← Chapters

ကောင်းမွန်သော ကံကြမ္မာ

Vol. 26 Ch. 387

ကောင်းမွန်သော ကံကြမ္မာ

Vol. 26 Ch. 387

“ နယ်ပယ်လား ”

ရွှီချင်း၏မျက်နှာပေါ်တွင် လေးလေးနက်နက်ဆင်ခြင်တွေးတောနေသောအမူအရာ ပေါ်လာသည်။ တဖြည်းဖြည်း ပျောက်ကွယ်သွားသော ထိုက်စီရှန်းမုန်ဂိုဏ်း၏ သင်္ဘောအစုအဝေးကြီးကို သူ လှမ်းကြည့်လိုက်သည်။

ထိုဝေါဟာရကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း မဟုတ်ပေ။ ယခင်က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်မင်းသမီးလေးက သူမ၏အဖေဖြစ်သူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်ဘုရင်သည် နယ်ပယ်တစ်ခုကို နားလည်သွားခဲ့ပြီဖြစ်ကြောင်း ပြောခဲ့ဖူးသည်။

“ နားလည်တာလား ”

ရွှီချင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထိုကိစ္စကို သူ့စိတ်ထဲတွင် သိမ်းဆည်းလိုက်ရင်း လီကျစ်မေ့အတွက်လည်း သူ တိတ်ဆိတ်စွာ ဆုတောင်းပေးလိုက်သည်။

နောက်ရက်များအတွင်း အရာအားလုံးက အဆင်ပြေချောမွေ့နေခဲ့သည်။ ရွှီချင်း၏ ကျင့်ကြံခြင်းက ပုံမှန်အတိုင်း တိုးတက်နေခဲ့သည်။ တစ်လကျော်ကြာမြင့်ပြီးနောက် မိုးသောက်ဝိညာဉ်တောင်ကြား၏ အထူးလုံခြုံရေးဌာန ရောက်လာခဲ့သည်။

ထိုအချိန်၌ ခေါင်းဆောင်သည်လည်း ကျေနပ်နေသောအမူအရာဖြင့် ပြန်ရောက်လာသည်။ ထိုအတောအတွင်း သူ၏ခရီးစဉ်မှ အကျိုးအမြတ်များစွာ ရခဲ့သည်မှာ သိသာသည်။ ခေါင်းဆောင်က အသားအရေ ပိုလှလာသလိုပင် ရွှီချင်း ထင်မိသည်။

ခေါင်းဆောင် အရေခွံလဲခဲ့သည့်အလားပင်။

ခေါင်းဆောင်၏အရှိန်အဝါက ယခင်ကထက် ပို၍ စူးရှတောက်ပလာသည်။

“ ပြီးသွားပြီလား ”

ရွှီချင်းက ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။

“ အေး … ဟဲ ဟဲ ချင်းလေး၊ ငါ မင်းကို ပြောရဦးမယ်။ ငါတို့နှစ်ယောက် အခု တိုက်ခိုက်ရင် ဘယ်လိုအဖြေထွက်မလဲ မသိတော့ဘူးနော်။ ငါ နောက်ထပ်အချုပ်အနှောင်တစ်ခု ဖွင့်လာခဲ့ပြီ ”

ခေါင်းဆောင်က ဝင့်ကြွားသောလေသံဖြင့် ပြောလိုက်သည်။

ရွှီချင်းက ပြန်မဖြေပေ။ ခေါင်းဆောင်က ဆက်ပြောရန် ပြင်လိုက်စဉ် မိုးသောက်ဝိညာဉ်တောင်ကြားအဖွဲ့ဝင်များ ရောက်လာခဲ့သည်။

ရွှီချင်းက ပေါင်းသင်းဆက်ဆံရသည်ကို သဘောမကျကြောင်း ခေါင်းဆောင် သိ၍ လွှဲပြောင်းရေးလုပ်ငန်းစဉ်ကို အပြီးသတ်ရန် သူ သွားလိုက်သည်။ မကြာခင် ဤနေရာတွင် မိုးသောက်ဝိညာဉ်တောင်ကြားဂိုဏ်းသားများ နေခဲ့ကြသည်။ ချီရွှဲ့ထုံဂိုဏ်းက အလံကို လွှဲအပ်ခဲ့ပြီးနောက် သင်္ဘောများပေါ်တက်ကာ ထွက်သွားသည်။

