အခန်း(၁၁၆) ခေါင်းစီးအသစ် "နတ်ဘုရားအဆင့်ထုတ်ကုန်များ"
Vol. 8 Ch. 116
အခန်း(၁၁၆) ခေါင်းစီးအသစ် "နတ်ဘုရားအဆင့်ထုတ်ကုန်များ"
တစ်နာရီဝန်းကျင်အချိန်လေးအတွင်း ချောင်းလျန်တစ်ယောက် ဂိမ်းကို ပထမဆုံးအကြိမ်အဖြစ် ကစားပြီးသွားပါပြီ။ ဒီဂိမ်းကတော့ အကြိမ်ကြိမ် ကစားကြည့်ဖို့ အားပေးသည်။ ဂိမ်းကို တစ်ခေါက် အောင်မြင်သွားပြီးနောက်တွင် ပထမဆုံးသော အခန်းသို့ ပြန်ရောက်လာပြီး အစကပြန်စရသည်။ ဒုတိယအကြိမ် ကစားသောအခါ ခြားနားချက်က ပထမအကြိမ်တုန်းက ငွေများကို စဦးငွေအဖြစ် ရရှိနေမည်ဖြစ်သည်။
တချို့ MMORPG ဂိမ်းကဲ့သို့ ထူးခြားသည့် ဂိမ်းအမျိုးအစားများက ဂိမ်းဖန်တီးမှု ရန်ပုံငွေ အများအပြား လိုအပ်ပါသည်။ ကစားသမားများက ဒီအမျိုးအစားကို ပထမဆုံး စတင်ကစားကြည့်သောအခါ သူတို့ ရွေးချယ်မှုတိုင်းကို မှန်ကန်အောင် ရွေးချယ်ရမည်။ မဟုတ်ပါက အောင်မြင်နိုင်ခြေမှာ သုညသာ ဖြစ်သည်။
သို့သော်လည်း ဒုတိယအကြိမ် ကစားရာတွင် စဦးရန်ပုံငွေရထားသောအခါ ထိုကဲ့သို့ ကျယ်ပြန့်သော ဂိမ်းကြီးများအတွက် အောင်မြင်နိုင်ခြေက ပိုမြင့်သွားပါသည်။
ချောင်းလျန်က ဒုတိယအကြိမ်ကို ချက်ချင်း မကစားသေးဘဲ လေးလေးနက်နက် တွေးနေမိပါသည်။
ဒီဂိမ်းက... ထူးခြားသလိုလိုပဲ။
ထိုခံစားချက်ကို ဖော်ပြဖို့က ခက်ခဲလှပါသည်။
ပထမဆုံးအကြိမ် ကစားကြည့်သောအခါ ချောင်းလျန် မှင်သက်သွားခဲ့ရသည်။ သူ့တွေးပုံခေါ်ပုံများကို အမြဲတမ်း အပြစ်တင်နေပြီး သူ့ရဲ့ ဂိမ်းဗဟုသုတဟု ထင်ရသောအရာများကို ဖျက်ဆီးပြစ်ခဲ့သည်။ ဒီဂိမ်း၏ အမည်က ဂိမ်းဒီဇိုင်နာ ဖြစ်သည်။ အကြောင်းအရာကလည်း ဒါပဲဖြစ်သည်။ ဂိမ်မာများက ဂိမ်းဒီဇိုင်နာတစ်ယောက်နေရာက ကစားရပြီး ဂိမ်းစျေးကွက်က တန်ဖိုးဖြတ်မည့် ဂိမ်းတစ်ခုကို ဒီဇိုင်းဆွဲဖို့ပဲ ဖြစ်ပါသည်။
ဂိမ်းထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လိုက်သောအခါ သူ့အတွက် ထူးခြားနေသည့်အရာ များများစားစား သိပ်မရှိခဲ့ပါ။ ချောင်းလျန် ကစားခြင်းကို ရပ်တန့်ပစ်လိုက်ချင်မိသည်။
