← Chapters

အခန်း(၁၀၇) သူ့ကို ဘာအလုပ်မှ မခိုင်းနဲ့

Vol. 8 Ch. 107

အခန်း(၁၀၇) သူ့ကို ဘာအလုပ်မှ မခိုင်းနဲ့

Vol. 8 Ch. 107

အခန်း(၁၀၇) သူ့ကို ဘာအလုပ်မှ မခိုင်းနဲ့

ဖေးချမ့်က လျှောက်ကြည့်ရင်း လုမင်လျန်၏ အလုပ်စားပွဲသို့ ရောက်လာခဲ့ပါသည်။ သူက ရှောင်းလုကို ကြိုတင်သတိပေးထားမလို့ ဖြစ်ပါသည်။ ဖေးချမ့်က မာယိချွမ်ကို ကံကောင်းစေသော အဆောင်ပစ္စည်းသဘောမျိုးဖြင့် ခန့်အပ်ထားခြင်း ဖြစ်သည်။ သူ့ကံကောင်းခြင်းကို ဖယ်ရှားချင်လို့ ဖြစ်ပါသည်။

လုမင်လျန်ကသာ ဒါကို နားလည်မှုလွဲသွားပြီး မာယိချွမ်ကို ဂိမ်း၏ ဇာတ်လမ်းတစ်ခုလုံးကို ပြောင်းလဲခြင်းကဲ့သို့ လုပ်ရပ်မျိုးကို လုပ်ခွင့်ပေးလိုက်ပါက အလွန်အန္တရာယ်ရှိနိုင်ပါသည်။ မာယိချွမ်၏ အရေးအသားက တကယ်ပဲ မဆိုးလှပါ။ ဇာတ်လမ်းကြောင့် ဂိမ်း ရေပန်းစားလာပါက ဖေးချမ့် ဘယ်လို လုပ်ရမည်နည်း။

ထို့ကြောင့် ဖေးချမ့်က မာယိချွမ် ဘာအလုပ်မှ မလုပ်အောင် သေချာ ထိန်းချုပ်ရပါမည်။

ဘော့စ်ဖေးချမ့် ရောက်လာတာကိုမြင်သောအခါ လုမင်လျန် သတိကြီးသွားပါသည်။  မတ်တပ်ရပ်ကာ မေးလိုက်၏။ "ဘော့စ်ဖေး ဘာညွှန်ကြားစရာရှိလို့လဲခင်ဗျ" ဖေးချမ့်က အလုပ်များနေသဖြင့် လွန်ခဲ့သော ရက်အနည်းငယ်လောက်အထိ ရုံးကို မလာခဲ့ပါ။

ဘော့စ်ဖေးအတွက်လည်း ရိုက်ကူးရေးလုပ်ရပြီး အပြင်ဘက်မှာလည်း တောက်တိုမယ်ရများ လုပ်ရပါသေးသည်။ ကျောင်းများလည်း ပြန်စတင်နေပြီဖြစ်သည်။ ဖေးချမ့် အတန်းများကို တက်ရပါသေးသည်။

အင်တာနက်ကဖေးကိုလည်း မကြာခဏ သွားစစ်ကြည့်ရေသးသည်။ အင်တာနက်ကဖေးဆိုင် ရေပန်းစားလာနိုင်သည့် အန္တရာယ်ကို သူတွေ့ပါက ချက်ချင်း ဖြေရှင်းရပါမည်။

ထို့ကြောင့် ဖေးချမ့် ပင်ပန်းနေပါပြီ။

ထိုဝန်ထမ်းများကလည်း သူ့ဘဝကို ပိုပြီး မလွယ်ကူစေလှပါ။

"ဘာမှတော့ မဟုတ်ပါဘူး။ ငါတို့ ဇာတ်လမ်း အစီအစဥ်ဆွဲသူအသစ် ခန့်အပ်ထားတဲ့အကြောင်း မင်းကို ပြောဖို့ပါ။" ဖေးချမ့်က သာမန်အတိုင်း ပြောလိုက်ပါသည်။

