← Chapters

အခန်း(၁၁၂) ဘော့စ်ဖေးက ရန်ငြှိုးတော့ မထားလောက်ပါဘူးနော်...

Vol. 8 Ch. 112

အခန်း(၁၁၂) ဘော့စ်ဖေးက ရန်ငြှိုးတော့ မထားလောက်ပါဘူးနော်...

Vol. 8 Ch. 112

အခန်း(၁၁၂) ဘော့စ်ဖေးက ရန်ငြှိုးတော့ မထားလောက်ပါဘူးနော်...

ချောင်းလျန်က သူ့လက်ထဲက ခေါက်ဆွဲပူပူ ပန်းကန်ကိုကြည့်ကာ ဖန်သားပြင်ပေါ်က စကားဝိုင်းရှိ သုညအရေအတွက်ကို ကြည့်လိုက်သည်။ ၃ တစ်လုံးနဲ့ ... ၀ သုံးလုံး။

"ယွမ် ၃,၀၀၀ လား။ ဒီကုမ္ပဏီကို ဘောစိသခင်ကြီးတစ်ယောက်များ ပိုင်တာလား။"

ချောင်းလျန် ကြက်သေ သေသွားသည်။ ဗီဒီယိုတစ်ပုဒ်ကို သူ ရနေကျ ပမာဏမှာ ယွမ် ၁,၀၀၀ မျှသာ ဖြစ်သည်။ တစ်ခါတစ်လေ ယွမ် ၁,၅၀၀ မှ ၂,၀၀၀ အကြား ရတတ်၏။ သို့သော်လည်း ထိုဗီဒီယိုများတွင် တောင်းဆိုချက် များစွာ ရှိတတ်သည်။ တစ်ခုတ်တစ်ခု ရဖို့ကလည်း မလွယ်ကူပေ။

ဒီအလုပ်ရှင်ကြီး၏ ကမ်းလှမ်းချက် ပမာဏကတော့ ယွမ် ၃,၀၀၀ တဲ့လား။

ဒီအလုပ်ကို အောင်မြင်သွားတာနဲ့ အနည်းဆုံး လဝက်လောက်တော့ အေးအေးဆေးဆေး နေနိုင်ပါလိမ့်မည်။

ချောင်းလျန် မပင်ပန်းတော့ပေ။ "ရပါတယ် ကျွန်တော် ဘယ်လိုဗီဒီယိုမျိုးကို ဖန်တီးပေးရမလဲ။ ကျေးဇူးပြုပြီး အသေးစိတ် ရှင်းပြပေးပါဦး" ပိုက်ဆံရသရွေ့ ဘာမဆို သူ လုပ်နိုင်ပါသည်။

လုမင်လျန်က သူ့ကို စာဖိုင်တစ်ခု ပို့ပေးလိုက်သည်။ ဖေးချမ့် ရေးထားသည့်  ဗီဒီယိုဇာတ်ညွှန်းလည်း ပါဝင်သည်။ "ဆရာချောင်း ဒါက ဗီဒီယိုအတွက် ဇာတ်ညွှန်းပါ။ တစ်ခုတည်းသော လိုအပ်ချက်က ဒီဇာတ်ညွှန်းအတိုင်း တိတိကျကျ လိုက်နာပေးဖို့ပါပဲ။ လိုအပ်တဲ့ ကုန်ကြမ်းတွေကို ပြင်ဆင်ထားပေးပါ။ ခင်ဗျားမျက်နှာပြနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ ဒါပေမယ့် မပြနိုင်ရင်လည်း အဆင်ပြေပါတယ်။ ဒီဇာတ်ညွှန်းကို ဘာမှ ပြောင်းလဲလိုက်လို့ မရဘူးနော်။ အဲ့တာ တစ်ခုတည်းသော အခြေအနေပါ။ တခြား ဘာမှ ကန့်သတ်ချက် မရှိပါဘူး။ ပြီးရင် ဂိမ်းရဲ့ ရီကောဒင်းတချို့ ပို့ပေးလိုက်ပါ့မယ်။"

