အခန်း(၁၀၁) စာအုပ်ကိုကြည့်တာမဟုတ် ဆွဲဆောင်မှုကိုကြည့်တာ
Vol. 7 Ch. 101
အခန်း(၁၀၁) စာအုပ်ကိုကြည့်တာမဟုတ် ဆွဲဆောင်မှုကိုကြည့်တာ
ကစားသမားများ မဝေဖန်ဘဲ ကစားသမား တစ်ယောက်တည်းသာ ဝေဖန်ခဲ့ပါက ဖေးချမ့် မကြားချင်ယောင်ဆောင်နိုင်သည်။ ထို့နောက် သူ ဘာမှလုပ်စရာလိုမည်မဟုတ်ပါ။ သို့သော်လည်း အခု လက်ရှိအခြေအနေအရ သူ ဘာမှမလုပ်ဘဲ နေပါက ကစားသမားတွေက သေချာပေါက် သူ့ကို ခွင့်လွှတ်မှာ မဟုတ်ပေ။
ကစားသမားများ ဒေါသဖြစ်လာပြီး တစ္ဆေစစ်သူကြီးအကြောင်း အနုစိတ် လေ့လာကြလိမ့်မည်။ ထိုအခါ သူ ပြဿနာ အကြီးကြီး တက်သွားနိုင်ပါသည်။
စနစ်၏ စည်းမျဥ်းတစ်ခုက စနစ်၏ တည်ရှိမှုအကြောင်း အရိပ်အမြွက်ပေးလို့ မရသလို ပြောပြလို့လည်း မရပါ။ ဆိုလိုရင်းက ဖေးချမ့်မှာ ယုတ္တိမရှိဘဲ ကျိုးကြောင်းမသင့်လျော်သည့် အရာများကို လျှို့ဝှက်လုပ်ဆောင်လို့သာ ရပါသည်။ သို့သော် လူထုက သူ့ကို သံသယဖြစ်လာအောင် လုပ်လို့ မရပါ။
တစ္ဆေစစ်သူကြီးက ဝင်ငွေ အရမ်းကောင်းနေသော်လည်း အပ်ဒိတ် မတင်တာ ယုတ္တိမရှိပါ။ လူအများကြီး တစ္ဆေစစ်သူကြီးကို တောင်းဆိုနေကြခြင်းသာ မဟုတ်ပါက ဖေးချမ့် အဆင်ပြေနိုင်ပါလိမ့်မည်။
သို့သော်လည်း ဒီကိစ္စသာ ပေါက်ကြားသွားပြီး ဂိမ်းလောက၏ အတွင်းအပြင်လူများ သံသယဖြစ်လာပါက ဖေးခချမ့်၏ လုပ်ရပ်ကို စည်းကမ်းဖောက်ဖျက်မှုကို သတ်မှတ်နိုင်ပါသည်။
ဖေးချမ့်က ဒီစွန့်စားမှုမျိုး လုပ်ဖို့ မလိုအပ်ပါ။
ထို့ကြောင့် စက္ကန့်ပေါင်းများစွာ စဥ်းစားပြီးနောက် ဂိမ်းဒီဇိုင်နာ ပြီးမြောက်သွားတာနဲ့ တစ္ဆေစစ်သူကြီးကို အပ်ဒိတ်တင်မည့်ကိစ္စကို စဥ်းစားမည် ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကတ်ရုပ်ပုံ အနည်းငယ်ကို ဝယ်ယူပြီး တချို့ လုပ်ဆောင်ချက် နမူနာတချို့ကို ဝယ်ယူကာ ဂိမ်းထဲထည့်လိုက်ဖို့သာ လိုပါသည်။ ထို့နောက် စျေးနိမ့်နိမ့်တစ်ခု သတ်မှတ်ပေးလိုက်လျှင် အလုပ်ပြီးမြောက်သွားပြီဟု သတ်မှတ်နိုင်သည်။ နောက်ထပ် ငွေစာရင်းရှင်းချိန်က နောက်အပတ်မှ ဖြစ်ပါသည်။
ဘာပဲဖြစ်ဖြစ် အချိန်ကျလာသောအခါ ပိုက်ဆံဖြုန်းနိုင်မည့် နည်းလမ်းအသစ်များကို ရှာဖွေရမည်။
