← Chapters

နောက်ဆုံး လီကျစ်မေ့

Vol. 25 Ch. 386

နောက်ဆုံး လီကျစ်မေ့

Vol. 25 Ch. 386

မြစ်လက်တက်၏အဆုံး၌ စီအနိမ့်ဂိုဏ်း၏ အပျက်အစီးများအပြင် ကောင်းကင်ရတနာဂိုဏ်းမှ သင်္ဘောကြီးများလည်း ရှိသည်။

စုစုပေါင်း သင်္ဘောအစင်းနှစ်ဆယ်ဖြစ်သည်။

ကောင်းကင်ရတနာဂိုဏ်းသားတချို့က ဆိပ်ကမ်းပေါ်တွင် ကျင့်ကြံနေကြသည်။ ထိုကောင်းကင်ရတနာဂိုဏ်းသားများအားလုံး အထူးလုံခြုံရေးဌာနအဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့က သူတို့နေရာကို အစားထိုးမည့်ချီရွှဲ့ထုံဂိုဏ်းအား ဤနေရာတွင် စခန်းချကာ စောင့်နေကြခြင်း ဖြစ်သည်။

ချီရွှဲ့ထုံဂိုဏ်း၏ သင်္ဘောစုကြီး ပေါ်ပေါက်လာခြင်းနှင့်အတူ နှစ်ဖက်လွှဲအပ်ရေးကိစ္စက လျင်မြန်စွာ ပြီးစီးသွားခဲ့သည်။ ကောင်းကင်ရတနာဂိုဏ်းသားများက အလံကို လွှဲပေးလိုက်ပြီး ထည်ဝါသောအမူအရာဖြင့် မြစ်တစ်လျှောက် စုန်ဆင်းသွားသည်။

သူတို့က ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် မဟာမိတ်သို့ ပြန်ကြမည်ဖြစ်သည်။ မဟာမိတ်သို့ သူတို့ရောက်သည့်နေ့တွင် တခြားဂိုဏ်းမှ သင်္ဘောများ မြစ်ကို ဆန်တက်ကာ ချီရွှဲ့ထုံဂိုဏ်းသားများထံမှ တာဝန်ကို လက်လွှဲယူမည် ဖြစ်သည်။

ထိုအတောအတွင်း ချီရွှဲ့ထုံဂိုဏ်း၏ အထူးလုံခြုံရေးဌာနက ဤနေရာကို စောင့်ကြပ်နေရမည် ဖြစ်သည်။ တချိန်တည်းမှာပင် မဟာမိတ်၏အလံကြီးကို ဆိပ်ကမ်းပေါ်မှာ လွှင့်တင်ထားရမည် ဖြစ်သည်။

ယင်းသည် ဤခရီးစဉ်၌ ရွှီချင်းနှင့် ခေါင်းဆောင်တို့ လုပ်ဆောင်ရမည့် တာဝန် ဖြစ်ပေသည်။

ထိုတာဝန်သည် ကြာမြင့်ဟန်တူပါသော်ငြား အမှန်စင်စစ် ကျင့်ကြံခြင်းအတွက် အလွန် အထောက်အကူ ဖြစ်စေသည်။ ဤနေရာသို့ လာသည့်လမ်းခရီး၌ဖြစ်စေ၊ ဤနေရာ၌ဖြစ်စေ ကျင့်ကြံရန် အလွန် ကောင်းမွန်သည်။

သို့သော်လည်း ပင်မမြစ်နှင့်ဆုံရာနေရာ၌ ခံနိုင်ရည်ရှိသော ကျင့်ကြံသူများစွာ မရှိပေ။ မတူကွဲပြားသောခန္ဓာကိုယ်တည်ဆောက်ပုံများနှင့် ပတ်ဝန်းကျင်ကိုလိုက်၍ အသားကျနိုင်မှု ကွာခြားသည်ဖြစ်၍ ဂိုဏ်းသားအများစုသည် သိပ်သည်းထူထပ်သောအင်မော်တယ်ချီများကို အတန်ငယ်ကြာသည်အထိ ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။

စီအနိမ့်ဂိုဏ်းသားများသည် ဤနေရာတွင် ကျင့်ကြံနိုင်ရန် ဂိုဏ်း၏မန္တန်အစီအရင်အကာအကွယ်ကို အသုံးချခဲ့ကြပေမည်။

