← Chapters

ပြိုင်တူပြောခြင်း၏ ကံကြမ္မာ

Vol. 28 Ch. 406

ပြိုင်တူပြောခြင်း၏ ကံကြမ္မာ

Vol. 28 Ch. 406

ကျောက်လျန့်ရင်၏ အကြံအစည်က သူမစိတ်ထဲ၌ ပြီးပြည့်စုံသော်လည်း လက်တွေ့က တခြားစီပင်။

သူမ၏ ခြေဖျားထောက် လမ်းလျှောက်ခြင်းကြောင့် ရဲ့လင်းချန်နားသို့ ရောက်သောအခါ သူမ ဟန်ချက် ပျက်သွားသည်။ သူမခန္ဓာကိုယ်က အရှေ့သို့ ယိုင်သွားပြီး ရဲ့လင်းချန်ပေါ်သို့ တည့်တည့်ကျသွားလေသည်။

“အား…”

သူမ အော်လိုက်မိသည်။

ရဲ့လင်းချန်၏ တုံ့ပြန်မှုက လျှပ်စီးအလား လျင်မြန်လာပြီး ချက်ချင်း နောက်သို့ လှည့်လာသည်။ ထိုအခိုက်တွင် ကျောက်လျန့်ရင်က သူ့ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။

သူမ၏ ဝင်းမွတ်သော လက်အစုံက သူ့ခါးတွင် ချိတ်နေပြီး သူ့ပေါ်မှ ကျောက်လျန့်ရင်၏ အသက်ရှူသံကို ရဲ့လင်းချန် ခံစားမိလုနီးပါး ဖြစ်သွားလေသည်။

သူတို့ အကြည့်ချင်း စုံသွားသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်နေ၏။

*ဒါက ဘာလဲ၊ သူ့ကိုယ်သူ လက်ဆောင်ပေးနေတာလား*

ရဲ့လင်းချန်၏ အတွေးထဲ၌ ဗလာဖြစ်နေကာ ကျောက်လျန့်ရင်အား အနေရခက်စွာ ကြည့်နေမိသည်။

ကျောက်လျန့်ရင်၏ တုံ့ပြန်မှုက လျင်မြန်လှသည်။ သူမကိုယ်သူ စိတ်တည်ငြိမ်အောင် ဖိအားပေးလိုက်ပြီးနောက် ခပ်တည်တည် အမူအရာမျိုး ဖြစ်လိုက်စေသည်။ သူမက ရဲ့လင်းချန်၏ ရင်ခွင်ထဲမှ ပြန်ထွက်လိုက်ပြီးနောက် ဘာစကားမှ မပြောဘဲနေကာ မသိလျင် ဘာမှမဖြစ်ခဲ့သလို ပြုမူလိုက်သည်။ ထို့နောက် သူမက ရှုခင်းကြည့်သော တဲအိမ်လေးဘက်သို့ ပြန်လျှောက်သွားသည်။

ထိုအခြေအနေ၌ သူမ လုပ်နိုင်တာ ဘာမှမရှိမှန်း သူမ သိသည်။ သူမ ရှင်းပြရန် ကြိုးစားလေလေ အခြေအနေက ပိုဆိုးလေလေ ဖြစ်မှာပင်။ ဘာမှမပြောဘဲ မာနကြီးသလို ပြုမူသည်က သူမအတွက် ပိုကောင်းပါသည်။

ရဲ့လင်းချန်သည် ကျောက်လျန့်ရင်၏ ပုံရိပ်ကို အနောက်မှကြည့်ပြီး မျက်မှောင်ကြုတ်မိသွားသည်။

*ဒီကောင်မလေးက သူ့ဘာသာသူ ငါ့ဆီ ပစ်ဝင်လာတာပဲ၊ မဟုတ်မှလွဲရော အရင်တစ်ခေါက်က ငါ သူ့အတွက် လုပ်ပေးတဲ့ ယာဂုကြောင့် အညံ့ခံလာတာလား*

*ဒါမှမဟုတ် ငါ့ရဲ့ ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ အရည်အချင်းကြောင့် ကြွေသွားတာလား၊ ဟူး … ငါ အရမ်း သူမတူလွန်းနေရတာကို ပင်ပန်းနေပြီ*