လုမင်လျန်က ချက်ချင်းပဲ ဘော့စ်ဖေးစကားကို နားလည်သွားသည်။ "နားလည်ပါပြီ ဘော့စ်ဖေး၊ ကျွန်တော် သူ့ကို ဂိမ်းသုံးခုရဲ့ ဇာတ်လမ်းအားလုံးကို ပြန်ရေးခိုင်းလိုက်ပါ့မယ်။"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲ့လိုဆိုလိုတာမဟုတ်ဘူး။"ဖေးချမ့်က ခေါင်းကိုမြန်မြန်ခါလိုက်ပါသည်။ "ငါဆိုလိုချင်တာက... သူက လူသစ်ဖြစ်ပြီး ဂိမ်းတွေနဲ့ သိပ်ပြီး အကျွမ်းတဝင်မရှိဘူးလေ။ သူ့ကို ဒီလထဲ ဘာအလုပ်မှ မပေးနဲ့ဦး။ သူ့အရည်အချင်းနဲ့သူ လိုက်မှီအောင်လုပ်ပါစေနားလည်လား။"

"အထူးသဖြင့် ဂိမ်းဒီဇိုင်နာနဲ့ဝေးဝေးမှာနေခိုင်း။ ဘာဇာတ်လမ်းဇာတ်ကွက်ကိုမှ မထိခိုင်းနဲ့။"

လုမင်လျန် ကြက်သေ သေသွားပါသည်။

ဘာဖြစ်တယ်။

ဝန်ထမ်းအသစ်တစ်ယောက် ခန့်အပ်ထားပေမယ့် ဘာအလုပ်မှ မလုပ်ခိုင်းဘူး ဟုတ်လား။ သူ့ကို ဒီတိုင်း လေ့လာခိုင်းထားမှာလား။ ကူညီပေးလို့တောင် မရဘူးလား။

ဒါက...

လုမင်ချန်စိတ်ထဲ ပထမဆုံး ဝင်လာသည့် အရာက တစ်ခုခု ထူးဆန်းနေသည်ဆိုတာပင်။ သို့သော်လည်း နောက်တစ်ခေါက် စဥ်းစားကြည့်မှ ကျိုးကြောင်းသင့်လျော်ပါသည်။

ဂိမ်းဒီဇိုင်နာ၏ဇာတ်လမ်းနဲ့ နောက်ခံစကားပြော ဇာတ်ညွှန်းတွေကို ရေးသားခဲ့တာ ဘယ်သူမို့လို့လဲ။

ဘော့စ်ဖေးကိုယ်တိုင် ရေးထားတာ မဟုတ်လား။

ဒီဇာတ်လမ်းအစီအစဥ်ရေးဆွဲသူက အတွေ့အကြုံရင်ရှိရင်တောင် သူ့စံနှုန်းက ဘော့စ်ဖေးနဲ့ ယှဥ်ကြည့်လို့မရပါ။ လူသစ်တစ်ယောက်ဆို ပိုဆိုးပါသေးသည်။ ထို့ကြောင့် ဒီလူက ဒီတိုင်းစောင့်ကြည့်ကာ သင်ယူရပါမည်။

ထိုအချက်အားလုံးကြောင့် ဘော့စ်ဖေး သူ့ကို စောင့်ကြည့်လေ့လာဖို့ တစ်လတိတိ ပေးထားခဲ့တာ ကျိုးကြောင်းသင့်ပါသည်။

လုမင်လျန်က အမြန်ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ဟုတ်ပါပြီ ဘော့စ်ဖေး။ ကျွန်တော် နားလည်ပါပြီ။ သူ့ကို သင်ယူစရာတွေပေးလိုက်ပါ့မယ်။ ဒါမှ ဘော့စ်ဖေရဲ့ ဂိမ်းဒီဇိုင်းရည်ရွယ်ချက်တွေအကြောင်း သူ နားလည်လာမှာပါ။"

ငါ့ဂိမ်းဒီဇိုင်း ရည်ရွယ်ချက်ကို နားလည်ဖို့ ဟုတ်လား။ ငါ့ဂိမ်းဒီဇိုင်းမှာ ဘာရည်ရွယ်ချက်ရှိလို့လဲ။ ကစားသမားတွေကို မကစားအောင် နှင်ထုတ်တာလား။

အေးပါ... ဘာပဲဖြစ်ဖြစ်...

