အခန်း(၁၀၀) ထုတ်လုပ်သူများကို ငွေရှာဖို့ ကစားသမားသောင်းချီရေးသော သွေးစာများ
Vol. 7 Ch. 100
အခန်း(၁၀၀) ထုတ်လုပ်သူများကို ငွေရှာဖို့ ကစားသမားသောင်းချီရေးသော သွေးစာများ
သမုဒ္ဒရာရဲတိုက်မှာလည်း ဗားရှင်းအသစ် မရှိပါ။
သို့သော်လည်း သမုဒ္ဒရာရဲတိုက်က ၈၈၈ ယွမ်တန် ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကိုသာ ရောင်းချနေသည်။ ထို့အပြင် ဂိမ်းကလည်း ထုတ်လုပ်ထားတာ တစ်လသာ ရှိသေးသည်။ ထို့ကြောင့် ကစားသမားများအကြား သိပ်ပြီး စိတ်ပျက်မှု မရှိကြပါ။ သို့သော်လည်း တစ္ဆေစစ်သူကြီး၏ ကစားသမားများကတော့ ဒီလောက်ထိ သဘောကောင်းပြီး ဖြူစင်သည့် ဂိမ်းထုတ်လုပ်သူမျိုး မမြင်ဖူးဘူးဟု ဆိုကြပါသည်။
တခြား ဂိမ်းထုတ်လုပ်သူများက မိတ်ကပ်လိမ်းပြီး ၎င်းတို့၏ ကစားသမားများကို ဆွဲဆောင်ဖို့ အကောင်းဆုံး ကြိုးစားကြသည်။ ထန်းတာ့ကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်ပါသည်။ မျက်နှာပြောင်တာကလွဲပြီး ကစားသူများကို ကန်ထုတ်ဖို့ ကြိုးစားနေကြသည်။
"ထန်းတာ့ ဘာတွေ တွေးနေတာလဲ။ ဘာလို့ ပစ္စည်းအသစ်တွေ ထပ်မထည့်တာလဲ။ ပိုက်ဆံနဲ့ ရန်ဖြစ်ထားတာလား။"
"ရာသက်ပန်ကတ်ကိုဝယ်ပြီး တခြား ပိုက်ဆံ သုံးစရာ ဘာမှ မရှိတော့ဘူး။"
"ကုမ္ပဏီက အမြတ်တွေရပြီး ထွက်ပြေးသွားတာလား။"
"ပိုက်ဆံအရှုံးပေါ်ပြီး ထွက်ပြေးသွားတဲ့ ကုမ္ပဏီပဲ ကြားဖူးပါတယ်။ ဝင်ငွေကောင်းတဲ့ ကုမ္ပဏီ အဲ့လိုလုပ်တာမျိုး တစ်ခါမှ မကြားဖူးပါဘူး။"
ကစားသမားများတချို့က သည်းခံမနိုင်တော့ဘဲ ကစားခြင်းကို ယာယီသာ ရပ်တန့်ထားနိုင်တော့သည်။ ဂိမ်းထဲတွင် ၎င်းတို့ တခြား ဘာမှ ကစားဖို့ မကျန်တော့ပါ။ ရာသက်ပန်ကတ်ကို ဝယ်ယူပြီးနောက် ကစားသမားများတွင် နေ့စဥ်ကတ်များ ကံစမ်းမဲနှိုက်ဖို့ ထပ်ဆောင်း အခွင့်အရေးများ ရရှိခဲ့သည်။ နှစ်လကြာပြီးနောက် ရှားပါးကတ်အားလုံးနီးပါးကို ပိုင်ဆိုင်သွားကြ၏။ သူတို့ လုပ်နိုင်သည့် နောက်ထပ်အရာတစ်ခုက ကတ်များကို အဆင့်မြှင့်တင်ဖို့ ဖြစ်သည်။
ကစားသမားအများစုက အွန်လိုင်းပေါ်သွားပြီး ကတ်များ ကံစမ်းမဲနှိုက်ကာ အခန်းနှင့် တိုက်ပွဲများကို အလိုလျောက်မုဒ်ဖြင့် ကစားကြသည်။ သူတို့ ဂိမ်းထဲ လုပ်စရာ ဘာမှမရှိတော့ပါ။
အချိန်များ ကြာလာသရွေ့ ကစားသမားများက တခြားဂိမ်းများကိုသာ ကစားဖို့ ရွေးချယ်ကြပါသည်။
သို့သော်လည်း ကစားသမားအများစုက ဂိမ်းကို မဖျက်သေးပါ။ အဘယ့်ကြောင့်ဆိုသော် စျေးကွက်ထဲက သဘောအကောင်းဆုံးဂိမ်းလည်း ဖြစ်သလို ရုပ်ထွက်ကလည်း ပြိုင်ဘက်ကင်းသောကြောင့် ဖြစ်ပါသည်။ အပ်ဒိတ်တစ်ခုသာ ရှိလိုက်ပါက ကစားသမားများ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဂိမ်းသို့ ပြန်လာကြမည် ဖြစ်သည်။
