မိစ္ဆာမြွေအား ကောင်းကင်သံဖြင့် ချုပ်နှောင်ခြင်း
Vol. 25 Ch. 385
ဤရွှမ်ယုံဂိုဏ်း၏ ရတနာသည် အပေါ်တွင် ပန်းချီရေးဆွဲထားသော ကျောက်တုံးတစ်တုံး ဖြစ်သည်။
ထိုကျောက်တုံးသည် သာမန်ကျောက်တုံးပုံစံရှိသည်။
သို့သော်လည်း ကျောက်တုံးပေါ်ရှိ ပန်းချီက အလွန် လက်ရာမြောက်သည်။ ထိုပန်းချီမှာ ဧရာမမြွေနဂါးကြီးတစ်ကောင်ပုံ ရေးဆွဲထားခြင်း ဖြစ်သည်။ ထိုမြွေနဂါးကြီးသည် အလွန် ရှည်လျားပြီး မြွေတစ်ကောင်နှင့် ဆင်တူပါသော်လည်း ကျောတွင် အတောင်ပံခြောက်စုံပါသည်။
မြွေနဂါးကြီး၏ ခေါင်းက မိကျောင်းခေါင်းကြီးနှင့် ဆင်တူပြီး ရက်စက်ကြမ်းတမ်းဟန်တူသည်။ ကျောက်တုံးပေါ်တွင် ဆွဲထားသော နံရံဆေးရေးပန်းချီသာ ဖြစ်ပါသော်ငြား ထိုမြွေနဂါးကြီး၏ ရက်စက်ကြမ်းကြုတ်သောစရိုက်ကို ခံစားမိနိုင်သည်။
ပန်းချီထဲတွင် မြွေနဂါးကြီး၏ အမြီးကို ဧရာမသံချောင်းကြီးတစ်ချောင်းဖြင့် မြဲမြံစွာ ရိုက်နှက်ထားပြီး လှုပ်ရှား၍မရနိုင်အောင် လုပ်ထားသည်။ တစ်ဆက်တည်းမှာပင် သံချောင်းကြီးကို သံကြိုးကြီးတစ်ချောင်းဖြင့် ချည်ထားပြီး သံကြိုး၏ တခြားအစွန်းတစ်ဖက်ကို မြွေနဂါးကြီး၏ခေါင်းအား ချည်ထားသည်။
ထို့ကြောင့် မြွေနဂါးကြီး၏ခေါင်းနှင့် အမြီးမှာ ချုပ်နှောင်ခံထားရသည်။ သို့သော်လည်း မြွေနဂါးကြီးသည် အလွယ်တကူ သေသွားမည် မဟုတ်ပေ။ မြွေနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်တွင် တိုးလျှိုပေါက်ဒဏ်ရာကြီးတစ်ခု ရှိနေပြီး အထဲမှ အရိုးများနှင့် အရွတ်များ ပေါ်နေသည်။
ထိုအရိုးများနှင့် အရွတ်များပေါ်တွင် တံဆိပ်များ ခပ်နှိပ်ထားသည်။ တံဆိပ်များက ပြွတ်သိပ်၍ ရှိနေသည်ဖြစ်ရာ အံ့အားသင့်စရာမြင်ကွင်းတစ်ရပ် ဖြစ်နေတော့သည်။
ထိုပန်းချီကို မြင်လိုက်ရသည့် မည်သူမဆို ထိုမြွေနဂါးကြီးသည် လက်ကျန်ဘဝတစ်လျှောက် ဆိုးဆိုးဝါးဝါး နေထိုင်သွားရလောက်မည်ကို နားလည်နိုင်ကြပေမည်။ မြွေနဂါးကြီးမှာ ရုန်းကန်အော်ဟစ်ပါသော်လည်း အချည်းနှီးသာ ဖြစ်ပေမည်။ မြွေနဂါးကြီး၏အမြီးတွင် သံရိုက်သွားခဲ့သူမှာ ထိုမြွေနဂါးကြီးအား အရိုးစွဲအောင် မုန်းတီးနေသည်ကို မြင်နိုင်ပေသည်။
