← Chapters

အခန်း(၁၁၃) သဘောထားသေးသိမ်တဲ့ဘော့စ်ဖေး

Vol. 8 Ch. 113

အခန်း(၁၁၃) သဘောထားသေးသိမ်တဲ့ဘော့စ်ဖေး

Vol. 8 Ch. 113

အခန်း(၁၁၃) သဘောထားသေးသိမ်တဲ့ဘော့စ်ဖေး

ထိုအချိန်တုန်းက ချောင်းလျန် အထီးကျန်ကန္တာရလမ်းကို ဝေဖန်ခဲ့စဥ်က ထန်းတာ့အတွက် မားကတ်တင်းဆင်းပေးဖို့ မတွေးခဲ့ပါ။ သူစိတ်ဝင်စားတာကိုသာ လုပ်ခဲ့ခြင်းဖြစ်သည်။ သူ့အဓိက ရည်ရွယ်ချက်က နာမည်ကြီးလာဖို့သာ။

ဂိမ်းကော ချောင်းလျန်ပါ နာမည်ကြီးသွားသည့် နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေတော့ ဖြစ်သွားခဲ့သော်လည်း ဝေဖန်အထင်သေးသော အပိုင်းတွင် ထည့်သွင်းခဲ့သည်။ ဂိမ်းကို ဆိုးဆိုးဝါးဝါးဝေဖန်ခဲ့သဖြင့် ဂိမ်းဖန်တီးသူက သူ့ကို အငြှိုးမထားဘဲ နေပါ့မလား။

ဂိမ်းဖန်တီးသူက သဘောထားကြီးပါစေဟုသာ မျှော်လင့်မိသည်။

လုမင်လျန်က အလွန်လျှင်မြန်စွာ စာပြန်လိုက်ပါသည်။ "ဘော့စ်ဖေးက အရမ်းဝမ်းသာနေပါတယ်။ ဒီဗီဒီယိုကို တစ်လတာ အကောင်းဆုံးဂိမ်းအသစ်များ အပိုင်းမှာထည့်ရမယ်လို့ပြောတယ်။ ဇာတ်ညွှန်းကို ပြောင်းလို့ မရဘူး။ ပြီးတော့လည်း ခင်ဗျားရဲ့ ပရိတ်သတ်ကို အရွဲ့တိုက်တဲ့ ဗီဒီယိုလို့ ထင်သွားစေလို့လည်း မရဘူးဗျ။ ခင်ဗျားကဏ္ဍကို ကောင်းကောင်း လုပ်ရမယ်။ တကယ် စစ်မှန်တဲ့ပုံစံ ဖြစ်ရမယ်။”

သူ နားလည်သွားပါသည်။ သူတော့ ပြဿနာတက်ပြီ။ ဘော့စ်ဖေးက တကယ်ပဲ အငြှိုးထားခဲ့သည်။ ချောင်းလျန်ကို အရူးတစ်ယောက်လို မြင်ချင်နေသည်။

တစ်လတာ အကောင်းဆုံးဂိမ်းအသစ်များက စပွန်ဆာပါတနာများအတွက် အထူးအသုံးပြုကာ ပရိတ်သတ်ကလည်း သိသော်လည်း ဂိမ်းတစ်ခုကို ဘာစံနှုန်းမှမရှိဘဲ ကြော်ညာပေးလို့မရပါ။ သူ့ပရိတ်သတ် ဆဲတာကို သေချာပေါက် ခံရလောက်သည်။

ထို့အပြင် ဒီအပိုင်းက အစကတည်းက စပွန်ဆာများအတွက် အသုံးပြုခြင်း ဖြစ်သဖြင့် စပွန်ဆာများကို လက်ခံသည့်အခါ သူ အရှက်မဲ့လွန်းသည်ဟု ပရိတ်သတ်က ထင်သွားပါလိမ့်မည်။ ဆရာချောင်းက ကိုယ့်တန်ဖိုးကိုယ်ချနေသည်ဟု ထင်သွားကြလိမ့်မည်။

ဘော့စ်ဖေးက ဒါကို တမင်သက်သက် လုပ်နေခြင်း မဟုတ်ပါလား။ သူ ကလဲ့စားချေခြင်း ဖြစ်သည်။ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ရှင်းလင်းနေပါသည်။ သူ ဒီအလုပ်ကို လက်ခံလို့မဖြစ်ပါ။ သူတို့ ဘယ်လောက်ပဲ ကမ်းလှမ်းနေပါစေ မဖြစ်ပါ၊။