ဖေးချမ့်က ထပ်ရှင်းပြဖို့ ပျင်းရိနေပါပြီ။ သူ လှည့်ပြန်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း ချက်ချင်းဆိုသလို ပြန်လှည့်ကြည့်လိုက်ရ၏။ လုမင်လျန်၏ ကွန်ပျူတာ ဖန်သားပြင်ကို ရိတ်ခနဲ မြင်လိုက်ရသောကြောင့်ဖြစ်သည်။ ဒါ... ဂိမ်းဒီဇိုင်နာရဲ့ ပန်းချီရင်းမြစ် တစ်စိတ်တစ်ပိုင်းပဲ။

ရုပ်ပုံပန်းချီနဲ့ မော်ဒယ်တွေရှိနေသည်။

ဖေးချမ့် ရုပ်ပုံပန်းချီများ၏ Concept မူကြမ်းများကိုသာ ရိတ်ခနဲ မြင်လိုက်ရသော်လည်း တွေ့ဖူးနေသည်ဟု ခံစားလိုက်ရပါသည်။

ထူးဆန်းလိုက်တာ။ ဘာလို့ ရင်းနှီးနေသလို ခံစားနေရပါလိမ့်။

ဖေးချမ့် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "အဲ့ဒီ ရုပ်ပုံပန်းချီတွေက..."

လုမင်လျန်က ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်ပါသည်။ "ဟုတ်တယ်။ ဘော့စ်ဖေး မြင်တာနဲ့ ပြောနိုင်တယ်မဟုတ်လား။ ဟုတ်တယ်။ အဲ့တာတွေကို ဝါရင့်ကြီး ရွမ်ကွမ်းကျန်ကိုယ်တိုင် ရေးဆွဲထားတာလေ။ ဘော့စ်ဖေးနဲ့ ဝါရင့်ကြီး ရွမ်ကွမ်ကျန်းတို့မှာ တကယ်ပဲ အတွေးတူတဲ့ ဦးနှောင်ကောင်းတွေ ရှိကြတာပဲ။ သူ့လက်ရာကို တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ မှတ်မိနိုင်တယ်။”

ဖေးချမ့် "??? ဘာကွ။"

လုမင်လျန်ကို မယုံကြည်စွာဖြင့် စိုက်ကြည့်လိုက်သည်။"ငါ... ငါမင်းကို စျေးအကြီးဆုံး ပန်းချီဆရာကို ရှာခိုင်းခဲ့တာ မဟုတ်ဘူးလား။"

လုမင်လျန်က ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်လေ ဘော့စ်ဖေး။ ဘော့စ်ရွမ်က စျေးအကြီးဆုံး ပန်းချီဆရာစာရင်းထဲမှာပါတယ်။"

ငါ့လခွမ်း…

ဖေးချမ့် သွေးအန်ချင်သွားပါသည်။ လပိုင်းလောက်သာ ရှိသေးသော်လည်း ရွမ်ကွမ်ကျန်းက လူမသိသူမသိဘဝမှ စျေးကြီးသည့် ပန်းချီဆရာတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပြီလား။ အိမ်စျေးများကတောင် ဒီလောက်ထိ မြန်မြန်မတက်နိုင်ပါ။

လုမင်လျန်က ဖေးချမ့်၏ မှင်သက်နေသော မျက်နှာထားကို  မြင်ပြီး ဝမ်းသာအားရဖြစ်နေသည်ဟု ထင်သွားမိပါသည်။ ပျော်ရွှင်စွာဖြင့် သူဆက်ပြောသည်။ "ပြီးတော့လည်း ဘော့စ်ရွမ်က ဘော့စ်ဖေးရဲ့ ပရောဂျက်အကြောင်း ကြားပြီး စျေးနည်းနည်းပဲ ယူရုံမကဘူး။ အရမ်းလည်း ဝမ်းသာနေတာပါ။"

"ဘော့စ်ဖေးက မျက်နှာတောင်ပြစရာမလိုဘူး။ ကုမ္ပဏီရဲ့ သုတေသနနဲ့ ဖန်တီးမှုရန်ပုံငွေကို သောင်းနဲ့ချီပြီး ချွေတာနိုင်ခဲ့တယ်။ ဘော့စ်ဖေးက ဂိမ်းလောကမှာ တကယ့်နာမည်ကျော်ပဲ။"

ဖေးချမ့် ခေတ္တလောက်ထိ ကြက်သေသေနေဆဲဖြစ်ပါသည်။ ထို့နောက် သူ မေးလိုက်၏။ "ငါတို့ စာချုပ်ကို ပြန်ပြင်လို့ရသေးလား။"