အပြန်ခရီးသည် အလာခရီးထက် အဆပေါင်းများစွာ မြန်ဆန်သည်။ တစ်ဖက်တွင် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုနေရန် မလိုတော့သောကြောင့်ဖြစ်ပြီး တခြားတစ်ဖက်တွင် မြစ်ကြောအတိုင်း စုန်ဆင်းသွားရသောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ အရှိန်မြှင့်တင်ပေးနိုင်သော သင်္ဘောများနှင့် ပေါင်းစပ်လိုက်သောအခါ ပို၍ပင် မြန်ဆန်သွားတော့သည်။

ထိုသို့ဖြင့် အချိန်အတော်ကြာပြီးနောက် ရှစ်ဂိုဏ်းမဟာမိတ်၏ ထည်ဝါသောမြို့ကြီးက ဂိုဏ်းသားများ၏ အမြင်အာရုံထဲ ပေါ်လာတော့သည်။ ဂိုဏ်းသားတိုင်း စိတ်လှုပ်ရှားခြင်းများဖြင့် မျက်လုံးများ ဝင်းလက်သွားကြသည်။

ဤတာဝန်က အတော်လေး ကြာမြင့်သည် မဟုတ်ပါလား။ သို့သော်ငြား သူတို့ရရှိခဲ့သည့် အကျိုးအမြတ်က နည်းနည်းနောနော မဟုတ်ပေ။ သူတို့၏ကျင့်ကြံခြင်းအခြေခံများ တိုးတက်လာခဲ့သည်သာမက သူတို့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများသည်လည်း သိသိသာသာ လျော့ကျသွားခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ဝမ်ကူးဒေသကြီးကို အစိမ်းသက်သက်ဖြစ်မနေတော့ပေ။

မြင်နေကြ ချီရွှဲ့ထုံဂိုဏ်းကို ကြည့်ကာ ရွှီချင်းသည် ကြိတ်၍ သက်ပြင်းချလိုက်သည်။ သူ ပြန်ရောက်ပြီးနောက် ချက်ချင်းပင် သူ၏သင်္ဘောဆိုက်ကပ်ရာနေရာသို့ သွားလိုက်သည်။ သင်္ဘောပေါ်တွင် သူ ဆက်လက်ကျင့်ကြံလိုက်ရင်း အင်မော်တယ်ဂျယ်လီကို စုပ်ယူခဲ့ကြသော ပိုးကောင်နက်များကိုလည်း စစ်ဆေးကြည့်လိုက်သည်။

ပိုးကောင်နက်များသည် အချိန်အတော်ကြာ အိပ်စက်နေခဲ့ပြီးနောက် နိုးထလာသည့်လက္ခဏာများ ပြလာသည်။ ထိုပိုးကောင်နက်လေးများ၏ အရှိန်အဝါက ယခင်ကထက် အဆပေါင်းများစွာ အားကောင်းလာခဲ့ပြီး ပို၍ မမြင်နိုင်လောက်အောင် ဖြစ်လာသည်ကို တွေ့ကာ ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် တောက်ပလာသည်။

ရွှီချင်းက တစ်ရာတစ်ဆယ့်တစ်ခုမြောက် ဓမ္မတံခါးကို ဖွင့်ရန် ကြိုးစားလိုက်ပြီး ဝိညာဉ်ဆေးများကိုလည်း စုစည်းနေသည်။

သို့သော်လည်း ထိုအဆင့်အထိ ဓမ္မတံခါးများကို ဖွင့်ပြီးနောက် မည်သည့်ဓမ္မတံခါးကိုမဆို ဖွင့်ရန် ဝိညာဉ်စွမ်းအားအများအပြား လိုအပ်လာခဲ့သည်။ သာမန်ဝိညာဉ်ဆေးများဖြင့် ဓမ္မတံခါးများကို မဖွင့်နိုင်တော့ပေ။