ထိုသူသည် မြွေနဂါးကြီးအား သတ်နိုင်ပါသော်ငြား ထာဝရနှိပ်စက်ခံရစေရန် ဆုံးဖြတ်ချက်ချခဲ့ပေသည်။
ရွှီချင်းနှင့်ခေါင်းဆောင်တို့ ပို၍ အံ့အားသင့်သွားရသည်မှာ မြွေနဂါးကြီး၏ မျက်လုံးများထဲတွင် ထိုသူက လည်ပတ်နေသော ကြယ်များကိုပင် ရေးထွင်းသွားခဲ့ခြင်း ဖြစ်သည်။ အနီးကပ်ကြည့်ပါက သောင်းချီသောကြယ်များ တစ်ခုနှင့်တစ်ခု ထပ်နေသကဲ့သို့ ထင်ရပေသည်။
ယင်းသည် ဗလာနတ္ထိဒုတိယအဆင့် ဖြစ်သည်။
ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ခေါင်းဆောင်သည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။ ထို့နောက် သူတို့နှစ်ယောက်က အဘိုးအိုကို ပြိုင်တူကြည့်လိုက်ကြသည်။
“ ဒါ ဘာကြီးလဲ ”
ခေါင်းဆောင်က မေးမြန်းလိုက်သည်။
“ ဒါ ကျွန်တော်မျိုးတို့ ရွှမ်ယုံဂိုဏ်းနဲ့ ရှေးဘုရင်ရွှမ်ယုံ ဆက်စပ်နေတာပါပဲ။ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးဒေသကြီးကို မစုစည်းသေးခင် လွန်ခဲ့တဲ့နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင်အကြာက ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးဒေသကြီးကို ခြေချခဲ့ပြီး ဒဏ္ဍာရီလာဘဝကို စတင်ခဲ့ပါတယ် ”
အဘိုးအိုက အလျင်အမြန် ရှင်းပြလိုက်သည်။
“ ရှေးဘုရင်ရွှမ်ယုံ စတင်ခြေချခဲ့တဲ့နေရာက လက်ရှိယင်ဟွမ်ပြည်နယ်ပါ။ ယင်ဟွမ်ပြည်နယ်က ကမ်းခြေပေါ် သူ ရောက်တာနဲ့ ပင်လယ်အန္တရာယ်ဆိုးတစ်ကောင်ဖြစ်တဲ့ မိစ္ဆာမြွေကြီးက သူ့ကို မနာခံဘဲ ကိုက်ခဲ့ပါတယ် ”
“ အဲဒီအချိန်တုန်းက ရှေးဘုရင်ရွှမ်ယုံက သူ့တာအိုကို ပေါက်မြောက်အောင် မကျင့်ကြံနိုင်သေးပေမဲ့ အဲဒီမိစ္ဆာမြွေလေးကို ချုပ်နှောင်ဖို့ဆိုတာ သူ့အတွက် လွယ်ပါတယ်။ နောက်ဆုံးမှာ ရှေးဘုရင်ရွှမ်ယုံက မိစ္ဆာမြွေကြီးကို ယင်ဟွမ်ပြည်နယ်ကမ်းခြေမှာ ကောင်းကင်သံချောင်းကို သုံးပြီး တွယ်ရိုက်ခဲ့တယ်။ မိစ္ဆာမြွေကြီးကို နာကျင်ခံစားရအောင်လို့ မိစ္ဆာမြွေကြီးရဲ့အရိုးတွေနဲ့ အရွတ်တွေမှာ တံဆိပ်တွေ ရေးခဲ့တယ်။ အဲဒီအချိန်တုန်းက မြွေကြီးက သူ့ကို တစ်ခါ ကိုက်ခဲ့လို့ နှစ်တစ်သိန်း ချုပ်နှောင်ရမယ်ဆိုပြီး သူ့အဖော်တွေကို ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါသေးတယ် ”
