အခန်း(၁၁၁) ထူးခြားတဲ့ ဗီဒီယိုဇာတ်ညွှန်း
Vol. 8 Ch. 111
အခန်း(၁၁၁) ထူးခြားတဲ့ ဗီဒီယိုဇာတ်ညွှန်း
နောက်တစ်နေ့...
ဖေးချမ့်က လုမင်လျန်ကို စာဖိုင်တစ်ခု ပို့ပေးလိုက်သည်။ "အဲ့ထဲကအတိုင်းပဲ လုပ်"
ဖေးချမ့်က လုမင်လျန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာတတ်သော အစွမ်းအစကို အားကိုးသည်။ သူတို့ ဂိမ်းဒီဇိုင်နာကို စတင်လေ့လာဖန်တီးစဥ်ကတည်းက လုမင်လျန်မှာ ဖေးချမ့်၏ တောင်းဆိုချက်များအတိုင်းသာ လိုက်နာခဲ့သည်။ ဖေးချမ့်က သူ့ကို နောက်ခံစကားပြော လုပ်ခိုင်းတာတောင် လိုက်နာခဲ့ပါသည်။
ဖေးချမ့်က လုမင်လျန်၏ ထူးခြားသော ဒီလို စရိုက်ကို အလွန်အားရပါသည်။ သူ့အတွက် ပြဿနာမရှာနိုင်သည့် ဝန်ထမ်းများက အကောင်းဆုံး ဝန်ထမ်းများ ဖြစ်သည်။
လုမင်လျန်က ဖေးချမ့်ပို့ပေးထားသည့် စာဖိုင်ကို ဖွင့်ကြည့်လိုက်သည်။ အကြောင်းအရာက သုံးပိုင်းပါ၏။ ၎င်းတို့မှာ... မားကတ်တင်းဆင်းဖို့ ဘယ် အကြောင်းအရာ ဖန်တီးသူကိုရှာရမည်၊ မားကတ်တင်းဆင်းဖို့ ဇာတ်ညွှန်းနဲ့ မားကတ်တင်းကြေးဖို့ဖြစ်ပါသည်။
အတော်လေး အသေးစိတ်ကျသည်။ လုမင်လျန်က စာဖိုင်ကို အစအဆုံး ဖတ်ကြည့်လိုက်ပါသည်။
"ဖတ်လို့တော့ ပြီးသွားပြီ။ ဘာဖြစ်လို့ ဘော့စ်ဖေးရဲ့ ရည်ရွယ်ချက်ကို ငါ လုံးဝ နားမလည်နိုင်ရတာလဲကွာ။"
လုမင်လျန် စတင်ပြီး စိတ်ချောက်ချားလာသည်။ အရင်တုန်းက ဘော့စ်ဖေး၏ ရည်ရွယ်ချက်များကို ရေးရေးလေးတော့ ခန့်မှန်းနိုင်သေး၏။ သို့သော်လည်း အခုတော့ လုံးဝ လမ်းပျောက်နေပါပြီ။ ဒီစာဖိုင်ထဲက စာကြောင်းတစ်ကြောင်းချင်းစီတိုင်းက အလွန်ရှင်းလင်းသည်။ သို့သော် အားလုံးပေါင်းလိုက်ချိန်မှာတော့ ဘာကြောင့် နားလည်ဖို့ အရမ်းခက်ခဲနေရတာလဲ။
ပထမဆုံး မားကတ်တင်းဆင်းဖို့အတွက် ဘယ်အကြောင်းအရာဖန်တီးသူကို သူ ရှာဖွေရမည်နည်း။
လုမင်ချန်တစ်ယောက် အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။ နယ်ပယ်တိုင်းက အကြောင်းအရာ ဖန်တီးသူများကို စာရင်းပြုစုထားသည်။ အလှအပရေးရာက လူများပင် ပါဝင်နေပါသေးသည်။ သို့သော်လည်း ထိုအကြောင်းအရာ ဖန်တီးသူတွေအားလုံးက သာမန်လူတွေသာ ဖြစ်ကြသည်။ ရေပန်းစား နာမည်ကြီးသည့် အကြောင်းအရာ ဖန်တီးသူတစ်ယောက်တစ်လေတောင် မပါဝင်ပေ။