ဓမ္မတံခါးများကို ဖွင့်နိုင်သော ဆေးများသည်လည်း အဖိုးမဖြတ်နိုင်အောင် တန်ကြေးရှိသည်။ ရွှီချင်း လှည့်ပတ်ရှာကြည့်ပါသော်ငြား ဆေးလုံးတစ်လုံးပင် မတွေ့ခဲ့ပေ။

သို့သော် ခေါင်းဆောင်က သူ့ထံ သတင်းကောင်းများ သယ်လာခဲ့သည်။

“ ရွှီချင်း၊ ငါ ဝူကျန်းဝူနဲ့ အဆက်အသွယ်ရပြီ။ ဖီးနစ်တားမြစ်ဒေသကြီးကနေ ဂိုဏ်းကို သူ အမြန်သွားနေတယ်။ ငါ သိရသလောက် ဂိုဏ်းကို ရောက်တာနဲ့ ငါတို့ဆီရောက်ဖို့ ရှိသမျှရင်းနှီးပြီး တည်နေရာရွှေ့ပြောင်းလာမှာပဲ ”

“ ရွှမ်ယုံဂိုဏ်းရဲ့ ကံကြမ္မာနယ်မြေအကြောင်းကိုလည်း ငါ သေချာ စုံစမ်းထားတယ်။ အဲဒီနေရာက ပန်းချီထဲမှာ ဆွဲထားတဲ့အတိုင်း တစ်ထပ်တည်းပဲ။ အဲဒီနယ်မြေထဲ တခြားဂိုဏ်းသားတွေ ဝင်လို့ရပေမဲ့ ဝင်ကြေးက ခေါင်ခိုက်နေတာ။ တစ်ယောက်ဝင်ရင် ဝိညာဉ်ကျောက်တုံးငါးသန်း။ အချိန်က သုံးရက်ပဲ ရတယ် ”

“ ဝိညာဉ်လိုအပ်တဲ့ကျင့်ကြံခြင်းအတတ်တွေကို ကျင့်တဲ့ဂိုဏ်းသားတွေအတွက် အဲဒီနေရာက အများကြီး အကျိုးရှိတယ်။ အဲဒါကြောင့် ရွှမ်ယုံဂိုဏ်းအတွက် အဲဒီနေရာက အရေးကြီးတယ်။ ပြောရရင် သက်စောင့်မီးလုံးသုံးလုံးရှိပြီး သက်စောင့်မီးလုံးလေးလုံးကို ရောက်ချင်တဲ့ ကောင်းကင်လက်ရွေးစင်တွေပဲ အဲဒီနေရာကို သွားကြတာ ”

ခေါင်းဆောင်က ပြောပြီးနောက် တဖိတ်ဖိတ်တောက်ပနေသောမျက်လုံးများဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

“ ချင်းလေး၊ ငါ့ကို ကူညီပေးဦး။ အဲဒီဝိညာဉ်ကျောက်တုံးငါးသန်းဆိုတာကြီး ငါ မတတ်နိုင်ဘူး။ ဈေးကြီးတယ်။ နတ်မိမယ်ကျစ်ရွှမ်ကို မင်း သွားတွေ့လိုက်ပါလား။ ရှက်ချင်ယောင်ဆောင်ပြီး သူ သဘောကျအောင် မင်း လုပ်ပေးလိုက်ရင် ငါတို့ကို ဝင်ကြေးလျော့ပေးလောက်မှာ ”

ခေါင်းဆောင်က တိုက်တွန်းလိုက်သည်။

“ အဲဒီတုန်းက နတ်မိမယ်ကျစ်ရွှမ်ကြည့်နေတာ ကျနော်မဟုတ်ဘူး၊ အစ်ကိုကြီးနော်။ အစ်ကိုကြီး သွားသင့်တာ ”

နတ်မိမယ်ကျစ်ရွှမ်အကြောင်း ရွှီချင်း တွေးမိသောအခါ ဖော်ပြ၍ မရနိုင်လောက်အောင် ရှက်ကိုးရှက်ကန်း ဖြစ်လာသည်။

“ အိုက်ယား ကောင်လေး။ ငါတို့ ပြောနေတာ ဝိညာဉ်ကျောက်တုံးဆယ်သန်းနော်။ ငါ မလုပ်ချင်ဘူးများ ထင်နေလား။ ငါ မလုပ်နိုင်လို့ကွ ”

