အခန်း(၁၀၅) ထောက်ခံပေးပြီး ညီအစ်ကို တစ်ယောက်ကို ကူညီခြင်း
Vol. 7 Ch. 105
အခန်း(၁၀၅) ထောက်ခံပေးပြီး ညီအစ်ကို တစ်ယောက်ကို ကူညီခြင်း
"ဟာ..."
ဟွမ်းစစ်ပေါ်လည်း အနည်းငယ် မှင်သက်သွားပါသည်။ သမုဒ္ဒရာရဲတိုက် ဒီလိုအာနိသင်မျိုးကို ဖန်တီးနိုင်ပြီး လျို့ကြီးကို ဒီလိုလုပ်စေလိမ့်မည်ဟု ထင်မထားခဲ့ပါ။ သို့သော်လည်း လေးလေးနက်နက် စဥ်းစားပြီးနောက် လျို့ကြီးက တကယ်ပဲ ဒီလိုမျိုး လုပ်နိုင်မည့်လူမျိုး ဖြစ်ပါသည်။
ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကို ၈၈၈ ယွမ်ဖြင့် ရောင်းချသည်။ ကစားသမားများက ပြဿနာမရှိသည့်အပြင် သဘောတူညီစွာ လက်ခံခဲ့သည်။ ဒါကို တကယ်ပဲ တခြားဂိမ်းဒီဇိုင်နာများက နားလည်မှုလွဲကာ ၎င်းတို့၏ ရှားပါးပစ္စည်းများကိုပါ ထိုစျေးနှင့် ရောင်းချနိုင်လိမ့်မည်ဟု ထင်သွားခြင်း ဖြစ်သည်။
လျို့ကြီးကလည်း ဂိမ်မာများ ဝေဖန်တာကို ခံရမည်ဟု ခန့်မှန်းထားလောက်သည်။ သို့သော် ဂရုမစိုက်ခဲ့ပါ။ ထိုမတန်တဆစျေးဖြင့် ဓားဆီက ရမည့် ပိုက်ဆံကိုသာ စိတ်ဝင်စားခဲ့သည်။ ပိုက်ဆံရပါက ကစားသမားများ သူ့ကို ဝေဖန်လည်း ဂရုမစိုက်ပါ။ ဘော့စ်က သူ့ကို ရာထူးတိုးပေးခြင်း သို့မဟုတ် လစာတိုးပေးခြင်းအား မထိခိုက်စေနိုင်ပါ။
သို့သော်လည်း ရလဒ်ကတော့... ကစားသမားများက သူ့ကို ဝေဖန်ရုံသာမကဘဲ ဓားကို များများစားစားလည်း မရောင်းချရခဲ့ပါ။ ဘော့စ်က သူ့ကို ဂိမ်း၏ နာမည်ကို ကျဆင်းစေမှုနဲ့ ငေါက်ငမ်းခဲ့သည်။ သူတို့ ပိုက်ဆံလည်း မရနိုင်ခဲ့ကြပါ။
"လျို့ကြီးလုပ်ရပ်က တော်တော်ရူးတာပဲ။ သမုဒ္ဒရာရဲတိုက်ရဲ့ ဆန်းကြယ်လက်နက် အနီရောင်ချီလင်က စျေးကွက်ဗျူဟာ တစ်ခုလုံးရဲ့ တစ်စိတ်တစ်ပိုင်းပဲကွ။ လျို့ကြီးက အဲ့ဒီ ၈၈၈ ယွမ်စျေးကို မြင်ပြီး လောဘကြီးသွားတာကိုး။ ဒါပေမယ့် စျေးကွက် ဗျူဟာတစ်ခုလုံးကို စဥ်းစားဖို့ မေ့သွားတယ်။ ဒါပေါ့ အခုတော့ အအော်ခံရပြီပေါ့။"
ဟွမ်းစစ်ပေါ်လည်း မနေနိုင်ဘဲ လျို့ကြီးကို အထင်သေးသွားမိပါသည်။
ယခင်တုန်းက သူ ရှန်းယန်ဂိမ်းကုမ္ပဏီမှာ အလုပ်လုပ်ခဲ့စဥ်က လျို့ကြီးမှာ သူ့စီနီယာအရင်း ဖြစ်သည်။ ထိုအချိန်တုန်းက လျို့ကြီးကို မြင်သည့် သူ့အမြင်မှာ ရှုပ်ထွေးပါသည်။ လျို့ကြီးက အလုပ်များဖြင့် သူ့ကို ဖိသတ်ခဲ့သော်လည်း လျို့ကြီးထံမှ တစ်ခုခု သင်ယူနိုင်လိမ့်မည်ဟု ဟွမ်းစစ်ပေါ် ထင်ခဲ့မိသည်။
