← Chapters

ညသန်းခေါင်ယံအလယ်၌ ပုံပြင်ပြောခြင်း

Vol. 28 Ch. 407

ညသန်းခေါင်ယံအလယ်၌ ပုံပြင်ပြောခြင်း

Vol. 28 Ch. 407

“ဟား … တကယ် အရသာ ရှိတာပဲ”

ဟယ်ကျားက စွပ်ပြုတ်ကို တစ်ဇွန်း သောက်ကြည့်ပြီး ချက်ချင်း ချီးကျူးလေသည်။

“ပြီးတော့ ဗိုက်ထဲမှာ နွေးသွားတာပဲ၊ နေလို့ကောင်းတယ်၊ အစားကို ချင့်ချိန်ပြီး အားရှိအောင် စားတဲ့ကုထုံးက တကယ် ထိရောက်တာပဲ၊ ဟူး … ရောင်းရင်းဟွမ်ရေ နောက်ဆို ငါ မင်းရဲ့ အိမ်နားကို ပြောင်းလာဖို့ လိုပြီနဲ့တူတယ်”

“ဆရာ ဟယ်ကျား၊ ခင်ဗျား နေ့တိုင်း အလကား စားရဖို့ ကြိုးစားနေတာမလား၊ ဟုတ်တယ်မလား”

ဝေ့တရွှင်းက မထိတထိ ပြောလေသည်။

ဟွမ်လေ့၏ မျက်နှာက မည်းမှောင်နေပြီး သက်ပြင်းချ၍ ပြောလေသည်။

“ပြီးခဲ့တဲ့ ရိုက်ကူးရေး အတွဲနှစ်ခု ပြီးကတည်းက ဒီနယ်ပယ်ထဲက လူတော်တော်များများက ငါ့အိမ်နားကို ပြောင်းလာကြပြီးပြီ”

“အဲ့လိုလား၊ ဟားဟားဟား …”

ကျန်လူများက လိုက်ရယ်ကြလေသည်။

“ဆရာ ဟယ်ကျား၊ ခင်ဗျား ကျုပ်ကိုပဲ မျက်စိမကျသင့်ဘူး၊ ကျုပ်တို့ အလယ်ထဲမှာ နောက်ထပ် မှတ်ထားရမယ့် စားဖိုမှူးတစ်ယောက် ရှိတယ်လေ၊ ပြီးတော့ သူက ဆေးပညာကိုလည်း သိတာပဲကို”

ဟွမ်လေ့က သူတို့အာရုံကို ရဲ့လင်းချန်ဆီ ပြန်ပို့လိုက်သည်။

သူက ရဲ့လင်းချန်ကို တမင် ရမယ်ရှာခြင်း မဟုတ်သလို အားလုံးက ပေါ့ပေါ့ပါးပါး စကားပြောနေကြခြင်း ဖြစ်သည်။ ထို့အပြင် ရဲ့လင်းချန်၏ အရည်အချင်းကို သူတို့အားလုံး သိကြသည်။ ထို့ကြောင့် ကြွားပြောသည် ဟုလည်း မသတ်မှတ်နိုင်ပါ။

“ရဲ့နတ်ဘုရား၊ မင်း အရည်အချင်းကို ငါတို့ကို မပြချင်ဘူးလား”

တစ်ဖွဲ့လုံးက ရဲ့လင်းချန်ကို ချက်ချင်း ကြည့်လာကြသည်။

ကျောက်လျန့်ရင်က သူ့ကို စိတ်ဆိုးနေသေးသော်လည်း သူမမျက်လုံးများက မျှော်လင့်ချက်တို့ဖြင့် တောက်ပ နေသေးသည်။ သူမက အစားအသောက်ကို နှစ်ခြိုက်သူ ဖြစ်နေသဖြင့် မတတ်နိုင်ပါ။

“အဲ့ဒါက ကျွန်တော့်စိတ်အပေါ်မှာ မူတည်တယ်”