ရွှီချင်းသည်ပင် အနည်းငယ် မူးဝေနောက်ကျိသွားရသည်။ သို့သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က မြင့်မားသည် မဟုတ်ပါလား။ သူသည် သင်္ဘောပေါ်မှ ဆင်းကာ ဆိပ်ကမ်းပေါ် ခြေချလိုက်သည်။ ထို့နောက် ဆိပ်ကမ်းပေါ်တွင် ရပ်၍ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

အင်မော်တယ်ချီများက သူ့မျက်နှာကို တိုးဝှေ့ရိုက်ခတ်လာပြီး သူ၏ပါးစပ်နှင့် နှာခေါင်း၊ သူ့ခန္ဓာကိုယ်ရှိ မွေးညင်းပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်တစ်လျှောက် တိုးဝင်သွားသည်။ သူ အင်မော်တယ်ချီများနှင့် အသားကျသွားပြီးနောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျင့်ကြံလိုက်သည်။

ခေါင်းဆောင်က အတူတူပင်။ သင်္ဘောများပေါ်ရှိ တခြားချီရွှဲ့ထုံဂိုဏ်းသားများသည်လည်း တစ်ယောက်ပြီးတစ်ယောက် သင်္ဘောများပေါ်မှ ဆင်းလာကြသည်။ ဘေးပတ်လည်ကို စစ်ဆေးကြည့်လိုက်ပြီး စခန်းချလိုက်ပြီးနောက် အသားကျနိုင်စွမ်းအပေါ်လိုက်၍ စတင်ကျင့်ကြံလိုက်ကြရသည်။

အချိန်များ ကုန်လွန်သွားသည်။ တစ်လကြာပြီးနောက် ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ တစ်ရာ့ကိုးခုမြောက် ဓမ္မတံခါး ပွင့်သွားသည်။

ထိုဓမ္မတံခါးကို ဖွင့်ရာတွင် ဝိညာဉ်စွမ်းအားများကို အားမကိုးဘဲ ဤနေရာရှိ အင်မော်တယ်ချီကို အမှီပြုကာ သက်ရှည်အတတ်ကို အသုံးချခဲ့ခြင်း ဖြစ်သည်။

နန်းဟွမ်ဒေသကြီးတွင် သက်ရှည်အတတ်အား ကျင့်ကြံရန် ခက်ခဲပါသော်လည်း ဤနေရာတွင် များစွာ အခက်အခဲမရှိပေ။

ရွှီချင်း စိတ်လှုပ်ရှားသွားသည်။

‘ စတုတ္ထမြောက်သက်စောင့်မီးလုံးပေါ်လာဖို့ ဓမ္မတံခါးဆယ့်တစ်ခုပဲ လိုတော့တယ် ’

ရွှီချင်း၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်သွားသည်။ စတုတ္ထမြောက်သက်စောင့်မီးလုံးကို ထုတ်ဖော်နိုင်သည်နှင့် အခြေတည်အဆင့်ထက် သာလွန်သော တိုက်ရည်ခိုက်ရည်ကို သူ အမှန်တကယ် ပိုင်ဆိုင်မည်ဖြစ်ကြောင်း သူ သိသည်။

တခြားနည်းလမ်းများကိ အမှီမပြုသည့်တိုင်အောင် သက်စောင့်မီးလုံးခြောက်လုံး တိုက်ရည်ခိုက်ရည်ကို သူ ရရှိသွားမည် ဖြစ်သည်။ ဧကရာဇ်အဆင့်ကျင့်ကြံခြင်းအတတ်ကို ထည့်တွက်လျှင် သူ၏တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးခုနစ်လုံးသို့ ရောက်သွားနိုင်သည်။ သက်စောင့်မီးအိမ်နှစ်လုံး၏ အပြန်အလှန် တိုးတက်စေခြင်းနှင့်အတူ သူ၏တိုက်ရည်ခိုက်ရည်က သက်စောင့်မီးလုံးရှစ်လုံးအထိ မရောက်နိုင်ပါသော်ငြား သက်စောင့်မီးလုံးခြောက်လုံး၏ အထွတ်အထိပ်သို့ ရောက်သွားမည် ဖြစ်သည်။

