← Chapters

ကျန်းဝူ၏ စိတ်ဝင်စားစရာအချက်များ ( ၁ )

Vol. 26 Ch. 388

ကျန်းဝူ၏ စိတ်ဝင်စားစရာအချက်များ ( ၁ )

Vol. 26 Ch. 388

ရွှီချင်း၏မျက်နှာအမူအရာက ပို၍ စိတ်ဝင်စားစရာကောင်းလာသည်ကို နတ်မိမယ်ကျစ်ရွှမ် တွေ့လိုက်ရသည်။

သူမ၏ဘဝတစ်လျှောက် လူပေါင်းများစွာ တွေ့ခဲ့ဖူးသည်။ သူမ၏ရှေ့ရှိ ကလေးကဲ့သို့ ချစ်စဖွယ်ကောင်းပြီး ရှက်တတ်သူ တစ်ယောက်မှ မရျိသည်မဟုတ်ပေ။ သို့သော်လည်း ငယ်ရွယ်စဉ်အခါက သူမ ဂရုမစိုက်ခဲ့ပေ။ ယခု မည်သည့်အတွက်ကြောင့်မသိ ထိုသို့လူတစ်ယောက်ကို မြင်သောအခါ စနောက်ချင်လာမိသည်။

နတ်မိမယ်ကျစ်ရွှမ်က ရွှီချင်းအနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။

ရွှီချင်း၏ခန္ဓာကိုယ် တောင့်တင်းလာပြီး ဦးရေခွံများ စပ်ဖျဉ်းဖျဉ်းဖြစ်လာသည်။ ရှက်ရွံ့ခြင်းကြောင့် သူ့နှလုံးခုန်သံများလည်း မြန်ဆန်လာ၏။

သူ့ခန္ဓာကိုယ်ကို သူ မလှုပ်ရှားနိုင်ပေ။ ပြင်းထန်သော ဖိအားအောက်တွင် သူ့ဝိညာဉ် တုန်ရီနေသည်။ အထူးသဖြင့် နတ်မိမယ်ကျစ်ရွှမ်က တိုးကပ်သည်ထက် တိုးကပ်လာခဲ့ပြီး တုနှိုင်းမဲ့အလှမျက်နှာက သူ၏မျက်နှာနှင့် ထိပ်ကပ်သွားတော့မည့်အခါတွင် ဖြစ်သည်။

နတ်မိမယ်ကျစ်ရွှမ်၏ ကိုယ်မှ ရေချိုးပြီးစ မွှေးရနံ့များ ပျံ့လွင့်လာကာ ရွှီချင်း၏နှာသီးဝသို့ တိုးဝင်သွားသည်။ သူ အသက်ရှူမြန်နေသည်ဖြစ်၍ ထိုမွှေးရနံ့ကို ရှူရှိုက်မိလိုက်သည်။ သူ ရှက်လွန်း၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူ၏နှလုံးသားက တဒိန်းဒိန်း ခုန်လာသည်။

ယင်းသည် တခြားမိန်းကလေးများကို သူ တွေ့ခဲ့စဉ်အခါက ခံစားချက်မျိုးနှင့် လုံးလုံးလျားလျား ကွဲပြားနေသည်။

ထိုမြင်ကွင်းကြောင့် ဝူကျန်းဝူမှာ သူ့အသိပင်လယ်ထဲ မိုးကြိုးပစ်ခတ်လိုက်သည့်အလား ခံစားလိုက်ရပြီး သံသယများ ဝင်လာတော့သည်။ ချန်အားညိုနှင့် ရွှီချင်းတို့က ထိုမြင်ကွင်းပြရန် သူ့ကို အခေါ်လွှတ်ခဲ့လေသလား။

ထိုမြင်ကွင်းက သူ့နှလုံးသားကို တဆစ်ဆစ်ကိုက်ခဲစေသည်။ သူ့အနေဖြင့် ရှေးဘုရင်ရွှမ်ယုံ၏ အပျက်အစီးများကိုသာ မြင်တွေ့လိုလှသည်။