ဒီထဲမှာ ဂိမ်းများနဲ့ သက်ဆိုင်မှုရှိပြီး ရေပန်းအစားဆုံးဟု ပြောနိုင်သည့် လူက 'ဆရာချောင်' ချောင်လျန် ဖြစ်သည်။ တစ်နည်းအားဖြင့် အထီးကျန်ကန္တာရလမ်းကို ဝေဖန်ခဲ့သည့် အကြောင်းအရာ ဖန်တီးသူပဲ ဖြစ်သည်။
သို့သော်လည်း ဘော့စ်ဖေးက လုမင်လျန်ကို 'အမှိုက်ဂိမ်းဝေဖန်ပွဲ'မှာ ဂိမ်းကို မားကတ်တင်း မဆင်းခိုင်းဘဲ 'တစ်လတာ အကောင်းဆုံး ဂိမ်းအသစ်များ' ထဲတွင် မားကတ်တင်းဆင်းဖို့ သတိပေးခဲ့သည်။
အပေါ်ပိုင်းမှာတော့ ဖြစ်သင့်သည့် တောင်းဆိုချက် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် 'အမှိုက်ဂိမ်းဝေဖန်ပွဲ'က ဂိမ်းစုတ်များကိုသာ ဖော်ပြခြင်း ဖြစ်သည်။ သူတို့ ထိုထဲတွင်သာ ကြော်ငြာထည့်သွင်းလိုက်ပါက မားကတ်တင်းဗျူဟာက ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့် ချောင်လျန်က စပွန်ဆာများအတွက် ရည်ရွယ်သော 'တစ်လတာ အကောင်းဆုံး ဂိမ်းအသစ်များ' အပိုင်းကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအပိုင်းများ၏ ရေပန်းစားမှုကို ကြည့်လိုက်ပါက ပြဿနာတစ်ခုကို မြင်နိုင်ပါသည်။
တစ်လတာ အကောင်းဆုံးဂိမ်းအသစ်များ စီးရီးက စပွန်ဆာများအတွက် အဓိက အသုံးပြုခြင်း ဖြစ်သည်။ ၎င်းကို ရရှိသည့် ကြည့်ရှုသူ ပမာဏက အမှိုက်ဂိမ်းဝေဖန်ပွဲ၏ ဆယ်ပုံတစ်ပုံတောင် မရှိပါ။
ရေပန်းစားမှု အများကြီး ပိုနည်းသည့်အတွက် ထိုနေရာတွင် ဂိမ်းကို မားကတ်တင်းဆင်းသည့်အခါ ဘယ်လိုရလဒ်မျိုးရလာနိုင်မည်နည်း။
တခြား အကြောင်းအရာ ဖန်တီးသူများက ပို၍ပင် ရယ်ချင်စရာကောင်းသေးသည်။ အားလုံးက ဘဝနေထိုင်မှုနယ်ပယ်၊ အလှအပ နယ်ပယ်၊ သိပ္ပံနယ်ပယ်များက ဖြစ်ကြသည်။ နောက်ခံမျိုးစုံနဲ့ ထို အကြောင်းအရာ ဖန်တီးသူများက ဂိမ်းကို မားကတ်တင်းဆင်းဖို့ ကြိုးစားကြရင်တောင် ဂိမ်းဒီဇိုင်နာကို ကစားဖို့ ကစားသမား ဘယ်နှယောက် ခေါ်နိုင်မှာလဲ။