ချောင်းလျန်က စာဖိုင်ကို ဒေါင်းလုတ်ဆွဲလိုက်ပါသည်။ ဖတ်ပြီးနောက် အတွေးတစ်ခုသာ ပေါ်လာသည်။

မင်းငါ့ကို လာနောက်နေတာလား လာပြောင်နေတာလား။ ဒီဇာတ်ညွှန်းကို တစ်ခေါက်ပဲ ဖတ်ရသေးတာတောင် ရှက်နေပြီ။ ဗီဒီယိုတစ်ပုဒ်ထဲမှာ ငါ့ကို ဒါကြီး ရွတ်ခိုင်းမယ်ပေါ့။ ငါ့မျက်နှာ ပြနိုင်ရင် ပိုကောင်းမယ်လို့တောင် လာပြောနေသေးတယ်လား။

ငါ့ကို နာမည်ဖျက်ဖို့ ကြိုးစားနေတာလား။ အပြင်ပိုင်းက ကြည့်ရင် ဒါ စပွန်ဆာဆိုပေမယ့် တကယ်တော့ ငါ့လုပ်ငန်းကိုလာဖျက်ဆီးနေတာာပဲ။

ချောင်းလျန် ချက်ချင်း စာပြန်လိုက်သည်။ "ကျွန်တော် လက်မခံနိုင်ပါဘူး။ ကျေးဇူးပြုပြီး တခြားတစ်ယောာက်ကိုပဲ ရှာလိုက်ပါ။ ကျွန်တော်က မွဲနေတဲ့ အကြောင်းအရာ ဖန်တီးသူဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဂုဏ်သိက္ခာတော့ ရှိသေးတယ်ဗျ။"

လုမင်လျန် ခဏတာမျှ တိတ်ဆိတ်သွားသည်။

"ယွမ် ၄,၀၀၀ ဆိုရင်ကော"

ဘာလား...။

ချောင်းလျန် ရုတ်တရက်ကြီး စိတ်ဖိစီးသွားပါသည်။

ဒီကောင် ဘယ်လောက်တောင် ချမ်းသာလဲကြည့်ပါဦး။ သူ ထပ်ပေါင်းလိုက်တဲ့ ပမာဏက ကုမ္ပဏီတွေ ငါ့ကို ပေးနေကျ ပုံမှန်ကြေးပဲ။

ဒါပေမယ့် ရကောင်းတဲ့ ပိုက်ဆံတော့ မဟုတ်ဘူး။

"ခင်ဗျားတို့ ဂိမ်းကို ကစားခွင့်ပေးနိုင်မလား" ချောင်းလျန်က မေးလိုက်ပါသည်။

လုမင်လျန်က ပြန်ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ဂိမ်းကို စမ်းသပ်နေဆဲဖြစ်တာကြောင့် ထုတ်ပေးဖို့ အဆင်မပြေသေးပါဘူး။ ဒါပေမယ့် ခင်ဗျား တည်းဖြတ်လို့ရအောင် ကျွန်တော်တို့ ဗီဒီယိုအတွက် ကုန်ကြမ်းတွေ ထောက်ပံ့ပေးနိုင်ပါတယ်။”

ချောင်းလျန် ဆွံ့အသွားပါသည်။

ဗီဒီယိုအတွက် ကုန်ကြမ်းနဲ့ ဇာတ်ညွှန်းတဲ့... ဒီဘောစိက အကုန်ပြင်ဆင်ထားတာပဲ။

အားလုံးက အရမ်းလွယ်ကူသည့် ပုံစံ ဖြစ်နေသည်။ သူ အနှစ်ချုပ်ကို စဥ်းစားဖို့ မလို၊ ဗီဒီယိုထဲ အထူးပြုလုပ်ချက်ထည့်ဖို့မလိုအပ်သလို သူလုပ်ဖို့လိုတာဆိုလို့ အသက်ရှူအောင့်ကာ ဇာတ်ညွှန်းအတိုင်း ရွတ်ပေးပြီး ဂိမ်း၏ ရီကောဒင်းများကို ပေါင်းထည့်လိုက်ဖို့ပဲ ဖြစ်ပါသည်။ ဒါကို ထုတ်လွှင့်လိုက်တာနဲ့ ယွမ် ၄,၀၀၀ ကို အသာလေး ရနိုင်သည်။