ကျောက်လျန့်ရင်က သူမခေါင်းကို ငုံ့ထားသည်။ သူမ၏ ဆံနွယ်ရှည်များက ရှက်ရွံ့နေသော သူမမျက်နှာကို ဖုံးထားပေးသည်။ သူမ၏ လက်နှစ်ဖက်လုံးကို ကျစ်နေအောင် ဆုပ်ထားပြီး သူမလက်သည်းများနှင့် အလိုလို ဆော့ကစားနေမိသည်။

သူမ တည်ငြိမ်နေပုံပေါ်သော်လည်း အပြင်းအထန် ရင်ခုန်နေပြီး အချိန်မရွေး ခုန်ထွက်လာလေမလားဟု ထင်မှတ်မှားရသည်။ သူမ၏ ပါးနှစ်ဖက်လုံး ပူနွေးနေ၏။

သူမကို ကြည့်နေသော ရဲ့လင်းချန်၏ အကြည့်ကို ခံစားမိပါသည်။ ထိုသို့သောအချိန်၌ သူမနှလုံးသားတွင်းတွင် ထူးခြားသော ခံစားချက်တစ်ခု ပေါက်ဖွားလာသည်။ ၎င်းကို သူမ မဖော်ပြတတ်သဖြင့် သူမ ခံစားချက်တို့ ရှုပ်ထွေးနေရသည်။ ထိုအခိုက်အတန့်၌ သူမ ယုတ္တိကျကျ တွေးခေါ်နိုင်စွမ်းကို ဆုံးရှုံးနေလေသည်။

ရဲ့နတ်ဘုရားရေ၊ ညစာက အသင့်ဖြစ်တော့မယ်၊ ငါတို့နဲ့ လာစားပါဦး”

ဝေ့တရွှင်းက ရဲ့လင်းချန်ကို လှမ်းအော်ခေါ်သည်။

ရဲ့လင်းချန် ခေါင်းညိတ်ပြပြီး သူတို့နှင့်အတူ ညစာ လိုက်စားလေသည်။

ကျောက်လျန့်ရင်က ပင့်သက်တစ်ချက် ရှိုက်၍ သူမပါးကို သူမ ပြန်တို့ကြည့်မိသည်။ ပါးနှစ်ဖက်လုံး ပူရှိန်းရှိန်း မဖြစ်တော့မှ သူမကလည်း အတူ ညစာ စားလေသည်။ အားလုံးက နေရာယူပြီးသား ဖြစ်သဖြင့် ရဲ့လင်းချန်ဘေး၌သာ တစ်နေရာ လွတ်နေတော့သဖြင့် သူမ ရွေးချယ်စရာမရှိဘဲ သူ့ဘေး၌ ထိုင်လိုက်ရသည်။

ကျောက်လျန့်ရင် ဝင်ထိုင်လိုက်သည်ကို မြင်ပြီးနောက် ရဲ့လင်းချန်က ဘေးသို့ နည်းနည်း နေရာရွှေ့လိုက်သည်။

သူသည် မကြာသေးခင်ကမှ ကျန်းယွင်ရှီနှင့် သူ၏ ဆက်ဆံရေးကို အတည်ပြုခဲ့သည်။ ထို့အပြင် သူ့၌ ကျန်းယွင်ရှီအပြင် အချစ်ကြွေးများ အတော်လေး တင်နေသေးသည်။ ယင်းက သူ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်။ ထို့ကြောင့် သူသည် အကွာအဝေးတစ်ခုကို ထိန်းသိမ်းရန် ကြိုးစားလိုက်မိသည်။

*ဒါ ဘာသဘောလဲ၊ ငါ့ကို ရှောင်ဖို့ ကြိုးစားနေတာလား*

ရဲ့လင်းချန်၏ အပြုအမူကို မြင်သောအခါ ကျောက်လျန့်ရင် အံ့ဩသွားသည်။

သူမသည် အစကတည်းက နေရခက်သလို ခံစားနေရပြီဖြစ်ပြီး ရဲ့လင်းချန်နှင့် မျက်လုံးချင်းပင် မဆုံရဲပါ။ သူမ၏ ဖြူစင်မှုကို သက်သေပြရန်အလို့ငှာ သူမ တမင်သက်သက် ရဲ့လင်းချန်နှင့် ခပ်ကွာကွာနေမိသည်။