“ ပြီးတော့ ရှေးဘုရင်က ကဗျာစာသားတစ်ခွန်းကိုလည်း ချန်ထားခဲ့ပါတယ် ”
“ ကောင်းကင်သံက မိစ္ဆာမြွေကို ချုပ်နှောင်တယ်၊ ပညာရပ်အားလုံးဖြင့် စကြဝဋ္ဌာကြီးကို ပြုပြင်မယ် ”
အဘိုးအိုသည် ရှေးဘုရင်ရွှမ်ယုံ၏ကဗျာစာသားကို ရွတ်လိုက်သောအခါ ခေါင်းဆောင်၏ နင်းခြေခြင်းခံထားရပြီး မြေပြင်ပေါ်မှာ လှဲနေရပါသော်ငြား သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသောအမူအရာတစ်ခု ပေါ်လာသည်။
“ တစ်ကိုက်လောက် ကိုက်တာလေးနဲ့ မြွေကြီးရဲ့ ဗိုက်ကို ဖောက်ပြီး တံဆိပ်တွေ ထွင်း၊ နှစ်တစ်သိန်းကြာအောင် နှိပ်စက်တာပေါ့။ သိပ်သဘောထားသေးတာပဲ ”
ခေါင်းဆောင်၏ မျက်နှာတစ်မျိုး ဖြစ်သွားသည်။ သူ ရွှီချင်းကို အလိုလိုကြည့်လိုက်ပြီး အသံပို့လွှတ်လိုက်သည်။
‘ ချင်းလေး၊ ဒါမတိုင်ခင်က မင်းက သဘောထားအသေးဆုံးကောင်လို့ ငါ ထင်ထားတာ။ ကြည့်ရတာ မင်း ကြိုးစားရဦးမယ့်ပုံပဲ ’
ခေါင်းဆောင် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ ဘေးပတ်လည်တွင် အပြင်လူများ ရှိနေပါက ရွှီချင်း၏နာမည်ကို သူ ခေါ်မည်မဟုတ်ပေ။ သို့သော် သူက အသံပို့လွှတ်လိုက်သည်ဖြစ်၍ ပြဿနာရှိမည် မဟုတ်ပေ။
‘ ခေါင်းဆောင်၊ ခေါင်းဆောင်က အရင်ဘဝတုန်းက အဲဒီမြွေကြီးမလား ’
ရွှီချင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ခေါင်းဆောင်၏မျက်ခုံးမွေးများ အထက်သို့ မြင့်တက်သွားပြီး ရယ်မောလိုက်သည်။ ထို့နောက် သူက ခေါင်းလှည့်ကာ အဘိုးအို၏ ဝမ်းဗိုက်ပေါ် ဖိနင်းလိုက်ပြီး ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် ပြောလိုက်သည်။
“ ခင်ဗျားတို့ဂိုဏ်းရဲ့ အထွတ်အထိပ်ရတနာက အဲဒီပန်းချီလား။ အဲဒါဆိုရင် မြွေကြီးနဲ့ သံချောင်းကြီးလည်း ဒီမှာ ရှိနေတာလား ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်က ဘေးပတ်လည်ကို ကြည့်လိုက်ပါသော်လည်း ပန်းချီထဲကနှင့်ဆင်တူသော နေရာကို မမြင်ရပေ။
အဘိုးအိုသည် ထိုမေးခွန်းကို ကြား၍ အနည်းငယ် ဖြေရခက်သွားသည်။ ထိုဂိုဏ်းသားနှစ်ယောက်က လူကောင်းများမဟုတ်သည်ကို သူ အာရုံခံမိလိုက်ပြီး အတန်ငယ် ချီတုံချတုံ ဖြစ်နေပြီးနောက် ထိမ်ချန်မထားဝံ့တော့ဘဲ ပြောလိုက်သည်။