ယခုတော့ ဒီလို မစဥ်းစားချင်တော့ပါ။ လျို့ကြီးလို အစီအစဥ်ရေးဆွဲသူချုပ်တစ်ယောက်က အများဆုံး ဂိမ်းလောကထဲမှာ နှစ်အနည်းငယ်လောက်သာ ရှိနေခဲ့သူ ဖြစ်သည်။ ထို့ကြောင့် လူသစ်များ၏ မျက်လုံးထဲတွင် အထင်ကြီးစရာ ဖြစ်နေခဲ့သည်။
လက်တွေ့မှာတော့...
ကြီးမားသည့် အောင်မြင်မှုများကို ရယူလိုသူများသာ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတတ်ပြီး အမြတ်အစွန်းအသေးစားလေးကိုသာ စိတ်ဝင်စားသူများကတော့ အသက်ဆုံးရှုံးသွားလိမ့်မည်။ လျို့ကြီးက အမှားအားလုံးထဲမှာမှ ပစ္စည်းတစ်ခုကို ၈၈၈ ယွမ်ဖြင့် ရောင်းချခြင်းကို ပုံတူကူးခဲ့သည်။ ဒီလိုလူမျိုးက အစီအစဥ်ရေးဆွဲသူချုပ် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
သူ့စဥ်းစားပုံက မရင့်ကျက်ပါ။ သူ့ဘဝမှာလည်း အောင်မြင်မှု များများစားစားရမှာ မဟုတ်ပေ။
မာယိချွမ်က ကော်ဖီကို သောက်လိုက်ပြီး ဟွမ်းစစ်ပေါ်၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ထင်သွားပါသည်။
"စစ်ပေါ် သမုဒ္ဒရာရဲတိုက်ကကော ဘာကြောင့် ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကို ၈၈၈ ယွမ်နဲ့ ရောင်းချနိုင်ခဲ့တာလို့ မင်းထင်လဲ။"
ဟွမ်းစစ်ပေါ်က ပြုံးလိုက်ပါသည်။ "ဒါတော့ မင်းမေးတဲ့လူ မှန်သွားပြီ။"
"သမုဒ္ဒရာရဲတိုက်က ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကို ၈၈၈ ယွမ်နဲ့ ဘာဖြစ်လို့ ရောင်းနိုင်ခဲ့တာလဲ ဟုတ်လား။ အဲ့တာက ဂိမ်းထဲမှာ ဝယ်နိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်နေလို့ပေါ့။ ဂိမ်းကိုယ်တိုင်က ဇာတ်ကြောင်းမုဒ်တစ်ခုပဲ။ ပြီးတော့ ပန်းချီနဲ့ ဂိမ်းကစားပုံတွေကလည်း သေသပ်တယ်။ ဒီလိုဂိမ်းမျိုးအတွက် စျေးကွက်စံနှုန်းအရဆိုရင် အနည်းဆုံး ယွမ် ၅၀ နဲ့ ရောင်းချသင့်တယ် မဟုတ်လား။"
"ဒါပေမယ့် သမုဒ္ဒရာရဲတိုက်က လုံးဝ အခမဲ့ဖြစ်ပြီး ဂိမ်းတစ်ခုလုံးမှာမှ ၈၈၈ ယွမ်တန် ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကိုပဲ ရောင်းထားတာ၊ ဒါက အထူးအခွင့်အရေးတစ်ခုပဲ သာမန်ကစားသမားတွေကို ဂိမ်းရဲ့ ၉၉.၉၉ ရာခိုင်နှုန်းကို ခံစားခွင့်ပေးတာကြောင့် ကစားသမားတွေ မပျော်နိုင်ဘူးလား။ သူတို့ အသိအမှတ်ပြုပြီး ကျေးဇူးမတင်နိုင်ဘူးလား။"