ဂိမ်းကို ဖျက်ရမယ် ဟုတ်လား။ ဘယ်သူက ဖျက်ရက်မှာလဲ။
ထို့နောက် ထဲပါးတွင် ပို့စ်အသစ်တစ်ခု ပေါ်လာခဲ့ပါသည်။
"စိတ်လှုပ်ရှားစရာ ရွှေ့ကွက်ပဲ။ ဂိမ်းမှာ လျှို့ဝှက် အပ်ဒိတ်တစ်ခု ရှိနေတယ်။"
ထို့နောက် ကစားသမားများက ပို့စ်ကို နှိပ်ကြည့်လိုက်ကြသည်။
"ဒီနေ့ ကွမ်ယုရဲ့ နဂါးစိမ်း လခြမ်းဓားသွားခုတ်ချက်မှာ ထိခိုက်မှု အရမ်းနည်းနေတဲ့ ပြဿနာကို ဖြေရှင်းပြီးပြီဆိုတာ သိလိုက်ရတယ်။ ကွမ်ယုရဲ့ နဂါးစိမ်း လခြမ်းဓားသွားခုတ်ချက်ကို ပြန်ပြုပြင်လိုက်ပြီ။ နောက်ဆုံးတော့ အဲ့ဒီ စစ်သည်တော်ကို ပြန်ကစားလို့ရပြီကွ။"
"ပြီးတော့လည်း ကျောက်ယွမ်ရဲ့ တာဝေးပစ်ရန်သူတွေကို ဝိုင်းနိုင်ခြေနည်းတဲ့ပြဿနာကိုလည်း ဖြေရှင်းပြီးသွားပြီ။"
ဂရုတစိုက် ဆန်းစစ်ကြည့်ပြီးနောက် ကစားသမားများက ထိုပို့စ်ပြောတာ အမှန်ဖြစ်ကြောင်း သတိထားမိသွားပါသည်။ ဂိမ်းထဲက ပြဿနာ အသေးစားလေးများ အားလုံး ဖြေရှင်းပြီးသွားပြီ။ ဗားရှင်းအသစ် အပ်ဒိတ် သို့မဟုတ် သတိပေးစာ ဘာမှ မရှိပါ။ ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ထားမှန်း ဘယ်သူမှ မသိကြပေ။
တခြား ဂိမ်းကုမ္ပဏီများ Bug ပြုပြင်ရာတွင် ကစားသမားများက ဂိမ်းဒီဇီုင်နာများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုမှာ စိုးရိမ်ကြသဖြင့် အမြဲတမ်း အသိပေးစာများဖြင့် ကြေညာတတ်သည်။ ထန်းတာ့ကတော့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ ထိုကိစ္စကို လုံးဝ ဂရုစိုက်သည့်ပုံမပေါ်ပေ။
ထဲပါး တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်နေကြပါသည်။
"ထန်းတာ့က တစ္ဆေစစ်သူကြီးကို လက်မလျှော့သေးဘူးပဲ။"
"တခြားဂိမ်းကုမ္ပဏီတွေက ဂိမ်းထဲက Bug တွေကို မပြင်ခင် ငွေဖြည့်တဲ့ လုပ်ဆောင်ချက်တွေ ပြိုင်ပွဲတွေလုပ်ပြီး ကစားသမားတွေကို ငွေသုံးအောင် ဆွဲဆောင်ကြတာ။ ဒါပေမယ့် ထန်းတာ့ကတော့ တခြားနည်းလမ်းနဲ့ လုပ်သွားတယ်။ ငွေဖြည့်သွင်းတဲ့ လုပ်ဆောင်ချက်တွေ ဘာမှ မရှိဘဲ ဂိမ်းကိုပဲ အရင် အပ်ဒိတ်တင်ခဲ့တယ်။”
"ဒါဆိုရင် ဂိမ်းဗားရှင်းအသစ်အတွက် မျှော်လင့်ချက်ရှိသေးတယ်ဆိုတဲ့သဘောလား။"
"ငါ ရုတ်တရက်ကြီး ပြန်တက်ကြွသွားပြီ။"
"ထုတ်လုပ်သူတွေက အရမ်းရိုးသားကြတာပဲ။"
"ထန်းတာ့ တစ္ဆေစစ်သူကြီးကို လက်မလျှော့သေးသရွေ့ ငါဂိမ်းနဲ့ပဲ အမြဲနေဦးမှာပဲ။"
"သောင်းချီတဲ့ ကစားသမားတွေက ထုတ်လုပ်သူတွေကို ပစ္စည်းအသစ် ထပ်ထည့်ဖို့အတွက် တောင်းဆိုတဲ့ သွေးစာတွေ စီစဥ်ကြရအောင်။"
"ထုတ်လုပ်သူတွေကို အမြတ်ရှာဖို့ တောင်းပန်နေတာပါ။ ကျွန်တော်တို့မှာ ပိုက်ဆံရှိပါတယ်။"
...