ရဲ့လင်းချန်က ပခုံးတွန့်ပြသည်။

ဘဝ၏ ရုန်းကန်ခြင်းက ဇာတ်ညွှန်းမရှိဘဲ သူတို့၏ တစ်နေ့တာဘဝကို ရိုက်ကူးခြင်း ဖြစ်သော်လည်း လူတိုင်း၌ သူတို့၏ ကိုယ်ပိုင် စည်းမျဉ်းများ ရှိကြသည်။ ဟွမ်လေ့သည် စားဖိုမှူး တစ်ဦး ဖြစ်သည်။ သူ၏ အချက်အပြုတ် အစွမ်းက အတော်လေး ကောင်းပြီး ပရော်ဖက်ရှင်နယ်အဆင့်ဟုပင် သတ်မှတ်နိုင်သည်။ ရဲ့လင်းချန်ကဲ့သို့သော လူနှင့်တော့ မယှဉ်နိုင်သေးပါ။

သူတို့၏ စည်းကမ်းများအရ ရဲ့လင်းချန်သည် အပြင်လူတစ်ယောက်သာ ဖြစ်ပြီး ပရိသတ်အာရုံကို မခိုးယူသင့်ပါ။ သူသည် ပြဿနာ ပေါ်အောင် လုပ်ချင်သည့် လူကြွားမျိုး မဟုတ်ပါ။

[သူ့စိတ်ပေါ် မူတည်တယ် ဟုတ်လား၊ ရဲ့နတ်ဘုရားက တကယ် တင်စီးတာပဲ၊ သူတို့ထဲမှာ သူက အနုပညာလောထဲမှာ သက်တမ်း အနုဆုံး မဟုတ်လား]

[ဟားဟားဟား ဒါကမှ တကယ့် အစစ်အမှန်၊ ဟန်ဆောင် မျက်နှာဖုံးတွေ တပ်ထားတဲ့ အဲ့ဒီ အနုပညာရှင်တွေလို မဟုတ်ဘူး]

[အဲ့ဒါက အမြဲ သူ့စိတ်ပေါ် မူတည်တာပဲ၊ ဘာလို့ ရဲ့နတ်ဘုရားက ဘာလို့ ဟင်းချက်သင့်တာလဲ]

[ရဲ့နတ်ဘုရားရဲ့ အချက်အပြုတက တကယ် အဲ့လောက် ကောင်းလို့လား ငါ သိချင်မိတယ်၊ ရိုက်ကူးရေး မပြီးခင် ငါတို့ကို သူ့အရည်အချင်းတွေ ပြကိုပြမှ ဖြစ်မယ်]

…

ရဲ့လင်းချန်က တဲ့တိုးပြောသော်လည်း လူတိုင်းကို မကျေမနပ် မဖြစ်စေပါ။ လူတိုင်းက သူတို့ အစားအသောက်ကို ပျော်ရွှင်စွာ အဆုံးသတ်လိုက်ကြသည်။

ညစာစာပြီးနောက် သူတို့သည် ရှုခင်းကြည့်သော တဲအိမ်လေး၌ စုဝေးကြသည်။ ညလေညင်းက အေးမြပြီး လူတိုင်းအား သက်တောင့်သက်သာ ဖြစ်စေသည်။

ရှုခင်းကြည့်သော တဲအိမ်လေး၌ ထိုင်နေစဉ်မှာပင် ကျောက်လျန့်ရင်သည် အစောပိုင်းက မတော်တဆမှုကို ပြန်သတိမရဘဲ မနေနိုင်အောင် ဖြစ်သွားပြီး သူမအမူအရာက ကသိကအောက် ဖြစ်သွားလေသည်။ ညဘက်တွင် သူမ အမူအရာကို ဘယ်သူကမှ သေချာ အလေးမထား၍ တော်ပါသေးသည်။

“ဒီက ညအချိန် ရှုခင်းက တော်တော် လှတာပဲ”

ဝေ့တရွှင်းသည် အောက်ဘက်ရှိ ရွာမှ အလင်းများကို ကြည့်ပြီး မှတ်ချက်ပြုသည်။

ထိုနေရာအား တောင်များက ဝန်းရံထားပြီး တောင်၏ ခပ်လှမ်းလှမ်း တစ်နေရာမှ စမ်းချောင်းတစ်ခုက ကွေ့ကောက်၍ စီးဆင်းနေသည်။ မြက်စိမ်းရွာသည် ထိုစမ်းချောင်း ကမ်းပါးတစ်လျှောက် တည်ဆောက်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် နှစ်ဖက်လုံးသည် မီးအိမ်မှ ဝါကျင့်ကျင့် အလင်းရောင် ဖျော့ဖျော့များနှင့် တောက်ပလျက် ရှိပြီး သူမတူသော အငွေ့အသက်တစ်ခုကို ပေးစွမ်းနေသည်။