“ အဲဒါတွေက ဒီမှာ မရှိပါဘူး ”
“ ဘယ်မှာတုံး ”
ရွှီချင်းသည် စိတ်ထဲတွင် ခပ်ရေးရေးခန့်မှန်းမိလိုက်ပြီး မေးလိုက်သည်။
“ ရှစ်ဂိုဏ်းမဟာမိတ်က ရွှမ်ယုံဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲမှာပါ ”
အဘိုးအိုက တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
ခေါင်းဆောင်က တဟားဟား ရယ်မောလိုက်သည်။
“ ခင်ဗျားရဲ့ဂိုဏ်းက ပန်းချီထဲမှာ ရေးထားတဲ့နယ်မြေက မဟာမိတ်က ရွှမ်ယုံဂိုဏ်းရဲ့ တားမြစ်နယ်မြေလား ”
အဘိုးအိုမှာ ပို၍ပင် အနေရခက်သွားဟန်တူပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ တကယ်က ယင်ဟွမ်ပြည်နယ်မှာ ကျွန်တော်မျိုးတို့က အစစ်မှန်ဆုံးရွှမ်ယုံဂိုဏ်းပါ။ အဲဒီတုန်းက ဂိုဏ်းတည်ထောင်တဲ့ဘိုးဘေးကို ရှေးဘုရင်ရွှမ်ယုံက အဲဒီမိစ္ဆာမြွေကြီးကို စောင့်ကြည့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ သူက မြွေကြီးကို နှစ်တိုင်းနှစ်တိုင်း ပိုပိုပြီး နာကျင်ခံစားစေချင်ပါတယ် ”
“ အဲဒီလိုနဲ့ အချိန်တွေ ကြာလာခဲ့ပါတယ်။ အဲဒီဓလေ့က ပျက်သွားတဲ့အကြိမ်နည်းနည်းပါးပါး ရှိခဲ့ပေမဲ့ ပျောက်ပျက်သွားတယ်လို့ ပြောလို့မရဘူး။ အဲဒီလိုနဲ့ ကျွန်တော်မျိုးဆရာအလှည့်ကို ရောက်တဲ့အခါ မဟာမိတ်က ရွှမ်ယုံဂိုဏ်းက နတ်မိမယ်ကျစ်ရွှမ်ကို သူ တွေ့သွားခဲ့ပါတယ်။ နတ်မိမယ်ကျစ်ရွှမ်ရဲ့ အနာဂတ်က မှန်းဆလို့မရဘူးဆိုတာ ဆရာ ချက်ချင်း မြင်သွားခဲ့ပါတယ် ”
“ အဲဒါကြောင့် ဆရာက ဘိုးဘေးနယ်မြေကို စွန့်လွှတ်ပြီး ဂိုဏ်းရဲ့ကြီးလေးတဲ့တာဝန်ကို နတ်မိမယ်ကျစ်ရွှမ်လက်ထဲ အပ်ခဲ့ပါတယ်။ အဲဒါပြီးတော့ ဆရာက ဒီလှပတိတ်ဆိတ်တဲ့နေရာကို ကျနော်မျိုးတို့ကို ခေါ်လာခဲ့ပြီး ဂူပိတ်ကျင့်ကြံခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က ဆရာက ကြိုးကြာငှက်ကြီးတစ်ကောင်ကို စီးပြီး အနောက်ဘက်ကို ခရီးထွက်သွားခဲ့ပါတယ် ”
ရွှီချင်းသည် ဘေးပတ်လည်ရှိ ဝါကျင့်ကျင့်မျက်နှာနှင့် ဂိုဏ်းသားများကို ကြည့်လိုက်ပြီးနောက် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော အဘိုးအိုကို ကြည့်လိုက်သည်။ အဘိုးအို၏ စကားများကို သူ ခွန်းတုန့်မပြန်ပေ။