အားလုံးက ကောင်းမွန်သည့်ပုံပေါ်သော်လည်း  တစ်ခုတည်းသော ပြဿနာက ဗီဒီယိုကို ထုတ်လွှင့်လိုက်တာနဲ့ ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပါသည်။ ကော်မစ်ရှင်အတွက် စုတ်ပြတ်သည့် လက်ရာများ လုပ်တာကြောင့် အဆဲခံရရုံသာမကဘဲ ကော်မစ်ရှင်အတွက် 'ချီးထုပ်အဆင့်လက်ရာ'ကို ဖန်တီးတာကြောင့် အဆဲခံရနိုင်သည်။

ချောင်းလျန် ဘယ်လိုစာပြန်ရမလဲ မစဥ်းစားရသေးခင် လုမင်လျန်က ဗီဒီယိုအတွက် ကုန်ကြမ်းများစွာကို ပို့ပေးလိုက်သည်။ အားလုံးက ဂိမ်းဒီဇိုင်နာ၏ ရီကောဒင်းများ ဖြစ်သည်။ ဗီဒီယိုထဲမှာ ထည့်သွင်းဖို့ ဖြစ်သည်။ ဒီဗားရှင်းတွင် နောက်ခံစကားပြော မပါသေးပါ။

ဗီဒီယိုထဲတွင် အကြောင်းအရာ ဖန်တီးသူကိုယ်တိုင် နောက်ခံစကားပြောလုပ်ဖို့ လိုအပ်သည်။ အမှန်ပင်။ တစ်ချိန်တည်း နောက်ခံစကားပြော နှစ်ခုရှိနေလို့ မဖြစ်ပါ။ ထို့ကြောင့် ဖေးချမ့်က လုမင်လျန်ကို ဗီဒီယိုကုန်ကြမ်းအဖြစ် ရီကောဒင်းများကို ပို့မပေးခင် နောက်ခံအသံများ အရင်ထုတ်ခိုင်းထားခြင်း ဖြစ်ပါသည်။

ချောင်းလျန်က ပထမဆုံးဗီဒီယိုကို ဖွင့်ကြည့်လိုက်သည်။ ပြေးနေသည်။

ဒုတိယဗီဒီယိုကို ဖွင့်ကြည့်လိုက်၏။ ပြေးနေဆဲ ဖြစ်သည်။

တတိယနဲ့ စတုတ္ထဗီဒီယို...

အားလုံးက ပြေးနေသော ဗီဒီယိုများသာ။

တစ်ခုတည်းသော ခြားနားချက်ဆိုလို့ အခန်းများ၏ အသေးစိတ်ကျနမှု ဖြစ်သည်။ ဗီဒီယိုတိုင်းတွင် ဇာတ်ကောင်က ခြားနားသည့် တံခါးချပ်များထဲ ဝင်သွားသည်။ ဒီဂိမ်း၏ အဓိပ္ပာယ်က ဘာမှန်း ချောင်းလျန် လုံးဝ မပြောနိုင်ပါ။ သို့သော်လည်း ပုံများကတော့ အတော်လေး သေသပ်သည်။ ရုပ်ပုံတွေက လက်ရာမြောက်ပြီး ၎င်းတို့၏ စတိုင်က လတ်ဆတ်၏။ အနှစ်ချုပ်ပြောရလျှင် သေသေသပ်သပ် ထုပ်ပိုးထားသည့် ချီးထုပ်အတိုင်းပဲ။

ချောင်းလျန်ခဏတာမျှစဥ်းစားလိုက်ပြီးနောက် စာပြန်လိုက်ပါသည်။ "အင်း... ကျွန်တော် ဒီဗီဒီယိုကို အမှိုက်ဂိမ်းဝေဖန်မှုမှာ တင်လို့ ရမလား။"