ယင်းက တိမ်တိုက်များကြား၌ နက်ရှိုင်းစွာ ပုန်းအောင်းနေသော လျှို့ဝှက်မိသားစုတစ်ခု၏ ခံစားချက်မျိုး ပေးစွမ်း နေသည်။

“ဟုတ်တယ်၊ ပထမအတွဲ ပြီးကတည်းက ငါ ဒီနေရာကို သဘောကျသွားပြီးတော့ ဒီက ပုံမှန် ဧည့်သည်ဖြစ်ဖို့ ဆုံးဖြတ်လိုက်တာ”

ဟွမ်လေ့က မျှဝေသည်။

“ငါ အားလပ်တဲ့အချိန်ကျရင် ငါ့ကလေးတွေကို ဒီကို အားလပ်ရက်ခရီးအဖြစ် ခေါ်လာဖို့ စိတ်ကူးထားတယ်”

“ရောင်းရင်းဟွမ်၊ ကျုပ်လည်း အတူတူပဲ၊ ဒါက တကယ့် စိတ်ကူးယဉ် ကမ္ဘာလေးပဲ”

ဟယ်ကျားကလည်း ဝင်ပြောသည်။ ထို့နောက် သူက ကောင်းကင်ကို လက်ညှိုးထိုးပြသည်။

“ကောင်းကင်က ကြယ်တွေကို ကြည့်ပါဦး၊ ငါ ကြယ်တွေ ဒီလောက် များနေတာကို ကလေးတုန်းကပဲ မြင်ခဲ့ဖူးတာ”

ညကောင်းကင်ယံသည် ကြီးမားသော အနက်ရောင် ဖန်သားပြင်ကဲ့သို့ ဖြစ်နေပြီး ကောင်းကင်ယံ၌ ကြယ်များက အပြည့်အသိပ် မှိတ်တုတ် မှိတ်တုတ် လင်းလက်နေ၏။ သူတို့သည် ကလေးဆိုးလေးများကဲ့သို့ ခပ်လှမ်းလှမ်း၌ တူတူပုန်းတမ်း ကစားနေသည်ဟု ထင်မှတ်ရသည်။

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် ကောင်းကင်ကို ပြိုင်တူ မော့ကြည့်လိုက်ကြသည်။

“ဝိုး … တကယ် လှတာပဲ”

သူတို့ ပြောပြီးသည်နှင့် နှစ်ယောက်လုံး အံ့ဩသွားပြီး အချင်းချင်း အနေရခက်စွာ ကြည့်လိုက်မိသည်။ ယခုတစ်ခေါက်တွင်လည်း သူမတို့ ပြိုင်တူ ပြောမိကြပြန်သည်။

ရဲ့လင်းချန်က သူတို့ကို ကြည့်ပြီး စိတ်ထဲ၌ ကျိတ်၍ အောင်ပွဲခံနေမိသည်။ အစောပိုင်းက ကံခေပြီးကတည်းက ငြိမ်ငြိမ်နေရန် ဆုံးဖြတ်လိုက်သည်က ကံကောင်းသွားသည်။

“ခွီး …”

ဟယ်ကျား အားပါးတရ ရယ်မောမိသဖြင့် အူပင် နာလာကာ အချိန်တစ်ခုကြာမှ ရပ်နိုင်တော့သည်။

“ဝါးဟားဟားဟား … ငါ သည်းမခံနိုင်တော့ဘူးကွာ၊ ဒီည မင်းတို့နှစ်ယောက်လုံး ဘာဖြစ်နေတာလဲ၊ မင်းတို့က လုံးဝ လိုက်ဖက်လွန်းနေတယ်”

“ဖြစ်နိုင်ချေက နည်းလွန်းပင်မယ့် အခု ဆက်တိုက် ခဏခဏ ဖြစ်နေတာ၊ ငါက တစ်ထောင်မှ တစ်ခါပဲ ဖြစ်နိုင်မယ် ဒါမှမဟုတ် တစ်သန်းမှာ တစ်ခါပဲလို့ ထင်နေမိတာ၊ မင်းတို့ နှစ်ယောက်လုံးက တကယ် စိတ်ချင်း ဆက်နေတာပဲ”

