အခန်း(၁၀၈) မာယိချွမ်ရဲ့တာဝန်
Vol. 8 Ch. 108
အခန်း(၁၀၈) မာယိချွမ်ရဲ့တာဝန်
ယွီအင်တာနက်ကဖေး၏ အရှုံးက ဖေးချမ့်အား အလွန်စိတ်အေးသွားစေပါသည်။ ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝနဲ့ ဂိမ်းဒီဇိုင်နာတို့က မှားယွင်းသည့် လက္ခဏာများ ပြသခဲ့ကြသည်။ ယွီအင်တာနက်ကဖေးလည်း တစ်ခုခု ဖြစ်သွားပါက ဖေးချမ့်ရင်ထဲ ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပါ။
ကံကောင်းစွာဖြင့် မာယန်က သူ့ကိုဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ်ပေ။ ဖေးချမ့်အနည်းငယ် စိတ်သက်သာသွားပါသည်။
ဂိမ်းဒီဇိုင်နာကိုတော့ သူစိတ်အပူဆုံးဖြစ်သည်။ အင်တာနက်ကဖေးက အရှုံးများဆက်ပေါ်နေဆဲ ဖြစ်ပါသည်။ ယွမ် ၃၀၀,၀၀၀ က အများကြီးဟု ထင်ရသော်လည်း အပေါ်ယံသာဖြစ်ပြီး ထင်သလောက် အရေးမပါပေ။
ဘော့စ်ဖေး၏ နေ့စဥ်ဘဝကတော့... စပွန်ဆာ မရဖို့ကိုသာ ဖေးချမ့် ဆုတောင်းနေမိပါသည်။
"နောက်တစ်ခု... ငါ ဂိမ်းဒီဇိုင်နာကို ဆက်ပြီး စောင့်ကြည့်နေရမယ်။ ဘာမှ ရူးသွပ်တာမျိုးကို လုပ်ခွင့်မပေးတော့ဘူး။ အရင်တစ်ခေါက်က သမုဒ္ဒရာရဲတိုက်ကနေ သင်ခန်းစာယူမှဖြစ်မယ်။"
"အရင်တုန်းက ငါ သမုဒ္ဒရာရဲတိုက်ကို အကြာကြီး မကစားခဲ့ဖူးဘူး။ ဇာတ်ကြောင်းမုဒ်နဲ့ ၈၈၈ ယွမ်တန် ဆန်းကြယ်လက်နက် အနီရောင်ချီလင်ကိုပဲ မြင်ဖူးပြီး အားလုံး အဆင်ပြေပြီ ထင်ထားတာ။ နောက်ဆုံးတော့ ဒီလိုမှ မဟုတ်ဘဲ။"
"ဒီတစ်ခေါက်တော့ ငါ ဂိမ်းကို အစကနေ အဆုံးထိ သေချာကစားကြည့်မှဖြစ်မယ်။"
ထိုကဲ့သို့ စဥ်းစားပြီး ဖေးချမ့် အနည်းငယ် စိတ်ဖိစီးလာပါသည်။
ငွေရှာဖို့ ခက်သည်ဟု လူတိုင်းညည်းကြသည်။
သူ့အတွက်တော့ ဘာလို့ ငွေဆုံးရှုံးဖို့ ဒီလောက် ခက်နေရတာလဲ။
...
မတ်လ ၂၅ ရက်နေ့...
ဂိမ်းဒီဇိုင်နာနောက်ဆုံးတော့ တရားဝင် ပြီးမြောက်သွားပါပြီ။ နောက်ပိုင်းအဆင့် ပြုပြင်မှုများနဲ့ Bug များကို ပြုပြင်နေပါပြီ။
ဖေးချမ့်က ဂိမ်းဖန်တီးအဖွဲ့မှ ဂိမ်းနောက်ဆုံးဗားရှင်းကို တောင်းလိုက်ပြီး သူ့ကွန်ပျူတာတွင် Install တင်လိုက်ပါသည်။ အစကစပြီး သူ ကစားကြည့်တော့မည်။ ရွေးချယ်မှုတိုင်းနဲ့ ရလဒ်များကို သိပြီးသားဖြစ်သော်လည်း ဖေးချမ့်က ဂိမ်းတစ်ခုလုံးကို တစ်ခေါက်လောက်တော့ ပြီးမြောက်အောင် ကစားကြည့်ချင်ပါသေးသည်။
ဂိမ်းထုတ်လုပ်မည့် နေ့ရက်က ဧပြီလ ၁ရက်နေ့ ဖြစ်ပါသည်။
ဂိမ်းတစ်ခုကို April Foolနေ့မှာ ထုတ်မှာလား။ အမှန်ပင်။ သူက ဒီလောက်ထိ ဆင်ခြင်ခဲ့ပါသည်။ ဖေးချမ့်သာ ဂိမ်းကိုရေပန်းစားစေမည့် အရာတစ်ခုခုကို ယခု ဂိမ်းမှာ တွေ့မိပါက ပြန်ပြုပြင်ဖို့အချိန်ရှိသေးပြီး ဧပြီလ ၁ ရက်နေ့တွင် ပြန်တင်နိုင်ပါသေးသည်။
ကြော်ငြာဖို့ကိုတော့...