သူ ထိုကိစ္စများကို စဥ်းစားနေတုန်း ယွီအင်တာနက်ကဖေးသို့ ရောက်လာခဲ့သည်။ တံခါးတွင် ပြန်လည်ပြုပြင်ရေး အလုပ်သမားတချို့က ဆိုင်မျက်နှာစာကို ပြင်ဆင်နေကြသည်။ အဓိက ဝင်ပေါက်အပေါ်တွင် ပုံမှန်မဟုတ်သည့် တံဆိပ်ဖြင့် ဖန်သားနံရံကြီးတစ်ခုရှိပါသည်။
တံဆိပ်၏ အလယ်တွင် စိတ်ပျက်စရာပုံစံဖြင့် ငါးတစ်ကောင်ရှိပါသည်။ အီမိုဂျီတစ်ခုကို တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲထားသလိုပင်။ ငါးက အနည်းငယ် နန့်နေပြီး ၎င်း၏ အမြှီးက နဂါးတစ်ကောင်အဖြစ် ပြောင်းလဲတော့မည့်ပုံစံဖြစ်နေပါသည်။
ဆားဖြူးထားသည့် ငါး၏ အပေါ်တွင် M စာလုံးတစ်လုံး ရှိသည်။ ၎င်းက ငါး၏ ရေယက်နှင့်မသဲမကွဲဆင်တူနေပါသည်။ ခေါင်းပေါ်က သရဖူနဲ့လည်း တူနေသည်။ တံဆိပ်၏ နောက်ကွယ်တွင် Y စာလုံး ရှိပြီး တံဆိပ်တစ်ခုလုံးကို ထိန်းချုပ်ထားပါသည်။
ဖေးချမ့်က ထိုတံဆိပ်ကို သေချာကြည့်လိုက်ပါသည်။
အင်း... ခေတ်ဆန်ပေမယ့် ညံ့ဖျင်းတယ်။ ညံ့ဖျင်းပေမယ့် တစ်မူထူးခြားတယ်။ ဒီဧရာမ တံဆိပ်ကြီးက ဆိုင်ရှေ့တွင်ရှိသော တစ်ခုတည်းသောအရာ ဖြစ်ပါသည်။ တရုတ်စကား သို့မဟုတ် အင်္ဂလိပ်စကားဖြင့် ရေးထားတာ ဘာမှ မရှိပါ။
ဒါ မာယန်လက်ချက်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
သူ ဒီဇိုင်းဆွဲဖို့ တစ်ယောက်ယောက်ကို သွားရှာပြီး ဒီ တံဆိပ်ကို ဝယ်ယူသူ စိတ်ကြိုက်ပြုလုပ်ထားတာ ဖြစ်နိုင်သည်။ ထိုဒီဇိုင်နာကို မာယန်က ဘယ်လို စိတ်ချလို့မရသည့် တောင်းဆိုမှုမျိုး လုပ်ခဲ့မလဲဆိုတာ ဖေးချမ့် စဥ်းစားမိပါသည်။ ဆိုင်မျက်နှာစာတွင် မည်သည့်စာလုံးမှ မရှိပါ။ သို့သော် ဖေးချမ့်လိုချင်တာလည်း ဒါပဲဖြစ်ပါသည်။
ထိုဆိုင်ရှေ့က ဖြတ်သွားသည့် လူတိုင်း ဘာမှ နားမလည်နိုင်ပါ။ အထဲမှာ လူတွေဘာလုပ်ကြတာလဲဆိုတာပင် နားမလည်နိုင်ကြပေ။
ဖေးချမ့်က အင်တာနက်ကဖေးထဲဝင်သွားပြီး ပတ်လည်ကို လျှောက်ကြည့်လိုက်ပါသည်။ အတွင်းပိုင်း ပြန်လည်ပြုပြင်မှုများလည်း ပြီးဆုံးလုနီးပါး ဖြစ်နေသည်။ အထဲတွင် တစ်ဆိုင်လုံးကို သန့်ရှင်းရေးလုပ်နေသည့် လူနှစ်ယောက် ရှိပါသည်။