ဂိမ်းနယ်ပယ်ထဲက ဗီဒီယိုများကို ကြည့်ကြသည့် လူအများစုက ဂိမ်မာများ ဖြစ်ကြသည်။ သူတို့ ဂိမ်းကြော်ငြာကောင်းတစ်ခုခုကို တွေ့လိုက်ရတာနဲ့ ဂိမ်းကိုရှာကြည့်ပြီး ကစားကြည့်ကြနိုင်သည်။ ကြည့်ရှုသူ တစ်ရာတွင် တစ်ယောက်လောက် ဂိမ်းကို စမ်းကစားကြည့်ရင်တောင် ကျေနပ်လောက်သော ရလဒ် ဖြစ်ပေါ်စေနိုင်သည်။
သို့သော်လည်း အလှအပနယ်ပယ်ကဲ့သို့ တခြားနယ်ပယ်များမှာတော့ ဥပမာအားဖြင့် ခြယ်သခြင်းကို စိတ်ဝင်စားသည့် မိန်းကလေး ပရိတ်သတ်များဖြင့် ပြည့်နှက်နေသည်ဆိုပါစို့။ ဂိမ်းက ပျော်ဖို့ကောင်းမည်ဟု သူတို့ထင်ကြရင်တောင် သူတို့ အပင်ပန်းခံပြီး ရှာကြည့်ကြမှာ မဟုတ်ပါ။ ထို့ကြောင့် ကြည့်ရှုသူ သန်းချီရလည်း ဘာထူးမှာလဲ။ လူတစ်သောင်းမှ တစ်ယောက်လောက် ဂိမ်းကို ကစားကြည့်လျှင် ဘဝဆုံးပါပြီ။
ထို့ကြောင့် စာဖိုင်ထဲက အကြောင်းအရာ ဖန်တီးသူမျိုးစုံကိုကြည့်ရင်း လုမင်လျန်တစ်ယောက် စိတ်ရှုပ်ကာ စိတ်ပင်ပန်းလာသည်။ သို့သော်လည်း ဒီ့ထက်ပို စိတ်ရှုပ်ဖို့ကောင်းပြီး စိတ်ပင်ပန်းဖို့ ကောင်းသည့် အရာများ ရှိပါသေးသည်။
ပုံမှန်ဆို ဗီဒီယိုများကို ဖန်တီးသည့် အကြောင်းအရာ ဖန်တီးသူများက လန်းဆန်းဖွယ် စရိုက်များဖြင့် လူများ ဖြစ်ကြသည်။ ဥပမာအားဖြင့် ဆဲဆိုကြသူများ၊ ပဟေဠိဆန်ဆန်ပြောကြသူများ၊ ဇာတ်လမ်းအပြောကောင်းသူများ အထူးလုပ်ဆောင်ချက် ပြုလုပ်တတ်သူများ ဖြစ်ကြသည်။
ထို့ကြောင့် လူတွေက စပွန်ဆာ ကမ်းလှမ်းသည့်အခါ အကြောင်းအရာ ဖန်တီးသူ၏ လက်ရာနောက်ကွယ်က ဖန်တီးနိုင်စွမ်းကို လေးစားကြသည်။ ဆိုလိုတာက သူတို့ လိုအပ်သည့် ကုန်ကြမ်းနှင့် ပစ္စည်းများကိုသာ ထောက်ပံ့ပြီး အကြောင်းအရာ ဖန်တီးသူများကို ၎င်းတို့၏ ကိုယ်ပိုင်အကြံနဲ့သာ ဖန်တီးခိုင်းကြသည်။
အမှန်ပင်။ လက်ခံရရှိသည့်ဘက်အနေဖြင့် နာမည်လိုချင်ပါကလည်း အကြောင်းအရာ ဖန်တီးသူများက စပွန်ဆာများ၏ တောင်းဆိုချက်တိုင်းကို လိုက်နာပေးရမည်။ သို့သော်လည်း ဘာပဲဖြစ်ဖြစ် စပွန်ဆာမျာားက အကြောင်းအရာ ဖန်တီးသူများ၏ လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင် အကြောင်းအရာများ ဖန်တီးခွင့်ကို လေးစားရမည်။ ဒီလိုမှ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည်။