တချိန်တည်းမှာပင် ထိုလတွင် သူတို့မှာ နောက်ထပ်တာဝန်တစ်ခုရှိခဲ့ပြီး ယင်းမှာ စီအနိမ့်ဂိုဏ်း၏ အကြွင်းအကျန်ဂိုဏ်းသားများကို ရှာဖွေရခြင်းဖြစ်သည်။

သို့သော်လည်း အဓိကရည်ရွယ်ချက်က ရှာဖွေရန် မဟုတ်ပေ။ ယင်ဟွမ်ပြည်နယ်ရှိ တခြားအင်အားစုအားလုံးကို ဤနေရာတွင် နောက်ထပ်ဆည်တစ်ခု တည်ဆောက်ခွင့်ပြုမည် မဟုတ်ကြောင်း ရှစ်ဂိုဏ်းမဟာမိတ်က အသိပေးလိုက်ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တည်ဆောက်သည့်အင်အားစု ရှိလာပါက ရှစ်ဂိုဏ်းမဟာမိတ်၏ ရန်သူတော်ကြီး ဖြစ်လာမည် ဖြစ်သည်။

မဟာမိတ်နှင့် ထိုက်စီရှန်းမုန်ဂိုဏ်းအကြား လျှို့ဝှက်ဆက်ဆံရေးတစ်ခု ရှိနေမလား ရွှီချင်း ထင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ထိုက်စီရှန်းမုန်ဂိုဏ်းက အစကတည်းက ထိုကိစ္စနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသောကြောင့်ပင်။

စီအနိမ့်ဂိုဏ်းသည် ဂိုဏ်းကို ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိသွားပြီဖြစ်၍ ဂိုဏ်းသားအများစု ပြောင်းရွှေ့သွားကြသည်။ ချီရွှဲ့ထုံဂိုဏ်း ရရှိခဲ့သည့် သဲလွန်စများနှင့် သတင်းအချက်အလက်များအရမူ စီအနိမ့်ဂိုဏ်းတစ်ဂိုဏ်းလုံး ထွက်သွားကြပြီ ဖြစ်သည်။

မြစ်ကင်းလှည့်တာဝန်ကျသော တခြားဂိုဏ်းများသည်လည်း တူညီသောသတင်းကို ရရှိခဲ့ကြသည်။

ထို့ကြောင့် ရွှီချင်းသည် ဆက်လက်ကျင့်ကြံနေလိုက်သည်။ သူ၏ခန္ဓာကိုယ်က တောင့်မခံနိုင်တော့လျှင် ဆိပ်ကမ်းမှ ခပ်ဝေးဝေးသို့ သွားလိုက်သည်။ သူ့ခန္ဓာကိုယ် ပို၍ အသားကျလာပါက ဆိပ်ကမ်းပေါ်တက်ကာ ပြန်လည်ကျင့်ကြံတတ်သည်။

ခေါင်းဆောင်မှာမူ လဝအကြာက ပျောက်သွားခဲ့သည်။ သူ ထွက်မသွားခင် ဘေးပတ်လည်ကို လျှောက်ပတ်ကြည့်မည်ဖြစ်ကြောင်း ရွှီချင်းအား ပြောသွားခဲ့သည်။ ရွှီချင်းသည် ခေါင်းဆောင်၏ ထူးဆန်းသောအမူအရာကို မြင်၍ ထပ်မမေးတော့ပေ။

ခေါင်းဆောင်က သူ၏လျှို့ဝှက်ချက်များအား အလေးထားသည်ဖြစ်၍ သူသည်လည်း ခေါင်းဆောင်၏ လျှို့ဝှက်ချက်များကို အလေးထားရပေမည်။

ထိုသို့ဖြင့် ရက်များစွာ ကုန်လွန်သွားသည်။ တခြားဂိုဏ်းသားများအတွက် တင်ပျဉ်ခွေထိုင်ကာ အချိန်ကြာမြင့်စွာ ကျင့်ကြံရခြင်းသည် အလွန် ပျင်းရိငြီးငွေ့စရာကောင်းသောအရာတစ်ခု ဖြစ်ဟန်တူသည်။ ထို့ကြောင့် ဆိပ်ကမ်းမှာ နေ့တိုင်း ကျင့်ကြံနေသော ကျင့်ကြံသူ များစွာ မရှိပေ။