သို့သော် လက်ရှိတွင် သူမ ရုတ်တရက် ဒေါသထွက်လာသည်။ သူမ အလွန် ဒေါသထွက်လာရသည်။

*ခုနက မတော်တဆဖြစ်သွားရုံလေးပါပဲ၊ ပြီးတော့ ငါက မိန်းမလှလေး တစ်ယောက်ပါ၊ နင်က ဒါကို တန်ဖိုးမထားတတ်တဲ့အပြင် အခု ငါ့ကိုပါ ရှောင်နေတာလား၊ နင် ငါ့ကို အဲ့လောက် မုန်းတာလား*

*ငါက ရောဂါတွေ ဖုံးနေလို့လား၊ ငါက နင့်အနား လာတာတောင် မဟုတ်ဘူး၊ ဘာလို့ ထွက်ပြေးနေတာလဲ၊ ငါ နင့်ကို အကောင်လိုက် မျိုချမယ်လို့ ထင်နေတာလား*

လှပသော အမျိုးသမီးများသည် ပုံမှန်အားဖြင့် သူမတို့၏ ရုပ်ရည်နှင့် ပတ်သက်၍ ယုံကြည်မှု ရှိကြသည်။ သူမတို့ ဘယ်လိုပင် ပြုမူပါစေ၊ သူမတို့ ရုပ်ရည်နှင့် ပတ်သက်၍ ဂရုမစိုက်ကြောင်း ပြောနေလျင်တောင်မှ ယင်းက မုသားစကား သက်သက်ပင်။ ယင်းကို အတည်မှတ်မိပါက အမှားကြီး မှားပေလိမ့်မည်။

သူမတို့၏ နက်ရှိုင်းသော စိတ်အတွင်းတစ်နေရာ သူမတို့၏ အလှကို ဂုဏ်ယူသလို ခံစားကြရသည်။ ယင်းက သူမတို့၏ ဂုဏ်သိက္ခာပင်။

သူမတို့၏ အလှကို မေးခွန်းထုတ်ခံရပြီး စိန်ခေါ်ခံရသော နေ့တစ်နေ့သို့ ရောက်လာပါက သူမတို့ အလွန်အမင်း အထိမခံနိုင် ဖြစ်ကြပေလိမ့်မည်။

ကျောက်လျန့်ရင်သည် ထိုသို့သော အခြေအနေနှင့် ရင်ဆိုင်နေရမှန်း သိသာပေသည်။ သူမက နှုတ်ခမ်းကို မသိမသာ စူ၍ ရဲ့လင်းချန်အား အလွန် စိတ်ဆိုးသလို တစ်ချက် ကြည့်လိုက်သည်။ သူမက သူနှင့် ယခုပင် ပြောဆိုချင်လုနီးပါး ဖြစ်နေ၏။

သူမ၏ ဂုဏ်သိက္ခာကို အလှောင်ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။

သူမဘာသာသူမ အတွေးထဲ ယောက်ယက်ခတ်နေစဉ်တွင် အခြားလူတစ်ယောက်သည်လည်း စိတ်ထဲ၌ မုန်တိုင်း ထန်နေလေသည်။

ထိုလူမှာ ဟူယွဲ့အာပင်။

ကျောက်လျန့်ရင်နှင့် ခပ်ကွာကွာနေရန် ကြိုးစားခဲ့သဖြင့် ရဲ့လင်းချန်က အလိုလို ဟူယွဲ့အာအနားသို့ တိုးသလို ဖြစ်သွားလေသည်။ စားပွဲက သိပ်မကြီးပေ။ ထိုသို့ နေရာပြောင်းလိုက်သောအခါ သူတို့နှစ်ယောက်လုံး အချင်းချင်း တိုက်မိမယောင် ဖြစ်သွားလေသည်။

သူတို့သည် ခပ်ချောင်ချောင် အဝတ်အစားများ ဝတ်ထားကြသည်။ ထိုမျှ အနေနီးသွားသောအခါ ခြေလက်ချင်း ထိမိခြင်းနှင့် အသားချင်း ထိမိခြင်းတို့ကို ရှောင်မရတော့ပေ။