ဒီဂိမ်းကို မောက်စ်ကော၊ ဂိမ်းခလုတ်ကောဖြင့် ကစားနိုင်သော်လည်း ကစားသမားများက ၎င်းတို့၏ ရှုထောင့်ကိုသာ အများဆုံး ရွှေ့ကြည့်နိုင်သည်။ ဂိမ်းတစ်ခုလုံးက ဆက်တိုက်ဆိုသလို ပြေးနေရခြင်းသာ ရှိသည်။ တံခါးများကိုတောင် ဖွင့်ပေးထား၏။ သူတို့ ဂိမ်းထဲက တံခါးများကိုပင် ဖွင့်ဖို့ ခလုတ်နှိပ်စရာမလိုပေ။ တိုက်ရေးခိုက်ရေးများ ပါဖို့ဆို ပိုဝေးသေးသည်။
အခန်းတစ်ခုထဲကို ပြေးသွားပြီး တံခါးတစ်ခုကို ရွေးလိုက်ပါက နောက်တစ်ပိုင်းကို ရောက်သွားပြီဟု ဆိုလိုခြင်း ဖြစ်သည်။ ဒီဂိမ်း၏ ပန်းချီစတိုင်ကသာ တကယ်တမ်း ပြောင်မြောက်မနေဘဲ အခန်းတစ်ခုချင်းစီ၏ ဇာတ်ဝင်ခန်းများကလည်း ထူးခြားမနေပါက ဆရာချောင်း အစကတည်းက ကစားတာကို ရပ်ပစ်လိုက်နိုင်ပါသည်။
လူတွေကို ဆွဲဆောင်နေသည့် နောက်တစ်ခုက... နောက်ခံစကားပြောပင်။
အစကတော့ ချောင်းလျန်တစ်ယောက် နောက်ခံစကားပြောမှာ ဂိမ်း၏ နောက်ခံဇာတ်ကြောင်းကိုသာ ပြောပြနေသည်ဟု ထင်ခဲ့မိသည်။ သို့သော်လည်း သူ ကစားကြည့်သောအခါ ထိုနောက်ခံစကားပြောက ကစားသူနှင့် တစ်ချိန်လုံးရှိနေတာကို သတိထားလိုက်မိပါသည်။ ၎င်းရှိနေကြောင်းကိုလည်း သိသာအောင် ပြောပြသည်။
(ငါ့ကိုရယ်ပဲရယ်နေတယ်၊ ဘယ်တော့မှ မရပ်ဘူး။)
အခန်းတစ်ခုထဲဝင်ပြီး ရွေးချယ်မှုတစ်ခုလုပ်လိုက်ပါက နောက်ခံစကားပြောက နောက်တစ်ခုခုကို အကြံပေးသည့်အနေဖြင့် ညစ်ပတ်ပြီး ရန်စသော လေသံမျိုးဖြင့် ပြောလိမ့်မည်။
ဥပမာအားဖြင့် low paywall နဲ့ high paywall တို့အကြား ရွေးချယ်ရာတွင် နောက်ခံစကားပြောက ကစားသမားကို high paywall ကိုသာ ရွေးချယ်ဖို့ အကြံပေးလိမ့်မည်။ အဆိုးဆုံးက ထိုနောက်ခံစကားပြောမှာ ပရော်ဖက်ရှင်နယ် စီမံရေး ထရိန်နင်တစ်ယောက် ဖြစ်နိုင်၏။ ၎င်း၏ အရွဲ့တိုက်မှုများက အလွန် အစွန်းရောက်ပါသည်။
နောက်ခံစကားပြော၏ အကြံပေးချက်အတိုင်း လိုက်မလုပ်ပါက အလှောင်ခံရမည်။ လိုက်နာခဲ့ပြီး ကျရှုံးသွားပါကလည်း အလှောင်ခံရမည်။
အနှစ်ချုပ်ပြောရလျှင် ထိုနောက်ခံစကားပြော တည်ရှိနေခြင်းက အကြံဆိုးများကို ပေးပြီး ကစားသမား၏ ယုံကြည်ချက်များကို ဆက်တိုက်တိုက်ခိုက်ဖို့သာ ဖြစ်သည်။ သူ့ရဲ့ စကားလုံးများက အလွန်အဆိပ်သင့်ပြီး အနိုင်လိုချင်သော လူများကို ရန်စသည်။