အများစုက မကြာခဏ အပြင်ထွက်ကာ လှည့်ပတ်သွားလာတတ်ကြသည်။ တချို့ဂိုဏ်းသားများက အနီးအနားတိုင်းပြည်လေးများဆီ သွား၍ လည်ပတ်ကြသည်။

ရွှီချင်းသည် တခြားဂိုဏ်းသားများကို ထွေထွေထူးထူး မေးမြန်းမနေပေ။ ကျင့်ကြံရေးအတွက် ရလာသည့်အခွင့်အရေးတိုင်းကိုသာ သူ အမိအရ ယူနေသည်။ သူကဲ့သို့ တခြားဂိုဏ်းသားများလည်း ရှိသည်။ ထိုဂိုဏ်းသားများထဲတွင် လူအလေးလည်း ပါဝင်သည်။

သုံးလတာ ကုန်လွန်သွားသည်။ နောက်ဆုံးတွင် ရွှီချင်း၏ တစ်ရာ့တစ်ဆယ်မြောက်ဓမ္မတံခါး ပွင့်သွားသည်။ ထိုဓမ္မတံခါးပွင့်ပြီးနောက် သူ့ကိုယ်ထဲရှိ ဓမ္မစွမ်းအားများက ပို၍ ထည်ဝါလာသည်ကို သူ ခံစားလိုက်ရသည်။

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့နောက်ကို ကြည့်လိုက်သည်။

ယခုအချိန်တိုင်အောင် ဇွဲရှိရှိဖြင့် သူကဲ့သို့ ကျင့်ကြံနေသေးသော ဂိုဏ်းသားများမှာ သုံးဆယ်အောက်သာ ရှိတော့သည်။

ရွှီချင်းသည် သူတို့ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ သူ၏မျက်လုံးများကို ပြန်မှတ်ရန် ပြင်လိုက်စဉ် သူ၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ ခေါင်းမော့၍ အဝေးရှိ ပင်မမြစ်ကြီးဆီသို့ ကြည့်လိုက်သည်။

ညနေဆည်းဆာဖြစ်၍ ဝင်လုဆဲနေမင်းကြီးကို ကြည့်ရသည်မှာ အလွန် လှပသည်။ ဆည်းဆာနေရောင်အောက်တွင် ပင်မမြစ်ကြီးပေါ်တွင် ပေါ်လာသော သင်္ဘောအစုအဝေးကြီးကို ရွှီချင်း မြင်လိုက်ရသည်။

စုစုပေါင်း သင်္ဘောကြီးဆယ်စင်း ရှိသည်။

ထိုသင်္ဘောကြီးများ၏ ပုံသဏ္ဍာန်သည် ချီရွှဲ့ထုံဂိုဏ်းနှင့် မတူညီပေ။ ထိုသင်္ဘောကြီးများသည် သလင်းကျောက်များ၊ ဝိညာဉ်ကျောက်တုံးများဖြင့် ပြုလုပ်ထားပုံရသည်။ သလင်းကျောက်ကဲ့သို့ ကြည်လင်ပြီး စူးရှတောက်ပသောအလင်းများ ဖြာထွက်နေသည်။ ထိုအချိန်၌ သင်္ဘောကြီးများသည် ထိုက်စီရှန်းမုန်ဂိုဏ်းမှ မြစ်တစ်လျှောက် စုန်ဆင်းလာသည်။ သင်္ဘောကြီးများပေါ်တွင် ဝတ်စုံဖြူကျင့်ကြံသူများစွာကို ရွှီချင်း မြင်လိုက်ရသည်။

အများစုက အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့အားလုံး ဇာပဝါများဖြင့် ဖုံးကွယ်ထားကြပြီး သူတို့ခန္ဓာကိုယ်များမှ ထူးခြားသော စွမ်းအင်အငွေ့အသက်များ ထွက်ပေါ်နေသည်။

“ ထိုက်စီရှန်းမုန်ဂိုဏ်း ”