ခေါင်းဆောင်သည် နားလည်ရခက်သောအမူအရာဖြစ်သွားပြီး အဘိုးအိုကို ကြည့်လိုက်သည်။
အဘိုးအိုမှာ မည်သို့ဆက်ပြောရမည် မသိပေ။
“ ခင်ဗျားဆရာရဲ့မျိုးရိုးနာမည်က ကျောက်လား၊ ကျောက်ကျုံးဟန်လား ”
အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်သည် ချောင်းတဟွတ်ဟွတ်ဆိုးကာ ပြောလိုက်သည်။
“ အဲ … ဆရာ့မျိုးရိုးနာမည်က ကျောက်မဟုတ်ပါဘူး ”
အဘိုးအို ဆွံ့အသွားသည်။
ခေါင်းဆောင်သည် ခေါင်းယမ်းလိုက်ပြီး ခြေထောက်ကို ကြွလိုက်သည်။ ထိုသနားစရာသတ္တဝါများအား ဆက်တိုက်နှိပ်စက်ညှဉ်းပန်းရန် မသင့်ကြောင်း သူ ခံဏားရသည်။
ထို့ကြောင့် မြွေကြီးအကြောင်း သူ မေးမြန်းလိုက်သည်။
“ အဲဒီဘိုးဘေးနယ်မြေက အခု ရှစ်ဂိုဏ်းမဟာမိတ်က ရွှမ်ယုံဂိုဏ်းရဲ့ အုတ်မြစ်ဖြစ်နေပါပြီ။ ကျနော်မျိုး အဲဒီနေရာကို တစ်ခါမှ မရောက်ဖူးပေမဲ့ အဲဒီဘိုးဘေးနယ်မြေက ဝိညာဉ်စွမ်းအားတွေ ကြောက်စရာကောင်းလောက်အောင် ပြည့်နှက်နေတယ်လို့ ဆရာပြောတာ ကြားဖူးပါတယ် ”
“ ထူထပ်သိပ်သည်းတဲ့ဝိညာဉ်စွမ်းအားတွေက ကျင့်ကြံခြင်းအတွက် အတော်လေး အထောက်အကူ ဖြစ်ပါတယ်။ တစ်ရှိုက်ရှူရှိုက်လိုက်ရုံနဲ့ အကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ် ”
“ ပြီးတော့ အဲဒီမိစ္ဆာမြွေကြီးရဲ့ခန္ဓာကိုယ်က သေသွားပြီး အရိုးတွေပဲ ကျန်တော့တာ ဆိုပေမဲ့ အဲဒီမိစ္ဆာမြွေကြီးက အမှန်တကယ် မသေသေးဘူးလို့ ဆရာပြောခဲ့ပါတယ်။ မြွေကြီးရဲ့ဝိညာဉ် ရှိနေပါသေးတယ်။ ဒါပေမဲ့ အဲဒီဝိညာဉ်က အားနည်းနေလို့ အိပ်မောကျနေတာပါ။ အဲဒါကြောင့် အပြင်ဘက်က ပြန့်ကျဲနေတဲ့ ဝိညာဉ်စွမ်းအားတွေကိုပဲ စုပ်ယူနိုင်ပါတယ် ”
“ ရှေးဘုရင်က မိစ္ဆာမြွေကြီးရဲ့ခန္ဓာကိုယ်တင်မကဘူး၊ ဝိညာဉ်ကိုပါ ချုပ်နှောင်ခဲ့တာပါ။ အဲဒါကြောင့် အဲဒီမိစ္ဆာမြွေကြီးက နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကြာနေလည်း ရှေးဘုရင်ရွှမ်ယုံကို အခဲမကြေသေးပါဘူး ”