ရဲ့လင်းချန်က ဘာအပို လှုပ်ရှားမှုမှ မလုပ်သော်လည်း အမျိုးသားများနှင့် အမျိုးသမီးများက မတူပါ။ ဟူယွဲ့အာက ယင်းက မသင့်တော်ဟု ခံစားမိနေ၏။

*ဒီလူ … သူ ငါ့ကို နှောင့်ယှက်ဖို့ ကြိုးစားနေတာလား*

*သူ ငါ့ကို လေယာဉ်ပေါ်မှာ အသားယူထားပြီးသားလေ၊ မဟုတ်မှလွဲရော သူက အဲ့ဒါကို စွဲလမ်းသွားပြီးတော့ ငါ့ကို လွယ်လွယ်နဲ့ ရတဲ့သူလို့ ထင်သွားတာလား၊ ဒါမှမဟုတ် … သူ ငါ့ကို သဘောကျနေတာလား*

သူမ ရဲ့လင်းချန်ကို ခိုးကြည့်သောအခါ သူ၏ အမူအရာက တည်ငြိမ်နေပြီး ဘာမှမဖြစ်သလိုပင်။

*ဟွန်း … နင့်သရုပ်ဆောင် အရည်အချင်းက တော်တော် ကောင်းတာပဲ*

ဟူယွဲ့အာ၏ အတွေးများက ယောက်ယက်ခပ်နေ၏။ သူမ ရဲ့လင်းချန်ကို ရှောင်ချင်သော်လည်း သူမ နေရာရွေ့လိုက်လျင် စားပွဲဝိုင်းမှ လူများအားလုံး သတိထားမိသွားပေမည်။ ရဲ့လင်းချန်၏ မာနကို ထိခိုက်သွားပါက မကောင်းချေ။

သူမတို့သည် လတ်တလော၌ တိုက်ရိုက် ထုတ်လွှင့်နေ၏။ အကယ်၍ သူမ အများသိအောင် လုပ်မိပါက ရဲ့လင်းချန်အတွက် သေချာပေါက် ဆိုးရွားပေလိမ့်မည်။ ထို့အပြင် ထိုကိစ္စက သူမအတွက်လည်း ကောင်းမည် မဟုတ်ပါ။

“မဖြစ်ဘူး၊ ငါ အခု သည်းခံလိုက်မယ်၊ တကယ်လို့ သူ ထပ်စည်းကျော်လာရင်တော့ သူ့ကို မျက်နှာသာ မပေးဘူးလို့ အဆိုးမဆိုနဲ့တော့ပဲ”

“အာ မင်းတို့သုံးယောက် …”

ဟွမ်လေ့က သူတို့သုံးယောက်ကို စိတ်ဝင်တစား ကြည့်သေနည်။

“တစ်ခုခု ဖြစ်ထားတဲ့ပုံပဲ”

“ဟမ် မဟုတ်ရပါဘူး”

သုံးယောက်သား ပြိုင်တူ ဖြေလိုက်မိသည်။ ယင်းက စားပွဲဝိုင်းမှ လူတိုင်းကို အံ့ဩသွားစေသည်။ ဟွမ်လေ့နှင့် ဟယ်ကျားတို့က ချက်ချင်း ထရယ်ကြသည်။

ရဲ့လင်းချန်၊ ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာမှာမူ ကသိကအောက် ဖြစ်သော အမူအရာများ ပေါ်လွင်နေကာ ကိုယ်စီ ကိုယ်စီ အတွေးများနေကြသည်။

“မင်းတို့တွေက အံ့ဩဖို့ ကောင်းလိုက်တာ၊ လူနှစ်ယောက် ပြိုင်တူ ပြောတာကို ငါ မြင်ဖူးပင်မယ့် သုံးယောက်လုံး ပြိုင်တူ ဖြေတာကတော့ ရှားမှရှားတဲ့ ကိစ္စပဲ၊ မင်းတို့တွေက အတူတွဲဖို့ ကံပါလာတာပဲ”

ဟယ်ကျားက ပြောသည်။

“မဟုတ်ပါဘူး”

နောက်တစ်ကြိမ် ထပ်၍ ပြိုင်တူ ဖြေမိသွားသည်။

ထိုအခိုက်တွင် လူတိုင်း တိတ်ဆိတ်သွားလေသည်။ တစ်ခဏကြာသော် ဟွမ်လေ့၊ ဟယ်ကျားနှင့် ဝေ့တရွှင်းတို့က အားပါးတရ ထပ်ရယ်ပြန်သည်။