[ဟားဟားဟား … စိတ်ဝင်စားဖို့ ကောင်းလွန်းတယ်၊ ရှောင်ရင်နဲ့ နတ်ဘုရားမလေး ယွဲ့အာက အတိတ်ဘဝတုန်းက အခင်ဆုံးတွေ ဖြစ်မယ်]

[ကံကြမ္မာ၊ ဒါ ကံကြမ္မာပဲ၊ နတ်ဘုရားမလေးတွေက မပြောဘဲ နားလည်နေကြတာပဲ]

[သူတို့ အံ့ဩတာတောင်မှ အတူတူ ဖြစ်နေတယ်၊ ဒီတစ်ခေါက် ရဲ့နတ်ဘုရား မပါတာ ဆိုးလွန်းတယ်၊ နှမြောစရာပဲ]

…

ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့သည် ရဲ့လင်းချန်အား ခိုးကြည့်လိုက်မိပြီးနောက် အကြည့်မလွှဲခင် အချင်းချင်း ပြန်ကြည့်လိုက်ကြပြီးနောက် စိတ်ထဲ၌ ရယ်မောမိသည်။

သူတို့နှစ်ယောက်လုံးလည်း ဘာမှမပြောနိုင်သလို ခံစားနေကြရသည်။

ဤသို့သော အဖြစ်အပျက်က အလွန် ရှားလှသည်။ တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်နှင့် လျှို့ဝှက်ချက်လေး အနည်းငယ် ရှိနေသူက သူတို့တစ်ဦးတည်း မဟုတ်ကြောင်း သူတို့၏ ဆဋ္ဌမမြောက် အာရုံက ပြောနေသည်။

ထိုခံစားချက်က သူတို့ကို မသက်မသာ ဖြစ်စေသည်။ သူတို့သည် စိတ်ထဲ၌ ရယ်နေမိသော်လည်း ရဲ့လင်းချန်အား ပြိုင်တူ ခိုး၍ ကျိန်ဆဲမိသည်။

*လူဆိုးကောင်*

သူတို့၏ အတွင်းစိတ်ကို ကျန်လူများ မကြားနိုင်၍ တော်ပါသေးသည်။ သို့မဟုတ်ပါက သူတို့ ထပ်၍ ရယ်ကြပေလိမ့်ဦးမည်။

သို့သော် ရဲ့လင်းချန်သည် အနည်းငယ် ထူးဆန်းသလို ခံစားနေရသည်။ အဖွဲ့နှင့် ရယ်သံများက ကျောက်လျန့်ရင်နှင့် ဟူယွဲ့အာတို့ကို ဦးတည်သော်လည်း ဘာကြောင့်မှန်းမသိဘဲ သူမတို့ နှစ်ဦးလုံးက သူ့ဘေး၌ ရပ်ရန် ဆုံးဖြတ်ခဲ့သဖြင့် သူ့အား အနေရခက်သော အခြေအနေသို့ ရောက်သွားစေသည်။

ထို့အပြင် နှစ်ယောက်လုံး မကြာခဏ သူ့အပေါ် အာရုံ ရောက်ရောက်လာသည်ကို သူ ခံစားမိသည်။

*ဘာတွေဖြစ်နေတာလဲ၊ ရသစုံရှိုးပွဲလေးတစ်ခုမှ ပါတာက ဒီလောက် ပြဿနာ များတာလား*

ရဲ့လင်းချန် နှာခေါင်း ပွတ်လိုက်ပြီးနောက် လက်ခုပ်တီးလိုက်သည်။

“အားလုံးပဲ၊ ညလယ်လောက် ရောက်နေပြီဆိုတော့ ပုံပြင်လေး ပြောဖို့ အချိန်ကောင်းပဲ၊ ကျွန်တော့် ကိုယ်ပိုင် ပုံပြင်တွေထဲက တစ်ခုကို မျှဝေရင် ကောင်းမလားလို့”

“မင်းရဲ့ ကိုယ်ပိုင်ပုံပြင်လား”

ထင်ထားသည့်အတိုင်းပင် အားလုံး၏ အာရုံက ရဲ့လင်းချန်ထံ ကျရောက်လာသည်။ ဟူယွဲ့အာနှင့် ကျောက်လျန့်ရင်တို့ကလည်း ခြွင်းချက် မဟုတ်ပါ။