အဘိုးအို၏ မိတ်ဆက်စကားနောက်တွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် ရွှမ်ယုံဂိုဏ်း၏ ကံကြမ္မာနယ်မြေအကြောင်း နက်နက်နဲနဲ နားလည်လာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူတို့ ထွက်သွားရန် ရွေးချယ်လိုက်ကြသည်။
မြစ်လက်တက်မှ မြောင်းဖောက်သည့်ကိစ္စကိုလည်း သူတို့ ဆက်မလိုက်တော့ပေ။ အဘိုးအိုတို့အား အလွန်အကျွံမလုပ်ရန်သာ သူတို့ ပြောခဲ့သည်။ ဝင်ပေါက်က ကျောက်တုံးကြီးကိုမူ သူတို့ ကြိုးစားပါသော်လည်း အမှန်ပင် ယူသွား၍ မရနိုင်ကြောင်း သူတို့ တွေ့လိုက်ရသည်။ ထိုကျောက်ကြီးသည် ဤနေရာတွင် ကြီးထွားလာခဲ့ဟန်တူသည်။
ခေါင်းဆောင်မှာ အားမလိုအားမရ ဖြစ်လာပြီး ကျောက်တုံးကြီးထံမှ ကျောက်အပိုင်းအစသေးသေးလေးကို အတင်းအကြပ် ကိုက်လိုက်သည်။ ယင်းသည် သူ၏ကန့်သတ်ချက်ဖြစ်သည်။ ထို့ကြောင့် ရွှမ်ယုံဂိုဏ်းသားများ၏ ကြောက်လန့်နေသောအကြည့်များအောက်တွင် သူတို့နှစ်ဦး ထွက်လာခဲ့ကြသည်။
“ ဒီတစ်ခေါက် ရှုံးသွားသလို ငါ တနုံ့နုံ့နဲ့ ခံစားနေရတယ်။ ဘာမှမရခဲ့ဘူးကွာ ”
လမ်းတွင် ခေါင်းဆောင်က သက်ပြင်းချလိုက်သည်။
ရွှီချင်း ခေါင်းညိတ်ပြလိုက်သည်။ ယခုတစ်ခေါက် အကျိုးအမြတ်က နည်းပါးလွန်းသည်ဟု သူလည်း ခံစားနေရသည်။
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ ရွှမ်ယုံဂိုဏ်းက ကံကြမ္မာနယ်မြေကို မင်း ဘယ်လိုသဘောရလဲ။ ငါတို့ ပြန်ရောက်ရင် ဝိညာဉ်စွမ်းအားတွေ စုပ်ယူဖို့ နည်းလမ်းရှာကြမလား ”
ခေါင်းဆောင်က လှုံ့ဆော်လိုက်သည်။
ရွှီချင်း ဝေခွဲရခက်သွားသည်။ သူ့စိတ်ထဲ နတ်မိမယ်ကျစ်ရွှမ်၏ပုံရိပ် ပေါ်လာပြီး အလိုလို တွန့်ဆုတ်သွားရသည်။ အထူးသဖြင့် သူတို့က ပြန့်ကျဲနေသော ဝိညာဉ်စွမ်းအားအနည်းအကျဉ်းကိုသာ စုပ်ယူရမည်ဆိုသည့်အချက်ကို တွေးမိသောအခါတွင် ဖြစ်သည်။
“ ဒါပေမဲ့ ပြန့်ကျဲနေတဲ့ ဝိညာဉ်စွမ်းအားနည်းနည်းလောက်ပဲ ငါတို့ စုပ်ယူလို့ရမှာ။ အဲဒီလောက်နည်းနည်းလေးအတွက် လုပ်နေရရင် အဓိပ္ပာယ်မရှိဘူး။ အဲဒီမိစ္ဆာမြွေကြီးရဲ့ ဝိညာဉ်ကို နိုးထအောင်လုပ်မယ့်နည်းလမ်းရှိရင် ငါတို့ အဲဒီဝိညာဉ်ကို တစ်ကိုက်လောက်ကိုက်လိုက်တာနဲ့ အများကြီး အကျိုးရှိသွားမှာပဲ ”
ခေါင်းဆောင်၏မျက်လုံးများ ဝင်းလက်သွားဟန်တူသည်။