လုမင်လျန် ရပ်တန့်သွားသည်။ "ဟင်... ဘော့စ်ဖေး ဆိုလိုတာက... သူ့ကို ငွေထပ်ပေးချင်တာလား။ ပြောင်းလဲဖို့ လွယ်မှာတော့ မဟုတ်ဘူးထင်တယ်။ ဘာလို့လဲဆိုတော့ စာချုပ်ကို ပလက်ဖောင်းက အတည်ပြုပြီးသားမို့လို့ပါ။ ကျွန်တော်တို့ အလုပ်လည်း တစ်ဝက်ကျော်လောက် ပြီးနေပြီ။”

"စာချုပ်ပြောင်းလဲဖို့က အရမ်းရှုပ်ထွေးလိမ့်မယ်။ ပြီးတော့လည်း ဘော့စ်ရွမ်က လက်ခံမှာ မဟုတ်ဘူး"

"ဘော့စ်ဖေး လိပ်ပြာမလုံရင် ဘော့စ်ရွမ်ကို သီးသန့်ညစာ လိုက်ကျွေးလိုက်ပေါ့။ ဒါမှမဟုတ် သူနဲ့အတူ သူ့စျေးကွက်စျေးအတိုင်း ရေရှည်လုပ်ငန်းသဘော လက်တွဲလို့ ရတယ်။"

ဖေးချမ့် "... မင်းအလုပ်ပြန်လုပ်လိုက်တော့"

ဖေးချမ့် ဆွံ့အသွားပါသည်။ အစကတော့ ဒီဂိမ်းအတွက် ပန်းချီရင်းမြစ်ကို  သိပ်ပြီး မျှော်လင့်မထားခဲ့ပါ။ ပိုက်ဆံများများသုံးကာ ဆွဲဆောင်မှု မရှိသည့်ပုံကိုသာ လိုချင်ခဲ့သည်။

ရလဒ်ကတော့ တစ်ချက်မှ မရနိုင်ခဲ့ပါ။

ပိုက်ဆံသုံးဖို့ ကျရှုံးခဲ့ရုံတင်မကသေး ဂိမ်း၏ ပန်းချီ ဒီဇိုင်း Concept ကိုလည်း လူသစ်အယောင်ဆောင်နေသည့် ဝါရင့် ရွမ်ကွမ်းကျန်က ဆွဲသားထားခြင်း ဖြစ်သည်။

ဖေးချမ့် ခေါင်းထဲ စူးခနဲ နာကျင်သွားပါသည်။

ဒါဘာသဘောလဲ။ ရင်းမြစ်ဝက်ဘ်ဆိုက်ပေါ်မှာ ပြသထားတဲ့ တခြား ပန်းချီဆရာတွေ ရှိတာပဲ။ ဘာဖြစ်လို့ အားလုံးထဲမှာမှ ဒီဝါရင့်နဲ့ လာတိုးရတာလဲ။

ငါ့အတွက်ကော ဘယ်လိုထင်လဲ။ ငါပြောင်းလဲနိုင်ပါ့မလား။

ဖေးချမ့် သူ့ရုံးခန်းထဲ ပြန်ဝင်သွားပြီး ထိုင်ခုံပေါ်ထိုင်ချလိုက်ပါသည်။ နာကျင်လိုက်တာ။

"ထားလိုက်ပါတော့၊ ပြီးခဲ့တာက ပြီးသွားပြီပဲ။ ငါအကောင်းမြင်ရမယ်..."

"စာချုပ်ကို ဖောက်ဖျက်ဖို့ မဖြစ်နိုင်ဘူး။ ငါ ဒီတိုင်း ပြီးတဲ့အထိစောင့်ပြီး စစ်ကြည့်ဖို့ပဲရှိတယ်။ ဂိမ်းဒီဇိုင်နာက ကိုယ့်ပုံရိပ်ကိုကိုယ် ဂုဏ်ပြုတဲ့ ဂိမ်းမဟုတ်တာ ကံကောင်းသွားတယ်။"

ဖေးချမ့်က ကိုယ့်ကိုယ်ကို စိတ်အေးအောင် ထားဖို့ အကောင်းဆုံးကြိုးစားလိုက်ပါသည်။

ဒေါက်ဒေါက်…

သူ့ရုံးခန်းတံခါးခေါက်သံထွက်လာခဲ့သည်။

ဖေးချမ့်မော့ကြည့်လိုက်သောအခါ မာယန်ဖြစ်နေပါသည်။

"ဘာဖြစ်လို့လဲ။ အင်တာနက်ကဖေး တစ်ခုခု ဖြစ်နေတယ်လို့တော့ မပြောနဲ့နော်။" ဖေးချမ့် ချက်ချင်းပဲ သတိကြီးသွားပါသည်။