ဘော့စ်ဖေး ပို့လိုက်သည့် စာဖိုင်ထဲတွင် ဗီဒီယိုထဲတွင် အသုံးပြုရန် ဇာတ်ညွှန်းတစ်ခု ပါလာ၏။
အကြောင်းအရာ ဖန်တီးသူက ဂိမ်းနယ်ပယ်ထဲကဖြစ်စေ၊ အလှအပနယ်ပယ်ထဲက ဖြစ်စေ၊ သိပ္ပံနယ်ပယ်ထဲကဖြစ်စေ၊ အီလက်ထရောနစ် နယ်ပယ်ထဲကဖြစ်စေ... ဘယ်သူမဆို ဗီဒီယိုတွင် ဇာတ်ညွှန်းထဲကအတိုင်းသာ လိုက်နာရမည်။
ဒီတစ်ချက်တည်းဆိုရင်တောင် ဘာမှမဖြစ်သေးပါ။
သို့သော်လည်း ဇာတ်ညွှန်းကို ဖတ်ကြည့်ရုံနဲ့ လုမင်လျန်ခေါင်းကိုက်လာသည်။ ဒီလိုမှတ်စုမျိုး သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ... အင်္ဂလိပ်စာကို မန်ဒရင်းဘာသာစကားနှင့် ရောနှောထားသည်။
ဥပမာအားဖြင့်။
"အောင်မယ်လေး ငါ့အချိန်ရောက်လာပြီပေါ့လေ။"
"သောက်ရမ်းလန်းတယ်ကွာ"
"ရှလွတ်၊ ဂလု၊ ရှလွတ်၊ ဂလု၊ ရှလွတ်၊ ဂလု... (လျှာသပ်ပြီး တံတွေးမျိုချသည့်အသံ)"
"Awesome"
"ဂိမ်းရဲ့အစမှာကတည်းက လှလိုက်တဲ့ ပန်းချီကားနဲ့ ဒီတစ်ပုံတည်းနဲ့တင် ဂိမ်းက တန်နေပြီလို့ ခံစားရတယ်... ယွမ် ၃,၀၀၀"
"ဟုတ်ပြီ၊ ဒီတစ်ခုကို ရိုးရိုးတန်းတန်း အပြေးလေ့ကျင့်ခန်း လုပ်လိုက်မယ်။ Glorify မလုပ်ဘူး... အပိုမပြောဘူး။"
"အိုးအို x 14 (ဆက်တိုက်)"
ကျန်တာအားလုံးလည်း အပေါ်ကအတိုင်းပင်။
ဇာတ်ညွှန်းတစ်ခုလုံးကို ဖတ်ပြီးနောက် လုမင်လျန်တစ်ယောက် အလွန်ဇဝေဇဝါဖြစ်လာသည်။ ကိုယ့်ကိုယ်ကိုပင် မေးခွန်းပြန်ထုတ်နေမိသည်။
ငါ့အိုင်ကျူက... ဒီလောက်တောင် ဆွေးနေပြီလား။
ဒီဗီဒီယိုအတွက် အညွှန်းက ဘာလို့တခြား အကြောင်းအရာ ဖန်တီးသူတွေကို စော်ကားနေတယ်လို့ သူ ခံစားနေရပါလိမ့်။
အင်္ဂလိပ်စကားနှင့် မန်ဒရင်းစကားကို ရောထားတာနဲ့တင် စိတ်ပေါက်ဖို့ကောင်းနေပါပြီ။ ကိုယ်ပိုင် အာမေဋိတ်အသံကိုတောင် သုံးခွင့်ပေးမထာားပါ။ သူတို့ အိုးအို ဆိုတာကို တစ်ခေါက်တောင် မလျော့ဘဲ ၁၄ ကြိမ်တိတိ ပြောရမယ်တဲ့လား။ အကြောင်းအရာ ဖန်တီးသူတွေကို ပရိတ်သတ် လျော့သွားစေချင်တာလား။
နောက်ဆုံးကိစ္စက ငွေကြေး ဖြစ်သည်။