"ပြီးတော့လည်း ဆန်းကြယ်လက်နက် အနီရောင်ချီလင်က လျို့ကြီး ရောင်းဖို့ ကြိုးစားတဲ့ ဓားနဲ့ ခြားနားတယ်လေ။ အဲ့ဒီဓားက Statsတွေလည်း ကောင်းတယ်။ သူဌေးတစ်ယောက်က သူတစ်ယောက်တည်းနဲ့ လူ ၁၀ ယောက်လောက်ကို လိုက်သတ်လိုက်လို့ရတယ်။ သာမန်ကစားသမားတွေ အသက်ရှူစရာနေရာတောင် ရှိမှာ မဟုတ်ဘူး။"
"ဒါပေမယ့် ဆန်းကြယ်လက်နက် အနီရောင်ချီလင်ရဲ့ Stats တွေက တခြား သေနတ်တွေထက် အများကြီး မြင့်နေတာ မဟုတ်ဘူး။ ပြီးတော့လည်း အခန်းတစ်ခုတည်းက တခြားကစားသမားတွေရတဲ့ Expကို တိုးမြင့်ပေးနိုင်တယ်။ တခြားအကျိုးကျေးဇူးတွေလည်း ရှိသေးတယ်။"
"သူဌေးတွေနဲ့ သာမန်ကစားသမားတွေရဲ့ စိတ်ဝင်စားမှုကိုသာ ချိန်ညှိပေးနိုင်ရင် ဒီလက်နက်က သူ့ရဲ့ တန်ဖိုးကို ထာဝရထိန်းသိမ်းပေးသွားနိုင်လိမ့်မယ်။ ဂိမ်းထဲက သူ့ရဲ့ လက်ရာမြောက်တဲ့ ပုံစံနဲ့ သူဌေးတစ်ယောက် ဂိမ်းထဲဝင်လာရင် ချီးကျူးခံရမယ့် အချက်တွေကြောင့် ကောင်းကောင်း ရောင်းချနိုင်ခဲ့တာပေါ့။"
"အဲ့တာကြောင့် စျေးကွက်ဗျူဟာကို အပြည့်အဝ ထည့်စဥ်းစားရမယ်။ ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကို ၈၈၈ ယွမ်နဲ့ ရောင်းတာက အမြတ်ထုတ်တာမဟုတ်ဘူး။ အထူးအခွင့်အရေး ပေးနေတာပဲ။"
မာယိချွမ်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။ "ငါနားလည်ပြီ။ သမုဒ္ဒရာရဲတိုက်က သေနတ်တစ်လက်ကို ၈၈၈ ယွမ်နဲ့ ရောင်းချနေတယ်လို့ ငါကြားဖူးပါတယ်။ ငါထင်တာက... လူတွေ အဲ့လောက်တောင် ချမ်းသာပြီး သုံးနိုင်ကြသလားပေါ့။ အကြောင်းအရင်းက ဒီလိုကိုး။ အခုနားလည်သွားပါပြီ။”
"ညီအစ်ကိုဟွမ် မင်းက ဂိမ်းလောကထဲမှာ မရှိတော့တာတောင် ဂိမ်းအကြောင်းကို အများကြီးသိတယ်လား။"
ဟွမ်းစစ်ပေါ်က ခေတ္တရပ်တန့်သွားပြီး ကော်ဖီ သောက်လိုက်ပါသည်။
"ဒါက... ပြောရရင် အရှည်ကြီးပဲ။ ငါမင်းကို မပြောရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ လပိုင်းတွေက ငါ့အတွက်တောင် အိပ်မက်လိုဖြစ်နေလို့ပဲ။ ဘယ်ကနေစပြောရမှန်းတောင် မသိဘူး..."