မကြာခဏဆိုသလို ချောင်းလျန်တစ်ယောက် ထိုနောက်ခံစကားပြောကို ကွန်ပျူတာထဲက ဆွဲထုတ်ပြီး ကောင်းကောင်း ထိုးကြိတ်ပစ်ချင်လောက်အောင် ဒေါသထွက်ခဲ့ရသည်။
ချောင်းလျန် အလွန်ဇဝေဇဝါဖြစ်မိပါသည်။ ဒီနောက်ခံစကားပြောတည်ရှိနေမှုရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ကစားသမားတွေကို ရွံအောင်လုပ်ဖို့လား။ အဓိပ္ပာယ်မှမရှိတာ။
စိတ်ရှုပ်ခြင်းနဲ့ ဒေါသတို့က ချောင်းလျန် ဂိမ်းကစားပြီး ပထမဆုံး ရလိုက်သော ခံစားချက်များ ဖြစ်ပါသည်။
သို့သော်လည်း ဂိမ်းကို ကြာကြာကစားပြီးနောက် တစ်ခုခု ခြားနားနေတာကို ချောင်းလျန် တကယ် ခံစားလိုက်မိပါသည်။ လှောင်ပြောင်နေသည့် နောက်ခံစကားပြောက တကယ်တော့ ဒီဂိမ်း၏ ပုန်းလျှိုနေသော အနှစ်သာရတစ်ခုပင်။ ရွေးနိုင်သော ရွေးချယ်မှုများစွာထဲက နောက်ခံစကားပြော အကြံပေးသည့်အတိုင်း တမင်သက်သက် မရွေးခဲ့ပါက နောက်ခံစကားပြောက မတူညီစွာ တုန့်ပြန်လိမ့်မည်။
အစပိုင်းတော့ နောက်ခံစကားပြောက ဂရုစိုက်သည့်ပုံမပေါ်ဘဲ အနည်းငယ် စိတ်ပျက်နေယောင် ဆောင်သော်လည်း ဖြည်းဖြည်းချင်း နောက်ခံစကားပြောက အနည်းငယ် ဒေါသထွက်လာပြီး သူပြောသည့် စကားကို နားမထောင်သည့် အကျိုးဆက်များအား ကစားသမားများကို စရှင်းပြလိမ့်မည်။ နောက်ခံစကားပြောက ပိုဒေါသထွက်လာပြီး ၎င်း၏ စကားလုံးများက ပိုပြီး ရက်စက်ကြမ်းတမ်းလာကာ ထိန်းထားမှာ မဟုတ်တော့ပေ။ အလွန်ပေါက်ကွဲသွားသောအခါ မိုးကြိုးပစ်သလို ဖြစ်သွားလိမ့်မည်။
နောက်ဆုံးတွင် နောက်ခံစကားပြောက စိတ်ပျက်သည့် အခြေအနေကို ရောက်သွားပြီး ကစားသမားကို အသုံးမကျဘူးဟု ပြောကာ 'မင်းဘာလုပ်နိုင်မလဲ ငါစောင့်ကြည့်မယ်' ဟူသော ပုံစံမျိုး လုပ်လိမ့်မည်။
ဇာတ်သိမ်းတိုင်းတွင် နောက်ခံစကားပြော တုန့်ပြန်ချက်များက အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။