ကောင်းကင်နန်းတော်ခြောက်ခုနှင့် အဘိုးအိုမှာမူ တည်ငြိမ်နေသည်။ သူသည် လေးစားစွာဖြင့် ဘေးသို့ ကြည့်လိုက်သည်။

ခေါင်းဆောင်တစ်ယောက်သာ ခေါင်းထဲတွင် အတွေးများစွာဖြင့် ယောက်ယက်ခတ်နေ၏။

‘ ချင်းလေး၊ အစ်ကိုကြီး ဒီလိုလုပ်ဖို့က လွဲပြီး ရွေးချယ်စရာမရှိလို့ပါကွာ။ အဲဒီဆံထိုးက ဈေးသိပ်ကြီးတာ။ ဒါတွေအားလုံး မင်းအတွက်ပါပဲ။ သက်တမ်းရင့်တဲ့ဂျင်းက ပိုစပ်တယ်ဆိုတဲ့စကား မှန်သွားတာပဲ။ သူက ငါ့ဆံထိုးကိုယူပြီး နောက်ကျမှ ရောက်လာတယ် ’

ခေါင်းဆောင်မှာ သူ သုံးစွဲလိုက်ရသည့် ဝိညာဉ်ကျောက်တုံးများကြောင့် ပို၍ပင် နာကျင်နေရသည်။

‘ သူ စောစောရောက်လာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ …’

ခေါင်းဆောင် ခံစားချက်များဖြင့် သက်ပြင်းချနေစဉ် ရွှီချင်းမှာ ငေးကြောင်နေသည်။ ထိုအချိန်၌ နတ်မိမယ်ကျစ်ရွှမ်က ရွှီချင်း၏နားကို ညင်သာစွာ မှုတ်လိုက်သည်။

ထိုလေပူတစ်ချက် ရွှီချင်း၏နားပေါ် ရောက်သွားသောအခါ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ရွှီချင်း တုန်ရီသွားသည်။ သူ့ဘဝတွင် ပထမဆုံးကြိမ်အဖြစ် ရှုံးနိမ့်သွားသလို သူ ခံစားလိုက်ရသည်။

ထိုမြင်ကွင်းကြောင့် နတ်မိမယ်ကျစ်ရွှမ်သည် ရှားရှားပါးပါး ပျော်ရွှင်သွားပြီး ခပ်လွင်လွင်ကလေး ရယ်မောလိုက်သည်။

သူမ၏ရယ်သံသည် တောင်ကြားထဲမှ ဆက်ရက်လေးတစ်ကောင် တကျွီကျွီမြည်ကာ ပျံထွက်သွားသောအသံအလား ကြားရသူတိုင်း၏စိတ်ကို ယစ်မူးသွားစေသည်။

သူမသည် ခန္ဓာကိုယ်ကို နောက်ဆုတ်လိုက်ပြီး ရွှီချင်း၏ရှေ့ကို ကိုင်းနေသော ခါးလေးအား ပျင်းရိပျင်းတွဲဟန်ဖြင့် ပြန်မတ်လိုက်သည်။ ထိုသို့အမှုမဲ့အမှတ်မဲ့လှုပ်ရှားမှုလေးသည်ပင် ဆွဲဆောင်မှုရှိနေပေသည်။

ကလေးကို စနောက်ရသည်မှာ သူမကို ပျော်ရွှင်စေသည့် ဝါသနာတစ်ခုအလားပင်။ ယခု စနောက်ကျီစယ်ခြင်း ပြီးသွားပြီဖြစ်၍ ဂိုဏ်းတံဆိပ်ပြားတစ်ခုကို ထုတ်၍ လက်နှစ်ချောင်းဖြင့် ရွှီချင်း၏လက်ထဲ ထည့်လိုက်သည်။ သူမက ရွှီချင်း၏လက်ကို ညင်သာစွာပင် ပုတ်လိုက်သည်။

“ ကလေး၊ ဒီဂိုဏ်းတံဆိပ်ပြားနဲ့ဆိုရင် ကံကြမ္မာနယ်မြေရဲ့ အတွင်းပိုင်းအထိ သွားလို့ရတယ်နော် ”