...
မတ်လ ၇ ရက်နေ့။
"ဘာ... ဝယ်ယူသူ ဝန်ဆောင်မှု ဖုန်းလိုင်းမှာ တစ္ဆေစစ်သူကြီး ကစားသမားတွေနဲ့ ပြည့်နေတယ် ဟုတ်လား။ ဖိုရမ်မှာလည်း ဂိမ်းပစ္စည်းအသစ်ထုတ်ပေးဖို့ တောင်းဆိုတဲ့ ပိုစ့်တွေနဲ့ ပြည့်နေတယ် ဟုတ်လား။ သေချာရဲ့လား။ သူတို့က ပစ္စည်းအသစ် ထုတ်ပေးဖို့ တောင်းဆိုနေတာလား။"
ကားထဲတွင် ဖေးချမ့်က သူ့ဖုန်းဖန်သားပြင်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း လင်းဝမ်အား စာပြန်လိုက်ပါသည်။
အစကတော့ ဒီနေ့ ယွီအင်တာနက်ကဖေးအတွက် ပြန်လည်ပြုပြင်မှုများ ပြီးဆုံးသွားပြီဖြစ်သဖြင့် စိတ်အားတက်ကြွနေခဲ့ပါသည်။ ကုမ္ပဏီက ကွန်ပျူတာများ၊ ပရိဘောဂများ၊ သောက်စရာများနှင့် တခြားအရာများကို ဝယ်ယူဖို့ စာရင်းစာအုပ်ထဲမှ ပိုက်ဆံ အများကြီး ထုတ်နိုင်ခဲ့ပြီး ဝန်ထမ်းတချို့လည်း ငှားရမ်းနိုင်ခဲ့ပါသည်။
ဖေးချမ့်က စိတ်ကောင်းဝင်နေပြီး ယွီအင်တာနက်ကဖေး၏ လှပသောအနာဂတ်အကြောင်းကို စဥ်းစားနေပါသည်။ ထို့ကြောင့် လက်ထောက်ရှင်းကို အင်တာနက်ကဖေးသို့ သွားကြည့်ဖို့ လိုက်ပို့ခိုင်းခဲ့သည်။
မာယန်နှင့် ကျန်းယွမ်တို့၏ လုပ်ငန်းကိုလည်း စစ်ဆေးကာ သူတို့၏ အမှားတချို့ကို အချိန်မှီ ပြုပြင်ပေးနိုင်ခဲ့ပါသည်။
သို့သော်လည်း လမ်းမှာ ရှိနေတုန်း လင်းဝမ်ထံမှ သီးသန့်မက်ဆေ့ချ်တချို့ ရခဲ့ပြီး တစ္ဆေစစ်သူကြီး၏ သောင်းချီ ကစားသမားများထံမှ သွေးစာတစ်ခု စီစဥ်နေကြကြောင်း ကြားခဲ့ရပါသည်။
လောလောဆယ် ထုတ်လုပ်သူများနဲ့ ကစားသမားများ ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းက ဝယ်ယူသူ ဝန်ဆောင်မှုမှ တစ်ဆင့် ဖြစ်ပါသည်။
အတိုချုံးအားဖြင့် ဖေးချမ့်က ဒီအလုပ်ကို R&D အဖွဲ့တွင် ဘာတွေဖြစ်နေသလဲ လုံးဝ မသိနိုင်သည့် ပြင်ပကုမ္ပဏီတစ်ခုနှင့် ဆက်သွယ်ပေးခဲ့သည်။ ကစားသမားများ ဘာပဲမေးမေး ဝယ်ယူသူ ဝန်ဆောင်မှု ဝန်ထမ်းများ မဖြေနိုင်စရာ အကြောင်းမရှိပါ။
အဆင်ပြေနိုင်သည့် တစ်ခုတည်းသောအရာက ကစားသမားများကို သာမန်အတိုင်း ယဥ်ယဥ်ကျေးကျေး ပြန်ပြောဖို့ပဲ ဖြစ်ပါသည်။
"အကြံပေးချက်ကို လက်ခံရရှိပါတယ်။ ဒီဇိုင်းအဖွဲ့ကို ပြန်လည်တင်ပြပေးပါ့မယ် လူကြီးမင်းရှင့်။"
