖန်တီးနိုင်စွမ်းနဲ့ နောက်ခံစကားပြောအထိ အားလုံးကို ဘော့စ်ဖေးကိုယ်တိုင် မွမ်းမံထားပေးခြင်း ဖြစ်သည်။
တခြားလူများက တချို့ စီမံရေးလုပ်ငန်းများကိုသာ လုပ်ရုံရှိသည်။
ဂိမ်းသာ ကျရှုံးသွားပါက ထိုကျရှုံးမှုအတွက် အဓိက တာဝန်ရှိသူမှာ ဘော့စ်ဖေးဖြစ်ပါလိမ့်မည်။
ထိုအချိန် ဂိမ်းအောာင်မြင်သွားပါက အားလုံးကြောင့်ဖြစ်သည်။
တခြားဘော့စ်များကိုကြည့်လိုက်ပါက အဆိုပါဘော့စ်တို့မှာ အလုပ်ကို စိတ်မဝင်စားဘဲ သူတို့၏ ဝန်ထမ်းများကိုဖိနှိပ်ဖို့ သူတို့၏ လုပ်ရပ်များကိုသာ ရှင်းပြလိမ့်မည်။ ပရောဂက်ကျရှုံသွားသောအခါ သူတို့ ပထမဆုံး လုပ်မည့်အရာက အပြစ်ရှာပြီး တခြားသူများကို အပြစ်ပုံချဖို့ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဘော့စ်ကတော့ ဘယ်တော့မှ မမှားနိုင်ပါ။
ခြားနားချက်က ဒီလိုနှိုင်းယှဥ်ကြည့်လိုက်လျှင် အလွန်သိသာလွန်းပါသည်။
လင်းဝမ်က ဆက်ပြောသည်။ "အဲ့တာကြောင့် ဘော့စ်ဖေး ရှင့်ကို ဘာကြောင့် နောက်ခံစကားပြော လုပ်ခိုင်းတာလဲဆိုတာ ရှင်းနေပြီ။ ပထမဆုံး ရှင့်ရဲ့အသံက နောက်ခံစကားပြော လုပ်ဖို့ သင့်တော်လို့။ ဒုတိယက ရှင့်ရဲ့အကြီးမားဆုံး အားသာချက်ဖြစ်တဲ့ ဂိမ်းတွေအကြောင်း နားလည်မှုကြောင့်ပဲ။"
"ရှင် အခု သိမ်ငယ်နေလို့မဖြစ်ဘူးနော်။ ဒါက အသံသရုပ်ဆောင်တွေအတွက် အရမ်းအရေးပါတယ်။ နောက်ခံစကားပြောတွေကို ဂိမ်းဒီဇိုင်နာတွေရဲ့ လောဘနဲ့ ရမက်တွေအဖြစ် သတ်မှတ်လို့ရတယ်။ သူတို့ကို လမ်းမှားရောက်အောင် တွန်းပို့ပေးတာ။ နောက်ခံစကားပြောတွေ အဲ့လိုလုပ်နိုင်ဖို့အတွက် သင့်တော်တဲ့ အသံရှိရုံနဲ့ မလုံလောက်ဘူး။"
"ဂိမ်းလောကထဲက ထောင်ချောက်အားလုံးကို ဖယ်ရှားပစ်ရမယ်။ ဒီလောကအကြောင်း နက်နက်နဲနဲ နားလည်ထားရမယ်။ ရင်ထဲက လောဘနဲ့ ရမက်တွေအကြောင်းကို တိတိကျကျ နားလည်ထားရမယ်။"
"သာမန် အသံသရုပ်ဆောင်တွေက အဲ့လို ခံစားချက်တွေကို ဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။"
ထိုစကားလုံးများက လုမင်းလျန်ကို နိုးထသွားစေသည့် မိုးကြိုးတစ်ချက်လိုပင်။
အဲ့တာကြောင့်ကိုး>
အဲ့တာက ဘော့စ်ဖေးရဲ့ စီစဥ်မှု နောက်ကွယ်က ရည်ရွယ်ချက်ကိုး။
သူ နောက်ခံစကားပြော ဇာတ်ညွှန်းကို ကိုင်လိုက်ကာ ဖတ်ကြည့်လိုက်သည်။
ဟုတ်တယ် အမှန်ပဲ။
အဲ့တာကြောင့်လည်း ဘော့စ်ဖေးက စာသားတွေကို ကိုယ်တိုင် အကြိမ်ပေါင်းများစွာ ပြုပြင်ခဲ့တာကိုး။ အကြောင်းအရင်းက အဲ့ဒီခံစားချက်ကို ရဖို့။ အဲ့တာကြောင့် သူတို့ ပိုပြီး စိတ်အားထက်သန်မှုရှိတဲ့ အသံမျိုးကို လိုအပ်တာပဲ။
လုမင်းလျန် ခေါင်းငြိမ့်လိုက်သည်။
"ကျွန်တော်နားလည်ပြီ။ သေချာပေါက် ဘော့စ်ဖေးကို စိတ်မပျက်စေရဘူး။"
...