မာယန်လည်း သတင်းကောင်း လာပါးတာတော့ မဟုတ်လောက်ဘူးမလား။

ဟုတ်ရင်တော့ တော်တော်လေး ဝမ်းနည်းဖို့ ကောင်းသွားပြီ။

ကံဆိုးခြင်းဆိုတာ ဘယ်တော့မှ တစ်ခုတည်း ရောက်မလာဘူးဆိုတဲ့ စကားပုံ မမှန်ပါစေနဲ့။

မာယန်၏ မျက်နှာထားက တည်ငြိမ်နေပါသည်။ "ယောက်ဖချမ့် ငါ... ငါမင်းကို ယွီအင်တာနက်ကဖေးမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြသင့်တယ်ထင်လို့ပါ။"

"ကျန်းယွမ်က တွက်ချက်ကြည့်ပြီးသွားပြီ။ ဒီအချိန်တောအတွင်း ငါတို့ရဲ့ စီးပွားရေးအခြေအနေအရဆိုရင် အင်တာနက်ကဖေးက လစဥ်လတိုင်း ယွမ် ၃၀၀,၀၀၀လောက် အရှုံးပေါ်နေတယ်...။”

"တနည်းအားဖြင့် အင်တာနက်ကဖေးရဲ့ ဝင်ငွေက ဝန်ထမ်းလစာတွေ၊ အခွန်အခတွေကို ပေးနိုင်တယ်ဆိုရုံလောက်ပဲရှိတယ်။ ငါတို့ရဲ့ အကြီးမားဆုံး ကုန်ကျစရိတ် ဆိုင်ခန်းငှားခတွေအတွက် ပြန်မရဘူး။ အစကတည်းက ငါတို့ အင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံထားတဲ့ အရင်းအနှီးတွေဆိုရင် ပိုဝေးသွားပြီ...။”

"ကျန်းယွမ်က အကြံတစ်ချို့ ပေးလိုက်ပြီး ငါလည်း စဥ်းစားကြည့်သင့်တယ် ထင်လို့။ ဒီမှာကြည့်..." မာယန်က စာအုပ်အသေးလေးတစ်အုပ်ကို ထုတ်လိုက်ပြီး ဖေးချမ့်အား ကျန်းယွမ်၏ အကြံပေးချက်များကို ရှင်းပြဖို့ ပြင်လိုက်ပါသည်။ ဗျူဟာများကတော့ စျေးနှုန်းကို လျှော့ချဖို့နဲ့ ပရိုမိုးရှင်းဆင်းသည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်ဖို့ပဲ ဖြစ်ပါသည်။

ဖေးချမ့် ရင်ထဲမှာ ပျော်ရွှင်သွားပါသည်။ ချက်ချင်း လက်ကိုမြှောက်ကာ မာယန်ကို ဆက်မပြောဖို့ ဟန်ပြလိုက်၏။ သူတို့ တစ်လကို ယွမ် ၃၀၀,၀၀၀ တောင် အရှုံးပေါ်နေတယ် ဟုတ်လား။ ကောင်းတယ် တကယ်ပဲ ဒီညီအစ်ကိုတွေက အားကိုးရတာပဲ>

မာယန်က ဇဝေဇဝါဖြစ်စွာဖြင့် ဖေးချမ့်ကို ကြည့်လိုက်ပါသည်။

ဖေးချမ့်က သူ့အပြုံးကို ဖိနှိပ်ဖို့ကြိုးစားရင်း ခက်ထန်သောလေသံဖြင့်ပြောလိုက်ပါသည်။ "ငါမင်းကို ပြောပြီးပြီလေ။ ငါအဲ့တာတွေကို ဂရုမစိုက်ပါဘူးလို့။ ဒါငါတို့အင်တာနက်ကဖေး လမ်းမှန်ရောက်နေတယ်ဆိုတဲ့သဘောပဲကွ။"