သူတို့၏ဂိုဏ်းကို ရွှီချင်း သိလိုက်သည်။ ထိုသင်္ဘောအစုအဝေးသည် နီးကပ်သည်ထက် နီးကပ်လာခဲ့ပြီး မကြာခင် နှစ်ဖက်ဂိုဏ်းသားများ တစ်ယောက်ကိုတစ်ယောက် မြင်နိုင်သည့်အကွာအဝေးသို့ ရောက်လာသည်။

ရွှီချင်း လှမ်းကြည့်လိုက်သောအခါတွင် ယခင်က ချီရွှဲ့ထုံဂိုဏ်းသို့ လာခဲ့သည့် ဂိုဏ်းသူသုံးယောက်ကို သတိထားမိလိုက်သည်။

ထိုက်စီရှန်းမုန်ဂိုဏ်းသားများ၏ အဝတ်အစားများက တူညီကြပြီး ဇာပဝါများ တပ်ထားကြပါသော်ငြား သူတို့၏အရှိန်အဝါများက ကွဲပြားကြသည်။

ရွှီချင်းက ဂရုတစိုက် ကြည့်ခဲ့သည်ဖြစ်၍ ချီရွှဲ့ထုံဂိုဏ်းသို့ လာခဲ့ကြသော ဂိုဏ်းသူသုံးဦးကို ချက်ချင်း မှတ်မိလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ရင်းနှီးသော လူရိပ်တစ်ရိပ်ကိုလည်း သူ မြင်လိုက်ရသည်။

ထိုဂိုဏ်းသူသည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာတွင် ဇာပဝါတပ်ထားသည်။ ထိုဂိုဏ်းသူ၏စရိုက်က ရွှီချင်း၏မှတ်ဉာဏ်ထဲမှလူနှင့် လုံးလုံးလျားလျား ကွဲသွားခဲ့သည်။ မာနကြီးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေသော ဇွဲနပဲကြီးဟန်အကြည့်သာ ရှိမနေခဲ့လျှင် ထိုဂိုဏ်းသူကို တစ်ခါကြည့်ရုံဖြင့် ရွှီချင်း မှတ်မိမည် မဟုတ်ပေ။

ထိုဂိုဏ်းသူသည်ကား လီကျစ်မေ့ပင်။

လီကျစ်မေ့ကို ထိုက်စီရှန်းမုန်ဂိုဏ်းက ခေါ်ဆောင်သွားခဲ့ကြောင်း ကျန်းစန်း တစ်ခါက ပြောခဲ့ဖူးသည်။ လီကျစ်မေ့ ထွက်မသွားခင်က ရွှီချင်းအတွက် စာတစ်စောင် ချန်ခဲ့သည်။ ထိုစာထဲတွင် များများစားစား ပြောမထားဘဲ ရွှီချင်းကို ကျေးဇူးတင်ကြောင်းသာ ပြောထားခဲ့သည်။

ထိုအချိန်၌ ရွှီချင်းသည် လီကျစ်မေ့ကို မှတ်မိလိုက်ပါသော်ငြား အမှတ်ခုနစ်သခင်ကြီး၏ ကျောက်စိမ်းပေလွှာကြောင့် ရွှီချင်းက လီကျစ်မေ့အတွက် မရင်းနှီးသောလူတစ်ယောက် ဖြစ်နေပေသည်။

ထို့ကြောင့် နှစ်ဖက်က လှမ်းကြည့်လိုက်ကြပြီးနောက် အကြည့််လွှဲသွားကြသည်။ မကြာခင် ထိုက်စီရှန်းမုန်ဂိုဏ်း၏ သင်္ဘောများသည် ရွှီချင်းနှင့် တခြားဂိုဏ်းသားများ ရှိနေသည့်နေရာကို ကျော်သွားကာ ထိုက်စီကြမ္မာဆိုးတောင်ကြီးဆီသို့ ဦးတည်သွားကြသည်။

ရွှီချင်းသည် သူတို့ကို အချိန်အတော်ကြာသည်အထိ စူးစိုက်ကြည့်နေပြီးနောက် အကြည့်လွှဲသွားသည်။