ကစားသမားက ၎င်း၏ အကြံပေးချက်များကို နားထောင်ပြီး ကျရှုံးသွားပါက နောက်ခံစကားပြောက သူတို့ကို အေးစက်စွာ လှောင်ပြောင်လိမ့်မည်။ လူတွေကို ဖားယားတတ်သော လူများဖြစ်ပြီး ကိုယ့်အမြင်နဲ့ကိုယ်မရှိကြသဖြင့် ကျရှုံးသင့်သည်ဟု လှောင်ပြောင်လိမ့်မည်။ သူတို့က အကြံပေးချက်များကို နားမထောင်ဘဲ ကျရှုံးသွားပါက နောက်ခံစကားပြောက သူတို့ကို အေးစက်စွာ လှောင်ဦးမည်ဖြစ်ကာ သူတို့ပြောစကားနားထောင်ခဲ့ပါက ကျရှုံးမှာမဟုတ်ကြောင်း ပြောလိမ့်မည်။ သူတို့ကျရှုံးဖို့ထိုက်တန်သည်ဟု ပြောလိမ့်မည်။ ကစားသမားက နောက်ခံစကားပြောကို နားမထောင်ဘဲ အောင်မြင်သွားပါက သူတို့အကြံဉာဏ်ကို နားထောင်လျှင် ဒီ့ထက်ပိုအောင်မြင်ဦးမည်ဟု အရွဲ့တိုက်လိမ့်မည်။
ဘာပဲဖြစ်ဖြစ် အရွဲ့တိုက်မှုကိုတော့ ကြုံရမည်။ ခြားနားချက်က ကစားသမား အောင်မြင်သွားပါက နောက်ခံစကားပြော၏ လေသံက အနည်းငယ် သုန်မှုန်သွားကာ အလွန်စိတ်ဝင်စားဖို့ကောင်းပါသည်။
ချောင်းလျန်သည် ရုတ်တရက်ကြီး ဒီနောက်ခံစကားပြောလူကို စိတ်ဝင်စားသွားမိသည်၊ ဘယ်လိုမျိုး ဒီလိုလုပ်နိုင်တာလဲဟု စပ်စုချင်သွားပါသည်။ သူက ဘယ်လိုလုပ်ပြီး နောက်ခံစကားပြောကို ဒီလောက် ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်ပြီး စိတ်ခံစားချက်အဆင့်တိုင်းကို ယုံကြည်ချက်ရှိစွာ နားလည်နေရတာလဲ။
နောက်ခံစကားပြော၏ လှောင်ပြောင်မှုကို ခံရပြီးသောအခါ ချောင်းလျန်တစ်ယောက် ဒီဂိမ်း၏ စိတ်ဝင်စားစရာအချက်များကို ထပ်ရှာတွေ့သွားပြန်သည်။
အနီးကပ် စုံစမ်းကြည့်လိုက်သောအခါ ဒီဂိမ်း၏ ပန်းချီစတိုင်က မဆိုးရွားရုံတင်မဟုတ်ဘဲ အလွန်လက်ရာမြောက်လှပါသည်။ ဆက်တင်တစ်ခုချင်းစီ၏ ခြုံငုံချက်များက ဂိမ်း၏ သွင်ပြင်ကို အဆင့်မြှင့်တင်ပေးသည်။ လှပသည့် ဂီတနှင့် အသံပြုလုပ်ချက်များဖြင့် ပေါင်းစပ်လိုက်သောအခါ ဆက်တင်များ၏ စစ်မှန်မှုက တိုးမြင့်လာသည်။ ဆက်တင်ကြီး၊ ဆက်တင်ငယ်နှစ်ခုစလုံးကို ကြည့်လျှင် သက်သေကို မြင်နိုင်ပါသည်။
ထူးခြားသည့် ပန်းချီစတိုင်က ဒီဂိမ်း၏ ပန်းချီခံစားချက်ကို အလွန်သန်မာစေသည်။ အလွန် အဆင့်မြင့်သည်။ ဒုတိယအကြိမ် ကစားခြင်းမှ စတင်ပြီး ရွေးချယ်မှုပေါင်းစုံကို ပေါင်းစပ်ပြီးသောအခါ ချောင်းလျန် ခြားနားသည့် ဇာတ်သိမ်းတစ်ခုကို ရသွားပြန်သည်။ သို့သော်လည်း သူ့အတွက် အလွန် အံ့အားသင့်စရာပင်။