ခေါင်းဆောင်က စိုးရိမ်ပူပန်စွာဖြင့် ဖြောင်းဖြလိုက်သည်။

“ ချင်းလေး၊ မင်း ဒီလောက်တောင် အခြေအနေကောင်းနေတာကို။ ဘာလို့ ဂွင်မဖန်တာတုံး ”

“ လူငယ်ဘဝဆိုတာ နှစ်နည်းနည်းလောက်ပဲ ရတာ။ မင်း ဒီလောက်ကြီး တုံးအမနေနဲ့ ”

ခေါင်းဆောင်က ရွှီချင်းကို အတတ်နိုင်ဆုံး စည်းရုံးပါသော်လည်း ရွှီချင်းက တုံဏှိဘာဝေ လုပ်နေသည်။ ထိုကိစ္စကို သဘောတူရန်အတွေးများ သူ့မှာ လုံးလုံးမရှိပေ။

ဝိညာဉ်ကျောက်တုံးကိစ္စအတွက် သူ ခေါင်းကိုက်နေရပါသော်လည်း ခေါင်းဆောင်၏အကြံပေးချက်ကို သူ အလိုလို ငြင်းဆန်နေသည်။

“ ဒီလောကကြီးက ကျင့်ကြံခြင်းအဆင့်အပေါ်မှာ မူတည်တာနော်။ မင်းသာ ကျင်ကြံခြင်းအဆင့် မြင့်သွားရင် ဘယ်သူမှ မင်းကို သွားပုပ်လေလွင့်ပြောရဲမှာ မဟုတ်ဘူး။ ချင်းလေး၊ စိတ်ထဲ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလို မခံစားနေပါနဲ့။ ဒါက အားနည်းသူကို ဟားတိုက်ရယ်မောပြီး ဖားယားနေတဲ့သူတွေကို သရော်လို့မရတဲ့ ခေတ်ကြီးနော် ”

ခေါင်းဆောင်က သူ့ပေါင်ကို ပုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သူ့ပုံစံက ရွှီချင်းကဲ့သို့ အခြေအနေကိုသာ ရခဲ့လျှင် တွေဝေတွန့်ဆုတ်မနေဘဲ လုပ်မည့်ဟန်တူသည်။

“ ချင်းလေး၊ မင်း နားမလည်သေးဘူးလား။ ငါသာ မင်းနေရာမှာဆိုရင် ယွမ်ယင်အဆင့်ကို ရောက်နေလောက်ပြီ။ ဂိုဏ်းတစ်ခုလုံး ငါ့သားမြေးမြစ်တွေနဲ့ ပြည့်နေလောက်တယ်။ နှစ်ရာဂဏန်းလောက်ကြာရင် မဟာမိတ်တောင် ငါ့အပိုင် ဖြစ်လာလောက်တယ်။ အမှတ်သုံးဆီကနေ မင်း သင်ယူစမ်းပါ ”

“ အစ်ကိုကြီး လုပ်ချင်နေရင်လဲ ကိုယ်တိုင်သွားလုပ်လေ ”

ရွှီချင်းမှာ ခေါင်းဆောင်နှင့် အခြေအတင် ပြောမနေချင်ပေ။

ခေါင်းဆောင်က သူ့ဗိုက်ကို ပုတ်လိုက်ပြီး ခြေဆောင့်ကာ သက်ပြင်းရှည်ကြီး ချလိုက်သည်။

“ မင်း မသွားချင်ရင်လဲ ထားလိုက်ပါတော့။ ငါ့ကို ပိုက်ဆံနည်းနည်းတော့ ချေးဦး။ မဟုတ်သေးဘူး၊ ငါ့ကို ပိုက်ဆံပြန်ပေးဦး။ မင်း ငါ့ကို ဝိညာဉ်ကျောက်တုံးငါးသန်း အကြွေးပေးစရာ ရှိသေးတယ် ”