ဖေးချမ့် ဂရုမစိုက်ပါ။
လွန်ခဲ့သည့် နှစ်ခေါက်တုန်းကလိုမဟုတ်ဘဲ ထန်းတာ့ ဂိမ်းများက ယခု နာမည်ကြီးနေပြီ ဖြစ်ပါသည်။ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့၏ နာမည်ကြောင့် ထန်းတာ့လည်း ရေပန်းစားလာခဲ့ပါသည်။
အခုချိန်ထိ ထန်းတာ့၏ ဂိမ်းအားလုံးကို တရားဝင် ဂိမ်းပလက်ဖောင်းတွင်သာ ထုတ်လွှင့်ခဲ့သည်။ ဂိမ်းဒီဇိုင်နာကိုသာ ထုတ်လိုက်ပါက တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့၏ ကစားသမားများ သေချာပေါက် စမ်းကစားကြည့်ကြပါလိမ့်မည်။
ထိုအခြေအနေများအောက်တွင်် သူကြော်ငြာ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ဂိမ်းဒီဇိုင်နာအပေါ် သက်ရောက်မှု များများစားစား မရှိနိုင်ပါ။
အဓိက အချက်က ဂိမ်းပဲဖြစ်သည်။
ဖေးချမ့်က ကစားသမားများကို လှောင်ပြောင်ဖို့ ဂိမ်းထဲမှာ အရာများစွာကို ထည့်ခဲ့ပါသည်။ သူယုံကြည်ချက်ရှိတာ ဒါပဲဖြစ်သည်။ ဖေးချမ့်က ဂိမ်းကို ဟိုးအစကစပြီး ကစားခဲ့ပါသည်။ အစိတ်အပိုင်းတိုင်း၊ ရလဒ်တိုင်း၊ နောက်ခံစကားပြောတိုင်းကို သေချာ အာရုံစိုက်ထားခဲ့ပါသည်။
"... လုမင်လျန်ရဲ့ နောက်ခံစကားပြောက ဘယ်ဆိုးလို့လဲ။ ဒီလောက်ထိ ဒေါသထွက်ဖို့ကောင်းပြီး အပေါစားဆန်တဲ့ အသံမျိုး ဘယ်လိုလုပ် လုပ်နိုင်တာလဲ။ ပျင်းဖို့ကောင်းလိုက်တာ။ တကယ်ပြေးစရာအကြောင်းလည်း မရှိဘူး။ နောက်ခံစကားပြောက ငါ့ကို လှောင်ပဲလှောင်နေတယ်။ ငါလုမင်လျန်ကို အခု သွားထိုးချင်စိတ်တောင် ပေါက်လာပြီ..."
"ငါဘယ်လောက်ထိ ပြေးနေရဦးမှာလဲ... တောင့်ထားဦး.."