ပထမ တစ်ခေါက်တုန်းက နောက်ခံစကားပြော၏ အကြံဉာဏ်ကို နားထောင်ခဲ့ပြီး high paywall ကို ရွေးချယ်ခဲ့ခြင်းကြောင့် ဂိမ်း၏ ဂုဏ်သတင်းက အလွန်ဆိုးရွားလာသည်။ သူက ပိုက်ဆံရသော်လည်း ဂိမ်း၏ တည်ငြိမ်မှုက မေးခွန်းထုတ်စရာဖြစ်လာပြီး နောက်ခံစကားပြော၏ လှောင်ပြောင်မှုကို ခံရမည်။
ဒုတိယအခေါက်တွင် ချောင်းလျန်သည် ပိုအာရုံစိုက်လာပြီး စျေးသိပ်မကြီးသည့် နည်းလမ်းများကို ရွေးချယ်ခဲ့ပါသည်။ သို့သော် ကစားသမားများ ငွေသုံးတာ နည်းလွန်းသဖြင့် ဂိမ်းတွင် ဝင်ငွေ လုံလုံလောက်လောက် မရှိတော့ပေ။ ထို့ကြောင့် အရင်းပြုတ်ပြီး နောက်တစ်ခေါက် အလှောင်ခံလိုက်ရပါသည်။
တတိယတစ်ကြိမ်တွင် ချောာင်းလျန် နောက်ခံစကားပြောကို လုံးဝ နားထောင်ခဲ့သည်။ ဒီတစ်ခေါက် ပို၍ပင် ဆိုးရွားနေပါသည်။ နောက်ခံစကားပြောက သူ့ကို ကြမ်းကြမ်းတမ်းတမ်းကို လှောင်ပြောင်ခဲ့ပါသည်။
ချောင်းလျန် ဒေါသထွက်လွန်းသဖြင့် သူ့ခလုတ်ကို ရိုက်ခွဲပစ်ချင်နေပါပြီ။
တကယ် စုတ်ပြတ်နေတာပဲ၊ ဘာလို့ ဆုံးဖြတ်ချက်တိုင်းက ဇာတ်သိမ်းမကောင်းရတာလဲ။ ဂိမ်းက ကစားလို့တောင် ရရဲ့လား။
သို့သော်လည်း စိတ်ပျက်စရာ များစွာကို ရင်ဆိုင်ပြီးနောက် ချောင်းလျန် အချိန်ယူပြီး ထိုမှားယွင်းမှုများထံမှ သင်ခန်းစာယူကာ ဒီဂိမ်း၏ အနက်ကို နားလည်သွားသည်။
ကစားသမားများက ဒီဂိမ်းထဲမှာ ဂိမ်းဒီဇိုင်နာများ ဖြစ်သည်။ ချောင်းလျန် ကြုံတွေ့ခဲ့ရတာတွေက... လက်တွေ့ဘဝမှာ ဂိမ်းဒီဇိုင်နာတွေရဲ့ နေ့စဥ်ဘဝတွေပဲ မဟုတ်ပါလား။
မုန်းဖို့ကောင်းပြီး ဒေါသထွက်ဖို့ကောင်းသည့် နောက်ခံစကားပြောကို လူတစ်ယောက်၏ လောဘစိတ်၊ သို့မဟုတ် ကီးဘုတ်ဖိုက်တာမျာား သို့မဟုတ် ဘေးက စောင့်ကြည့်သူများဟုပင် သတ်မှတ်နိုင်သည်။ တချို့ နောက်ခံစကားပြော၏ အကြံပေးချက်များက တိုက်ဆိုင်စွာ ကောင်းမွန်နေပြီး တိကျလှသည်။ တချို့ကတော့ လုံးဝ မှားယွင်းနေပါသည်။
ဂိမ်းဒီဇိုင်နာတစ်ယောက်အနေဖြင့် အနှောင့်အယှက်ကို ရင်မဆိုင်ရဖို့ ခက်ခဲသည်။ ကိုယ်ပိုင်အမြင် မရှိပါက သေချာပေါက် ကျရှုံးလိမ့်မည်။ ကိုယ့်လမ်းအတိုင်း ကိုယ်သွားပြီး အကြံပေးချက်များကို နားမထောင်ပါကလည်း ကျရှုံးနိုင်သေးသည်။