ရွှီချင်းက ခေါင်းဆောင်ကို ကြည့်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် တိုက်ရည်ခိုက်ရည်ကို ချိန်ဆကြည့်ပြီးနောက် ရွှီချင်းသည် မျက်လုံးများကို မှိတ်လိုက်ပြီး မကြားဟန်ဆောင်ကာ တရားထိုင်လိုက်သည်။

ခေါင်းဆောင်မှာ ကူကယ်ရာမဲ့သွားပြီး ထပ်စည်းရုံးကြည့်လိုက်သည်။ သို့သော်လည်း ရွှီချင်းက တရားထိုင်သည့်အပေါ် အာရုံရောက်နေပြီဖြစ်သည်ကို သူ တွေ့လိုက်ရပြီး စိတ်ပျက်လက်ပျက်ဖြင့်သာ ထွက်သွားသည်။ သူ ပေးရမည့် ဝိညာဉ်ကျောက်တုံးငါးသန်းအတွက် သူ တဆစ်ဆစ် ကိုက်ခဲနေရသည်။

ထိုသို့ သူ စိတ်ညစ်ညူးနေပြီး တစ်ရက်အကြာတွင် ဝူကျန်းဝူ ရောက်လာသည်။

ချီရွှဲ့ထုံဂိုဏ်းရွှေ့ပြောင်းလာကတည်းက မလိုက်လာခဲ့သည့် တစ်ယောက်တည်းသော မင်းသားမှာ ဝူကျန်းဝူ ဖြစ်သည်။ ထိုအတောအတွင်း သူသည် ဖီးနစ်တားမြစ်ဒေသကြီးထဲတွင်သာ ရှိနေခဲ့သည်။ ခေါင်းဆောင်ထံမှ အံ့သြစရာသတင်းစကားကြောင့်သာ မဟုတ်လျှင် ဂိုဏ်းသို့ သူ ပြန်လာဦးမည် မဟုတ်ပေ။

သူ ရောက်လာခြင်းကြောင့် ချီရွှဲ့ထုံဂိုဏ်းထဲ ဆူဆူညံညံ ဖြစ်သွားသည်။ မန္တန်အစီအရင်ထဲမှ ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ကာ သူ ထွက်လာပြီးနောက် ကဗျာများ ရွတ်ဆိုလိုက်ခြင်းကြောင့်မဟုတ်သလို သက်စောင့်မီးလုံးနှစ်လုံးအစွမ်းသို့ သူ အဆင့်တက်သွားခြင်းကြောင့်လည်း မဟုတ်ပေ။

သူနှင့်အတူ ပါလာသော သားရဲပေါက်လေးနှစ်ကောင်ကြောင့် ဖြစ်ပေသည်။

ထိုသားရဲပေါက်လေးနှစ်ကောင်က ခွေးအရွယ်အစား ရှိသည်။ သူတို့၏ခန္ဓာကိုယ်များက မည်းနက်မနေဘဲ ရွှေရောင်ဝင်းလက်နေသည်။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်မှတစ်ဆင့် သူတို့ ပေါ်လာသည်နှင့် သူတို့ခန္ဓာကိုယ်မှ သိပ်သည်းထူထပ်သော နတ်အရှိန်အဝါများ ဖြာထွက်လာသည်။

သူတို့၏အရှိန်အဝါများက ချီစုစည်းခြင်းအဆင့်အထွတ်အထိပ်ကို ယှဉ်နိုင်သည်။

သူတို့က ငယ်သေးသည်ဖြစ်၍ သူတို့၏အသိဉာဏ်က ကောင်းကောင်း မဖွံ့ဖြိုးသေးပေ။ သို့သော် ထိုအဆင့်အထိ သူတို့ ရောက်နေကြပြီဖြစ်သည်။ မကြာခင် သူတို့ အခြေတည်အဆင့်သို့ ရောက်သွားမည်ဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။

ထိုကိစ္စသည် ဂိုဏ်းကို အာရုံစိုက်သွားစေ၏။ ထိုသားရဲပေါက်လေးနှစ်ကောင်က အမှန်ပင် ရှေးဟောင်းသွေးမျိုးဆက်များ ဖြစ်ကြသည်။ သူတို့ပေါ်လာသည်နှင့် စတုတ္ထမြောက်တောင်ထိပ်၏ သားရဲမွေးမြူရေးဌာနတွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။