အကြောင်းအရာ ဖန်တီးသူများကို ၎င်းတို့၏ ပရိတ်သတ်အရေအတွက်အရ ပိုက်ဆံပေးထားသည်။ သို့သော်လည်း ခြုံကြည့်လိုက်လျှင် ဘော့စ်ဖေး ကမ်းလှမ်းထားသည့် ပမာဏမှာ အလွန်ရက်ရောလွန်းပါသည်။ ဖေးချမ့်က ကမ်းလှမ်းချက်ကို မြှင့်တင်ဖို့ ထပ်တိုးပမာဏများပင် ပြင်ဆင်ထားသေးသည်။။
တချို့ အကြောင်းအရာ ဖန်တီးသူများက မြင့်မားသည့် နှုန်းထားကိုပြောပြီး ကမ်းလှမ်းမှာဖြစ်ကြောင်း ဖေးချမ့် ခန့်မှန်းထားတာ သိသာပါသည်။ (၎င်းတို့၏ မာနနဲ့ အတ္တကြောင့်ဖြစ်နိုင်၏။)
သူတို့ ပထမအကြိမ် ငြင်းဆန်လည်း အဆင်ပြေပါသည်။ ဘော့စ်ဖေးက သူတို့ကို ပိုက်ဆံ ပိုပြီး ကမ်းလှမ်းလိမ့်မည်။ အမှန်ပင်။ အတိုင်းအတာမဲ့ ပမာဏတော့ မဟုတ်ပါ။ သူတို့ကို အမြင့်ဆုံး ပေးနိုင်သည့် ပမာဏမှာ ၂ ဆ ဖြစ်ပါသည်။
ဒီ အကြောင်းအရာ ဖန်တီးသူများ ဒီပမာဏကို ငြင်းဆန်ဖို့ ခက်လိမ့်မည်ဟု လုမင်လျန် ခန့်မှန်းမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဖေးချမ့်က နာမည်သိပ်မရှိသည့် အကြောင်းအရာ ဖန်တီးသူများကို ရွေးချယ်ထားသောကြောင့်ဖြစ်သည်။ ထိုလူများက အနေအစား ခက်ခဲကြ၏။ သူတို့၏ မာနနှင့် အတ္တကို ဒီလောက် ဖက်တွယ်ထားဖို့ မလိုပါ။
သို့သော်လည်း ထန်းတာ့အတွက် ဘယ်ဘက်ကကြည့်ကြည့် ရှုံးမည့် အခြေအနေ ဖြစ်နေသည်။
ထို အကြောင်းအရာ ဖန်တီးသူများကို ၎င်းတို့၏ ပရိတ်သတ်များက သေချာပေါက် ဆဲလိမ့်မည်။ ထို့နောက် လူတွေက မကြည့်တော့ဘဲ ၎င်းတို့၏ မိတ်ဆွေများကိုပါ ပြောပြလိမ့်မည်။ ထန်းတာ့က ဘယ်လောက်မှ မမြင့်မားသည့် မားကတ်တင်းအောင်မြင်မှုအတွက် ဒီလောက် ငွေပမာဏကို သုံးလိုက်ရသလိုဖြစ်သွားမည်။ ၎င်းတို့ အရှုံးပေါ်ပါလိမ့်မည်။
ထိုရလဒ်ကို စဥ်းစားကြည့်ရုံနဲ့ လုမင်လျန် စိတ်ပျက်သွားပါသည်။
"စိတ်လျှော့ထားစမ်း။ ဘော့စ်ဖေး ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းတွေတော့ ရှိမှာပါ။ ဒီစာဖိုင်ကို နားမလည်ရင် ကိုယ့်စိတ်ကူးနဲ့ကိုယ်ဘာမှမလုပ်နဲ့။ ပြောထားတဲ့အတိုင်းသာလုပ်"
လုမင်လျန် ရွေးချယ်စရာ မရှိတော့ဘဲ ဗီဒီယို ဝက်ဘ်ဆိုက်မျိုးစုံကို လော့အင်ဝင်ကာ ဖေးချမ့်၏ စာရင်းထဲက အကြောင်းအရာ ဖန်တီးသူများကို ဆက်သွယ်ပါသည်။
...
...