"တကယ်တော့ သမုဒ္ဒရာရဲတိုက်ကို ငါဖန်တီးထားတာ။ ငါက သမုဒ္ဒရာရဲတိုက်ရဲ့ အစီအစဥ်ရေးဆွဲသူချုပ်ပါ။"
"ဟေ" မာယိချွမ် နားကြားမှားသည်ဟု ထင်သွားပါသည်။
သမုဒ္ဒရာရဲတိုက်ရဲ့ အစီအစဥ်ရေးဆွဲသူချုပ်ဟုတ်လား။ ဒါက ဟွမ်းစစ်ပေါ် လျို့ကြီးကို ပါးဖြတ်ရိုက်လိုက်တာပဲ မဟုတ်ဘူးလား။
သမုဒ္ဒရာရဲတိုက်ဆိုတာ ဘယ်လိုစံနှုန်းမျိုးနဲ့ ဂိမ်းလဲ။ ထိုဂိမ်းက ဆန်းစထရိုက်ခ်စတူဒီယိုကိုတောင် အနိုင်ယူနိုင်ခဲ့သည့် ဂိမ်းဖြစ်ပါသည်။ နိုင်ငံခြားက Counter Strike မှအပ ပြည်တွင်းထုတ် FPS ဂိမ်းများ အကြားတွင် သမုဒ္ဒရာရဲတိုက်က နံပါတ်တစ်ဟု သတ်မှတ်နိုင်ပါသည်။ ဒီလောက်ထိ အထင်ကြီးစရာကောင်းပါသည်။
သမုဒ္ဒရာရဲတိုက်၏ လက်ရှိကစားသမား အရေအတွက်အပေါ် မူတည်ပြီး ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကို ရောင်းချခြင်းအပြင် ဖန်တီးသူများက တခြား Paywall လိုအပ်သည့် အခြားသောရောင်းချမှုများ ပြုလုပ်ခဲ့ပါက ၎င်းတို့၏ ဝင်ငွေမှာ ၂ ဆ ၃ ဆလောက်အထိ မြင့်တက်သွားနိုင်ပါသည်။
အပြင်လူများက သမုဒ္ဒရာရဲတိုက်၏ ဝင်ငွေကို မသိကြသော်လည်း အကြမ်းဖျင်း ခန့်မှန်းချက်များအရ ၆ သန်း ၇ သန်းခန့် ရှိနိုင်ပြီး အမြတ်သီးသန့်ဆို ယွမ် ၃ သန်းဝန်းကျင်လောက်ထိ ရှိနိုင်ပါသည်။
ဒါက တစ်လလောက်သာ အွန်လိုင်းပေါ်မှာ ရှိနေတာဖြစ်သည့် ဂိမ်းတစ်ခု၏ ရလဒ် ဖြစ်ပါသည်။ FPS ဂိမ်းများ၏ သက်တမ်းရှည်ကြာမှုကို ကြည့်ခြင်းအားဖြင့် အနာဂတ်မှာ ၎င်း၏ ဝင်ငွေက ယွမ် ၁၀သန်းကျော်လာနိုင်မလား ဆိုတာကို မေးခွန်းထုတ်စရာမလိုပါ။ ဒါက ယခုမှ အညှောင့်ပေါက်ခါစ ငွေသစ်ပင်ကြီးသာ ရှိပါသေးသည်။
ဒီဂိမ်းရဲ့ အစီအစဥ်ရေးဆွဲသူချုပ်က ဘယ်လောက်တောင် ရှိန်ဖို့ကောင်းလိုက်မလဲ။ ကျယ်ပြန့်သည့် ဂိမ်းကုမ္ပဏီတစ်ခုဆိုလျှင် ဘော့စ်ကတောင် ထိုလူကို ယဥ်ကျေးပြီး လေးစားစွာ ဆက်ဆံရပါမည်။