“ တောင်ပေါ်တက်ခွင့်ရတဲ့အုပ်စုထဲမှာ ကျိုးချင်ဖုန်းက သေသွားပြီ။ ရွှီရှောင်ဟွေ့က ကျင့်ကြံခြင်းကို စိတ်မဝင်စားတော့ဘူး။ လီကျစ်မေ့က ထိုက်စီရှန်းမုန်ဂိုဏ်းကို ရောက်သွားတယ် ”

ရွှီချင်းက ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။ ပြီးခဲ့သည့်လေးနှစ်ကျော်က ဖြစ်ရပ်များ သူ့မှတ်ဉာဏ်ထဲ ပေါ်လာသည်။

သူ မျက်လုံးများကို မှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။ မကြာခင် ထိုက်စီရှန်းမုန်ဂိုဏ်းမှ သင်္ဘောတစ်စီးက သင်္ဘောအစုအဝေးထဲမှ ခွဲထွက်ကာ ဆိပ်ကမ်းကို ချဉ်းကပ်လာသည်။ ရွှီချင်းသည် မျက်လုံးများကို ဖွင့်၍ စိုးရိမ်တကြီး ကြည့်လိုက်သည်။

သင်္ဘောပေါ်တွင် ချီရွှဲ့ထုံဂိုဏ်းသို့ လာခဲ့သော ဂိုဏ်းသူသုံးယောက်အနက် တစ်ယောက် ရှိနေသည်။ ထိုဂိုဏ်းသူ၏ဘေးတွင် လီကျစ်မေ့ရှိသည်။ သူတို့က ကမ်းပေါ်သို့ တက်မလာပေ။ အနီးရောက်သည်နှင့် ထိုက်စီရှန်းမုန်ဂိုဏ်းသူက ရွှီချင်းနှင့် တခြားဂိုဏ်းသားများကို ဝေ့ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

“ ချီရွှဲ့ထုံဂိုဏ်းလား ”

ရွှီချင်းက ခေါင်းညိတ်ပြလိုက်သည်။

ထိုဂိုဏ်းသူက လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပေလွှာနှစ်ခု လွင့်ပျံလာသည်။ တစ်ခုက ခရမ်းရောင်ဖြစ်ပြီး တစ်ခုက အပြာရောင်ဖြစ်သည်။ ထိုကျောက်စိမ်းပေလွှာများက အလင်းတန်းနှစ်တန်းအသွင်ဖြင့် ရွှီချင်းထံ ဝင်ရောက်သွားသည်။

ရွှီချင်းသည် တည်ငြိမ်စွာ ရပ်ကာ ကျောက်စိမ်းပေလွှာနှစ်ခုကို ဖမ်းဆီးလိုက်သည်။ တချိန်တည်းမှာပင် သူသည် တုန်ရီသွားသော အမူအရာကို ဖမ်းလိုက်ကာ နောက်သို့ ခြေဆယ်လှမ်းကျော် ဆုတ်သွားသည်။

ထိုလှုပ်ရှားမှုတွင် သူ ဟာကွက်များ မပေါ်စေရအောင် ပိရိသေသပ်စွာ ဆောင်ရွက်ခဲ့ပေသည်။

“ အပြာရောင်ကျောက်စိမ်းပေလွှာကို မင်းတို့ဂိုဏ်းချုပ်ရဲ့ တတိယတပည့်ကို ပေးလိုက် ”

“ ခရမ်းရောင်တစ်ခုက မင်းတို့ချီရွှဲ့ထုံဂိုဏ်းက ရွှီချင်းအတွက်ပဲ ”

ထိုဂိုဏ်းသူသည် စကားဆုံးပြီးနောက် လီကျစ်မေ့နှင့်အတူ ထွက်ခွာသွားသည်။ အစမှအဆုံးတိုင်အောင် လီကျစ်မေ့က စကားတစ်ခွန်း မဆိုပေ။ ထွက်ခွာသွားသောအခါမှသာ လီကျစ်မေ့က ဇဝေဇဝါဖြစ်နေသောအကြည့်ဖြင့် ရွှီချင်းကို လှည့်ကြည့်လိုက်သည်။ သို့သော်လည်း လီကျစ်မေ့က မြန်မြန် အကြည့်လွှဲသွားသည်။