ထိုင်ခုံများ၊ စားပွဲများနဲ့ တခြားပရိဘောဂများကိုလည်း ဝယ်ယူထားပြီးသား ဖြစ်သည်။ အင်တာနက်ကဖေး၏ နေရာမျိုးစုံတွင် ပစ္စည်းပုံးမျိုးစုံဖြင့် ပြည့်နှက်နေ၏။ ကျန်းယွမ်၏ ခေါင်းကလည်း ဒီအလုပ်ထဲ နှစ်မြှုပ်ထားပြီး ကွန်ပျူတာာများကို တပ်ဆင်ဖို့ ကြိုးစားနေပါသည်။ လူငယ်နှစ်ယောက်က သူ့ကို ကူညီပေးနေကြ၏။ သူတို့နှစ်ယောက်က အလုပ်သမားအသစ်များ ဖြစ်ကြောင်း ဖေးချမ့် ခန့်မှန်းမိပါသည်။
"ဘယ်လိုသဘောရလဲ ယောက်ဖချမ့်။ ကျေနပ်ရဲ့လား" သူ အင်တာနက်ကဖေးထဲ ဝင်လာသောအခါ မာယန်က နွေးထွေးစွာ ပြုံးလိုက်ပါသည်။
ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည််။ "အင်း တော်တော်လေး ကောင်းပါတယ်။"
"တောင်းဆိုစရာ ဒါမှမဟုတ် ညွှန်ကြားစရာ ရှိသေးလား။ ဘားကောင်တာနေရာကို သဘောကျလား ကြည့်ပါဦး။ ထိုင်ခုံနဲ့ စားပွဲခုံတွေကကော ဘယ်လိုနေလဲ။ ဒီစာအုပ်စင်လည်း ရှိသေးတယ်။ ဘယ်လိုစာအုပ်မျိုးတွေ ထည့်ချင်လဲ။"
မာယန်က အင်တာနက်ကဖေးထဲ လျှောက်သွားပြီး ၃၀ ရာခိုင်နှုန်းလောက်က ဖေးချမ့်၏ အထင်အမြင်ကို မေးချင်သည်။ သို့သော်လည်း ၇၀ ရာခိုင်နှုန်းကတော့ သူ့လက်ရာကို ကြွားချင်ရုံသာ ဖြစ်ပါသည်။
သူ အလုပ်ကို ဘယ်လောက်တောင် ပြီးပြည့်စုံအောင် လုပ်ထားသလဲဆိုတာ ကြွားချင်နေခြင်း ဖြစ်သည်။
ဖေးချမ့်က အင်တာနက်ကဖေး၏ နေရာမျိုးစုံကို အနီးကပ် လိုက်ကြည့်ခဲ့ပါသည်။ အားလုံးက သူ တောင်းဆိုထားသည့်အတိုင်း ဆောင်ရွက်ထားသည်။ တကယ်တော့ သူစိတ်ကူးယဥ်ထားတာထက်ပင် ပိုကောင်းနေပါသေးသည်။
ကော်ဖီကောင်တာ သို့မဟုတ် ဘားကောင်တာတွင် ကွန်ပျူတာများနဲ့ အနီးဆုံးအရာက ဘားကောင်တာ ဖြစ်သည်။ လူတွေက ထိုနေရာတွင် အယ်ကိုဟောမျိုးစုံ သို့မဟုတ် သောက်စရာမျိုးစုံ မှာယူနိုင်ပါသည်။ တစ်ဖက်မှာတော့ စတိတ်စင်အသေးစားလေး ရှိသည်။ ထိုစတိတ်စင်အသေးစားလေးပေါ်တွင် သီချင်းဆိုဖို့အတွက် မိုက်ခရိုဖုန်းများစွာ ရှိပါသည်။
ကျန်နံရံမျက်နှာစာများတွင် စာအုပ်စင်များကို စီရီထားသည်။ ဒါက တစ်နေရာလုံးကို လှပသွားစေပါသည်။ စာအုပ်စင်များကိုကြည့်ရင်း ဖေးချမ့် တစ်ခုခုပြောဖို့ လိုသည်ဟု ခံစားမိသွားသည်။ စာအုပ်စင်အားလုံးက လောလောဆယ် ဗလာကျင်းဖြစ်နေဆဲဖြစ်သည်။ မာယန်က ဘယ်လိုစာအုပ်မျိုးကို ဝယ်ယူပြီး ဖြည့်ရမလဲဆိုတာ မဆုံးဖြတ်ရသေးပါ။