သူ ကြိုတင်နားလည်ထားပြီး သေသေချာချာ ဆန်းစစ်ထားကာ အကောင်းဆုံး ရွေးချယ်မှုများကို အကြိမ်ပေါင်းများစွာ လုပ်နိုင်ပါက မဟာအောင်မြင်မှုကြီးကို ရနိုင်ပါလိမ့်မည်။
တကယ်တော့ ဂိမ်းဒီဇိုင်နာများ သာမကဘဲ... အနုပညာနယ်ပယ်အားလုံးက မည်သည့်ပရိုဂျူဆာအတွက်ဆို ဒီလိုပဲ မဟုတ်လား။ ၎င်းတို့ရွေးချယ်ထားသည့် လမ်းတွင် ဖန်တီးသူများအတွက် အလွန်အထီးကျန်သောလမ်းဖြစ်သည်။ ကြမ်းတမ်းသော်လည်း တိကျသည်။ ထို့ကြောင့် နောက်ဆုံး ရလဒ်က အောင်မြင်မှုဖြစ်ပြီး ချိုမြိန်ပါသည်။
ဘာမှန်းမသိလိုက်ဘဲ ချောင်းလျန်မျက်လုံးထောင့်များ စိုစွတ်လာသည်ကို သတိထားမိလိုက်ပါသည်။
ချောင်းလျန်ကိုယ်တိုင်ကလည်း အကြောင်းအရာ ဖန်တီးသူတစ်ယောက် ဖြစ်သည်။ ဗီဒီယိုနှင့် ဂိမ်းများကို ဖန်တီးခြင်းနှစ်ခုစလုံးက အနုပညာ ထုတ်လုပ်ရေးတစ်မျိုးပဲဖြစ်သည်။ တကယ်တော့ စိတ်ပိုင်းဆိုင်ရာအရ တူညီသည်။ ချောင်းလျန် သူကြုံတွေ့ခဲ့ရသမျှကို ပြန်တွေးကြည့်လိုက်မိပါသည်။
သူ့ရင်ဘတ်ကြီးနှင့် စိတ်ဝိညာဥ်တို့အား အပိုင်းတစ်ပိုင်းထဲသို့ နှစ်မြှုပ်ထားခဲ့သည်။ သို့သော် ကျရှုံးခဲ့သည်။ ရှင်သန်ဖို့အတွက် ရွေးချယ်စရာ မရှိတော့ဘဲ တချို့ စပွန်ဆာများကို လက်ခံခဲ့ရပြီး ရလဒ်အနေဖြင့် ပရိတ်သတ်များ၏ ဝေဖန်မှုကို ဆိုးဆိုးရွားရွားခံခဲ့ရပါသည်။ သူ့မျက်နှာကို ရက်ပိုင်းလောက်အထိ မပြဝင့်တော့ပါ။ သူ့ပရိတ်သတ်များ သူ့ထံသို့ သူ့ကို ဘယ်လောက် စိတ်ပျက်မိကြောင်း စာအရှည်ကြီးများ ပို့လိုက်တိုင်း သူ အနည်းငယ် ဝမ်းနည်းရသည်။
သို့သော်လည်း မကြာမီ အသားကျလာခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဘယ်အရာမှ ထာဝရ မတည်မြဲပါ။ ပရိတ်သတ်အသစ်များကို ကြိုဆိုခဲ့သည်။ အဟောင်းများကို သစ္စာရှိဖို့ ကြိုးစားသည်။ တစ်ယောက်ယောက်က သူ့ ပရိတ်သတ်အုပ်စုထဲမှ ထွက်သွားပါက သူ့တို့အတွက် ဆုတောင်းပေးပါသည်။
သူလုပ်ထားသည့် ဗီဒီယိုတစ်ခုတွင် ရေပန်းစားသည့် အကြောင်းအရာ တစ်ခုခုနဲ့ ကြုံတွေ့ပြီး ကံကောင်းသွားသည်ဟု ထင်ရစွာဖြင့် သူနာမည်ကြီးလာခဲ့သည်။ သို့သော်လည်း တကယ်တော့ ယခင်တုန်းက သူ့အလုပ်အတွေ့အကြုံများစွာနှင့် သက်ဆိုင်နေပါသည်။