ရွှီချင်း အတွေးနက်သွားသည်။ သူတို့ ထွက်သွားသည်ကို ကြည့်နေပြီးနောက် လက်ထဲရှိ ကျောက်စိမ်းပေလွှာနှစ်ခုကို သူ ကြည့်လိုက်သည်။ အမှတ်သုံးဆရာတူအစ်ကိုအတွက် ကျောက်စိမ်းပေလွှာကို သူ သိမ်းဆည်းလိုက်ပြီး ခရမ်းရောင်ကျောက်စိမ်းပေလွှာကို သူ အကြည့်ရောက်သွားသည်။

“ ငါ့အတွက်လား ”

ရွှီချင်း ငြိမ်သက်သွားပြီး သူ၏အာရုံကို ကျောက်စိမ်းပေလွှာပေါ် ဖြန့်ကျက်လိုက်သည်။ ခဏအကြာ ကျောက်စိမ်းပေလွှာထဲမှ စာသားများ သူ့ခေါင်းထဲ ပေါ်လာသည်။

“ အစ်ကိုရွှီချင်း၊ ညီမက လီကျစ်မေ့ပါ။ အစ်ကို ညီမကို နောက်ဆုံး ပြောခဲ့တဲ့စကားကို မှတ်မိသေးလား ”

ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ ဤကျောက်စိမ်းပေလွှာသည် သာမန်ကျောက်စိမ်းပေလွှာ မဟုတ်ပေ။ အထဲတွင် သော့ခတ်ထားပြီး နောက်ထပ်စာသားများကို မြင်ခွင့်ရရန် သက်ဆိုင်ရာမေးခွန်းအား ဖြေကြားရသည်။ အတင်းအကြပ် ဖွင့်လိုက်ပါက ကျောက်စိမ်းပေလွှာ ပျက်စီးသွားမည် ဖြစ်သည်။

“ အားတင်းထား၊ မင်းမှော်လှေလဲမယ့်နေ့ကို ငါ စောင့်နေမယ် ”

ရွှီချင်းက ကျောက်စိမ်းပေလွှာပေါ်သို့ ထိုစကားများ သွတ်သွင်းလိုက်သည်။

ခဏအကြာ ကျောက်စိမ်းပေလွှာထဲမှ စာသားများ ရုတ်တရက် ပြောင်းလဲသွားသည်။

“ အစ်ကိုရွှီချင်း၊ ထိုက်စီရှန်းမုန်ဂိုဏ်းမှာ ညီမ အစစအရာရာ အဆင်ပြေပါတယ်။ အစ်ကို့ဆီကို ဒီစာ ပို့လိုက်ရတာက အရင်တုန်းက ချီရွှဲ့ထုံဂိုဏ်းမှာ ညီမသင်ခဲ့ရတဲ့ ကျင့်ကြံခြင်းအတတ်တွေအားလုံးက ထိုက်စီရှန်းမုန်ဂိုဏ်းမှာ သင်ရတဲ့နည်းလမ်းနဲ့ ကွဲပြားနေတယ်ဆိုတာ အစ်ကို့ကို ပြောပြချင်လို့ပါ ”

“ ထိုက်စီရှန်းမုန်ဂိုဏ်းက ကျင့်ကြံခြင်းဆိုတာ ကျင့်ကြံခြင်းဖြစ်ပြီး အဆင့်ဆိုတာ အဆင့်ပဲလို့ ယုံကြည်ထားကြပါတယ်။ သူတို့က ကျင့်ကြံခြင်းကို အလေးမထားပါဘူး။ အဆင့်တွေကိုပဲ ပိုပြီး အာရုံစိုက်ကြပါတယ် ”

“ အဲဒီအဆင့်ဆိုတာ ချီစုစည်းခြင်းအဆင့်၊ အခြေတည်အဆင့်၊ ရွှေအမြုတေအဆင့်တွေလိုမျိုး အဆင့်ကို ပြောတာ မဟုတ်ပါဘူး။ နယ်ပယ်ကို ပြောတာပါ ”

“ ထိုက်စီရှန်းမုန်ဂိုဏ်းက နယ်ပယ်ဆိုတာ မဟာတာအိုပဲလို့ ထင်ကြပါတယ်။ ဒါပေမဲ့ အဲဒါက နားလည်ဖို့ လိုအပ်ပြီး အရမ်းခက်ပါတယ် ”