"လူကြီးမင်းတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေအတွက် စိတ်မကောင်းပါဘူး။ ပြန်လည်ပြုပြင်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်ရှင့်။"
ထိုကဲ့သို့ စကားမျိုး ဖြစ်ပါသည်။
ဝယ်ယူသူ ဝန်ဆောင်မှုကို ဖုန်းခေါ်သည့် ကစားသမားလည်း များများစားစား မရှိသောကြောင့် ဖြစ်ပါသည်။
ကစားသမားအများစုက ဂိမ်းထဲတွင် ပြဿနာ အသေးစားလေးများဖြင့် ကြုံတွေ့ရသောအခါ ဝယ်ယူသူ ဝန်ဆောင်မှုကို ဖုန်းမခေါ်ကြပါ။ ထိုပြဿနာများကို ပြန်တင်ပြသည့် ကစားသမားလည်း များများစားစား မရှိပါ။
ထို့ကြောင့် ဝယ်ယူသူ ဝန်ဆောင်မှုအဖွဲ့က ကိုင်တွယ်စရာ ပြဿနာ များများစားစား မရှိပါ။
သို့သော်လည်း လွန်ခဲ့သော နှစ်ရက်အတွင်းက ကစားသမားများမှာ ဘာကြောင့်မှန်းမသိဘဲ အစုလိုက်အပြုံလိုက် ဝယ်ယူသူ ဝန်ဆောင်မှုသို့ ဖုန်းခေါ်ခဲ့ကြသည်။ ၎င်းတို့၏ တောင်းဆိုချက်ကလည်း တစ်ခုတည်းသာ ဖြစ်သည်။ ထုတ်လုပ်သူများကို ပစ္စည်း အသစ်တစ်ခု ထုတ်ပေးဖို့ ဖြစ်ပါသည်။
ဒါက ထဲပါးနဲ့ ဖိုရမ်ကဲ့သို့ တခြား ပလက်ဖောင်းများတွင်လည်း ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်နေသည်။ ဖိုရမ်တွင် သောင်းကျန်းနေကြသည့် ကစားသမားများစွာ ရှိပါသည်။
ဖေးချမ့်က လုံးဝ ရီဝေသွားပါသည်။
ပထမဆုံး ထင်မိတာကတော့ ကစားသမားများက ဂိမ်းမုဒ်အသစ်နဲ့ ဗားရှင်းအသစ် ထုတ်ပေးဖို့ တောင်းဆိုနေကြသည်ဟု ထင်ခဲ့မိသည်။ ဒါက ပုံမှန်ပဲဖြစ်၏။ ဘာပဲဖြစ်ဖြစ် တစ္ဆေစစ်သူကြီးကို ထုတ်လုပ်ခဲ့တာ သုံးလေးလလောက် ရှိနေပါပြီ။ ကစားသမားများက ဂိမ်းအကြောင်းအရာ အဟောင်းများကို စိတ်ကုန်ခဲ့တာ ကြာပါပြီ။
ဒါတောင် ကစားသမားက ပစ္စည်းအသစ်ရောင်းဖို့ တောင်းဆိုနေကြတာတဲ့လား။
ဖေးချမ့် အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။ သူ လင်းဝမ်ကို မေးကြည့်လိုက်၏။ "ဘယ်လိုဖြစ်နေတာလဲ၊ အတိအကျ သိလား။ ကစားသမားအတွေက ဘာလို့ ပစ္စည်း အသစ်ရောင်းဖို့ တောင်းဆိုနေကြတာလဲ။ ဒါက အဓိပ္ပာယ် မရှိဘူး။"
လင်းဝမ်က စာပြန်လိုက်ပါသည်။
"ကြည့်ရတာ ကစားသမားတွေက တစ္ဆေစစ်သူကြီး တိမ်ကောသွားမှာ စိုးရိမ်နေကြတာထင်တယ်။ သူတို့က ဂိမ်းမှာ ပိုက်ဆံသုံးရင်း ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်နေကြတာဖြစ်မယ်။"
ကျွတ်...