ယွမ် ၄,၀၀၀ က အလွန်မက်လောက်စရာ ကောင်းပါသည်။ စပွန်ဆာပေးသည့် ငွေကြေးပမာဏက အလွန်များပြားသဖြင့် ချောင်းလျန်သည် သူ့မာနကို အတိုင်းအတာတစ်ခုအထိ စွန့်လွှတ်နိုင်သည်ဟုပင် ခံစားရပါသည်။

အမှန်ပင်။ ကြည့်ရှုသူပရိတ်သတ်ကို စော်ကားခြင်းက သူ့အပေါ် မုန်းတီးမှုများသာ ပိုတိုးလာစေသည်။ သူ ဒီလို မလုပ်နိုင်ပါ။ သို့သော် ဒါကို သူ့ 'အမှိုက်ဂိမ်းဝေဖန်မှု' အပိုင်းမှာသာ တင်နိုင်ပါက အခြေအနေကို ပြုပြင်နိုင်သည်။

အလုပ်ရှင်ကြီး၏ ဗီဒီယိုတစ်ပုဒ်လုံးအတွက် ဇာတ်ညွှန်းကို ဖတ်ရပြီး အရင်ဗီဒီယိုများကဲ့သို့ ဂိမ်းကို ဝေဖန်လို့မရသော်လည်း ဒီဗီဒီယိုကို သူ့ 'အမှိုက်ဂိမ်းဝေဖန်မှု' အပိုင်းမှာသာ တင်လိုက်ပါက သူက ဟာသသဘောဖြင့် အရွဲ့တိုက်နေတာဟုသာ ထင်သွားနိုင်သည်။

ဒါဆို သူ့ပရိတ်သတ်များ သူ့ကို မုန်းမှာ မဟုတ်တော့ပေ။ ထို့အပြင် ပိုက်ဆံလည်း ပိုရနိုင်သည်။ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်နိုင်သည်။

လုမင်လျန်က အမြန်စာပြန်လိုက်ပါသည်။ "စိတ်မကောင်းပါဘူး၊ တင်ခွင့် မရှိပါဘူးဗျ။”

ချောင်းလျန်က ဒီအဖြေကို မျှော်လင့်ထားပြီးသားဖြစ်သည်။ အလုပ်ရှင်များစွာက ထိုစကားလုံးများ၏ နောက်ကွယ်က အဓိကအချက်ကို နားမလည်သောကြောင့်ဖြစ်သည်။ 'အမှိုက်ဂိမ်းဝေဖန်မှု' ဟူသည့် စကားလုံးကို ကြားလိုက်ရရုံနဲ့ သူတို့၏ ဂိမ်းကို မပတ်သက်စေချင်ကြပေ။ ဘာပဲဖြစ်ဖြစ် ဘယ်သူက ကိုယ့်ဂိမ်းကို အမှိုက်ဂိမ်းလို့ ခေါ်စေချင်မှာလဲ။

သို့သော်လည်း တကယ်တန်းမှာတော့ ချောင်းလျန် မြင်တာက 'အမှိုက်ဂိမ်းဝေဖန်မှု' မှာ သူ့ပုံစံအစစ်အမှန်ကို ထုတ်ပြနိုင်သောနေရာ ဖြစ်သည်။ တစ်ဖက်တွင် 'တစ်လတာ အကောင်းဆုံး ဂိမ်းအသစ်များ' ကတော့ လုပ်ငန်းသဘောအရသာဖြစ်ပါသည်။

အမှိုက်ဂိမ်းဝေဖန်မှု အပိုင်းတွင် ကြည့်ရှုသူ အရေအတွက်က တစ်လတာ အကောင်းဆုံး ဂိမ်းအသစ်များထက် ဆယ်ဆ ပိုများသည်။ အလုပ်ရှင်များစွာက နာမည်ကြောင့် 'အမှိုက်ဂိမ်းဝေဖန်မှု' ကို အထင်သေးကြ၏။ သို့သော်လည်း ဒီအပိုင်းက ဘယ်လောက် နာမည်ကြီးသလဲ သူတို့ မသိကြပါ။