ရွေးချယ်စရာများထဲတွင် ရုပ်ပြစာအုပ်များ၊ ရောင်းအားအကောင်းဆုံး ဝတ္ထုများ၊ ရှေးဟောင်း ဝတ္ထုများ စသည်တို့ ရှိပါသည်။
ဖေးချမ့် စာအုပ်စင်များကို ကြည့်ရင်း ဖြည့်ဖို့အတွက် ဝယ်ယူရမည့် စာအုပ်ပမာဏကို တွက်ကြည့်နေပါသည်။ အနည်းဆုံး စာအုပ်ထောင်ချီပြီး ဝယ်ယူရလိမ့်မည်။ ဒါက ဂျပန်စတိုင် အင်တာနက်ကဖေးဖြစ်ပါက ပြောစရာမလိုအောင်ပင် သူတို့ ရုပ်ပြကာတွန်းများ ဝယ်ရမည်။ မဟုတ်ပါက အနည်းဆုံး ရေပန်းစားသည့် ဝက်ဘ်နိုဗယ်များကိုတော့ ဝယ်ယူရပါမည်။
သို့သော်လည်း ဖေးချမ့်က သေချာပေါက် ဒီလိုလုပ်မှာမဟုတ်ပါ။။
စာအုပ်စင်များကို ရုပ်ပြစာအုပ်များဖြင့်သာ ဖြည့်လိုက်ပါက အန်နီမဲပရိသတ်များကို ဆွဲခေါ်နိုင်ခြေရှိသွားနိုင်ပါသည်။ အိုတာကူတစ်ယောက်၏ စုဆောင်းမှုများက ပေကျင်းမြို့က အိမ်တစ်လုံးတန်ဖိုးလောက် ရှိသည်။ ထိုလူများ၏ သုံးစွဲနိုင်စွမ်းကို အထင်သေးလို့မရပါ။
သေချာပေါက် ဒီစာအုပ်စင်များကို ရုပ်ပြစာအုပ်များ၊ အလှထားအရုပ်များဖြင့် ဖြည့်လို့မရပေ။
ဖေးချမ့်က လည်ချောင်းရှင်းပြီး စာအုပ်စင်များကို လက်ညှိုးထိုးပြလိုက်ပါသည်။ "မာကြီး မှတ်ထား ငါတို့က စာအုပ်ဖတ်ဖို့ကို လိုချင်တာမဟုတ်ဘူး..."
မာယန်က ဝင်ပြောလိုက်သည်။ "အထီးကျန်မှုကိုလား။"
"ဘာအထီးကျန်မှုကိုလဲ၊ ဆွဲဆောင်မှုကွ။ ငါတို့က ဆွဲဆောင်မှုကိုပဲ ကြည့်ရမှာ။" ဖေးချမ့် ဆွံ့အသွားပါသည်။
"သြော်သြော် ဆွဲဆောင်မှု" မာယန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။
"ဝတ္ထုစာအုပ်နဲ့ ရုပ်ပြစာအုပ်တွေက ဘာအဓိပ္ပာယ်ရှိမှာလဲ။ ဆွဲဆောင်မှုရှိတဲ့စာအုပ်တွေပဲ ဝယ်နိုင်သမျှ များများဝယ်ပြီး ဖြည့်ထားလိုက်။" ဖေးချမ့်က သူ့ကို သင်ကြားပေးလိုက်ပါသည်။
"ယောက်ဖချမ့် ငါဝယ်လို့ရအောင် နာမည်လေး နည်းနည်းလောက် ပြောပြပါလား။" မာယန်က မေးလိုက်ပါသည်။
ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပြီိး ပြောလိုက်သည်။
"ယူကရိန်းထွန်စက်တွေအကြောင်း သမိုင်းအသေးစိတ်၊ ထွန်စက်အသေးစားတွေရဲ့ ဒရိုင်ဘာတွေအတွက် လေ့လာမှတ်သားစရာ စာအုပ်၊ ထွန်စက်ရုံခေါင်းဆောင်နဲ့ သီးနှံစိုက်ပျိုးရေး ပညာရှင်ခေါင်းဆောင်တို့ရဲ့ ဇာတ်လမ်း၊ လက်သုံးထွန်စက်တွေရဲ့ အသုံးပြုပုံနဲ့ ထိန်းသိမ်းနည်းလမ်းများ..."