ယခင်ကဆိုလျှင် ဝူကျန်းဝူသည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ လူအားလုံးကို ဆောင့်ကြွားကြွားဖြင့် ကြည့်နေမည်သာ ဖြစ်သည်။ သို့သော်လည်း သူ့စိတ်ထဲ ပို၍ အရေးကြီးသော အရာတစ်ခု ရှိနေသည်။ ထို့ကြောင့် သူသည် ရောက်ရောက်ချင်း ခေါင်းဆောင်နှင့် ရွှီချင်းတို့ထံ အသံပို့လွှတ်လိုက်သည်။

“ ရှေးဘုရင်ရွှမ်ယုံရဲ့ အပျက်အစီးတွေက ဘယ်မှာတုံး ”

“ ပြီးတော့ ရှေးဘုရင်ရွှမ်ယုံရေးသားခဲ့တဲ့ ကဗျာရှိတယ်ဆိုတာ အမှန်ပဲလား ”

ဝူကျန်းဝူ စိတ်လှုပ်ရှားနေသည်ကို ကျောက်စိမ်းပေလွှာမှတစ်ဆင့် ရွှီချင်း အာရုံခံနိုင်သည်။

“ သေချာတာပေါ့ကွ ”

ခေါင်းဆောင်က အလျင်အမြန် ပြန်ဖြေလိုက်သည်။ သို့သော်လည်း ဝူကျန်းဝူက ခေါင်းဆောင်ကို မယုံကြည်သေးပေ။ ခေါင်းဆောင်ကို သူ့စိတ်ထဲမှ အလိုလို မယုံကြည်သည့်အလားပင်။

ရွှီချင်းက အတည်ပြုသည့်အဖြေပေးသောအခါမှသာ သူ ယုံကြည်သွားသည်။ သူ စိတ်လှုပ်ရှားခြင်းကြောင့် တုန်ရီသွားသည်။ ခေါင်းဆောင် သူ့ကို လော်ဆောနေရန် မလိုပေ။ သူကပင် ခေါင်းဆောင်နှင့် ရွှီချင်းတို့ကို ထိုနေရာသို့ မြန်မြန်ပို့ဆောင်ပေးရန် အလောတကြီး ပြောလိုက်သည်။

ဝိညာဉ်ကျောက်တုံးငါးသန်း သူ သုံးစွဲရမည်ကို သိပါသော်လည်း မျက်တောင်တစ်ချက်မတွန့်ဘဲ သဘောတူလိုက်သည်။

ယင်းကြောင့် ပြောလိုက်သည်မှာ နည်းသွားသည်ဟု ခေါင်းဆောင် ခံစားလိုက်ရသည်။

ထိုသို့ဖြင့် ဝူကျန်းဝူ၏ ပြင်းပြသောဆန္ဒကြောင့် ဝူကျန်းဝူ ရောက်သည့်နေ့မှာပင် သူတို့သုံးယောက်သား ရွှမ်ယုံဂိုဏ်းသို့ ရောက်သွားကြသည်။

ရွှီချင်းသည် အားတင်းကာ လိုက်သွားသည်။ အရာအားလုံးက စတုတ္ထမြောက်သက်စောင့်မီးလုံး ဖြစ်ပေါ်လာရေးအတွက်ဟူ၍ သူ့ကိုယ်သူ ပြောနေသည်။ ထို့ကြောင့် သူ၏မျက်နှာသည် လေးနက်တည်ကြည်နေပြီး အလွန်မြန်ဆန်စွာ သွားနေသည်။ သူ အနည်းငယ်မျှအာရုံစိုက်မခံချင်ဘဲ ကံကြမ္မာနယ်မြေသို့ မြန်မြန် ရောက်ချင်သည်။

ဝူကျန်းဝူသည်လည်း စိတ်လှုပ်ရှားကာ စိတ်မရှည်နိုင်အောင် ဖြစ်နေသည်။ သူသည်လည်း အလွန် မြန်ဆန်၏။