ရွှီချင်း ချက်ချင်း စိတ်ဝင်စားသွားသည်။ ထိုအချိန်၌ နတ်မိမယ်ကျစ်ရွှမ်အကြောင်းကို သူ မေ့သွားပြီး ထိုကိစ္စကို အလေးအနက် စဉ်းစားလာသည်။ ခေါင်းဆောင်သည်လည်း တွေးနေ၏။
ခဏအကြာ ထိုက်စီကြမ္မာဆိုးတောင်အပြင်ဘက်သို့ သူတို့ ရောက်လာကြသည်။ မဟာမိတ်သင်္ဘောအစုကြီးကို သူတို့ အဝေးမှ မြင်လိုက်သောအခါတွင် ရွှီချင်းက ရုတ်တရက် ပြောလိုက်သည်။
“ အဲဒီမိစ္ဆာမြွေကြီးက ရှေးဘုရင်ရွှမ်ယုံကို အရိုးစွဲအောင် မုန်းတီးနေတာဆိုတော့ ရှေးဘုရင်ရွှမ်ယုံနဲ့ ဆင်တဲ့တစ်ယောက်ကိုသာ မြင်လိုက်ရင် နိုးထလာမယ်လို့ မထင်ဘူးလား ”
ထိုစကားကို ကြားသောအခါ ခေါင်းဆောင်၏ မျက်လုံးများ ဝင်းလက်သွားသည်။
“ ငါလည်း အခုလေးတင် အဲဒီမေးခွန်းကို စဉ်းစားနေတာ။ မင်းပြောတာ ကျန်းကျန်းလေးကိုလား ”
ရွှီချင်း ခေါင်းညိတ်ပြလိုက်ရာ ခေါင်းဆောင်က ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်သည် အသေးစိတ်ဆွေးနွေးလိုက်ကြပြီး တဖြည်းဖြည်းနှင့် သင်္ဘောဆီသို့ ရောက်သွားကြသည်။ သင်္ဘောကြီး ရှေ့ဆက်သွားစဉ် အသေးစိတ်အချက်အလက်များကို သူတို့ လက်စသတ်နိုင်လိုက်ကြသည်။
“ ဝမ်ကူးဒေသကြီးကို ဝူကျန်းဝူ ပါမလာဘူး။ နန်းဟွမ်ဒေသကြီးထဲမှာ သူ ရှိလောက်သေးတယ်။ ဖီးနစ်တားမြစ်ဒေသကြီးထဲမှာ သူ့ခြေရာတွေ တွေ့တယ် ”
ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ဝူကျန်းဝူကို စိတ်လိုလက်ရဖြင့် ဝမ်ကူးဒေသကြီးထဲ ရောက်လာအောင် လုပ်ရန်မှာ အဓိကအချက်ဖြစ်သည်။
“ အဲဒါ လွယ်ပါတယ်။ အဲဒီကလေးက ရှေးဘုရင်ရွှမ်ယုံကို အရူးအမူး ကိုးကွယ်တာ။ ဖီးနစ်တားမြစ်ဒေသကြီးထဲ လူတစ်ယောက် လွှတ်ပြီး သူ့ကို ရှာခိုင်းလိုက်မယ်။ ပြီးရင် ရှေးဘုရင်ရွှမ်ယုံနဲ့ ဆက်စပ်နေတဲ့နေရာကို ငါတို့ တွေ့ထားပြီး အဲဒီနေရာမှာ ရှေးဘုရင်ရွှမ်ယုံချန်ရစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ရှိတယ်လို့ ငါ ပြောလိုက်မယ် ”
“ ငါ ပြောပြမယ်ချင်းလေး၊ ရှေးဘုရင်ရွှမ်ယုံနဲ့ ဆက်နွယ်နေတဲ့ကဗျာတွေကို ကျန်းကျန်းလေးက ပြောပြလို့မရလောက်အောင် သဘောကျတာကွ ”
ခေါင်းဆောင်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ သူသည် ဂိုဏ်းကို အသံလွှင့်ရန် အထူးလုံခြုံရေးဌာန၏ သင်္ဘောကြီးကို အသုံးချလိုက်ပြီး ထိုကိစ္စအား စီစဉ်လိုက်သည်။