ထို့ကြောင့် ချောင်းလျန်က အလုပ်ရှင်ကြီးကို ဖြောင်းဖြနိုင်ဖို့ သာဓကပေးရန် ဆုံးဖြတ်လိုက်ပါသည်။

"စိတ်ပူတာကို နားလည်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ 'အမှိုက်ဂိမ်းဝေဖန်မှု'ရဲ့ နာမည်ကြီးမှုက 'တစ်လတာ အကောင်းဆုံး ဂိမ်းအသစ်များ' ထက် ဆယ်ဆ ပိုမြင့်တယ် ခင်ဗျားတို့ ဂိမ်းအတွက် အကျိုးကျေးဇူးရှိမှာ သေချာပါတယ်။”

"ကျွန်တော့်ကို မယုံလောက်ဘူး။ ဒီမှာ သာဓက ပြပါမယ်။”

"လွန်ခဲ့တဲ့ လနည်းနည်းလောက်က ပြည်တွင်းထုတ်ဂိမ်းတစ်ခုဖြစ်တဲ့ အထီးကျန်ကန္တာရလမ်းဆိုတဲ့ ဂိမ်းတစ်ခုကို ဝေဖန်ခဲ့တယ်။ ကျွန်တော် ဝေဖန်ပြီးကာမှ ဘယ်သူမှ မသိတဲ့ အဲ့ဒီဂိမ်းက အရမ်းရေပန်းစားလာတာ။ လွန်ခဲ့တဲ့ ၂ ပတ်ကဆို ရောင်းအား ၂၀၀,၀၀၀ ကျော်သွားပြီ။"

"ဟုတ်တယ်၊ အဲ့ကုမ္ပဏီက ဘာတဲ့... ခဏလေးနော် စစ်ကြည့်လိုက်ဦးမယ်။"

သူ ဝေဖန်သည့် ဗီဒီယို အများကြီး လုပ်ရသဖြင့် ဂိမ်းတစ်ခုကို ဖန်တီးခဲ့သည့် ကုမ္ပဏီကို မှတ်မိဖို့ မဖြစ်နိုင်ပါ။

ချောင်းလျန်က တရားဝင်ဂိမ်းပလက်ဖောင်းကို ဖွင့်လိုက်ပြီး ဂိမ်းကို အမြန်ရှာတွေ့သွားပါသည်။

သူ ဖန်တီးသူကို ကြည့်လိုက်၏။ ထန်းတာ့ နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီလိမိတက်။

"ဟမ်"

ချောင်းလျန် တစ်ခုခု မှားနေသည်ဟု ထင်သွားသည်။

ဒီအလုပ်ရှင်ကြီးရဲ့ နာမည်က ဘာပါလိမ့်။

စကားဝိုင်းဝင်းဒိုးကို သူ ပြန်ဆွဲကြည့်လိုက်ပါသည်။

အဲ့တာလည်း ထန်းတာ့ပဲ မဟုတ်ဘူးလား။

ချောင်းလျန် ဒီကုမ္ပဏီ ဖန်တီးခဲ့သည့် တခြားဂိမ်းများကို ကြည့်လိုက်သည်။ တစ္ဆေစစ်သူကြီးနှင့် သမုဒ္ဒရာရဲတိုက်တို့လည်း ရှိသည်။ သူ အံ့အားသင့်သွားရပါသည်။

အမှန်ပင်။ သူ တစ္ဆေစစ်သူကြီးနှင့် သမုဒ္ဒရာရဲတိုက်တို့ကို ကြားဖူးပါသည်။ သို့သော်လည်း သီးခြားဂိမ်းများကိုသာ သူက အာရုံစိုက်တတ်သဖြင့် ထိုဂိမ်းများကို သိပ်ပြီး မလေ့လာခဲ့ပေ။ ဘယ်ကုမ္ပဏီက လုပ်တာလဲဆိုတာလည်း မသိခဲ့ပါ။