“အခု မင်းတို့ ဘာမှမဖြစ်ခဲ့ပါဘူးလို့ ပြောရင်တောင်မှ ငါတို့ လုံးဝ မယုံတော့ဘူး”

ဟွမ်လေ့က သူတို့ကို အပြုံးကြီးပြုံး၍ နောက်လေသည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့၏ မျက်နှာက နီရဲတက်လာပြီး အခြေအနေကို ဘယ်လို ရှင်းပြရမလဲ မသိတော့ချေ။ သို့သော် နှစ်ယောက်လုံး ရဲ့လင်းချန်ကို စိတ်ဆိုးသော အကြည့်ဖြင့် ပြိုင်တူ ကြည့်လိုက်မိသည်။

*ဒါတွေအားလုံးက သူ့ကြောင့်ပဲ*

ရဲ့လင်းချန်သည်လည်း ဆွံ့အနေ၏။ ဤသည်က တိုက်ဆိုင်လွန်း အားကြီးလှသည်။ စားပွဲပေါ်မှ အိုးကို ကြည့်ပြီး သူ မေးလိုက်သည်။

“ဆရာဟွမ်လေ့၊ ဒါ ခင်ဗျား ပြင်ထားတဲ့ အလေးချိန် လျော့ချတဲ့ ကုထုံးလား၊ အနံ့က အံ့ဩစရာပဲ”

ယင်းက အလွန် ထိရောက်မှုနည်းသော စကားလမ်းကြောင်း ပြောင်းနည်း ဖြစ်သော်လည်း အလုပ်ဖြစ်သွားသည်။

“ဟုတ်တယ် ရဲ့နတ်ဘုရား၊ မင်းက စားဖိုမှူးကောင်းလို့ သူတို့ ပြောခဲ့တာဆိုတော့ ငါ ထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေကို မင်း အရသာခံနိုင်လား”

ဟွမ်လေ့က မေးလိုက်သည်။

“ဒါ ဖန်းရွက်၊ တို့ဟူးတို့နဲ့ ချက်ထားတဲ့ ဝက်ဗိုက်သားစွပ်ပြုတ်”

ရဲ့လင်းချန်က ဖြေလိုက်ပြီး ထပ်ပြောလိုက်သည်။

“ဝက်ဗိုက်သားက ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေတယ်၊ သရက်ရွက်နဲ့ အစာအိမ်ကို အားကောင်းစေတယ်၊ ဖန်းရွက်မှာ ပရိုတင်းဓာတ်၊ ကဆီဓာတ်၊ ဗီတာမင်နဲ့ ဓာတ်သတ္တု ပေါကြွယ်ဝတယ်၊ တို့ဟူးကတော့ ဦးနှောက် အတွက် အားဖြစ်စေတယ်၊ ဒီစွပ်ပြုတ်က အစာအိမ်နဲ့ သရက်ရွက်ရဲ့ လုပ်ဆောင်ချက်တွေကို တိုးတက်စေပြီးတော့ ကျောက်ကပ်ကို အားဖြစ်စေသလို ရောင်ရမ်းခြင်းကိုလည်း ထိန်းချုပ်ပေးတယ်၊ ဆရာဟွမ်လေ့က တကယ်ကို တော်တာပဲ”

“ဟားဟားဟား ရဲ့နတ်ဘုရားက ထင်ထားတဲ့အတိုင်းပါပဲ၊ တစ်ချက် ကြည့်ရုံနဲ့ ပါဝင်ပစ္စည်းတွေကို ခွဲခြားနိုင်တယ်၊ မင်းက တကယ်ကို ကျွမ်းကျင်တာပဲ”

“တော်လိုက်တော့၊ မင်းတို့ အချင်းချင်း ချိုသွေးစရာ မလိုဘူး၊ ငါ စိတ်မရှည်တော့ဘူးကွာ၊ ငါ မြည်းကြည့်မယ်”

ဟယ်ကျားက ပျော်ရွှင်စွာ ဖြတ်ပြောလေသည်။ ထို့နောက် အားလုံး စကားစမြည် ပြော၍ စားသောက် ကြလေသည်။

…

All Chapters