ချောင်းလျန်က အမြန်စာပြန်လိုက်ပါသည်။ "စိတ်မကောင်းပါဘူး။ ဘော့စ်လု။ ကျွန်တော့်ကို တောင်းဆိုတာတွေများလွန်းနေတယ်။ ကျွန်တော်လုပ်နိုင်မယ်မထင်ဘူး။ တခြားတစ်ယောက်ယောက်ကို ရှာလိုက်ပါဗျာ။”

လုမင်လျန် "ဆရာချောင်း ယွမ် ၆,၀၀၀ ပေးပါ့မယ်။”

ချောင်းလျန် "..."

မင်းတို့လက်မလျှော့ဘူးလား။

ငါ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ သိဖို့ မင်းတို့ ကမ်းလှမ်းချက်ကို ထပ်တိုးနေတာလား။

ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား။

ဒါက ငွေရေးကြေးရေးနဲ့ မဆိုင်ပေ။ ... ယွမ် ၆,၀၀၀ ကတော့ မက်လောက်စရာ ရှိပါသည်။

ချောင်းလျန် ရင်ထဲ သွေးထွက်နေလေပြီ။

များလိုက်တဲ့ ပိုက်ဆံတွေ ယွမ် ၆,၀၀၀ ကို ချွေတာသုံးပါက နှစ်လလောက် အေးဆေး နေနိုင်ပါသည်။ နှစ်လလောက် အလုပ်လုပ်စရာ မလိုတော့ပါ။ သူ ကစားချင်တာမှန်သမျှ ကစားနိုင်သည်။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

ရင်ထဲမှာ အတော်ပြင်းထန်စွာ ရုန်းကန်နေရသည်။ နောက်ဆုံးတော့ ဒီခြေလှမ်းကို လှမ်းလို့ မဖြစ်တော့ပါ။ သူ့မာနကို လျှော့ချဖို့ မဖြစ်နိုင်ပါ။

ချောင်းလျန်က အကြာကြီးစဥ်းစားလိုက်ပြီး စာရိုက်လိုက်ပါသည်။ "ဒါက အခကြေးငွေနဲ့ မဆိုင်ပါဘူး။”

သူ စာလုံးအနည်းငယ်သာ ရိုက်ရသေးသော်လည်း မက်ဆေ့ချ်အသစ်တစ်စောင် ဝင်လာပါသည်။

"ဆရာချောင်း ဘော့စ်ဖေးကို အခုလေးတင် မေးကြည့်လိုက်တယ်။ ခင်ဗျားကို ၁၀,၀၀၀ ယွမ်အထိ တိုးပေးလို့ ရတယ်တဲ့။ အဲ့တာကတော့ နောက်ဆုံးစျေးပဲ။ ခင်ဗျားက ဂုဏ်သိက္ခာကို အများကြီး ဂရုစိုက်တဲ့ အကြောင်းအရာ ဖန်တီးသူဆိုတာ ကျွန်တော်သိပါတယ်ဗျာ။ ခင်ဗျား လက်မခံချင်ရင် ကျွန်တော်တို့ အတင်းမတောင်းဆိုပါဘူး။”

ချောင်းလျန်၏ လက်များ တုန်ယင်လာသည်။ မတော်တဆ return ခလုတ်ကို နှိပ်လိုက်မိပါသည်။

"ဒါက အခကြေးငွေနဲ့ မဆိုင်ပါဘူး။”

ထိုမက်ဆေ့ချ်ကို ဟိုဘက်က မက်ဆေ့ချ်ရောက်လာပြီးမှ ပို့လိုက်သဖြင့် ချောင်းလျန် ငြင်းလိုက်သလို ပုံစံဖြစ်သွားပါသည်။

လုမင်လျန် "ဟုတ်ပါပြီ။ ခင်ဗျား လုပ်ငန်းကိုင်ငန်း အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး။”

ချောင်းလျန် စတင်ပြီး စိတ်ချောက်ချားလာသည်။လခွမ်း။ သူ ဆိုလိုတာ ဒီလိုမဟုတ်ဘူးလေ။ မသွားပါနဲ့…