အစည်းအဝေးပြီးဆုံးသွားသောအခါ လုမင်းလျန် ကုမ္ပဏီထဲက ထွက်သွားပြီး ကျင်းကျိုးမြို့တော်ရှိ အကောင်းဆုံး အသံသွင်းစတူဒီယိုသို့ ရောက်လာပါသည်။ ထိုအချိန်တွင် လင်းဝမ်ကတော့ သူမ၏ အလုပ်စားပွဲသို့ ပြန်သွားသညည်။ အလုပ်ပြီးသွားသောအခါ နောက်ခံစကားပြော စာသားများကို ဆက်ဖတ်နေသည်။
ဖတ်လိုက်တိုင်း အမြင်အသစ်တစ်ခုတိုးလာတာကိုလည်း ခံစားမိပါသည်။
ဂိမ်းဒီဇိုင်နာမှာ အကန့်များစွာနဲ့ ဇာတ်သိမ်းများစွာ ပါဝင်သော ဂိမ်းတစ်ခု ဖြစ်ပါသည်။ အကန့်တစ်ခုချင်းစီနဲ့ သက်ဆိုင်ရာ ဇာတ်သိမ်းများကို ဖတ်ကြည့်ရသောအခါ သူမ ဂိမ်းကုမ္ပဏီတစ်ခု၏ သေရေးရှင်ရေး အခြေအနေတစ်ခုကို ကိုယ်တိုင် တွေ့ကြုံခံစားနေရသလိုပင်။
တချို့က မတိုင်းတာနိုင်သည့် ဂုဏ်နာမည်များ ရခဲ့ပြီး တချို့ကတော့ ဂိမ်းလောကထဲက စိတ်ဓာတ်ကျစွာ ထွက်သွားရသည်။
ဂိမ်းဒီဇိုင်နာများ၏ ခံစားချက်များထဲ နစ်မြောသွားပြီးနောက် လင်းဝမ်တစ်ယောက် ယခင်တုန်းက ဂိမ်းလောကအပေါ် သူမ၏ နားလည်မှုများမှာ ဘာမှမဟုတ်ကြောင်း နားလည်ခဲ့ရပါသည်။ ဂိမ်းများက လူတွေကို ပျော်ရွှင်မှုများ ယူဆောင်လာပေးသင့်ပြီး ဂိမ်းကုမ္ပဏီများကလည်း ဒီလိုပဲလုပ်သင့်သည်ဟု ထင်ခဲ့မိသည်။
သို့သော်လည်း ဆန်းစထရိုက်ခ် စတူဒီယိုမှာ အလုပ်သင်ဝင်လုပ်ပြီးနောက် ပြည်တွင်းဂိမ်းကုမ္ပဏီများက သူမ ထင်ထားသလို မဟုတ်တာ နားလည်ခဲ့ရပါသည်။ သူမ စိတ်ပျက်မှုကို ခံစားနေရစဥ် ထန်းတာ့ ရောက်လာခဲ့သည်။
ထို့နောက် တွန့်ဆုတ်မှုမရှိဘဲ ထန်းတာ့၏ ခြေလှမ်းများကို လိုက်ခဲ့ပါသည်။
အမှန်ပင်။ လင်းဝမ်က ကုမ္ပဏီကို စုံလုံးကမ်း မယုံကြည်ပါ။ သာမန်ဝန်ထမ်းတစ်ယောက်အနေဖြင့် အလုပ်ပတ်ဝန်းကျင်ထဲ ဝင်ဆံ့အောင် ကြိုးစားပြီး သူမ၏ ကိုယ်ပိုင်ဒီဇိုင်းများကိုလည်း ထုတ်လုပ်ဖို့ ကြိုးစားပါသည်။