ထိုသို့ဖြင့် အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်း လပေါင်းများစွာ ကျော်ဖြတ်သွားသည်။ မြစ်ကင်းလှည့်ခရီးသည် အဆင်ပြေချောမွေ့နေခဲ့၏။ တဖြည်းဖြည်းနှင့် သူတို့သင်္ဘောများသည် မြစ်လက်တက်၏ အဆုံးသို့ ရောက်လာကြသည်။
ယင်းနေရာသည် ပင်မမြစ်ကြီးနှင့် ထိုက်စီကြမ္မာဆိုးတောင်တန်းကြီးတို့ ဆုံမှတ်ဖြစ်သည်။ တချိန်တည်းမှာပင် ယင်းနေရာသည် ယခင်စီအနိမ့်ဂိုဏ်းတည်နေရာလည်း ဖြစ်သည်။ သူတို့ နီးကပ်လာကြစဉ် ကျိုးပြတ်သွားသော ဆည်ကြီးနှင့် ပျက်စီးနေသော စီအနိမ့်ဂိုဏ်းကို ရွှီချင်း မြင်လိုက်ရသည်။
ထိုဆည်ကြီး၏ အကျိုးအပဲ့များသည် ပေထောင်ချီရှိသည်။ ထိုဆည်ကြီး မပျက်စီးခင်က မည်မျှ ရင်သပ်ရှုမောဖွယ်ကောင်းခဲ့မည်ကို မှန်းဆကြည့်နိုင်ပေသည်။
ကျိုးပြတ်နေသော ဆည်ကြီးနှင့် စီအနိမ့်ဂိုဏ်း၏ အပျက်အစီးများ အလွန်တွင် ရွှီချင်းနှင့် ခေါင်းဆောင်တို့သည် မြစ်လက်တက်များထက် အဆပေါင်းများစွာ ကျယ်ပြန့်သော ရေပြင်ကြီးကို မြင်လိုက်ရသည်။
ယင်းသည် ပင်မအင်မော်တယ်အားတိုးမြစ် ဖြစ်ပေသည်။
မြစ်ရေက တဝုန်းဝုန်း စီးဆင်းနေပြီး ကောင်းကင်ယံသို့တိုင်အောင် ရေစီးသံများ ပဲ့တင်ထပ်နေသည်။
ဤနေရာတွင် အင်မော်တယ်ချီများ လွန်စွာ ထူထပ်သိပ်သည်းသည်။ ချီရွှဲ့ထုံဂိုဏ်းသားအများစုမှာ အနီးသို့ တိုးကပ်မသွားနိုင်ကြဘဲ သေရည်သောက်ထားသည့်အလား မူးဝေနောက်ကျိလာကြသည်။
ရွှီချင်းသည်လည်း စိတ်ထဲ တုန်ခါသွားသည်။ အရှေ့ဘက်တွင် ထိုက်စီရှန်းမုန်ဂိုဏ်းရှိပြီး အနောက်ဘက်တွင် ထိုက်စီကြမ္မာဆိုးတောင်တန်းရှိသည်။ ထိုက်စီကြမ္မာဆိုးတောင်ကြီးနောက်တွင် ယင်ဟွမ်ပြည်နယ်၏ နံပါတ်တစ်တားမြစ်ဒေသကြီး ရှိသည်။
ထိုမြစ်ရေက တားမြစ်ဒေသကြီးကို ဖြတ်သန်းစီးဆင်းသွားပြီးနောက် မည်းနက်သွားပြီး ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ ကိန်းအောင်းနေသည်။
တားမြစ်ဒေသကြီးထဲ၌ မြစ်၏ သဘာဝကို ပြောင်းပြန်လှန်ပစ်ကာ အင်မော်တယ်မှ ဓာတ်နှောအဖြစ် ပြောင်းလဲနိုင်သော ကြောက်ခမန်းလိလိသတ္တဝါတစ်ကောင် ရှိရပေမည်။