သူ့ကီးဘုတ်ကို အမြန်နှိပ်လိုက်သည်။ အသက် ၂၀ အရွယ် ယောက်ျားတစ်ယောက်၏ စာရိုက်နှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါသည်။ "ဒါ အခကြေးငွေနဲ့ မဆိုင်ပါဘူး။ ဘော့စ်ဖေးက ကျွန်တော့် မိတ်ဆွေဟောင်းကြီးပဲ။ သူ့ကို သေချာပေါက် ကူညီပေးရမှာပေါ့။”

လုမင်လျန် "တကယ်လား။ ကောင်းလိုက်တာ အခုပဲ ခင်ဗျားကို ဗီဒီယို ကုန်ကြမ်းတွေ ပို့လိုက်ပါ့မယ်။”

ချောင်းလျနျ်က ထိုဗီဒီယို ကုန်ကြမ်းများကို ဒေါင်းလုတ်ဆွဲလိုက်ပါသည်။ မိနစ်ပိုင်းအတွင်းမှာပင် စိတ်ဆိုး၊ စိတ်ပူ၊ ထိတ်လန့်ရာမှ ပျော်ရွှင်သွားသည့်အထိ ခံစားလိုက်ရပါသည်။ အနှစ်ချုပ်ပြောရလျှင် သူဆုံးဖြတ်ချက်ချလိုက်ပါပြီ။

တစ်လတာ အကောင်းဆုံး ဂိမ်းအသစ်များ အပိုင်းမှာ ဒါကို တင်လိုက်တာနဲ့ သူ့နာမည်ပျက်သွားမှာလား။ သူက စပွန်ဆာ လက်ခံနေခြင်းသာဖြစ်ပြီး ရှက်စရာ ဘာမှ မရှိပါ။ ပရိတ်သတ်က သေချာပေါက် နားလည်ပါလိမ့်မည်။ အင်း အဲ့လိုပဲ ဖြစ်မှာပါ။

..."ဆရာချောင်းက လက်ခံလိုက်ပြီလား။”

"ဟုတ်ပါတယ်။”

ဘော့စ်ဖေးက ရုံးခန်းထဲတွင် လုမင်လျန်၏ အစီရင်ခံစာကို နားထောင်နေပါသည်။ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။

အဲ့ဒီတုန်းက ငါနဲ့လာရှုပ်တာ ဘယ်သူ့အပြစ်လဲကွ။

မင်းသာမရှိရင် ငါ ယွမ် ၅၀,၀၀၀ အရှုံးပေါ်နိုင်ခဲ့မှာ။ အခုတော့ ငါ့တစ်ဘဝလုံး ခြားနားသွားပြီ။

ဖေးချမ့်က ဒီဗီဒီယိုတင်အောင် ချောင်းလျန်ကို ပထမဆုံးသူဖြစ်စေရန် လုပ်ခဲ့ရသည်။ သူ ဒီတစ်ခါ ဘယ်လိုအလွတ်ပြေးမလဲ စောင့်ကြည့်ခဲ့ရသည်။ အမှန်ပင်။ ဖေးချမ့်က ဒါကို ကလဲ့စားချေချင်ရုံသက်သက်လုပ်နေခြင်း မဟုတ်ပါ။ အထီးကျန်ကန္တာရလမ်းတုန်းကလို ကပ်ဆိုက်သည့် ရလဒ်မျိုး ရလာမှာကိုလည်း စိုးရိမ်နေမိသေးသည်။

ဗီဒီယိုကို ဆရာချောင်း အကြံပေးသလိုသာ အမှိုက်ဂိမ်းဝေဖန်မှုအပိုင်းထဲ ထည့်လိုက်ပြီး ထို့ကြောင့် နာမည်ကြီးလာပါက ကိုယ့်ကိုယ်ကို ချက်ချင်း သတ်သေမိမည် ဖြစ်ပါသည်။

ထို့ကြောင့် ဗီဒီယိုကို တစ်လတာအကောင်းဆုံး ဂိမ်းအသစ်များ အပိုင်းတွင်သာ ထည့်ရပါမည်။ ထိုနေရာတွင် ကြည့်ရှုသူအများကြီး ပိုနည်းသည်။ ထို့အပြင် ဗီဒီယိုတွင် 'ပိုက်ဆံကြောင့် လုပ်နေသည်'ဟုသာ ရေးသားထားပါက အစီအစဥ်က လုံးဝ အဆင်ပြေသွားပါလိမ့်မည်။