ဂိမ်းဒီဇိုင်နာတွင် ချောင်းလျန် ဒါတွေအားလုံးကို ခံစားလိုက်ရသည်။ ဒီဂိမ်းဖန်တီးသူက တကယ့် ပညာရှင်ဖြစ်မှန်း နားလည်လိုက်ရပါသည်။ ဒီဂိမ်းက ကြမ်းတမ်း၊ ရက်စက်ကာ စက်ဆုပ်ဖို့ကောင်းသည်ဟု ထင်ရသည်။ သို့သော်လည်း လက်တွေ့ဘဝရဲ့ ရောင်ပြန်ပဲ မဟုတ်ပါလား။
လက်တွေ့ဘဝမှာ ဂိမ်းပရိုဂျူဆာများစွာလည်း ဒီလိုပဲ ခက်ခဲခံစားခဲ့ရသည်။ ၎င်းတို့ထဲက ဘယ်သူက နောက်ဆုံး အောင်မြင်မှု မရသေးခင် အလှောင်မခံရဖူးလို့လဲ။
တချို့က အလွန်ပင်ပန်းလွန်းသဖြင့် တိုးတိတ်စွာဖြင့် အရှုံးပေးခဲ့ကြသည်။ တချို့ကတော့ ဆက်လက်ပြီး တိုက်ပွဲဝင်၏။ ၎င်းတို့၏ စိတ်အားထက်သန်မှုနဲ့ ပန်းတိုင်ကို မမေ့ကြပါ။ တချို့က ၎င်းတို့၏ စံနှုန်းများကို စွန့်လွှတ်ပြီး ၎င်းတို့၏ အမုန်းတီးရဆုံး ပုံစံများ ဖြစ်လာကြပါသည်။
စိတ်အခြေအနေတိုင်းကို ဒီဂိမ်းထဲမှာ ထည့်သွင်းထားသည်။ လေးလေးနက်နက် စဥ်းစားကြည့်သူတိုင်းသာ ဒါကိုနားလည်နိုင်သည်။
အဆင့်မြင့် လက်ဖက်ရည်တစ်ခွက်လိုပင်။ အစပိုင်းမှာတော့ အနည်းငယ် ခါးသက်လိမ့်မည်။ ဖြည်းဖြည်းချင်း ပါးစပ်ထဲမှာ ချိုမြိန်ပြီး ကျန်ခဲ့ပါလိမ့်မည်။ ၎င်း၏ အရသာကို ခံစားဖို့ အချိန်ယူပြီးနောက် ဘဝလိုပဲ ပြောင်းလဲလွယ်ကြောင်း နားလည်လာလိမ့်မည်။ လက်ဖက်ရည်ကို သောက်ပြီး သွားသောအခါ ၎င်း၏ အမှတ်တရများကို မှတ်မိနေဆဲ ဖြစ်လိမ့်မည်။
ချောင်းလျန်က သူ့ကွန်ပျူတာရှေ့မှာထိုင်ရင်း ရင်ထဲမှာလည်း ခံစားချက်များဖြင့် ပြည့်နှက်နေပါသည်။
"ကြည့်ရတာ... ငါဘော့စ်ဖေးကို အထင်မှားပြီး အပြစ်တင်မိပြီထင်တယ်။"
"ဒီလိုဂိမ်းမျိုးကို ဖန်တီးနိုင်ဖို့ဆိုတာ... ဘယ်လိုလုပ်ပြီး သေးသိမ်တဲ့လူဖြစ်မှာလဲ။”
"ငါနောက်ထပ်ဗီဒီယိုတစ်ပုဒ်ထပ်လုပ်မယ်"
ချောင်းလျန် နောက်တစ်ခေါက် ပိုတေးတိုးဝက်ဘ်ပလက်ဖောင်းသို့ သွားလိုက်ပါသည်။ သူ့ခေါင်းစီးနှစ်ခုကို ကြည့်လိုက်၏။ တစ်ခုက 'အမှိုက်ဂိမ်းဝေဖန်ခြင်း' နှင့် နောက်တစ်ခုက 'တစ်လတာအကောင်းဆုံး ဂိမ်းအသစ်များ' ဖြစ်ကြသည်။
သူ တွန့်ဆုတ်နေသည်။ ကြည့်ရတာ ဒီခေါင်းစီးနှစ်ခုက မသင့်တော်သည့်ပုံ။
ခဏလောက် စဥ်းစားပြီးနောက် နောက်ထပ် ခေါင်းစီးအသစ်တစ်ခုကို ဖန်တီးလိုက်ပါသည်။
"နတ်ဘုရားအဆင့် ထုတ်ကုန်များ"