နတ်မိမယ်ကျစ်ရွှမ်က တခစ်ခစ်ရယ်မောကာ ကောင်းကင်ယံသို့ လျှောက်သွားသည်။ နန်းဆောင်သို့ ပြန်သွားသော နတ်မိမယ်တစ်ပါးအလား မွှေးရနံ့များ ပတ်ဝန်းကျင်တစ်ခုလုံး သင်းပျံ့နေလျက် သူမက ဝေးသည်ထက်ဝေးရာသို့ ပျံသန်းသွားသည်။

သို့သော်လည်း တစ်ယောက်မှ မမြင်နိုင်သောနေရာသို့အရောက်တွင် နတ်မိမယ်ကျစ်ရွှမ်သည် ပျံသန်းနေရင်း ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

“ ဒီချစ်စရာကလေးကို မြင်တိုင်း စနောက်ချင်စိတ်ကို ငါ ထိန်းမရဘူး။ ဒီအကျင့်ကို ငါ ပြင်မှရမယ်။ သူ့ကိုယ်က သွေးညှီနံ့တွေ ထူထပ်နေတာ နှမျောစရာပဲ။ ချစ်စရာရုပ်ရည်အောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့အရှိန်အဝါတွေ အဆုံးအစမဲ့ ရှိနေတယ်။ သူက နှလုံးသားထဲမှာ အလင်းရှိတဲ့သူ မဟုတ်လောက်ဘူး ”

နတ်မိမယ်ကျစ်ရွှမ် ပြန်သွားသောအခါမှသာ ရွှီချင်း၏ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားသည်။ သူ အနည်းငယ် အသက်ရှူလိုက်ပြီးနောက် ခေါင်းမော့၍ ခေါင်းဆောင်ကို စူးစိုက်ကြည့်လိုက်သည်။

ခေါင်းဆောင်သည် ရွှီချင်း၏အကြည့်ကို ရှောင်လွှဲလိုက်ပြီး ချောင်းဆိုးလိုက်သည်။

“ မြန်မြန်သွားကြစို့။ ငါတို့ ပိုက်ဆံကုန်ထားရတာ။ အချိန်က ကန့်သတ်ထားသေးတယ် ”

ထိုသို့ပြောပြီးသည်နှင့် ခေါင်းဆောင်က လေပွေထဲသို့ ဦးစွာ ဝင်ရောက်သွားသည်။ ရွှီချင်း တိုက်ခိုက်လာမည်ကို စိုးရိမ်သည့်အလား သူက အလွန် မြန်ဆန်နေသည်။

ဝူကျန်းဝူမှာ မှင်သက်နေဆဲပင်။

သူသည် ရွှီချင်းကို အံ့သြမှင်သက်နေသောအမူအရာဖြင့် ကြည့်လိုက်သည်။ ထို့နောက် နတ်မိမယ်ကျစ်ရွှမ် ထွက်သွားသည့်အရပ်သို့ ကြည့်ကာ ဂလုခနဲ တံတွေးကို မျိုချလိုက်သည်။

ရွှီချင်းက ဝူကျန်းဝူကို အာရုံမစိုက်ပေ။ ပျောက်ကွယ်သွားသော ခေါင်းဆောင်ကို သူ စူးစိုက်ကြည့်ကာ အံတင်းတင်းကြိတ်၍ ထိုကိစ္စအား စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။ ထို့နောက် သူ ချာခနဲ လှည့်ကာ လေပွေထဲသို့ လျှောက်သွားသည်။ သူတို့နှစ်ယောက် ဝင်သွားသည်ကို ဝူကျန်းဝူ မြင်၍ သက်ပြင်းရှည်ကြီး ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

“ ငါတို့လို ကျင့်ကြံသူတွေက အမျိုးသမီးတွေအနား ကပ်လို့မရဘူး။ အမျိုးသမီးတွေဆိုတာ သိပ်အာရုံစိုက်ခံချင်ကြတာ၊ ကျင့်ကြံခြင်းအတွက် အကျိုးမရှိဘူး။ လူတစ်ယောက်ရဲ့နှလုံးသားကို ရှုပ်ထွေးအောင်လုပ်ပြီး စိုးရိမ်သောကတွေပဲ ပေးတတ်တာ။ ငါတို့လိုကျင့်ကြံသူတွေက ဘဝမှာ ရည်မှန်းချက်ကြီးကြီးထားရမယ်။ အဲဒါမှ အမြင့်ကို ရောက်နိုင်တာ။ အဲဒါ တစ်ခါတုန်းက ရှေးဘုရင်ရွှမ်ယုံ ပြောခဲ့တဲ့စကားတွေပဲ ”