သူမ ထန်းတာ့ကို မဝင်ခင်တုန်းက တောင်များကို တောင်များဟုသာ မြင်ခဲ့သည်။ ဂိမ်းလောကအကြောင်း နက်နဲစွာ နားလည်လိုက်ရသောအခါ တောင်တွေက တောင်မဟုတ်ကြောင်း ကောက်ချက်ချမိလာသည်။ အခု အတွင်းထိ နားလည်သွားသောအခါ တောင်များကို တောင်များဟု ပြန်လည်မြင်လာပါပြီ။
လင်းဝမ်က သူမ အကျိုးအမြတ်များစွာရခဲ့သည်ဟု ခံစားမိပါသည်။
နိုင်ငံတော်ထဲက တခြားကုမ္ပဏီများကိုသာ သွားပါက သူမ ဒီလောက် အကျိုးကျေးဇူးရမှာ မဟုတ်ပါ။ ဆိုလိုရင်းက ထန်းတာ့မှာ နိုင်ငံတော်ထဲက ထူးခြားသည့် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ၎င်း၏ ထူးခြားမှုက လစာကြောင့်မဟုတ်ပါ။ ၎င်းတို့ပိုင်ဆိုင်ထားသော ထူးခြားသည့် ပါရမီကြောင့် ဖြစ်ပါသည်။
သို့သော်လည်း လင်းဝမ်ဘယ်လောက်ပဲ စဥ်းစားပါစေ ဘော့စ်ဖေးအနားမှာ ထိုထူးခြားသည့် ရောင်ဝါရှိနေသည်ဟု ခံစားမိသည်။
သူမ နားမလည်နိုင်ပါ။
ဘော့စ်ဖေးလုပ်သည့်အရာတိုင်းက အစပိုင်းမှာတော့ မဆီလျော်သည့်ပုံပေါက်သော်လည်း သူ့ဆုံးဖြတ်ချက်များနောက်ကွယ်က ဖုံးကွယ်နေသည့် အကြောင်းအရင်းများ ပေါ်လာသောအခါ အားလုံးနားလည်သွားကြလိမ့်မည်။ အရေးအကြီးဆုံးက ဘော့စ်ဖေး၏ ငွေရေးကြေးရေး ဂရုမစိုက်မှုက သူ့ဘေးမှာ စင်ကြယ်သည့် ရောင်ဝါတစ်ခုကို ခံစားရစေသည်။
ဒါက တန်ဖိုးအကြီးဆုံးအရာဖြစ်ပါသည်။
"ငါနေရာမှန်ကို ရောက်လာခဲ့တာပဲ။ ဘော့စ်ဖေးရဲ့ အတွေးတွေကို နားလည်နိုင်တဲ့တစ်နေ့ကျရင် ထိပ်တန်းဂိမ်းဒီဇိုင်နာတစ်ယောက် ငါဖြစ်လာမှာပဲ"
လင်းဝမ် တိတ်ဆိတ်စွာဖြင့် သူမ၏ ဆုံးဖြတ်ချက်ကို ချလိုက်ပါတော့သည်။
...
...
မတ်လ ၃ ရက်နေ့။
အဝေးကြီးခရီးဆက်လာရပြီးနောက် ပင်ပန်းနေသည့် ပုံစံဖြင့် ပေါင်ရှုတစ်ယောက် ထန်းတာ့ နက်ခ်ဝါ့ ကုမ္ပဏီလီမိတက် ဝင်ပေါက်ရှေ့တွင် ပေါ်လာခဲ့သည်။
"ပင်ပန်းလိုက်တာကွာ။"
ပေါင်ရှု၏ မျက်နှာက အနည်းငယ် မဲသွားသလိုပင်။ သူ့မျက်နှာပေါ်တွင် ခံစားချက်တစ်ခုသာ ရှိသည်။ ဒါကတော့...