လွန်ခဲ့သော လအနည်းငယ်ကမှ ရပ်တည်ဖို့ ဒုက္ခများနေခဲ့သည့် ညီအစ်ကိုတစ်ယောက်မှာ မျက်စိတစ်မှိတ်အတွင်း ဂိမ်းလောက၏ ဝါရင့်တစ်ယောက် ဖြစ်လာခဲ့သည်။
မာယိချွမ်က ဒါကို လက်ခံနိုင်ဖို့ ခက်ခဲနေပါသည်။
ဟွမ်းစစ်ပေါ်ကို အဆင်မပြေစေချင်တာ မဟုတ်သော်လည်း မယုံချင်စရာကောင်းလွန်းနေသောကြောင့် ဖြစ်ပါသည်။
ဟွမ်းစစ်ပေါ်လည်း ထပ်ပြီး ဖုံးကွယ်မထားချင်တော့ပါ။ ထန်းတာ့ကို ဝင်ဖို့ အင်တာဗျူးမှစလို့၊ ဘော့စ်ဖေး၏ အရိပ်အမြွက်ဖြင့် သမုဒ္ဒရာရဲတိုက်ကို ဖန်တီးနိုင်ခဲ့ကြောင်းနှင့် နောက်ဆုံး အကောင်းဆုံး ဝန်ထမ်းဆုကို ရရှိကာ ဗီဒီယိုအတိုများ ရိုက်ကူးရေးတွင် ရင်းနှီးမြှုပ်နှံဖို့ ယွမ် ၁ သန်းဆု ရခဲ့ကြောင်း ပြောခဲ့ပါသည်။
မာယိချွမ်က ထိုအကြောင်းအားလုံးကို ကြားသွားပြီး အနည်းငယ် အားနည်းပြီး လေးပင်သွားခဲ့ပါသည်။
အဲ့လောက်တောင် ကောင်းတာတွေ ဖြစ်ခဲ့တာလား။
ဟွမ်းစစ်ပေါ်၏ ရာဇဝင်နဲ့ အတွေ့အကြုံအရ ဒီလို ကြွယ်ဝသည့် ဂိမ်းကုမ္ပဏီတစ်ခုထဲ ဝင်နိုင်တာနဲ့တင် မယုံကြည်နိုင်စရာကောင်းနေပါပြီ။
ထို့အပြင် ချက်ချင်းပဲ အစီအစဥ်ရေးဆွဲသူချုပ်ရာထူးကို ရနိုင်ခဲ့တာတဲ့လား။ သမုဒ္ဒရာရဲတိုက်ကိုပါ ဖန်တီးခဲ့တာတဲ့လား။
အိပ်မက် ရန်ပုံငွေ ယွမ် ၁ သန်းရတာကတော့ လုံးဝ ယုံနိုင်စရာမကောင်းတာဖြစ်သွားပါပြီ။
"ဒါတွေ ကြားလိုက်လို့ မင်းနည်းနည်း ကြောင်သွားမှာ ငါသိပါတယ်။ ဒါပေမယ့် ငါပြောခဲ့တာ အကုန်လုံးက အမှန်တရားတွေချည်းပဲ။" ဟွမ်းစစ်ပေါ်က အလွန်ရိုးသားသည့်ပုံစံဖြင့် ပြောလိုက်ပါသည်။
ချက်ချင်းထွက်သွားဖို့က မာယိချွမ် ထိန်းထားရဆုံး အတွေးဖြစ်သည်။ သူ့ညီအစ်ကိုက လွန်ခဲ့သော လများအတွင်း ဘယ်လိုနေထိုင်ခဲ့ပုံနဲ့ သူ့နေထိုင်ခဲ့ပုံများကို ယှဥ်ကြည့်သောအခါ...