ဖေးချမ့် ဒေါသပေါက်ကွဲတော့မလို ခံစားနေရပါသည်။ ဂိမ်းဒီဇိုင်နာက သူ့ကို ဂိမ်းကစားခြင်းအား ရပ်တန့်ချင်စိတ်ကို ဖြစ်ပေါ်စေသည်။ ရွမ်ကွမ်းကျန်ကိုယ်တိုင် ရုပ်ပုံပန်းချီနဲ့ Concept ဒီဇိုင်းများကို ဖန်တီးထားကာ ဂိမ်းတစ်ခုလုံး၏ ပန်းချီစတိုင်က ထူးခြားသော်လည်း ဖေးချမ့်အတွက်တော့ အရသာမဲ့လှပါသည်။
ဘာကြောင့်နည်း။ ရွေးချယ်မှုတိုင်း၊ နောက်ခံစကားပြောတိုင်းကို ဖေးချမ့်ကိုယ်တိုင် ရွေးချယ်ထားသောကြောင့် ဖြစ်သည်။
အခန်းတစ်ခုထဲ ဝင်လိုက်သောအခါ မရေမတွက်နိုင်သော ရွေးချယ်စရာများနဲ့ ကြုံတွေ့ရသည်။ ဂိမ်မာတစ်ယောက်အတွက် တံခါးတိုင်းနဲ့ ဆုံးဖြတ်ချက်တိုင်း၏ နောက်ကွယ်တွင် ဘာမှန်းမသိသော အရာက သူတို့ကို စောင့်ကြိုနေသည်။ သို့သော်လည်း ဖေးချမ့်ကတော့ ဘာဖြစ်လာမလဲ ကြိုသိနေပါသည်။
ဘာဖြစ်တော့မှာကို သိထားပါက ဒီဂိမ်းပျော်စရာ ကောင်းပါဦးမလား။
စုံထောက်ဇာတ်လမ်းတစ်ခုကို ကြည့်နေရသလိုပင်။ လူသတ်သမားက ဘယ်သူလဲဆိုတာ သိပြီးသားဖြစ်ပါက သို့မဟုတ် ဇာတ်သိမ်းကို သိပြီးသားဖြစ်ပါက ဇာတ်လမ်းဘယ်လောက်ပဲ ကောင်းနေပါစေ စိတ်လှုပ်ရှားစေတော့မည်မဟုတ်ပါ။
ထို့ကြောင့် ဖေးချမ့်က နှာခေါင်းရှုံ့ရင်း ဂိမ်းတစ်ခုလုံးကို တစ်ခေါက် ကစားကြည့်ပြီးနောက် ခြားနားသည့် ဇာတ်သိမ်းတချို့ကို မြင်ပြီးနောက်တွင် အဆုံးသတ်ခဲ့ပါသည်။
ဒီဂိမ်းက တကယ့်ကို ပျင်းဖို့ကောင်းလွန်းသည်။ ကစားဖို့ အထူးနည်းလမ်း ဘာမှ မရှိပါ။ ကစားသမားများက ၎င်းတို့၏ ဇာတ်ကောင်ကို အခန်းတစ်ခုပြီးတစ်ခုဆီသို့ ပြေးဖို့သာ ထိန်းချုပ်နိုင်သည်။ သူတို့ အခန်းသစ်တစ်ခုထဲသို့ ပြေးဝင်သွားတိုင်း အခန်းထဲက အပြင်အဆင်များကိုမြင်နိုင်ပြီး နောက်ခံစကားပြောတစ်ခုက သူတို့ကိုလှောင်ပြောင်နေတာကို ကြားနိုင်ပါသည်။
ဒီလိုကလွဲပြီး ဂိမ်းကို တခြားနည်းလမ်းဖြင့် ကစားလို့ မရနိုင်ပါ။
"အင်း မဆိုးပါဘူး။ ဒီတစ်ခေါက် ဒီဂိမ်းက စံနှုန်းမှီသားပဲ။"
"နောက်ဆုံးတော့ လလည်း ကိစ္စတွေ ချောမွေ့အောင် ငါဝင်ပါရတာပေါ့။"
ဖေးချမ့် စိတ်အေးသွားပါသည်။ ကြည့်ရသလောက်တော့ ဒီဂိမ်းက ဘာမှပြောင်းလဲဖို့ မလိုတော့ပါ။ ထုတ်လိုက်တာနဲ့ ကျရှုံးသွားလိမ့်မည်။ သူလုပ်ဖို့လိုတာဆိုလို အရှုံးများဝင်လာမည့် အချိန်ကိုသာ စောင့်ဖို့ လိုပါသည်။