ဖေးချမ့် ဆွံ့အသွားပါသည်။
ဒီကစားသမားတွေ ရူးကုန်ပြီလား။
ဖေးချမ့်တစ်ယောက် အစကတော့ တစ္ဆေစစ်သူကြီးအား အပ်ဒိတ် မတင်ဘဲ ဒီတိုင်း ပျောက်ကွယ်သွားဖို့ မျှော်လင့်ခဲ့သည်။ ကစားသမားတွေက တစ္ဆေစစ်သူကြီး ဗားရှင်း အသစ်မတင်တာကို ရေးကြီးခွင်ကျယ် မလုပ်သရွေ့ ဂိမ်း၏ ရေပန်းစားမှုနဲ့ ဒေါင်းလုတ်ပမာဏလည်း တဖြည်းဖြည်း လျော့နည်းသွားပါလိမ့်မည်။
ကစားသမားများမှာ နဂိုက အဆက်အစပ် ရှိကြပါသည်။ ဘာပဲဖြစ်ဖြစ် ကစားသမားများက ဂိမ်းကြောင့် အတူတူ စုစည်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။ အထူးတလည် အကြောင်းအရင်း မရှိပါက သူတို့ ဒီလို စုစည်းနိုင်ဖို့ ခက်ခဲပါသည်။
သို့သော်လည်း အခုက ဘယ်လိုဖြစ်တာလဲ။
ဆန်းကြယ်တဲ့ လှုံ့ဆော်မှုတစ်ခုကြောင့် သူတို့ တက်ကြွလာကြသလိုပင်။
ခေတ္တစဥ်းစားချင့်ချိန်ပြီးနောက် ဖေးချမ့် စာပြန်လိုက်ပါသည်။ "ဝယ်ယူသူ ဝန်ဆောင်မှုကို သေသေချာချာ တုန့်ပြန်ဖို့ ပြောလိုက်။ ငါတို့တွေ ဗားရှင်းအသစ်ထုတ်နေပြီလို့ ပြန်ပြောခိုင်းလိုက်။ ခန့်မှန်းခြေ... အမ်... မေလ သို့မဟုတ် ဇွန်လမှာထွက်မယ်လို့ပြောလိုက်ချေ။"
"ဟင် ကျွန်မတို့ ဗားရှင်းအသစ်တစ်ခု အစီအစဥ် ဆွဲထားတာလား။ အရင်က ဘာလို့ မကြားမိပါလိမ့်။" ဟု လင်းဝမ်က မေးလိုက်သည်။
ဖေးချမ့်က ပြန်ပြောလိုက်ပါသည်။ "ကျေးဇူးပြုပြီး ငါ့စကားကို နားလည်မှု မလွဲပါနဲ့။ အစီအစဥ်ဆွဲနေတုန်းပဲရှိသေးတယ်လို့ ပြောတယ်လေ။"
ငါ့ဦးနှောက်ထဲမှာပဲ စီစဥ်ထားတယ်လို့ ဆိုရင်တောင် အစီအစဥ်ဆွဲထားတဲ့အဆင့်ပဲ။
"..." လင်းဝမ်က ပြန်ပြောလိုက်ပါသည်။ "အိုကေပါ ဘော့စ်ဖေး"
ဖေးချမ့်သည် သူ တော်တော် ကံဆိုးနေသည်ဟု ခံစားမိသွားပါသည်။
သူ ဂိမ်းများ စထုတ်လုပ်ကတည်းက ပုံမှန်မဟုတ်သော ဖြစ်စဥ်များနဲ့ ကြက်သီးထစရာ ဖြစ်စဥ်များကို ကြုံတွေ့ခဲ့ရသည်။
အခု ဖြစ်သွားတာလည်း ပုံမှန် မဟုတ်ပါ။
အစက နည်းလမ်း တစ်ခုခုဖြင့် သွယ်ဝိုက်သွားချင်ခဲ့သည်။ သို့သော်လည်း ကစားသမားများက အရူးလုပ်ဖို့ မလွယ်ကူပါ။ သူတို့ ဒီလို ကြီးကြီးမားမား ပြဿနာရှာနိုင်ခဲ့ကြသည်။
ဖြစ်ပျက်နေတာတွေကိုဖေးချမ့် မသိချင်ယောင်ဆောင်လို့ မဖြစ်တော့ပါ။