မာယန်မှင်သက်သွားပါသည်။ "ဟင် ငါတို့ လတိုင်း ယွမ် ၃၀၀,၀၀၀ အရှုံးပေါ်နေတာ ဘယ်လိုလုပ် လမ်းမှန်ရောက်တာဖြစ်နိုင်မှာလဲ။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ်။ အင်တာနက်ကဖေးရဲ့ တည်ရှိမှုက ဒီလို အဆင့်အတန်းမြင့်မြင့်နဲ့ လှပတဲ့ ပုံရိပ်ကို လူထုဆီမှာ ချပြနိုင်ဖို့ပဲ။ မင်း စဥ်းစားကြည့်လိုက်စမ်းပါ။ ယွီအင်တာနက်ကဖေးက ကတ်စတမ်မာ အများကြီး မရှိပေမယ့် ရှိတဲ့ ကတ်စတမ်မာတွေအားလုံးက ကဖေးကို စိတ်ကျေနပ်မှုရှိကြတယ်မဟုတ်လား။"

မာယန်က စက္ကန့်ပိုင်းလောက် စဥ်းစားကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "သူတို့... အတော်လေး စိတ်ကျေနပ်ကြမယ်ထင်ပါတယ်။"

အဓိပ္ပာယ်မရှိပါ။ စျေးနှုန်းကို သဘောမကျသည့်လူတိုင်းက တံခါးနားရှိ စျေးနှုန်းများကို မြင်ပြီးပြီးချင်း ဖြတ်လျှောက်သွားကြမည်ဖြစ်သည်။ သူတို့ အင်တာနက်ကဖေး၏ ကတ်စတမ်မာများ အစကတည်းက ဖြစ်လာမှာ မဟုတ်ပါ။ ဆိုင်းဘုတ်ပေါ်က စျေးနှုန်းများကို မြင်ပြီး ဝင်လာသေးသည့် လူများအားလုံးက  ကုန်ကျစရိတ်များကို တတ်နိုင်သည့် သူဌေးများ ဖြစ်ကြပါသည်။

အမှန်ပင်။ ထိုလူများက အင်တာနက်ကဖေးကို စိတ်ကျေနပ်မှု ရှိကြပါသည်။ အထဲမှာ လူတွေအများကြီးလည်း မရှိပေ။ ၎င်းတို့အကြိုက်ဆုံး အဆင့်မြင့် ကွန်ပျူတာကို အလုံး ၅၀ ထဲမှ ကြိုက်ရာရွေးနိုင်၏။ ကော်ဖီနေရာတွင် အကြိုက်ဆုံးခုံကို ရွေးထိုင်နိုင်သည်။ အကြိမ်ပေါင်းများစွာ ကတ်စတမ်မာများထက် ဝိတ်တာများက ပိုများလို့နေသည်။ တစ်ဦးချင်း ဝန်ဆောင်မှုများပင် ရှိကြပါသည်။

သူတို့ စိတ်မကျေနပ်ဘဲ နေနိုင်ပါ့မလား။

ဖေးချမ့်က ခေါင်းငြိမ့်လိုက်၏။ "ဒါဆို ငါတို့ယာယီအရှုံးပေါ်လည်း အဆင်ပြေတာပဲ။ ငါတို့ အကြောင်း သတင်းဖြန့်ပေးဖို့အတွက် ပိုက်ဆံသုံးနေရတယ်လို့ သဘောထားပေါ့။ သတင်းစကားကြောင့် လူတွေရောက်လာတဲ့အခါကျရင် ငါတို့ ကတ်စတမ်မာတွေ လစ်ဟာနေဦးမယ်လို့ထင်လား။”

"ငါတို့ အခု စျေးကို လျှော့ပစ်လိုက်ရင် မှန်ကန်တဲ့ လူတစ်စုကို ခေါ်နိုင်မှာ မဟုတ်ဘူး။ အဲ့တာဆို နောက်ပိုင်းကျရင် စျေးကို ဘယ်လို ပြန်မြှင့်လို့ရတော့မှာလဲ။ အဲ့တာကြောင့် လက်ရှိအတိုင်းပဲ ဆက်ထိန်းထားဖို့ လိုအပ်တာပေါ့။ ငါတို့ စိတ်ရှည်ရှည်ထားပြီး သည်းခံကြရမယ်။"

ဖေးချမ့်၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာကိုမြင်ပြီး မာယန် ခေါင်းကုတ်လိုက်မိပါသည်။

ကြားရတာတော့... ယုတ္တိရှိသလိုလိုပဲ။

"ဟုတ်ပါပြီ... ငါတို့မင်းပြောတာ နားထောင်ပါ့မယ်..." မာယန်က အားပျော့စွာဖြင့်  ပြန်ပြောလိုက်ပါသည်။

All Chapters