ထိုစကားကိုကြားသောအခါ မာယန် ကြောင်သွားပါသည်။ "ယောက်ဖချမ့် ဘာလို့ ထွန်စက်တွေအကြောင်း စာအုပ်တွေ အများကြီး ဝယ်နေရတာလဲ။"
ဖေးချမ့်က အတည်ပေါက်ပြောလိုက်သည်။ "ဒါက ဆွဲဆောင်မှုရှိအောင်လုပ်တဲ့နည်းလမ်းလေ။ အဆင့်အတန်းမြင့်တဲ့လူတွေပဲ အသိအမှတ်ပြုကြမှာ နားလည်လား။"
"ဟာ ထားလိုက်ပါတော့ကွာ။ မင်းကို ဒါတွေ နားလည်အောင်လုပ်ခိုင်းတာ များနေပြီ။ ဒီမှာ အွန်လိုင်းပေါ်တက်ပြီး 'လေလုံးထွား အနုပညာကို မြတ်နိုးတဲ့ လူငယ်များအကြိုက် စာအုပ်စင်များ' လို့ ရှာလိုက်။ ပြီးရင် မင်းနားမလည်တဲ့ စာအုပ်နာမည်တွေကို ရွေးပြီးတော့သာ ဝယ်လိုက်ချေ။"
"ဒါမှမဟုတ် စာအုပ်အဟောင်းဆိုင်တစ်ခုကို သွားပြီး စုတ်ပြဲနေတဲ့ စာအုပ်တွေကို ဝယ်လိုက်။ စာအုပ်က ဟောင်းလေလေ ပိုကောင်းလေလေပဲ။"
"သြော်သြော် ဟုတ်ပြီ" မာယန်က စိတ်အားထက်သန်စွာာသာ ခေါင်းငြိမ့်နေပါသည်။
သူတို့နှစ်ယောက်စလုံး နောက်ဘက်က မီးဖိုချောင်ထဲ ကြည့်လိုက်ကြသည်။
သူတို့ စားဖိုမှူးကို မသတ်မှတ်ရသေးသော်လည်း စားဖိုမှူးကောင်းများစွာ၏ လျှောက်လွှာများကို ရထားပြီး ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့ ကမ်းလှမ်းထားသည့် လစာက ကောင်းမွန်သည်။ ထို့အပြင် ဒီနေရာကို ကြည့်ရသလောက် များများစားစား ချက်ပြုတ်စရာလည်း မရှိလောာက်ပါ။
"ဒါမတိုင်ခင် ငါမင်းကို ပြောထားတဲ့အတိုင်းပဲ စားဖိုမှူးတစ်ယောက်ကို ရွေးရမယ်နော်။ ဂျပန်စာနဲ့ ပြင်သစ်စာ ချက်တတ်တဲ့ စားဖိုမှူးကို မလိုချင်ဘူး။ အိမ်ချက်ဟင်းလျာကို ကောင်းကောင်း ချက်တတ်တဲ့ စားဖိုမှူးတစ်ယောက်ပဲ လိုချင်တယ် နားလည်လား။" စိတ်မသက်သာသဖြင့် ဖေးချမ့်က မာယန်ကို နောက်တစ်ခေါက် ညွှန်ကြားလိုက်ပါသည်။
မာယန်က ရင်ဘတ်ကို ထုလိုက်ပြီး ပြောလိုက်ပါသည်။ "စိတ်ချပါ။ ကျွန်တော်တာဝန်ယူလိုက်ပါ့မယ်။"
ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "ဟုတ်ပြီ။"