အခုတော့ ထိုဂိမ်းနှစ်ခုကိုလည်း ထန်းတာ့က ဖန်တီးခဲ့ကြောင်း သူ သိသွားခဲ့ပါပြီ။

လွန်ခဲ့သည့် လပိုင်းကမှ သီးခြားဂိမ်းလေးတစ်ခုကို ဖန်တီးခဲ့သည့် ကုမ္ပဏီအသေးစားလေးက လုံးဝ အလုပ်ရှင်ကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားပါပြီ။

ဒါ... ဇာတ်လမ်းက တစ်ခုခုတော့ လွဲနေပြီ။

ချောင်းလျန် အရင်မက်ဆေ့ချ်ချ်များကို ပြန်စဥ်းစားကြည့်လိုက်သော်လည်း နောက်ကျသွားပါပြီ. မမှတ်မိတော့ပါ။

ချောင်းလျန်၊ "..."

ခွကျလိုက်တာ။ အရမ်းခွကျလိုက်တာ။

ခပ်မြန်မြန်ပဲ အခြေအနေကို ထိန်းသိမ်းဖို့ ပြင်လိုက်၏။ ချောင်းလျန်က ပြောလိုက်သည်။ "ဟုတ်သားပဲ။ အဲ့တာ ခင်ဗျားတို့ ကုမ္ပဏီရဲ့ ဂိမ်းကိုး။ ခင်ဗျားတို့ ကုမ္ပဏီနဲ့ ဂုဏ်ရှိရှိ အလုပ်လုပ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ဘူးဗျာ။"

"ဒီလိုဆိုတော့လည်း ခင်ဗျားတို့ ကုမ္ပဏီက 'အမှိုက်ဂိမ်းဝေဖန်မှု' ရဲ့ နာမည်ကြီးချက်က ဘယ်လောက်ကောင်းလဲ သိပြီးသား ဖြစ်မှာပါ။ ကျွန်တော်တို့ ဗီဒီယိုကို အဲ့ဒီအပိုင်းအောက်မှာသာ တင်လိုက်ရင် မားကတ်တင်း အာနိသင်က အရမ်းကောင်းသွားလိမ့်မယ်။"

လုမင်လျန်က အမြန်စာပြန်လိုက်သည်။ "အရင်တုန်းက ကျွန်တော်တို့ ဘော့စ်နဲ့ အလုပ်လုပ်ဖူးလို့လား။ ကောင်းလိုက်တာ၊ ခဏနေဦးနော်။ ဘော့စ်ဖေးရဲ့ ထင်မြင်ချက်ကို မေးလိုက်ဦးမယ်။"

ဘော့စ်ဖေး ဟုတ်လား။

ဒါက ထန်းတာ့နက်ခ်ဝါ့ကုမ္ပဏီလိမိတက်၏ ဘော့စ်နာမည် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

မဟုတ်မှလွဲရော... သူက အထီးကျန်ကန္တာရလမ်းကို ဖန်တီးသူလား။

အင်း... ဖြစ်နိုင်တယ်။

လွန်ခဲ့သော လပိုင်းလောက်က ထန်းတာ့မှာ လူမသိသူမသိ ကုမ္ပဏီအသေးစားလေးသာ ဖြစ်သည်။ ဂိမ်းကို ဖန်တီးခဲ့သည့်လူက ဘော့စ် မဟုတ်ရင်တောင် အရေးကြီးသည့်ပါတနာတစ်ယောက် ဖြစ်ခဲ့လောက်သည်။

ဘော့စ်ဖေး ဖြစ်နိုင်ချေက ပိုများသည်။ ဒါဆိုရင်တော့ ပြဿနာ အကြီးကြီးတက်ပါပြီ။

ဘော့စ်ဖေးက... ရန်ငြှိုးးတော့ မထားလောက်ပါဘူးနော်။ အဲ့ဒီတုန်းက ငါ သူ့ဂိမ်းကို ပိုးစိုးပက်စက် ဝေဖန်ခဲ့တာကိုး။

ချောင်းလျန်တစ်ယောက် စတင် စိတ်ချောက်ချားလာခဲ့ပါသည်။

All Chapters