နောက်ဆုံးတော့ ပြန်ရောက်ပြီကွ။
ဒီနှစ်အတွက် သူခရီးလုံလုံလောက်လောက် ထွက်ခဲ့ပြီးပါပြီ။ ပုံမှန်ဆိုသူက အိမ်ထဲမှာ ပိတ်နေတတ်သည့် အိမ်တွင်းအောင်းတစ်ယောက်ဖြစ်ပြီး ထိုင်ခုံပေါ်က တစ်မိနစ်တောင် ထချင်သူ မဟုတ်ပါ။ သို့သော် ဖေးချမ့်က သူ့ကို တစ်လတာ အပြင်လောကမှာ အချိန်ဖြုန်းဖို့ အတင်းအကြပ် စေခိုင်းခဲ့သည်။ သူ့နေ့စဥ်အချိန်ဇယားများကိုလည်း အလွန်အမင်း တင်းကြပ်ထား၏။ အကြောင်းအရင်းကတော့ လက်ထောက်ရှင်းက အချိန်ဇယားစစ်ဖို့အတွက် နေ့တိုင်း သူ့တည်နေရာကို တင်ပြခိုင်းခြင်းကြောင့် ဖြစ်ပါသည်။
မနက်ပိုင်းနဲ့ ညနေပိုင်းများမှာ သတ်မှတ်ထားသည့် မြို့များသို့ သွားကြောင်း ပြန်တင်ပြရသည်။ ထိုနေရာများကို ပြန်တင်ပြပြီးသောအခါ မိုတယ်သို့ ပြန်လာပါသည်။ အွန်လိုင်းပေါ်တက်ပြီး ဂိမ်းမဆော့နိုင်လောာက်အောင် ပင်ပန်းလွန်းနေပါပြီ။
တစ်လလောက် ဇာတ်နာပြီးသောအခါ ခရီးလမ်း နောက်ဆုံးတော့ အဆုံးသတ်ခဲ့ပါပြီ။
ပေါင်ရှု ကျောပိုးအိတ်နဲ့ ကုမ္ပဏီသို့ ပြန်ရောက်လာသောအခါ အတွေးတစ်ခုသာ ရှိပါသည်။ ကုမ္ပဏီကို သူ အတော်လွမ်းနေပါသည်။ လစာခံစားခွင့် ပိတ်ရက်များရဖို့ နောက်ထပ် အခွင့်အရေး ရခဲ့ပါက ထိုအခွင့်အရေးကို တခြားသူများအတွက်သာ ပေးလိုက်ပါမည်။
ထိုအခွင့်အရေးကို လိုချင်သည့်လူတိုင်းယူနိုင်သည်။ သူကတော့ ဒါမျိုးကို ထပ်ပြီး မခံစားနိုင်ပါ။
ပေါင်ရှု တံခါးမှ ဝင်လာသောအခါ အားလုံး သတိထားလိုက်မိကြပါသည်။
"ဟာ အစ်ကိုပေါင်ရှုပြန်လာပြီ။"
"အစ်ကိုပေါင် ပိုပြီးကျန်းမာလာတဲ့ပုံပဲ။"
"ဝိတ်ကျသွားပေမယ့် အရပ်ရှည်လာတယ်။"
"အများကြီးလည်း တက်ကြွလာတယ်။ ပြီးတော့ ဆံပင်တွေလည်း ပြန်ပေါက်လာတယ်။"
ပေါင်ရှုကြက်သေသေသွားသည်။ "သြော် ဟုတ်လား။"
သူ့ကျောပိုးအိတ်ကို ရုံးစားပွဲပေါ်ပစ်တင်လိုက်ပြီး ဂိမ်းထိုင်ခုံတစ်ခုပေါ် ထိုင်လိုက်ပါသည်။
ဇိမ်ရှိလိုက်တာ>
သူ့ကျန်းမာရေး အလွန်တိုးတက်လာတာကို သူလည်း သတိထားမိပါသည်။ ဒီတစ်လအတွင်း ပေါင်ရှုက နေ့တိုင်းလိုလို အပြင်မှာသာ ရှိတတ်သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ် ပြောင်းလဲမှုများကို သတိမထားမိခဲ့ပါ။ သူပြန်လာသောအခါ သူများပြောခါမှ သူ့ခန္ဓာကိုယ်အတွင်း ပိုပြီး ကျန်းမာသန်စွမ်းလာမှန်း သတိထားမိပါသည်။
ပေါင်ရှုက သူ့နေ့ရက်များကို အင်တာနက်ကဖေးဆိုင်များတွင်သာ ကုန်ဆုံးတတ်ခသည်။ အိပ်ချိန်ကလည်း အတော်လေးယိုယွင်းနေခဲ့၏။ စားချိန်၊ နားချိန်နဲ့ နေ့စဥ်လုပ်ငန်းဆောင်တာများကအစ ပြဿနာ ရှိနေပါသည်။
သူက ငယ်ရွယ်သေးသော်လည်း ကျန်းမာရေးကို ထိခိုက်စေသည့် သူ့နေထိုင်ပုံက သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုကြီးမားပါသည်။ သူ ထန်းတာ့သို့ ရောက်လာတော့ အချိန်မှန် အလုပ်သွား အလုပ်ပြန်ရသဖြင့် ကျန်းမာရေး အနည်းငယ် တိုးတက်လာခဲ့သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က အလွန် အားနည်းနေဆဲ ဖြစ်ပါသည်။
သူခရီးသွားခဲ့သည့် ဒီတစ်လအတွင်း လမ်းအများကြီး လျှောက်ရပြီး နေနဲ့ မကြာခဏ ထိတွေ့ရသည်။ သူ့အလုပ်ချိန်၊ နားချိန်များကလည်း ပုံမှန်ဖြစ်လာ၏။ စားလို့သောက်လို့လည်း ပိုကောင်းလာသည်။ သူ့ကျန်းမာရေးက ဘာမှန်းမသိလိုက်ဘဲ အတော်လေး တိုးတက်လာခဲ့ပါသည်။