“မင်းပုံပြင်ကို ညလယ်ကျမှ ပြောဖို့လိုတာလား”

ဟယ်ကျားက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ရဲ့လင်းချန်က ခေါင်းညိတ်ပြလေသည်။

“ဟုတ်တယ်၊ ခင်ဗျားတို့ အသင့်ဖြစ်ပြီလို့ ကျွန်တော် မျှော်လင့်ပါတယ်”

သူတို့ စိတ်ဝင်စားစပြုလာစဉ်မှာပင် ရိုက်ကူးရေးအဖွဲ့ဝင် အမျိုးသမီးများထဲမှ တစ်ယောက်က သူတို့ထံ စိတ်အားထက်သန်စွာ လျှောက်လာသည်။

“ရဲ့နတ်ဘုရား၊ ဒါ ဒီနေ့ ရှင် ကားပေါ်မှာ ပြောနေတဲ့ပုံပြင်လား”

“ကားပေါ်က ပုံပြင် ဟုတ်လား”

ဝေ့တရွှင်းက ထိုရိုက်ကူးရေး အဖွဲ့ဝင်၏ အမူအရာကို ကြည့်လိုက်သည်။

“အဲ့ဒါက စိတ်ဝင်စားဖို့ ကောင်းလား”

ရိုက်ကူးရေး ဝန်ထမ်းက ခေါင်းညိတ်ပြသည်။

“သိပ်စိတ်ဝင်စားဖို့ ကောင်းသလို ကြောက်ဖို့လည်း ကောင်းတယ်၊ အခုမတိုင်ခင်အထိ ထုတ်လွှင့်ရေးထဲက လူတွေက ရဲ့နတ်ဘုရားကို ပုံပြင်ပြောပြဖို့ တိုက်တွန်းနေသေးတာ”

“မြတ်စွာဘုရား ဒါ အံ့ဩဖို့ကောင်းတာပဲ”

ဟွမ်လေ့က ရဲ့လင်းချန်ကို တအံ့တဩ ကြည့်လေသည်။

“ရဲ့နတ်ဘုရား၊ မင်းက တကယ် အံ့ဩဖို့ ကောင်းတာကို ငါ အခုမှ သိတယ်၊ မင်းက အားလုံး သိနေတာပဲ၊ မိုက်တယ်ကွာ”

ရဲ့လင်းချန်သည် ပြောရန် ပြင်လိုက်သောလည်း တုံ့ဆိုင်းသွားသည်။

“ကျွန်တော် ဒီနေ့ တစ်ပိုင်း ပြောထားပြီးပြီ၊ ကျွန်တော် ဘယ်က စရမလဲ”

“ရဲ့နတ်ဘုရား၊ မင်း အစကနေ ပြန်ပြောပါလား၊ မင်း ဘယ်လောက်မှ မပြောရသေးဘူးဆိုတော့လေ၊ ပြီးတော့ အဲ့တုန်းကလည်း ဒီလောက် ကြည့်တဲ့သူ များမှာ မဟုတ်ဘူး”

ရိုက်ကူးရေး ဝန်ထမ်းက အကြံပေးသည်။ ရဲ့လင်းချန်၏ ပုံပြင်က ရိုက်ကူးရေးအဖွဲ့၏ စိတ်ဝင်စားမှုကို ရရှိသွားပြီးဖြစ်ကြောင်း သူမ သိထားသည်။ ဒါရိုက်တာကလည်း ကြည့်ရှုသူများထံမှ ကောင်းမွန်သော တုံ့ပြန်ချက် များကြောင့် ရဲ့လင်းချန်အား ပုံပြင်များ ထပ်မျှဝေရန် စိတ်ကူးထားခဲ့လေသည်။

“ကောင်းပြီလေ၊ ဒါဆို ကျွန်တော်တို့ စလိုက်ကြတာပေါ့”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်း အသံကို နှိမ့်လိုက်သည်။

“ဒါက ကျွန်တော့်အသက် ကိုးနှစ်လောက်တုန်းက စခဲ့တာပေါ့၊ အဲ့အချိန်က ကလေးတစ်ယောက် စမှတ်မိနိုင်တဲ့ အရွယ်လေ …”

All Chapters