ပေကျင်းမြို့က အငှားအိမ်တစ်လုံးတွင်။
ချောင်းလျန်က အနည်းငယ် စိတ်ဓာတ်ကျနေသည့်ပုံပင်။ အသင့်စား ခေါက်ဆွဲတစ်ပန်းကန်ကို ကိုင်ထားပြီး အရည်ကို မော့သောက်နေ၏။ ပန်းကန်လုံးတစ်လုံးဖြစ်ပြီး ဗူး မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ခေါက်ဆွဲဗူးများကိုပင် သူ မဝယ်စားနိုင်တော့သောကြောင့်ဖြစ်ပါသည်။ သူက ခေါက်ဆွဲထုပ်များသာ တတ်နိုင်တော့သည်။
စီးပွားရေးလည်း ဒီရက်ပိုင်း အဆင်မပြေပေ။
သူ အလုပ်မကြိုးစားချင်တာ မဟုတ်ပါ။ အရေးကြီးတာက ဝေဖန်စရာဂိမ်းကောင်း မရှိသောကြောင့်ပင်။ ပျော်ဖို့ကောင်းသည့် ဂိမ်းလည်း မရှိတော့ပေ။ စုတ်ပြတ်နေသည့် ဂိမ်းများလည်း မရှိတော့ပေ။ အနှစ်ချုပ်ပြောရလျှင် ဂိမ်းများ၏ ရေပန်းစားမှုကို ရေသာခိုလို့မရတော့ဘဲ ကိုယ်တိုင်လည်း ရေပန်းစားလာ၍ မဖြစ်နိုင်တော့ပေ။
ထို့အပြင် ဒီရက်ပိုင်းထဲ သူ့ကို ဘယ်သူကမှ စပွန်ဆာ မကမ်းလှမ်းကြတော့ပါ။ ထိုအချက်များအားလုံးကြောင့် ချောင်းလျန်တစ်ယောက် တွင်းနက်ကြီးတစ်ခုထဲတွင် ပိတ်မိနေသလို ခံစားမိသည်။ သူ့လုပ်ငန်းကို ပြောင်းလဲဖို့ပင် စဥ်းစားနေခဲ့၏။
ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝဆို ဘယ်လိုဖြစ်လာလဲကြည့်ပါဦး။
သူ့မျက်နှာက မနာလိုမှုများဖြင့် ပြည့်နှက်နေ၏။ ထိုဗီဒီယိုများက ကြည့်ရှုသူ များလွန်းသည်။ ဖန်တီးသူများ၏ လက်က စပွန်ဆာများ လက်ခံရလွန်းသဖြင့် ညောင်းတောင် ညောင်းနေလောက်ပြီဟု ခန့်မှန်းမိသည်။
ခေါက်ဆွဲကိုစားရင်း အင်တာနက်ကို အသိစိတ်မဲ့စွာ ကြည့်နေမိသည်။ ရုတ်တရက် Potato Web ပေါ်မှ တစ်စုံတစ်ယောက်က သူ့ကို သီးသန့်မက်ဆေ့ချ်ချ်တစ်ခု ပို့လာသည်။
"ဆရာချောင်း နေကောင်းရဲ့လား။ ကျွန်တော်က လုမင်လျန်ပါ။ ထန်းတာ့ဂိမ်းကုမ္ပဏီရဲ့ အစီအစဥ် ရေးဆွဲသူချုပ်ပါ။ ခင်ဗျားနဲ့ လုပ်ငန်းကိစ္စပြော ချင်လို့ပါ။ အခု အဆင်ပြေမလားဗျ။”
ချောင်းလျန် မက်ဆေ့ချ်ချ်အကြောင်းအရာကို အသေးစိတ် လိုက်ဖတ်မနေပါ။ သူ့မျက်လုံးများက လုပ်ငန်းကိစ္စ ဟူသည့် စာလုံးကိုသာ စိုက်ကြည့်နေမိသည်။
အဆင်ပြေလားတဲ့။
ပြေတာပေါ့။ အရမ်းပြေတာပေါ့။
သူ ငတ်သေတော့မည်။ စားဖို့ ပိုက်ဆံအတွက် လုမင်လျန်ကို သူ အားကိုးနေသည်။
ချောင်းလျန်၏ စိတ်က 'သူတောင်းစားမှာ ရွေးချယ်စရာမရှိ' ဟူသော ဆိုရိုးကိုသာစဥ်းစားနေမိသည်။ ငွေရှာဖို့ အတွေးက သူ့ကိုနောက်တစ်ဖန် တက်ကြွသွားစေသည်။ သူတို့နှစ်ယောက်စလုံး ဝက်ဘ်ဆိုက်ပေါ်တွင် ဆက်သွယ်လိုက်ကြပြီး ခပ်မြန်မြန်ပဲ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါသည်။
"သူတို့ ငါ့ကို ဘယ်လောက်နဲ့ ကမ်းလှမ်းကြမလဲမသိဘူး။ ငါကော ဘယ်လောက် တောင်းဆိုရမလဲ။ ၁,၅၀၀ ယွမ်လား။ အဲ့လောက်ဆို များမလား။"
ချောင်းလျန် တွန့်ဆုတ်သွားသည်။
ထင်မထားစွာဖြင့် လုမင်လျန်ဆိုသည့် လူက စကားဝိုင်းတစ်ခုစလိုက်သည်။ "ဆရာချောင်း ဗီဒီယိုတစ်ပုဒ်ကို ယွမ် ၃,၀၀၀ ဆိုအဆင်ပြေမလား။”