အင်တာနက်ကဖေးကို နောက်တစ်ပတ်လောက် ပတ်ကြည့်ပြီးနောက် စိတ်ကျေနပ်သွားပါသည်။ ၎င်း၏ အနာဂတ်ကတော့ တောက်ပနေပါသည်။ သေချာပေါက် အရှုံးပေါ်မည့်ပုံပင်။ ဖေးချမ့်က မာယန်ဘက်သို့ စိတ်ခံစားချက်ပြည့်ဝစွာဖြင့် လှည့်ကြည့်လိုက်ပါသည်။ "မာယန် မင်းကြောင့်သာ မဟုတ်ရင် ငါဘာလုပ်ရမှန်း သိမှာ မဟုတ်ဘူး။”
မာယန်က သွားပေါ်အောင် ပြုံးလိုက်ပြီး မျက်နှာတစ်ခုလုံးကို ပန်းလိုချိုသာအောင် ဖန်တီးလိုက်ပါသည်။ "ဟာ ပြောတဲ့ပုံစံကို ကြည့်ပါဦး။ ငါ အဲ့လောက်မတော်ပါဘူး ယောက်ဖချမ့် မင်းငါ့ကို ဒီလိုချီးကျူးရင် ငါဘဝင်မြင့်သွားလိမ့်မယ်။"
"စိတ်မပူပါနဲ့။ ဘဝင်မြင့်ချင်သလောက် မြင့်စမ်းပါ။ နှိမ့်ချပြီးနေတတ်တာ မင်းစတိုင်မှ မဟုတ်တာ။"
ဖေးချမ့်က အင်တာနက်ကဖေးနယ်မြေသို့ ပြန်လာခဲ့သည်။ ကျန်းယွမ်က ကွန်ပျူတာ ဆင်တာ အလွန်မြန်ဆန်ပါသည်။ သို့သော်လည်း အကြာကြီး အလုပ်လုပ်ပြီးနောက် တစ်ဝက်ကျော်ကျော်လောက် ကျန်နေပါသေးသည်။
ဖေးချမ့်က ကျပန်း ကွန်ပျူတာတစ်လုံးကို တွေ့သွားသည်။
အလွန်သေသပ်ပါသည်။
ကွန်ပျူတာ စားပွဲပေါ်တွင် နေရာအလွတ်များစွာရှိသည်။ ဂိမ်းထိုင်ခုံကလည်း အလွန် သက်တောင့်သက်သာ ရှိပါသည်။ ကီးဘုတ်နဲ့ မောက်စ်များကလည်း စျေးမပေါဘဲ စျေးပေါသည့် ပုံစံလည်း မပေါက်ပါ။
အင်းလေ ဘာပဲဖြစ်ဖြစ် ပိုက်ဆံအများကြီး သုံးထားတော့ ဒီလောက်တော့ ရှိမှာပေါ့။
"မှတ်ထားနော်။ စားပွဲခုံတိုင်းမှာ အဆင့်မြင့် ပဝါအသေးတစ်ထုပ်စီထားမယ်။ အဲ့တာက ကတ်စတမ်မာတွေ မကစားခင် လက်သုတ်ဖို့နဲ့ မျက်နှာသုတ်ဖို့ သုံးလို့ရတယ်။ မောက်စ်ကို သန့်ရှင်းရေးလုပ်ဖို့ သုံးလို့လည်း ရတယ်။ သူတို့ မောက်စ်တွေ နားကြပ်တွေကို ညစ်ပတ်သွားအောင် လုပ်တာမျိုး မလိုချင်ဘူး။"
"ဟုတ်တာပေါ့။ ညစ်ပတ်အောင်လုပ်လည်း ဘာမှလုပ်လို့မရဘူးပေါ့။ အကုန်လုံး အသစ်ပြန်လဲဖို့ပဲ ရှိတယ်။" ဖေးချမ့်က စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
မာယန်က တွန့်ဆုတ်သွား၏။ "အလုပ်ဖြစ်ပါ့မလား ယောက်ဖချမ့်။ သူတို့ မကစားခင် လက်သုတ်တဲ့အကျင့်မျိုး ရှိပါ့မလား။"
ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ကတ်စတမ်မာတွေကို ကိုယ့်လက်ကိုယ် ပဝါနဲ့သုတ်တတ်တဲ့ အကျင့်မျိုးရှိအောင် ဘယ်လိုလုပ်ပေးရမည်နည်း။
တကယ်ပဲ လက်တွေ့မဆန်လှပါ။
"ဒီလိုဆိုရင်ကော တစ်ယောက်ယောက်က ကွန်ပျူတာဆီရောက်လာပြီဆိုရင် သူ့ကို သန့်ရှင်းတဲ့ လက်သုတ်ပဝါတစ်ခု ပေးမယ့် ဝိတ်တာတစ်ယောက် ခန့်ထားမယ်ဆိုရင်ကော။ အဆင့်မြင့် စားသောက်ဆိုင်တွေလိုပဲလေ။ အဲ့ဒီပဝါတွေက လုံးဝ သန့်ရှင်းနေရမယ်။ ပြီးတော့ ဘက်တီးရီးယားတွေကို သေစေအောင် ပူနေရမယ်။ အဲ့ဒီတာဝန်ကိုယူမယ့် တစ်ယောက်ယောက်ကို ရှာလိုက်။"
မာယန် မျက်လုံးပြူးသွားသည်။ "အဲ့တာက အရမ်းအဆင့်မြင့်လွန်းမနေဘူးလား။"
ဖေးချမ့်က ခေါင်းခါလိုက်ပါသည်။ "ငါတို့ ဘယ်လိုဆိုင်ဖွင့်ထားတယ်ထင်လို့လဲ။ အဆင့်မြင့် ဖျော်ဖြေရေးစင်တာကွ။ ငါတို့ဆီရောက်လာမယ့် ကတ်စတမ်မာတွေ အားလုံးက သူဌေးမိသားစုတွေကချည်းပဲ။ ငါတို့ ထိပ်တန်းအဆင့်မှီ ဝန်ဆောင်မှုကို ပေးရမယ် နားလည်လား။"
ဖေးချမ့်က ထိုအချိန်တွင် တစ်ခုခုကို ထပ်စဥ်းစားမိသွားပြီး ဆက်ပြောလိုက်ပါသည်။ "ပြီးတော့လည်း ဒီနေရာမှာ ဆေးလိပ်သောက်တာကို တားမြစ်ရမယ်နော်။ ဘယ်မှာမှ သောက်လို့ မရဘူး။ သူတို့ ဆေးလိပ်သောက်ချင်ရင် အပြင်ထွက်သောက်ရမယ်။"
"ဟင်"
ဒါက တခြားအင်တာနက်ကဖေးများလိုပဲဟု မာယန် တွေးလိုက်မိပါသည်။ ဆေးလိပ်သောက်နိုင်သည့် နေရာနဲ့ သောက်လို့မရသည့် နေရာဟူ၍ ရှိကြသည်။ သူလည်း ဆေးလိပ်မသောက်ရ သင်္ကေတများကို တပ်ဆင်တော့မလို့ ဖြစ်သည်။ ဖေးချမ့်က သူ့ကိုတားလိုက်ပါသည်။
"ဒါပေမယ့်--"
ဖေးချမ့်က ဖြတ်ပြောလိုက်ပါသည်။ "ဘာမှ ဒါပေမယ့် မနေနဲ့။ ငါတို့ရဲ့ နေရာက ဒီလောက် ကောင်းတာ။ ဘယ်လိုလုပ် မီးခိုးထူနေလို့ ဖြစ်မှာာလဲ။ ဟုတ်တယ် လတ်လတ်ဆတ်ဆတ် လေသွင်းလေထုတ်စနစ်ကိုလည်း သွားရှာလိုက်ဦး။ ဒီလို လူထူတဲ့နေရာမျိုးမှာ လေကောင်းလေသန့် လည်ပတ်မှုကို အားကောင်းအောင် လုပ်ရမယ်။”