... တစ်ချိန်တည်းမှာပင် ကုမ္ပဏီထဲက လူအားလုံး အလုပ်များနေကြပါသည်။
ကုမ္ပဏီထဲ ကျိုးကျိုးနွံနွံ ဝင်လာသည့် မာယိချွမ်လည်း ပထမဆုံး တာဝန်ကိုရခဲ့ပါသည်။ ဂိမ်းဒီဇိုင်နာကို ကစားဖို့ ဖြစ်ပါသည်။
သို့သော်လည်း ဒီတိုင်း ဂိမ်းကို ခံစားကြည့်ဖို့ ဖြစ်ပါသည်။
လုမင်လျန်က မာယိချွမ်ကို လာပြီး သင်ယူခိုင်းသည်။ သို့သော် မာယိချွမ်ကို အထင်အမြင်များ သို့မဟုတ် အကြံများ ပေးခွင့်မပြုပါ။ မာယိချွမ်ကို ဂိမ်းအား ပြောင်းလဲခွင့်ပြုဖို့ဆို ပိုဝေးပါသေးသည်။
"ဒီကုမ္ပဏီက... တကယ့်ကို ထူးခြားတာပဲ။" မာယိချွမ်က သက်ပြင်းချရင်းပြောလိုက်ပါသည်။
အလုပ်ပတ်ဝန်းကျင်က တကယ်ပဲ ကောင်းမွန်သည်။ လစာကလည်း သာမန်စံနှုန်းများထက် မြင့်မားသည်။
မာယိချွမ်သည် အရင်တုန်းက ဟွမ်းစစ်ပေါ်က သူ့ကို ဒီအကြောင်းများ ပြောခဲ့ဖူးတာကို ကြားဖူးသဖြင့် သိပ်ပြီး မအံ့သြခဲ့ပါ။
သူ အံ့သြသွားရသည်က ကုမ္ပဏီအလုပ်လုပ်သည့်ပုံစံဖြစ်ပါသည်။
ရှန်းယန်ဂိမ်းကုမ္ပဏီသို့ ပထမဆုံး ဝင်ခဲ့သည့်နေ့ကို သူမှတ်မိနေပါသေးသည်။ သူ ဝင်လာပြီး ထိုင်ခုံမှာ မထိုင်ရသေးခင်မှာပင် လျို့ကြီးက သူ့ကို ဂိမ်းအကျဥ်းချုပ်များ ရေးသားဖို့ တာဝန်များ ပုံပေးခဲ့သည်။
ဘာညွှန်ကြားချက် ခိုင်းစေချက်မှလည်းမရှိ။ သူ့တောင်းဆိုချက်များက ဝေဝါးနေပြီး သူ့ စံနှုန်းများကလည်း မထင်ရှားလှပါ။ ထို့အပြင် သတ်မှတ်ရက်ကလွဲပြီး ကျန်တာအားလုံးကို မာယိချွမ်ကိုသာ လုပ်ခိုင်းပါသည်။ အနှစ်ချုပ်ပြောရလျှင် သူတစ်ယောက်တည်း အကုန်လုပ်ခဲ့ရပါသည်။
ထန်းတာ့မှာတော့ လုံးဝ ခြားနားသည်။ သူရောက်လာတော့ ဘာအလုပ်မှ မလုပ်ရသေးဘဲ စကားတချို့သာ ကြားခဲ့ရပါသည်။ စောင့်ကြည့်ပြီး ပိုလေ့လာပါ။ သူ့ကို အမြန် အလုပ်လုပ်ချင်ရင်ကော။
ဖြစ်နိုင်မှာ မဟုတ်ပါ။
"ဟုတ်တယ်။ ဒါလုံးဝ ခြားနားတဲ့ အဆင့်အတန်းပဲ မဟုတ်လား။"
"ရှန်းယန်ဂိမ်းကုမ္ပဏီက ကိစ္စတွေကို အကြမ်းဖျင်းပဲ လုပ်ကြပြီး နည်းပညာလည်း မသုံးကြဘူး။ အဲ့တာကြောင့် ငါ့လိုလူသစ်တွေဆိုရင်တောင် အလုပ်ကို မြန်မြန်အသားကျနိုင်တယ်။ သူတို့အတွက် လူသစ်တွေ ခန့်အပ်တယ်ဆိုတာ အမိန့်ပေးနိုင်ဖို့အတွက် အစေအပါးအသစ်တိုးဖို့ပဲ။”
"ထန်းတာ့မှာတော့ ဒီမှာအလုပ်လုပ်ဖို့ အဆင့်အတန်းမြင့်တဲ့ စံနှုန်းဒီဇိုင်းတစ်ခု လိုအပ်တယ်။ အဲ့တာကြောင့် လူသစ်တွေက သင်ယူလေ့လာဖို့ပဲ ရှိတယ်။ ပြီးတော့လည်း ဒီလေ့လာတဲ့ လုပ်ငန်းစဥ်က အချိန်အကန့်အသတ်ရှိတဲ့ပုံပဲ။"