ထိုအချက်ကို စဥ်းစားမိရုံနဲ့ ဖေးချမ့် မထိန်းနိုင်စွာ ပြုံးလိုက်မိပါသည်။ စနစ်ရန်ပုံငွေထဲက ယွမ် ၁၀,၀၀၀ ကို အလွယ်လေး ရှင်းထုတ်နိုင်ခဲ့သည်။

သို့သော်လည်း လုမင်လျန်ရှေ့မှာတော့ သူ့မျက်နှာထားကို ထိန်းရပါသေးသည်။ သူ့ ပုံရိပ်ကို ပျက်ယွင်းစေလို့ မဖြစ်ပါ။

"ယူပီမာစတာတွေကကော" ဖေးချမ့်က မေးလိုက်သည်။

လုမင်လျန်က အမှန်တိုင်း ပြန်ဖြေလိုက်သည်။ "သူတို့ထဲက တချို့က စျေးမြှင့်ပေးတာတောင် လက်မခံကြဘူး။ ဒါပေမယ့် အကြောင်းအရာ ဖန်တီးသူ ပမာဏတစ်ခုကတော့ လက်ခံကြတယ်။ တစ်ဝက်လောက်ရှိမယ်ထင်တယ်။”

"ပထမ ဇာတ်ညွှန်းကို ဖတ်ပြီးသွားတော့ အများစုက ငြင်းပယ်ကြတယ်။ ဒါပေမယ့် တခြား အကြောင်းအရာ ဖန်တီးသူတွေလည်း ဒီလိုပဲပြောရပြီး သူတို့တစ်ယောက်တည်းပြောရမှာ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ တစ်လကြာရင် ဗီဒီယိုကို ဖျက်လို့ရပြီလို့လည်း ပြောလိုက်တယ်။ အဲ့နောက် စျေးကို တိုးပေးလိုက်တယ်။ အဲ့ကျမှ အများစုက လက်ခံလာတာ။”

ဖေးချမ့် ကြားရတာ ဝမ်းသာသွားပါသည်။ အမှန်ပင်။ ပိုက်ဆံသာရပါက ရှက်ဖို့အကောင်းဆုံး ဇာတ်ညွှန်းများကိုတောင် လူတွေဖတ်ကြပါလိမ့်မည်။ ထို့အပြင် တခြား အကြောင်းအရာ ဖန်တီးသူများအတွက် ဒါက လုံးဝ မခက်ခဲပါ။ အများဆုံး ဆိုးရွားသည့် အမှတ်တရတစ်ခုသာ ဖြစ်လာနိုင်သည်။

ယူပီမာစတာ အတိုင်းအတာတစ်ခုက ဗီဒီယို တစ်ခုတည်းကို တင်ကြပြီး တစ်ယောက်ချင်းစီတိုင်းက ဗီဒီယိုကို နောက်ခံစကားပြောထည့်ရုံသာဖြစ်သဖြင့် ကိစ္စမရှိပါ။

ဗီဒီယိုကို ပထမဆုံး တင်ရမည့်လူကသာ အခက်ခဲဆုံးဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထို အကြောင်းအရာ ဖန်တီးသူဗီဒီယိုကို စတင်ရာတွင် ပရိတ်သတ်က အလုံးစုံမြင်မှာ မဟုတ်သောကြောင့်ပင်။ ပေါက်ကရဗီဒီယိုကို ကြည့်လိုက်ရပြီးနောက် သူတို့ဒေါသများ သူ့အပေါ် ပုံကျလာပါလိမ့်မည်။

ဆရာချောင်းကို ပထမဆုံး တင်ရသည့်လူဖြစ်အောင် ဖေးချမ့်လုပ်ဖို့ စီစဥ်ထားပါသည်။

ဘော့စ်ဖေးက သဘောထားသေးသိမ်တဲ့လူပဲ မဟုတ်လား။

... အငှားအိမ်တွင်...