ခေါင်းဆောင်တစ်ယောက်သာ ဝိညာဉ်ကျောက်တုံးများအတွက် ခေါင်းကိုက်ကာ လေးဖင့်နေတော့သည်။ သို့သော်လည်း သူ မည်မျှနှေးကွေးနေပါစေ ရွှမ်ယုံဂိုဏ်း၏ တောင်အနောက်ဘက်ရှိ ကံကြမ္မာနယ်မြေဝင်ပေါက်သို့ ရွှီချင်း၊ ဝူကျန်းဝူတို့နှင့်အတူ ရောက်သွားသည်။

ဝင်ပေါက်၌ ကျောက်တုံးကြီးတစ်တုံး ရှိပြီး ထိုကျောက်တုံးကြီးပေါ်တွင် ဝင်ပေါက်စောင့်အဘိုးကြီးတစ်ယောက် ရှိသည်။

ထိုအဘိုးကြီးသည် ကောင်းကင်နန်းတော်ခြောက်ခုအဆင့် ကျင့်ကြံခြင်းအခြေခံရှိသည်။ သူ့ထံမှ ကြောက်ခမန်းလိလိ အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူက ရွှီချင်းနှင့် တခြားနှစ်ယောက် ရောက်လာသည့်အခါမှာပင် မျက်လုံးများကို မဖွင့်ချေ။

ခရီးစဉ် ချောမွေ့သွားသည်ကို မြင်၍ ရွှီချင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ဝိညာဉ်ကျောက်တုံးများ အလျင်အမြန် ပေးလိုက်သည်။ ဘေးရှိ ဝူကျန်းဝူသည်လည်း မြန်မြန်ဆန်ဆန် ပေးလိုက်သည်။

ခေါင်းဆောင်မှာမူ သက်ပြင်းရှည်ကြီးချလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရွှီချင်းနှင့် ဝူကျန်းဝူတို့၏ အကြည့်များအောက်တွင် သူ စိတ်ပျက်လက်ပျက်ဖြင့် ရှေ့တက်သွားပြီး နာကျင်စွာဖြင့် ဝိညာဉ်ကျောက်တုံးများကို ပေးလိုက်သည်။

သူတို့သုံးယောက် ဝင်ကြေးပေးပြီးနောက် အဘိုးအို၏မျက်လုံးများ ပွင့်လာပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် သူတို့သုံးယောက်ရှေ့တွင် တဂျိမ်းဂျိမ်းမြည်ဟည်းနေသော ဧရာမလေပွေကြီးတစ်ခု ပေါ်လာသည်။

ထိုလေပွေကြီးထဲမှ သိပ်သည်းထူထပ်သော ဝိညာဉ်စွမ်းအားအငွေ့အသက်များ ထွက်ပေါ်လာသည်။ ရွှီချင်းနှင့် ဝူကျန်းဝူတို့သည် စကားတစ်ခွန်းမဆိုဘဲ အထဲဝင်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ အဘိုးအိုသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ကြီးကို အရိုအသေပေးလိုက်သည်။

“ ဘိုးဘေးကို နှုတ်ဆက်ပါတယ် ”

ရွှီချင်းမှာ တုန်ရီသွားပြီး လေပွေကြီးထဲသို့ အလျင်အမြန် ခြေချလိုက်သည်။ သို့သော် နောက်ကျသွားသေးသည်။ ကောင်းကင်ယံမှ ချိုလွင်သာယာသောအသံတစ်သံ လွင့်ပျံလာသည်။

“ ကလေး၊ မသွားနဲ့ဦး။ ဒီဘက်လှည့်ပါဦးကွယ် ”

တခဏလေးအတွင်း ရွှီချင်းမှာ ခြေထောက်ကို အောက်မချနိုင်တော့ပေ။ သူ အားတင်းလိုက်ပြီး လှည့်လိုက်သည်။ ထို့နောက် ကောင်းကင်ယံမှ တစ်လှမ်းချင်း ဆင်းသက်လာသော ပြိုင်စံရှားနတ်မိမယ်ကျစ်ရွှမ်ကို သူ မြင်လိုက်ရသည်။