"ဟား ငါအထက်တန်းကျောင်းကို ပြန်ရောက်သွားသလိုပဲ။ အတော်လေး စိတ်လှုပ်ရှားပြီး ဖိအားကလည်း ကြီးလိုက်တာ။"
မာယိချွမ် မနေနိုင်ဘဲ ထန်းတာ့ကို လေးစားသွားမိပါသည်။ ဂိမ်းဒီဇိုင်နာကို တစ်ခေါက် ကစားကြည့်ပြီးသောအခါ အတော်လေး ထူးခြားသည်ဟု မာယိချွမ် ခံစားလိုက်ရပါသည်။ ဒီလိုဂိမ်းမျိုးကို... တစ်ခါမှ မမြင်ဖူးခဲ့ပါ။
လက်ရှိစျေးကွက်ထဲမှာ မြင်နေကျ ဂိမ်းများနဲ့ လားလားမှ မသက်ဆိုင်ပေ။ ဒီလိုဂိမ်းမျိုးကိုသာ ရှန်းယန်ဂိမ်းကုမ္ပဏီတွင် ဖန်တီးပါက ဘော့စ်က ချက်ချင်း ပယ်ချလိမ့်မည်။ ဘာမှ ဆန်းသစ်မှုမရှိ၊ ကြီးကြီးမားမား စွန့်စားမှုလည်း မလုပ်နိုင်ပါ။ ရှန်းယန်ဂိမ်းကုမ္ပဏီ၏ ဘော့စ်က သေချာပေါက် ပိုက်ဆံကို ရင်းနှီးမြှုပ်နှံမှာ မဟုတ်ပေ။
သို့သော်လည်း ဒီလိုသစ်ဆန်းပြီး သာမန်မဟုတ်သည့် အရာများက အတော်လေး ပုံမှန်ဖြစ်နေသည့်ပုံပင်။ ဘော့စ်ကိုယ်တိုင်က ဆန်းသစ်ပြီး အိုင်ဒီယာအသစ်များ ထွက်လာဖို့ ကြိုးစားသဖြင့် ဝန်ထမ်းအားလုံးကလည်း နားထောင်ကာ အထွန့်တက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်ကြပါသည်။
ဒီလိုနားလည်မှုနဲ့ သဘောထားကိုက်ညီမှုက အချိန်တိုအတွင်း လုပ်ယူလို့ရတာမျိုးမဟုတ်ပါ။
ရှန်းယန်ဂိမ်းကုမ္ပဏီတွင် မာယိချွမ််က မကြာခဏဆိုလို 'အရင်ကလုပ်ဖူးတဲ့ဂိမ်းရှိလား' 'ဘယ်ဂိမ်းကို ပုံတူးကူးမှာလဲ' 'paywall လုံလုံလောက်လောက်ကော ရှိရဲ့လား' စသဖြင့် စကားများကို ကြားဖူးပါသည်။ ထန်းတာ့မှာတော့ ဒီလိုစကားလုံးများကို လုံးဝ မကြားရပါ။ အားလုံးက တူညီသည့် ပန်းတိုင်တစ်ခုဆီရောက်ဖို့ အတူတူ လုပ်ဆောင်နေကြသည့်ပုံပင်။ မာယိချွမ်က နားမလည်သော်လည်း အထင်ကြီးစရာဖြစ်သည်ဟု ခံစားမိပါသည်။
မာယိချွမ် သင်ယူစရာတွေ အများကြီးရှိသေးသည်ဟု နက်နက်ရှိင်းရှိုင်း ခံစားလိုက်မိပါသည်။
"အဲ့တာကြောင့် ငါ့ကို အလုပ်မပေးသေးတာကိုး။ ငါ့အရည်အချင်းတွေက အတော်လေး လိုအပ်နေသေးတယ်။ ငါကြိုးစားပြီး ဘာတွေဖြစ်နေသလဲဆိုတာ နားလည်အောင် လုပ်ရမယ်။ ဘော့စ်ဖေးရဲ့ တွေးပုံခေါ်ပုံကို လိုက်မှီအောင် အမြန်ဆုံး ကြိုးစားရမယ်။"
မာယိချွမ် တိုးတိတ်စွာဖြင့် စိတ်ဆုံးဖြတ်ချက် ချလိုက်ပါတော့သည်။