တိတ်တဆိတ် နှိပ်စက်ခံထားရသလိုမျိုး ချောင်းလျန် နောက်ဆုံးတော့ သူ ရက်ကော့ဒ်လုပ်ထားသည့် ဗီဒီယိုကို ကြည့်ပြီးသွားပါပြီ။

"ငါဘာတွေလုပ်လိုက်မိပါလိမ့်...." ချောင်းလျန်ရင်ထဲတွင် ခံစားချက်ပေါင်းစုံရှိနေသည်။

တစ်ဖက်မှာတော့ ဗီဒီယိုကို အခုလုပ်ပြီးသွားပြီဖြစ်သဖြင့် ယွမ် ၁၀,၀၀၀ ပိုချမ်းသာသွာားပါပြီ။ ပိုက်ဆံက သူ့ဆုံးဖြတ်ချက်ကို ဦးဆောာင်သွားသည်။

နောက်တစ်ဖက်မှာတော့ သူခေါင်းကိုက်နေပါသည်။ ပေါက်ကရလုပ်ရတာက သူထင်ထားတာထက် ပိုခက်နေပါသည်။

ယုတ္တိရှိစွာ ပြောရလျှင် ဒီအလုပ်က လွယ်ကူသော အလုပ်ဖြစ်ပါသည်။ သူလုပ်ဖို့လိုတာ ဆိုလို့ ဇာတ်ညွှန်းအတိုင်း ဖတ်ပြီး ထန်းတာ့က ပို့ထားပေးသည့် ဗီဒီယိုထဲ အသံသွင်းလိုက်ရုံ ဖြစ်သည်။ တစ်ရက်နှစ်ရက်တည်းနဲ့ အပြီးသတ်နိုင်ပါသည်။

သို့သော်လည်း ချောင်းလျန်က ၅ ရက်တိတိ ရုန်းကန်ခဲ့ရသည်။ အချိန်ပြည့်ခါနီးကျမှ ကိုယ့်ကိုယ်ကို အလုပ်ကို ကျေနပ်အောင် တွန်းအားပေးနိုင်ခဲ့ပါသည်။

ဇာတ်ညွှန်းထဲက လျှာစွတ်သံနှင့် တံတွေးမျိုချသံမျာားကို ၇ ကြိမ် ၈ ကြိမ်တိတိ လေ့ကျင့်ခဲ့ရသည်။ ထိုအခါမှ ထူးဆန်းသည့် ပုံစံမပေါက်အောင် လုပ်နိုင်ခဲ့ပါသည်။

သူ့အချိန်အားလုံးကို ဒီအတွက်သာ သုံးခဲ့ရသည်။

နောက်တစ်ရက်က ဧပြီလ ၁ ရက်နေ့ဖြစ်ပြီး ဧပြီဖူးနေ့ ဖြစ်ပါသည်။

မူရင်းအစီအစဥ်အရဆို ထန်းတာ့၏ ဂိမ်းအသစ်ကို ထိုနေ့တွင် တင်ရမည်ဖြစ်သည်။ ချောင်းလျန်လည်း သူ့ဗီဒီယိုကို ဒီနေ့တင်ရမည်ဖြစ်ပါသည်။

သူအနည်းငယ် စိတ်သက်သာသွားသည်။ ကြည့်ရတာ ဘော့စ်ဖေးက နည်းနည်းတော့ သက်ညှာထားသည့်ပုံပင်။

ဒီလိုဗီဒီယိုမျိုးကို ဧပြီဖူးနေ့မှာ တင်လိုက်သောကြောင့် သူ့ပရိတ်သတ်က ဧပြီဖူးဟာသဟု ထင်သွားနိုင်သည်။ ချောင်းလျန်အပေါ် ကျရောက်လာမည့် ဆဲဆိုသံများကို လျော့နည်းသွားစေပါလိမ့်မည်။

သို့သော်လည်း....

ထိုနေ့က ဧပြီဖူးနေ့ဖြစ်သဖြင့် သူ့ဗီဒီယိုကို ကြည့်နေမည့်လူများ ပိုများနိုင်ပါသည်။

"ထားလိုက်ပါတော့ ဂရုမစိုက်ဘူးကွာ။ ငါဒီ့အတွက် ပိုက်ဆံရထားပြီးသား။ ဗီဒီယိုကိုတင်ပြီးတာနဲ့ လော့ဂ်အင် မဝင်တော့ဘူး။ ငကြောက်လိုပဲနေတော့မယ်။"

"ငါ ယွမ် ၁၀,၀၀၀ ရတာနဲ့ အားလုံးပြောင်တဲ့အထိ ကမ္ဘာကြီးကနေ ပျောက်ကွယ်သွားပြီး နေ့တိုင်း ဂိမ်းတွေ ကစားနေလို့ရပြီ။”

All Chapters