ယနေ့တွင် နတ်မိမယ်ကျစ်ရွှမ်သည် ယမန်နေ့ကနှင့် မတူညီသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ နတ်မိမယ်ကျစ်ရွှမ် ဝတ်ဆင်ထားသည်မှာ အစိမ်းရောင်ဝတ်စုံဖြစ်ပြီး ခေါင်းတွင် ဇာမဏိဆံထိုးကို ထိုးထားသည်။ လှပသော ဆံပင်ရှည်များကို ပခုံးနှစ်ဖက်ပေါ်သို့ ချထားပြီး ခန္ဓာကိုယ်မှ ယခုလေးတင် ရေချိုးပြီးသူတစ်ယောက်၏ မွှေးရနံ့များ ထွက်ပေါ်နေသည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော ပြစ်မျိုးမှဲ့မထင်မျက်နှာလေးသည် အနည်းငယ် နီမြန်းနေပေရာ ပြိုင်စံရှားအလှကို ပေါ်လွင်နေစေတော့သည်။

နတ်မိမယ်ကျစ်ရွှမ်၏ အပြုံးမျက်လုံးများသည် အရာအားလုံးကို အရည်ပျော်သွားစေနိုင်သည်။

ထိုညကအတိုင်း နတ်မိမယ်ကျစ်ရွှမ်သည် တစ်ကိုယ်လုံး တောင့်တင်းနေသော ရွှီချင်းထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

ဝူကျန်းဝူက ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။

ခေါင်းဆောင်မှာမူ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး တွေးလိုက်သည်။

‘ ဘာလို့ အခုမှ ရောက်လာရတာတုံး။ ကျုပ်တို့ကို ပိုက်ဆံသက်သက်အကုန်ခံရအောင်လုပ်ပြီးမှ ပေါ်လာတာလို့ မပြောနဲ့နော် ’

ထိုသို့ဖြင့် ဝူကျန်းဝူ ငေးမောကာ ခေါင်းဆောင် စိတ်ရှုပ်နေစဉ် နတ်မိမယ်ကျစ်ရွှမ်သည် ရွှီချင်းရှေ့သို့ လှပကြော့ရှင်းစွာ ရောက်သွားသည်။ နတ်မိမယ်ကျစ်ရွှမ်၏ မျက်လုံးများသည် အရာအားလုံးကို နစ်မြှုပ်နိုင်သော အောက်ခြေမရှိသည့် ကန်ရေပမာ နက်ရှိုင်းသည်။

လှပသော နှုတ်ခမ်းနှစ်လွှာက အနည်းငယ် ပွင့်အာသွားပြီး ပါးစပ်ထောင့်စွန်းက မဆိုစလောက် ကွေးညွှတ်သွားကာ ကျေနပ်သည့်အမူအရာတစ်ခု ပေါ်လာသည်။ ထို့နောက် နတ်မိမယ်ကျစ်ရွှမ်က တခစ်ခစ် ရယ်မောလိုက်သည်။

“ ကလေး၊ နင်က မိန်းမတွေကို သဘောကျအောင် သိပ်လုပ်တတ်တာပဲ။ လက်ဆောင်တောင် ပို့ပေးလိုက်သေးတယ်။ နင့်လက်ဆောင်ကို သိပ်သဘောကျတာပဲ ”

နတ်မိမယ်ကျစ်ရွှမ်၏အသံသည် နွေဦးစမ်းရေ စီးဆင်းနေသံအလား ချိုသာအေးမြလှသည်။ တချိန်တည်းမှာပင် ထိုအသံထဲတွင် ကိန်းအောင်းနေသည့် ညင်သာနူးညံ့သော ညှို့ဓာတ်က လူတစ်ယောက်ကို နတ်မိမယ်ကျစ်ရွှမ်အနား ချဉ်းကပ်သွားရန်မှတစ်ပါး ဘာမှမလုပ်နိုင်အောင် ဖမ်းစားထားသည့် လေပွေကြီးတစ်ခုပမာပင်။

ရွှီချင်းသည် ထိုစကားကို ကြားသောအခါ ခေါင်းဆောင်ကို မျက်လုံးထောင့်စွန်းမှနေ၍ ချက်ချင်း ကြည့်လိုက်သည်။

ခေါင်းဆောင်သည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သူနှင့် မသက်ဆိုင်သည့်အလား ဘယ်ညာကို ကြည့်လိုက်သည်။

All Chapters