အစက ထိုစကားများကို ဝူကျန်းဝူ လက်ခံထားခဲ့ပါသော်လည်း ယခု ပြန်တွေးကြည့်သောအခါ စိတ်ထဲ အနည်းငယ် တုန်ခါသွားသည်။

သို့သော်လည်း သူ၏တာအိုနှလုံးသားက ခိုင်မာနေ၍ လျင်မြန်စွာ ပြန်လည်သက်သာသွားသည်။ သူက တင်းမာပြတ်သားသောအကြည့်ဖြင့် လေပွေထဲသို့ ဝင်ရောက်သွားသည်။

သူတို့သုံးယောက် လေပွေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားစဉ် မကြာခင် သူတို့ရှေ့တွင် ပိတ်လှောင်ထားသော သီးခြားလောကကြီးတစ်ခု ပေါ်လာသည်။

ထိုနေရာသည် အလွန်ကျယ်ပြန့်ပြီး တောင်တန်းများစွာဖြင့် ဝန်းရံထားသည်။

မန္တန်အစီအရင်တစ်ခုဖြင့် ကောင်းကင်ကြီး ဖြစ်ပေါ်လာပြီး တံဆိပ်တော်များဖြင့် မြေပြင်ဖြစ်လာသည်။ ထိုလောကကြီး၏ စုစုပေါင်းအရွယ်အစားသည် နန်းဟွမ်ကျွန်းရှိ ချီရွှဲ့ထုံဂိုဏ်း၏ ပင်မမြို့ကြီးအရွယ်အစားနှင့် တူညီသည်။

အလယ်ဗဟိုတွင် တောင်တန်းများ ဝန်းရံထားသည့် ဧရာမရေကန်ကြီးတစ်ကန် ရှိသည်။

ကန်ထဲရှိ ရေများက သွေးများဖြင့် ဖန်တီးထားသည့်အလား သွေးရောင်ဖြစ်နေသည်။

ကန်ထဲတွင် အပေါ်သို့ ထောင်မတ်နေသော ဧရာမကျောက်တိုင်ကြီးတစ်တိုင် ရှိသည်။ ထိုကျောက်တိုင်ကြီးက လောကကြီးကို ထမ်းပိုးထားဟန်တူသည်။ ကျောက်တိုင်ကြီးတစ်ခုလုံး မည်းနက်နေပြီး လျှပ်စီးတန်းများ ဖြာထွက်နေသည်။ မြင်ရသည်မှာ အံ့သြတုန်လှုပ်စရာကောင်းပြီး ရှေးဟောင်းအငွေ့အသက်များလည်း ရှိနေသည်။

ထိုကျောက်တိုင်ကြီး တည်ရှိနေသည်မှာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ရှိနေပြီး ခေတ်အဆက်ဆက် သမိုင်းများကို သက်သေထူနေသည့်ပမာပင်။

တိုင်ကြီး၏ထိပ်၌ ကြောက်ခမန်းလိလိ အငွေ့အသက်များကို ထုတ်လွှတ်နေသည့် မန္တန်အစီအရင်များနှင့် ရေးထွင်းထားသော သံကြိုးကြီးတစ်ချောင်း ရှိသည်။ ထိုသံကြိုးဖြင့် ချည်နှောင်ထားသည်မှာ ဧရာမအရိုးမြွေကြီးတစ်ကောင် ဖြစ်သည်။

ထိုအရိုးမြွေကြီးသည် အလွန် ရှည်လျားသည်။ တိုင်ကြီးကို ဗဟိုပြု၍ ၎င်းက ဘေးပတ်လည်တွင် ရစ်ခွေလိုက်ရာ တောင်တန်းကြီးအဖြစ် ပြောင်းလဲသွားသည်။

All Chapters