သူ ခံနိုင်ရည်မရှိတော့ပါ။
ဟွမ်းစစ်ပေါ်က ထန်းတာ့၏ အလုပ်ပတ်ဝန်းကျင်၊ ကုမ္ပဏီအကျိုးအမြတ်များ စသည်တို့ကို ရှင်းပြခဲ့ပါသည်။ ကဏ္ဍ တစ်ခုချင်းစီတိုင်းက မာယိချွမ်ကို အလွန်မနာလိုဖြစ်စေပါသည်။
"ဒါပေါ့။ ငါမင်းကို ထောက်ခံပေးလို့ရတယ်။ ဒါပေမယ့်... ငါလည်း ဘော့စ်ဖေးရဲ့ ဝန်ထမ်း သတ်မှတ်ချက်တွေက ဘာလဲ မသိဘူး။ မင်း အင်တာဗျူး အောင်နိုင်လား မအောင်နိုင်ဘူးလားဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်။"
မာယိချွမ်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ရပါတယ်။ စစ်ပေါ် ငါ့ကို ပြောပြစမ်းပါ။ မင်းရဲ့ အင်တာဗျူးက ဘယ်လိုမျိုး ဖြစ်ခဲ့တာလဲ။ ငါဘာတွေပြင်ဆင်ထားဖို့လိုလဲ။"
"ဘယ်လိုမျိုးလဲဟုတ်လား" ဟွမ်းစစ်ပေါ်က ဖြစ်ခဲ့သည့်အရာများကို ပြန်စဥ်းစားကြည့်လိုက်ပါသည်။ "ရိုးရိုးသားသားပြောရရင် ငါလည်း အဆင်ပြေမှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ ရိုးရိုးသားသား ငါ့အလုပ်အတွေ့အကြုံအကြောင်းရေးထားတဲ့ လျှောက်လွှာကိုပဲ ယူလာတာကိုး။"
"ရိုးရိုးသားသားဟုတ်လား။" မာယိချွမ် အနည်းငယ် အံ့သြသွားပါသည်။ သူသာ ရိုးသားရမည်ဆိုလျှင် သူ့လျှောက်လွှာ ဘယ်လောက်တောင် အရုပ်ဆိုးမလဲ မသိနိုင်ပါ။
ဟွမ်းစစ်ပေါ်က အဲ့လိုမျိုး အငှားခံခဲ့ရတာလား။
ဟွမ်းစစ်ပေါ်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်၊ ရိုးရိုးသားသားပဲ။ ပြီးတော့လည်း ငါမင်းကို ပြောဦးမယ်။ လျို့ကြီးလည်း အဲ့တုန်းက အင်တာဗျူး လာဖြေသွားတယ်ကွ။ ငါ့ရှေ့မှာ ဖြေသွားတာ။ ဒါပေမယ့် ကျသွားတယ်။"
မာယိချွမ် စိတ်ရှုပ်သွားရပါသည်။
ဟွမ်းစစ်ပေါ်က ထို့နောက် ခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။
"ဘော့စ်ဖေးအကြောင်း ငါနားလည်ထားသလောက်ဆိုရင် လူတွေကို ရှာတဲ့နေရာမှာ သူ့မှာ ထူးခြားတဲ့ နည်းလမ်း ရှိတယ်။ သူက လူတစ်ယောက်ရဲ့ လျှောက်လွှာကို ကျော်လွန်ပြီး အားလုံးရဲ့ ပုံးကွယ်နေတဲ့ အလားအလာတွေကို မြင်နိုင်စွမ်းရှိတယ်။ မင်းလည်း တချို့အရာတွေကို ပုံကြီးချဲ့ပြီး အတုအယောင် မပြောသင့်ဘူး။ မင်းရဲ့လျှောက်လွှာကို အရမ်ကောင်းနေအောင် မလုပ်နဲ့။ ဒါ ဘော့စ်ဖေးနဲ့ တွေ့တဲ့အခါ အခွင့်အရေး ရှိလာနိုင်တယ်။”
"ဒါပေါ့။ မင်းဘယ်လိုလုပ်ဖို့ စီစဥ်ထားလဲဆိုတာကိုတော့ မင်းဖာသာမင်း ဆုံးဖြတ်ပေါ့။ ငါအာမမခံနိုင်ဘူး။"
မာယိချွမ်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ပါပြီ၊ ကိစ္စမရှိပါဘူး။ ငါပြန်ရင် ငါ့လျှောက်လွှာကို ပြင်ထားလိုက်မယ်။”