“ အစ်ကိုရွှီချင်း၊ အခုလောလောဆယ် ညီမ အပေါ်ယံပဲ နားလည်ထားသေးတာပါ။ အစ်ကို့ကို နည်းနည်းပါးပါး အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ထိုက်စီရှန်းမုန်ဂိုဏ်းရဲ့ ယုံကြည်မှုက မမှန်ချင် မမှန်နိုင်ပေမဲ့ အကျိုးကျေးဇူးတော့ ရှိမယ်လို့ ညီမ ခံစားရပါတယ် ”

“ ပြီးတော့ အစ်ကိုရွှီချင်း၊ ညီမ အစ်ကို့ကို စိတ်ပျက်အောင် မလုပ်ခဲ့ပါဘူး။ ထိုက်စီရှန်းမုန်ဂိုဏ်းရဲ့ နားလည်ခြင်းပူဇော်ပွဲမှာ ညီမ ပါတော့မှာပါ။ အဲဒီပူဇော်ပွဲက သိပ်ခက်တယ်လို့ သူတို့ ညီမကို ပြောခဲ့ပါတယ်။ ညီမ မအောင်မြင်တာနဲ့ သေသွားမှာပါ။ ညီမ အောင်မြင်သွားရင်တော့ ညီမစရိုက်က နည်းနည်းလောက် ပြောင်းလဲသွားမှာပါ ”

“ အဲဒါက ကိစ္စတော့မရှိပါဘူး။ အစကတည်းက ညီမစရိုက်ကို ညီမ သဘောမကျဘူးလေ။ တစ်ခါတလေကျ ညီမက သူရဲဘောကြောင်ပြီး တစ်ခါတလေကျ ဂုဏ်သိက္ခာကို ညီမက ရှေ့တန်းတင်ချင်နေတတ်တာ။ နည်းနည်းလောက်ပြောင်းလဲသွားရင် ကောင်းသွားလောက်မှာပါ ”

“ ညီမ အောင်မြင်မလား၊ ဘာဖြစ်မလဲ မသိဘူး။ ဒီစာကို အစ်ကို ဖတ်နေတဲ့အချိန် ညီမက သေနေမလား၊ ဒါမှမဟုတ် အောင်မြင်သွားတာလား ”

“ ဘယ်လိုပဲဖြစ်ဖြစ် ဒါ ညီမရဲ့ ရွေးချယ်မှုပဲလေ။ ညီမ ရှေ့ဆက်ပိုပြီး ကြိုးစားသွားမှာပါ။ ညီမ သေချာပေါက် အောင်မြင်မှာပါ။ ညီမစရိုက် အများကြီး မပြောင်းလဲသွားဖို့ပဲ မျှော်လင့်တယ် ”

“ ညီမပြောတာ နည်းနည်း ရင့်ချင်ရင့်နိုင်ပေမဲ့ ဒီစာက ညီမရဲ့စရိုက် မပြောင်းလဲသွားခင် အစ်ကို့ကိုပေးတဲ့ နောက်ဆုံးစာ ဖြစ်ချင်ဖြစ်သွားမှာပါ။ ညီမမှာ ဆွေမျိုးတစ်ယောက်မှ မရှိပါဘူး။ ဒီနှစ်တွေထဲ ညီမကို ကူညီခဲ့တဲ့သူဆိုလို့ အစ်ကိုနဲ့ အစ်ကိုကြီးကျန်းစန်းပဲ ရှိပါတယ်။ အစ်ကိုကြီးကျန်းစန်းကလည်း အစ်ကို့မျက်နှာကြောင့် ဂရုစိုက်တယ်ဆိုတာ ညီမ သိပါတယ်။ အစ်ကိုရွှီချင်း၊ ဒီစာကြောင့် အစ်ကို စိတ်အနှောင့်အယှက်ဖြစ်သွားရင် ညီမကို ဗွေမယူပါနဲ့နော် ”

“ အစ်ကိုရွှီချင်း အစစအရာရာ အဆင်ပြေပါစေလို့ ညီမ ဆုတောင်းပေးလိုက်ပါတယ်။ အစ်ကို ပိုပြီး အစွမ်းထက်လာပြီး အမြဲ အဆင်ပြေနေပါစေ ”

“ လီကျစ်မေ့ ”

All Chapters